Monthly Archives: November 2016

သတင်းနှင့် မှတ်ချက်

သတင်းနှင့် မှတ်ချက်
(၂၉-၁၁-၂၀၁၆)

– ကာချုပ်က နိုဝင်ဘာလ ၂၆ ရက်နေ့က ကာကွယ်ရေးတက္ကသိုလ်မှာ ပြောသောမိန့်ခွန်းတွင်

‘အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်”အကြောင်း ထည့်သွင်းပြောဆိုပြီး မျက်ရိပ်ပြလိုက်သည်။

– ၁၃ ပါတီတို့က အမျိုးသားကာကွယ်ရေးှနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို အမြန်ဆုံး ခေါ်ဆိုရန် နိုဝင်ဘာ ၂၈ ရက်နေ့မှာ နှပ်ကြောင်းပေး လမ်းခင်းလိုက်ပြန်သည်။

– ကာလုံအစည်းအဝေးခေါ်ပြီး အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်အရ အာဏာအားလုံးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ချုပ်ကိုင်ခွင့် ရယူတော့မှာလား။

– ရခိုင်ပြည်နယ် အရေးအခင်း၊ အရှေ့မြောက်ဒေသ စစ်ပွဲ၊ရန်ကုန်မြို့မှ ပေါက်ကွဲမှု ဖြစ်ရပ်များ၊ တနေ့တခြား ကျပ်တည်းလာသော စီးပွားရေးပြဿနာများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မျှော်လင့်ချက်များ မှေးမှိန်လာခြင်းတို့မှာ နိုင်ငံတော်အကျပ်အတည်း၊ တမျိုးသားလုံးကို ခြိမ်းခြောက်သည့်အန္တရာယ်များအဖြစ် သူတို့က (၁၃ ပါတီက) သတ်မှတ်လိုက်ကြသည်။ စစ်ပွဲတွေ ဆက်တိုက်နေခြင်းမှာ စစ်တပ်၏ မမှန်ကန်သော သဘောထားကြောင့် ဖြစ်ရသည် ဆိုသည်ကိုလည်းကောင်း၊ ဘယ်သူတွေ ဖောက်ခွဲမှန်းမသိရသော ရန်ကုန်မြို့မှ အသေးစား ပေါက်ကွဲမှုများအတွက် လုံခြုံရေး၊ ကာကွယ်ရေးကို တာဝန်ယူရမည့် အာဏာပိုင်များတွင် အဓိက တာဝန်ရှိသည်ကိုလည်းကောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ် မှေးမှိန်လာရခြင်းမှာ လက်နက်ချရေးကိုသာ တွင်တွင် တောင်းဆိုနေပြီး စစ်တပ်ဘက်မှ အပေါ်စီးယူလိုသော မမှန်ကန်သည့် သဘောထား၏ ရလဒ်ဖြစ်ကြောင်း၊ စီးပွားရေးပြဿနာများဆိုသည်မှာလည်း အစိုးရအဆက်ဆက် တလျှောက်လုံး မမှန်မကန်ကျင့်သုံးလာခဲ့သည့် စီးပွားရေးစနစ်များ၏ ဆိုးကျိုးရလဒ်ဖြစ်ကြောင်း တစိုးတစိမျှ ဝန်မခံ၊ ပြန်လည် သုံးသပ်မှုမျှ မလုပ်ဘဲ တမျိုးသားလုံး အန္တရာယ်ကျရောက်နေပါပြီဟု ဇွတ်ပြောကာ အာဏာအားလုံး ကာချုပ်က သိမ်းယူရန် ကြံစည်တိုက်တွန်းနေကြပြီလား။

– မထွေးလေး(ဒေါ်အောင်ဆန်းစုကြည်သက်သက် မဆိုလိုပါ။ ဒီချုပ်ပါတီ အစိုးရတခုလုံးကို ဆိုလိုပါသည်။) ကို (၂၀၀၈ အခြေခံဥပဒေဖြင့်) တရစ်ပြီးတရစ် ရစ်ပတ်လာသော မြွေကြီးသည် သူ့အာဏာလောဘကို မသတ်နိုင်ဘဲ မထွေးလေးတကိုယ်လုံးကို ဝါးမျိုရန် ကြံစည်နေပြီလား။

– ဤသို့ ကြံရွယ်သည်ဆိုလျှင် တိုင်းပြည်အတွက် အန္တရာယ်ကြီးပါသည်။

(ဒီမိုကရေစီ် လိုလားသူ အစစ်အမှန်လား၊ အတုအယောင်လား လက်တွေ့အဖြေပေးကြရတော့မည့် ကာလသို့ ဆိုက်ရောက်မလာနိုင်ဘူးလို့ မပြောနိုင်ပါ။ တိုင်းရင်းသား ပြည်သူလူထုကြီး တရပ်လုံးနဲ့ ဒီမိုကရေစီ နိုင်ငံရေးအင်အားစုများအားလုံး နိုးနိုးကြားကြား ရှိကြပါကုန်။)

ကာစတရို သို့မဟုတ် အနောက်တိုင်းက မီးရှူးတန်ဆောင်

>
castro

သတင်းနဲ့မှတ်ချက်

သတင်းနဲ့မှတိချက်(၂၄-၁၁-၂၀၁၆)
မူဆယ်၊ ၁၀၅ မိုင်၊ ဗန်ဆိုင်း၊ မုံဂူဘက်မှာ တိုက်ပွဲတွေ ဘာကြောင့်ဖြစ်ပေါ်လာရသလဲ
ကြိုးတုပ်ခံထားရတဲ့ အခြေအနေက လွတ်မြောက်အောင် အဝိုင်းခံထားရတာကို ဖောက်ထွက်တာ၊ နှောင်ကြိုးကို ဖြတ်တောက်တာ (သို့မဟုတ်) ကြိုးကို ဖြေ(ဖြီ) လိုက်တာပဲလို့ မြင်တယ်။
နိုင်ငံရေးအရ NCA ကိစ္စ၊ ၂၁ ရာစု ပင်လုံကိစ္စတွေမှာ ကြိုးတုပ်ခံထားရတယ်။ ပြဿနာတွေကို တဆင့်ချင်း ဖြေရှင်းသွားမယ်။ ပထမဆုံး NCA ကို လက်မှတ်ထိုးပါ။ လက်မှတ် ထိုး-မထိုးအပေါ်မှာ မူတည်ပြီး အခွင့်အရေးပေးမယ်၊ UNFC နဲ့ ကျန် ၃ ဖွဲ့ကို တတန်းတည်း မထားနိုင်ဘူး၊ သူတို့ကို ပိုပြီး ဂိုက်ပဲ့မယ့်တောင်းဆိုချက် တွေ တောင်းတယ်။ ၁။ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပြီး နိုင်ငံရေးလမ်းစဉ်ကို သွားမယ်ဆိုတဲ့ ကြေညာချက် ထုတ်ပေးရမယ်။ ၂။ လက်နက်တွေကို တခြားတတိယအဖွဲ့အစည်းတခုခုထံမှာ အပ်နှံသိမ်းဆည်းထားမယ့် အစီအစဉ် ဆောင်ရွက်ရမယ်။
စစ်ရေး အရ (လိုရင်းပြောရရင်) လက်နက်ချကြရမယ်၊ ဒီကာလမှာ ဆက်ကြေးမတောင်းရ၊ လူသစ်မစုဆောင်းရ၊ ခွင်(ဂွင်) ထဲက မထွက်ရ ဆိုတာတွေ စစ်တပ်ဘက်က တောင်းဆို ထားတယ်။ လက်တွေ့အရတော့ စစ်တပ်ဘက်ကပဲ နေရာအနှံ့အပြား အဆက်မပြတ် တိုက်နေခဲ့တယ်။ တွေ့ရတာက UNFC အဖွဲ့ဝင်တွေကို ဖိတိုက်တယ်။ အထူးသဖြင့် KIA ကို အလုံးအရင်းနဲ့ တိုက်ပြီး ဌာနချုပ်ကိုပါ သိမ်းမလို လုပ်နေတယ်။
ဒီလို တော်လှန်ရေး သားကြော အဖြတ်ခံနေရတဲ့ အချိန်မှာ ကိုယ့်အမျိုးသားတွေရဲ့ ထောက်ခံမှု ရနေကြတဲ့၊ လက်ထဲမှာလည်း သေနတ်တွေ ကိုင်ထားနိုင်တဲ့၊ တပ်ပေါင်းစုလည်း ဖွဲ့ထားနိုင်တဲ့၊ စစ်တပ်ရဲ့ ခြေလှမ်းကိုလည်း မြင်နေကြတဲ့ အဖွဲ့အစည်းတွေ ဘာလုပ်ကြပါသလဲ။
မြင်တဲ့အတိုင်းပါပဲ။ သူတို့တတွေ နှောင်ကြိုးတွေကို ဖြတ်ထွက်လိုက်ကြပါပြီ။
၂၃ နိုဝင်ဘာ၊ ၂၀၁၆။

သတင်းနဲ့ မှတ်ချက်(၂၃-၁၁-၂၀၁၆)
ကြံစုပ်တဲ့ဂေါပက နဲ့ ကြောင်သူတော်ကန်ထရိုက်
– စီးပွားရေးဆန်သော အနှစ် ၂၀၊ အနှစ် ၃၀ ရေရှည်ကန်ထရိုက်စာချုပ်ပေါင်း ၁၄ မျိုးကို ပယ်ဖျက်ခဲ့ပေးခဲ့ပြီတဲ့။
– ဒီလုပ်ငန်းကန်ထရိုက်တွေကို ဘယ်သူတွေ ဘယ်တုန်းကတည်းက ရရှိခဲ့သလဲ။ ဒါတွေလည်းဖော်ထုတ်ပေးသင့်တယ်။
– ဂေါပကဟောင်းကိုလည်းဖျက်သိမ်းပြီ။ (ဂေါပကဟောင်းနဲ့ ကန်ထရိုက်ဟာ ဘယ်လိုဆက်စပ်နေသလဲ)
– ရယ်ချင်စရာ၊ပြုံးချင်စရာ အသုံးအနှုန်းကတော့ “ ခေတ်ကာလနှင့်မလျော်ညီသော ဂေါပက စည်းမျဉ်း” ဆိုတဲ့အသုံးအနှုန်းပါပဲ။
– စည်းမျဉ်းသစ်နဲ့ ဂေါပကသစ်လာတော့မယ် (ယာယီဂေါပက ဖွဲ့ထားပြီ)
– ရွှေသင်္ကန်းကန်ထရိုက်လုပ်ငန်း၊ အလှူခံပုံးကန်ထရိုက်လုပ်ငန်း၊ တည်းခိုဆောင်ကန်ထရိုက်လုပ်ငန်းတွေဖျက်သိမ်းခဲ့ပြီး၊ ဘက်စုံပဒေသာပင်အလှူခံဌာနတစ်ခုတည်းသာ ဖွင့်ထားတယ်။
– ယခင်နဲ့ယခု အလှူငွေစာရင်းတွေကို နှိုင်းယှဉ်ကြည့်ပါ
အလှူငွေ
– ယမန်နှစ်တောင်တော်ဖွင့်ပွဲ အလှူငွေရရှိမှု – ကျပ် ၁၂၇ သိန်း
– ယခုနှစ် တောင်တော်ဖွင့်ပွဲ အလှူငွေရရှိမှု – ကျပ် ၈၄၄ သန်း
ရွေဆိုင်းအရောင်းကန်ထရိုက်လုပ်ငန်း
– ယခင်နှစ်ရွှေဆိုင်းအရောင်းလုပ်ငန်းကန်ထရိုက်စနစ်ကျင့်သုံးစဉ်က လေလံကြေးတစ်နှစ်စာ – ကျပ် ၆၈၃ သိန်းကျော်
– ယခုနှစ်ပွဲတော်ကာလ (အောက်တိုဘာ ၁၆ ရက်မှ ၃၁ ရက်) ၁၆ ရက်အတွင်း ၆၂၉ သိန်းကျော်
ရင်ပြင်တော်အလှူခံပုံးအလှူငွေရရှိမှု
– ယခင်နှစ် ကျပ် ၄၀၈ သိန်း
– ယခုနှစ် (အောက်တိုဘာ ၁၆ မှ နိုဝင်ဘာ ၉ ရက်အထိ) ၂၇ ရက်အတွင်း ၄၂၂ သိန်း ( ၁၄ သိန်းပိုရတယ်)
ဆည်းလည်း အရောင်းကန်ထရိုက်လုပ်ငန်း
– ယခင်နှစ် (ကန်ထရိုက်လုပ်ငန်းစနစ်ကျင့်သုံးစဉ်) ကျပ် ၁၆၇ သိန်းကျော်
– ယခုနှစ် တစ်လအတွင်း အမြတ်ငွေ ၂၁ သိန်းကျော် ရရှိ
ဒါဟာ ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားမှာ ရက်ပိုင်းလပိုင်းအတွင်းကြုံရတဲ့ အံမခန်းဖြစ်ရပ်တွေပါ။ ဒီလို ဝါးမျိုးစားသောက် ခဲ့ကြ တာဘယ်လောက်ကြာခဲ့ပြီလဲ။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း (ဗိုလ်) ဦးခင်အောင်မြင့်ပြောတဲ့ “ဆီးသီးဗန်း” ဟာ ဘုရားကန် ထရိုက်တွေ ထက်သာဖို့သာရှိမယ်။ လျှော့နည်းဖို့ရာတော့ လုံးဝအကြောင်းမရှိနိုင်ဘူး။
စစ်အုပ်စုနဲ့ အပေါင်းပါ ခရိုနီ၊ ကန်ထရိုက် တသိုက်ဟာ မြေပေါ်မြေအောက်၊ရေအောက် သယံဇာတတွေကိုမဆိုထားနဲ့ ဘုရား စေတီပုထိုးပါမကျန်သိုက်တူးစားကြတယ်ဆိုတဲ့အချက်ကို မျက်မြင်သိကြရပြီ။
တခြား ဘုရားကျောင်းကန်တွေမှာရော ဘယ်လိုလဲရှိသလဲ။
ပုဂံလိုနိုင်ငံတကာက စိတ်ဝင်စားတဲ့နေရာတွေမှာရာ ဘယ်လိုရှိမလဲ။ ကြောင်သူတော်ကန်ထရိုက်တွေ အဆီစားပြီးအသားကို ဘယ်လို ဝါးမျိုနေသလဲ။ တကယ်တော့ အုပ်စိုးသူအာဏာပိုင်ရယ်၊ ကြောင်သူတော် ကန်ထရိုက်ဆိုသူတွေဟာ အီစွပ်ပုံပြင်ထဲက ဆိတ်နဲ့ ခွေး အဆွေခင်ပွန်း ဖွဲ့နည်းပါပဲ။ ခွေးက ဆိတ်အတွက် မြက်ယူပေးပြီး၊ အပြန်အလှန်အားဖြင့် ဆိတ်က ခွေးအတွက် မီးဖိုထဲ အသားတစ် ယူပေးသလိုမျိုးပါပဲ။
“စစ်အုပ်စု” ဆိုတဲ့ အကြောင်းအချက် တည်ရှိမှုဟာ ပြည်သူလူထုအတွက် ဘက်ပေါင်းစုံ ဆင်းရဲမွဲပြာကျမှုဆိုတဲ့ အကျိုးဆက်ကိုသာ မရပ်မနား အဖန်တလဲလဲဖြစ်ပေါ်နေစေပါတယ်။ တိုင်းပြည်နဲ့ပြည်သူလူထုက ဆင်းရဲမွဲပြာကျသထက်ကျလာစေပြီး စစ်အုပ်စုနဲ့ခရိုနီ တစုအဖို့ ထားစရာမရှိအောင်ချမ်းသာကြွယ်ဝလာစေတဲ့ အစွန်းနှစ်ဖက်ကို “သင့်မြတ်ရေးပဝါ” နဲ့ ဇွတ်အတင်း ချည်နှောင်သင့်မြတ်စေဖို့ ဆိုတာဟာ အလွန်စိတ်ကူးဆန်တာပဲဖြစ်ပါလိမ့်မယ်။
စစ်အုပ်စုဟာ စီးပွားရေး၊နိုင်ငံရေးဘက်ပေါင်းစုံဗိုလ်ကျလွှမ်းမိုးချယ်လှယ်ခဲ့တာ ၁၉၆၂ ကနေစပြီးရေတွက်ကြည့်ရင်ပဲ ရာစုနှစ် ဝက်ကျော်ခဲ့ပြီပဲ။ ဒီတော့ သူတို့ စားသောက်မျိုဆို့ခဲ့တာတွေကို ဘယ်လိုရေတွက်နိုင်တော့မှာလဲ။ ကျိုက်ထီးရိုးဘုရားပေါ်က ကြောင်သူ တော်ကန်ထရိုက်တွေက စစ်အုပ်စုကို အဘခေါ်ကြရမှာ သိပ်ကိုသေချာပါတယ်။
ဒီ “ အဆိုးဆက်သံသရာ” ကို ရှင်းရှင်းပြတ်ပြတ် ပယ်ဖျက်ပစ်လိုတယ်ဆိုရင် “စစ်အုပ်စု” အကုန်အစင် ဖယ်ရှားရေးဆိုတဲ့ လုပ်ငန်း ကို မဖြစ်မနေဦးတည်လုပ်ဆောင်ရပါလိမ့်မယ်။
တိုင်းပြည်နဲ့လူထုချမ်းသာကြွယ်ဝရေးဟာ စစ်အုပ်စုနိဂုံးနဲ့ဆက်စပ်နေပါတယ်။
စစ်အုပ်စုဆိုတဲ့ အမှောင်ထုကြီး ပြန်မလာစတမ်း နိဂုံးချုပ်သွားတော့မှ ပြည်သူလူထုအတွက် ခမ်းနားပြည့်စုံစေမယ့် ဘဝသစ် နိဒါန်းဟာ ရွှန်းသစ်တဲ့ နေရောင်ခြည်နဲ့အတူ ငြိမ်းချမ်းသာယာပြီးတိုးတက်လှပလာပါလိမ့်မယ်။ တည်ဆောက်အကောင်အထည်ဖော်နိုင် ပါလိမ့်မယ်။

သတင်းနဲ့ မှတ်ချက်
သူ့ထက်ငါဦး သတင်းအပြေးပြိုင်နေကြရော့သလား။
ဘယ်သူထုတ်ပြန်တဲ့ သတင်းကို လက်ခံယုံကြည်မလဲ။
– အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ
– ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက် (သတင်းစာ၊ website)
– တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွ့ဲ
သတင်းနဲ့ မှတ်ချက် (၂)
အတိုင်ပင်ခံပုဂ္ဂိုလ်ထံမေးခွန်းထုတ်စရာတွေ၊ ဝေဖန်စရာတွေဦးတည်စေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နေရာ ၁၀ ခုမှာ နိုဝင်ဘာလ ၂၀ ရက်၊ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်မှု
ရက်စက်သော တိတ်ဆိတ်မှုကို ဆောင်မြဲတိုင်းဆောင်နေတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဘာပြောမလဲ
နိုဝင်ဘာ ၂၀ တိုက်ပွဲတွေမှာ အရပ်သား ၃ ဦးအပါအဝင် စုစုပေါင်း ၈ ဦးသေဆုံးပြီး၊ အရပ်သား ၁၈ ဦးနဲ့ ရဲ ၉ ဦး အကောက်ခွန် ဝန်ထမ်း ၂ ဦးပေါင်း ၂၉ ဦး ဒဏ်ရာရပါတယ်။ လက်နက် ၈ လက် ဆုံးရှုံးသွားတယ်လို့ အစိုးရသတင်းစာက ဖော်ပြပါတယ်။

(သတင်းနဲ့ မှတ်ချက် ၃)
ဂြိုဟ်မွှေတဲ့ ဂြိုဟ်တိုင်စောင့်ကန်ထရိုက်စနစ်
ဂြိုလ်တိုင်ကန်ထရိုက်ရရေး အပြိုင်ဆိုင်ဖြစ်ခဲ့ကြသလို အချင်းချင်းလည်း ခွက်စောင်းခုတ်ခဲ့ကြသတဲ့။ ရွှေတိဂုံစေတီတော်မှာရှိတဲ့ ဂြိုဟ်တိုင် ၁၂ တိုင်မှာ ရေသပ္ပာယ်လိုသူက သတ်မှတ်ထားတဲ့ ငွေကြေး ပေးမှ ရေတစ်ပုံးခပ်ပေးပြီးရေသပ္ပာယ်ခွင့်ရသတဲ့။
၁၉၉၉အထိ ဂြိုဟ်တိုင်စောင့် ကန်ထရိုက်စနစ်အရ ဂြိုဟ်တိုင် ၁၂ တိုင်အတွက် တစ်နှစ်ပျမ်းမျှ အလှူငွေ ကျပ် တစ်သိန်း နှစ်သောင်းသာရရှိခဲ့ပါတယ်။
၂၀၀၀ ခုနှစ်မှစပြီး အလှူရန်ပုံငွေစနစ်ကျင့်သုံးခဲ့ရာ ဂြိုဟ်တိုင် ၁၂ တိုင်အတွက် တစ်ရက်အလှူငွေ ကျပ်တစ်သိန်းခန့် ရရှိခဲ့တဲ့အတွက် တနှစ်လျှင် ကျပ် သိန်း ၃၆၀ ခန် အထိ တက်သွားပါတယ်
၂၀၁၆ ခုနှစ်၊ ဇူလိုင်လ တစ်လထဲစာရင်းချုပ် အရ ဂြိုဟ်တိုင် ၁၂ တိုင်တွင် ထားတဲ့ အလှူခံပုံးများမှ အလှူငွေရရှိငွေပေါင်းမှာ ၂၅၉၈၁၀၀၀ (နှစ်ရာငါးဆယ့်ကိုးသိန်းကျော်) ရရှိခဲ့သတဲ့။
ကျိုက်ထီးရိုးစေတီမှာလည်း အလှူခံပုံးများမှ ၂၅ ရက်အတွင်း ရရှိငွေဟာ ယခင်ဘဏ္ဍာနှစ် တနှစ်လုံးရငွေထက် ပိုမိုများပြားနေတာကိုလည်း ကြားသိရပါတယ်။
ဂြိုဟ်ကန်ထရိုက်တွေ အတော်စားသာခဲ့မှာအမှန်ပဲ။ ဒီလုပ်ငန်းမျိုးကလည်း ဗမာပြည်ကလွဲလို့ ဘယ်မှာများရှိနိုင်ပါ့မလဲ။ ပြည်တွင်းမှာ ပြည်သူလူလူထုရဲ့အလှူအတန်းရက်ရောမှုကြောင့် (၂၀၁၆ ခုနှစ်၊ နိုင်ငံပေါင်း ၄၀ ကျော်စစ်တမ်း ကောက်ယူမှုအရ) “ ကမ္ဘာ့ပေးကမ်းမှု အညွန်းကိန်း” မှာ နံပတ်တစ်နိုင်ငံအဖြစ် ဖော်ပြခြင်းခံခဲ့ရပါတယ်။
ပြည်ပအကူအညီအများဆုံးယူတဲ့ အစိုးရတွေအဖြစ် စာရင်းပြုစုမယ်ဆိုရင်လည်း မြန်မာအစိုးရဟာ ထိပ်ဆုံးမှာရှိနေလိမ့်မယ်လို့ ထင်ပါတယ်။

(သတင်းနဲ့မှတ်ချက် ၄)
ခေတ်ပြိုင်သမိုင်းဆိုင်ရာစာပေစာတမ်းဖတ်ပွဲ နဲ့ စာပေစိစစ်ရေးကင်ပေတိုင်အဖွဲ့သစ် စာတမ်း ၃ စောင်ပယ်ချခံရတယ်လို့သိရပါတယ်။
အကြောင်းပြန်ကြားစာမှာပါတာက — “လူကြီးမင်း၏စာတမ်းသည် လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွင် ပြဿနာရှိသည်ဟု ယူဆသောကြောင့် ဆိုင်းငံ့ထားရန် ကော်မတီဝင်များနှင့်သဘာဝပတိအဖွဲ့ဝင်များက ဝမ်းနည်းစွာ ဆုံးဖြတ် ခဲ့ကြောင်း” ဟူ၍ ဖြစ်ပါတယ်။
၂၁ ပင်လုံမှာ ဆွေးနွေးတင်ပြခဲ့ကြတာတွေကို အမျက်တော်ရှပြီး စစ်တပ်ဘက်က ဖိအားပေးတဲ့နဲ့တူပါတယ်။ ဒါမှမဟုတ်လည်း သင့်မြတ်ရေးဆိုတဲ့ကိုယ်ပိုင်အသိနဲ့ စစ်တပ်ငြိုငြင်မှာကိုစိုးရိမ်လို့ ကြိုတင်ဆိုင်းငံ့တာလားမသိပါဘူး။ “ဆိုင်းငံ့တယ်” ဆိုတာ တကယ် တော့ ရွေးချယ်ခံအစိုးရက ကျင့်သုံးတဲ့ “ငွေမင်သုတ်နည်း” တမျိုးပါပဲ။
စာတမ်းကော်မတီကပြန်လည်ပေးအပ်လာတဲ့ စာတမ်းရှင်တစ်ဦးရဲ့စာတမ်းပေါ်မှာရေးသားပါရှိလာတဲ့ မှတ်ချက် နှစ်ခုပါရှိလာ ပါ တယ်။
ပထမတစ်ခုက စစ်တပ်ငြိုငြင်မယ့် စကားရပ်ကို “ စစ်တပ်က အဆုံးအဖြတ်ဖြစ်နေကြောင်း ဖော်ပြချက်များကို ပြောင်းလဲ ပြုပြင်ရေး သား ပေးနိုင်ခြင်းရှိ/မရှိ” တဲ့။
ဒုတိယတစ်ခုကတော့ လက်ဝဲတစ္ဆေခြောက်ခံထားရသူရဲ့ ကြောက်ရခြင်းမှ မလွတ်ကင်းရှာတဲ့မှတ်ချက်ဖြစ်ပါတယ်။ “လက်ဝဲသမိုင်းဖြစ်နေပါသည်၊ စာတမ်းဖတ်ပွဲခေါင်းစဉ်နှင့် မကိုက်ညီပါ” တဲ့။
ရွေးချယ်ခံအစိုးရပြန်ကြားရေးဝန်ကြီးဌာန၏ ဒီမိုကရေစီကား စည်းကမ်းပြည့်ဝသောဒီမိုကရေစီ/ စစ်တပ်ကို အကြိုက်ကို အလွန်အလိုက်သိလွန်းသော ဒီမိုကရေစီ ပါတကားဟု မှတ်ချက်ပြုလိုက်ရပါတယ်။

အရေးတော်ပုံဂျာနယ် အတွဲ (၂) အမှတ် (၇)


aydp2-7

နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ တော်လှန်ရေးဘဝများ

နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့
တော်လှန်ရေးဘဝများ

ရဲဘော်ခင်မောင်ဝင်း

၁၉၇၀ ခု ရန်ကုန်တက္ကသိုလ် ရွှေရတုအထိမ်းအမှတ် လှုပ်ရှားမှုကြောင်း ကျွန်တော် ပုဒ်မ ၅ နဲ့ အဖမ်းခံရပြီး ၁၉၇၃ ဧပြီ (၁၃) အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်ထောင်က လွတ်လာတယ်။ ထောင်ကလွတ်ပြီး ၆ လကျော်လောက်ရှိတော့ လာရှိုးကား လမ်းကနေ ဗမာပြည်ကွန်မြူနစ်ပါတီ လွတ်မြောက်ရေးအခြေခံဒေသ ကိုးကန့်ခရိုင်သို့ ပြည်သူဒီမိုကရေစီတော်လှန်ရေးမှာ ပါဝင်ဖို့ တောခိုခဲ့တယ်။ ကိုးကန့်ခရိုင် ရှေ့တန်းတပ်မှူး ရဲဘော်ညွန့်မောင် ကူညီမှုနဲ့ ကိုးကန့်ခရိုင်ရုံးကို ရောက်ခဲ့တယ်။ ခရိုင်မှူး ရဲဘော်ရဲဒင် (ရဲဘော်ထွန်းလွင်၊ နောင် ၇၅ ဗဟိုကော်မတီ၊ ၈၅ တတိယအကြိမ် ကွန်ဂရက် ဗဟိုကော်မတီ)ရဲ့ လုံခြုံရေးဌာနမှာ ခေတ္တနေပြီး ခရိုင် လက်ဖက်ခြောက်စက်ရုံနဲ့၊ အရက်ချက်စက်ရုံမှာ ရဲဘော်မောင်ကြည်ဆိုတဲ့ မြင်းခြံသားတယောက်နဲ့ အတူနေထိုင်ရင်း ရဲဘော်များနဲ့ အ တူ ထင်းခွေရေခပ် နေ့စဉ်လုပ်ငန်းများ လုပ်ကိုင်နေခဲ့ပါတယ်။ အဲဒီလိုနဲ့ ကိုးကန်းခရိုင်ပါတီရဲ့ ဆက်သွယ်ပေးမှုနဲ့ ပါတီဗဟိုနဲ့ အဆက် အသွယ်ရလာပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့မြောက်စစ်ဒေသ၊ ကွတ်ခိုင်ခရိုင်၊ ရှေ့တန်းလျှို့ဝှက်စခန်း (ဖိုင်ကောင်စခန်း) မှာ ရဲဘော်မြအောင်နဲ့အတူ လျှို့ဝှက်ဝါဒဖြန့်ချိရေး ရန်သူဒေသလှုပ်ရှားရေးလုပ်ငန်းများ ဆောင်ရွက်နေခဲ့ပါတယ်။ ၁၉၇၄ ဇန်နဝါရီလ မှာတော့ အရှေ့မြောက်စစ်ဒေသ (သံလွင် အနောက်ခြမ်း) ဒုနိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းရဲ့ မုံဂူ နိုင်ငံရေး၏ဌာနစခန်းကို ရောက်ပါ တယ်။ ဒါ ရဲဘော်စိုးသိမ်းနဲ့ စတင်တွေ့ခဲ့ခြင်းပါပဲ။ ရဲဘော်စိုးသိမ်းက နွေးထွေးခင်မင်စွာပဲ သူတို့စခန်းမှာ တာဝန်ယူသွားဖို့ ပြောပါ တယ်။ ဗဟို အလုပ်အဖွဲ့စခန်းကိုတော့ မသွားပါနဲ့ဦး။ ကျွန်တော်တို့မှာ ကေဒါ မလုံလောက်ဘူး။ ဒီမှာပဲလုပ်ပါလို့ ဆွေးနွေးပြီး ဗဟိုရဲ့ သဘောတူညီမှုအရ သူ့ရဲ့အတွင်းရေးမှူး တာဝန်ကို ပေးလို့ ဒီတာဝန်ကိုပဲ ပထမဆုံး ယူခဲ့ရပါတယ်။

ရဲဘော်စိုးသိမ်းရဲ့ နေထိုင်စားသောက်မှုဟာ ရိုးစင်းပါတယ်။ မျက်မှန်ထူထူနဲ့ ဟန်ပန်ကင်းပြီး လယ်သမားကေဒါကြီး တ ယောက်နဲ့ တူပါတယ်။ အဲဒီအချိန်က အရှေ့မြောက်စစ်ဒေသဟာ လူအင်အား၊ လက်နက်အင်အား အပြည့်အဝနဲ့ ရန်သူ့ရှေ့တန်း စခန်းတွေကို ချေမှုန်းရေးတိုက်ပွဲများ ဖော်နေတဲ့ကာလပါ။ တချိန်တည်းမှာ ကြူကုတ်၊ ပန်ဆိုင်း၊ ဝနယ်တောင်မြောက်တို့ကို ရန်သူ့ထံ မှ သိမ်းပိုက်ပြီး လွတ်မြောက်ရေးအခြေခံဒေသ ထူထောင်တာ သိပ်မကြာသေးတော့ ဒေသလုပ်ငန်းတွေ အပူတပြင်း တိုးချဲ့လုပ်ကိုင် နေရတယ်။ မုန်းဝေ၊ မိုးကုတ်ပြောက်ကျားဒေသတိုးချဲ့ရေး၊ ၂၀၂ စစ်ဒေသနဲ့ ပူးပေါင်းလှုပ်ရှားရေးစတဲ့ စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုတွေ အဆက်မပြတ် လုပ်နေပါတယ်။ ရဲဘော်စိုးသိမ်းဟာ နေ့မအိပ်ညမအိပ် အလုပ် လုပ်တတ်ပါတယ်။ မုံဂူနိုင်ငံရေးဌာနမှာ တပတ်အတွင်း စစ်ရေး၊ နိုင်ငံရေး အခြေအနေပညာပေး အစည်းအဝေးများကို ရဲဘော်စိုးသိမ်း အစဉ်အမြဲ လုပ်လေ့ရှိပါတယ်။ တခါတရံ ရှေ့တန်းကို တပ်စုတစုလောက်နဲ့ တောင်ပေါ်ခရီးကြမ်း ထွက်ရပါတယ်။ ကျွန်တော်လည်း ရဲဘော်စိုးသိမ်းနဲ့အတူ၊ အခြေခံဒေသ တည်ဆောက်ရေး လုပ်ငန်းတွေ၊ အစည်းဝေးမှတ်တမ်းတွေ ပြုစုရပါတယ်။ စစ်ရေးလိုအပ်ရင်လည်း ရဲဘော်စိုးသိမ်း ကိုယ်ရံတပ်ဖွဲ့နဲ့အတူ လှုပ်ရှားရပါ တယ်။

ရဲဘော်စိုးသိမ်းရဲ့ ငယ်နာမည်ဟာ ချစ်သိန်းဖြစ်တယ်။ သူ့ဖခင်ကဦးပါ။ စစ်ကိုင်းမြို့နယ်၊ ညောင်ကုန်းရွာမှာနေပြီး လက်မှု လုပ်ငန်း၊ ဆင်ရုပ်၊ ကျွဲရုပ်စတဲ့ ကလေးကစားစရာတွေ၊ လက်ပန်သားနဲ့ ပန်းပုရုပ်တု ထု၊ ခုံဖိနပ်ခုတ်ပြီး အသက်မွေးဝမ်းကျောင်းတယ် လို့ သိရတယ်။ ငယ်စဉ်ကဘဲ ပါတီခေါင်းဆောင်တဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးထဲ ပါဝင်ခဲ့သူ၊ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဖက်ဆစ် ဂျပန်တော်လှန်ရေး စစ်သားဖြစ်တယ်။ ဂျပန်တော်လှန်ရေးပြီးတဲ့နောက် ပါတီကထုတ်ဝေတဲ့ ပြည်သူ့အာဏာနဲ့ ကွန်မြူနစ်နေ့စဉ် သ တင်းစာကို ပါတီရန်ပုံငွေအတွက် လမ်းတကာလှည့်လည် ရောင်းချခဲ့သူဖြစ်တယ်။

၁၉၄၈ ခုနှစ် မတ်လ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးအစပိုင်းမှာ ဗိုလ်ရန်အောင်ရဲ့ တာဝန်ပေးချက်အရ ဗဟိုဆက်သား အဖြစ် ကျောက်ဆည်သခင်တင်ရွှေကို ရှာဖွေဆက်သွယ်ရန် ရောက်ရှိပြီးနောက် ကျောက်ဆည်တဝိုက် အခြေခံပြီး လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခဲ့ရတယ်။ ၁၉၅၁ ခုနှစ်မှာတော့ ပါတီဗဟိုရဲ့ တာဝန်ပေးချက်အရ တရုတ်ပြည်သို့ ပညာတော်သင်အဖြစ် ရောက်ရှိ သွားခဲ့ရပြီး မာ့က်စ်လီနင်ဝါဒတက္ကသိုလ်မှာ ၅ နှစ်တင်းတင်း ပညာသင်ယူခဲ့ရသူ ဖြစ်တယ်။ နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းဟာ မူလက မူ လတန်းအဆင့်လောက်သာ ပညာသင်ယူခွင့်ရရှိခဲ့သူ ဖြစ်ခဲ့ရာက ပါတီရဲ့မွေးမြူမှုအောက်မှာ နိုင်ငံခြားဘာသာတရုတ်စာတတ် မာ့က်စ် လီနင်ဝါဒ တက္ကသိုလ်ဆင်းပညာတတ် တယောက်ဖြစ်လာသူဖြစ်ပါတယ်လို့ နားလည် သိရှိခွင့်ရရှိပါတယ်။

၁၉၆၄ ခုနှစ်မှာ တရုတ်ပြည်ကွန်မြူနစ်ပါတီက တရုတ်ပြည်၊ ကွေ့ကျိုးပြည်နယ်မှာ ရောက်ရှိနေတဲ့ “ရဲဘော်နော်ဆိုင်း” ခေါင်း ဆောင်တဲ့ ကချင်တပ်ဖွဲ့တွေကို ဗမာပြည်ကွန်မြူနစ်ပါတီထံ လွှဲပြောင်းပေးအပ်ပါတယ်။ အဲဒီအခါ ပါတီက အဲဒီတပ်ဖွဲ့ကို မာ့က်စ်လီ နင်ဝါဒ ပညာပေးရေးအတွက် ရဲဘော်စိုးသိမ်းကို တာဝန်ပေးအပ်ခဲ့လို့ ကွေ့ကျိုးပြည်နယ်သွားရောက် နေထိုင်ကာ အဲဒီတပ်ဖွဲ့ရော အဲဒီ တပ်ဖွဲ့ဝင်မိသားစု သားသမီးများ ပညာပေးရေးပါ ထမ်းဆောင်ခဲ့ရပါတယ်။ ကျွန်တော်တို့ နယ်စပ်ရောက်ရှိ တော်လှန်ရေးတာဝန်ယူရ တဲ့ ကာလတွေမှာ ဒါကြောင့် နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းနဲ့ ကွေ့ကျိုးရဲဘော်များနဲ့ မိသားစုဝင်တွေအကြား အထူးရင်းနှီးကျွမ်းဝင်မှုတွေ ကို တွေ့မြင်ခဲ့ရတာလို့ ဆိုနိုင်မယ်ထင်ပါတယ်။

၁၉၆၇ ခုနှစ်ရောက်တော့ နိုင်ငံတကာအခြေအနေ အပြောင်းအလဲတရပ် ပေါ်ပေါက်ခဲ့ပြီး ဗမာပြည်နဲ့ တိုက်ရိုက်ပတ်သက် တာကတော့ ဗိုလ်နေဝင်းက တရုတ်-ဗမာအရေးအခင်းကို အနောက်အုပ်စုအားကိုးနဲ့ ဖန်တီးလိုက်ခြင်းပါပဲ။ ဒီအချိန်မှာ တရုတ်ပြည် ကွန်မြူနစ်ပါတီ ပစ္စည်းမဲ့လူတန်းစား နိုင်ငံတကာစိတ်ဓာတ်အရ တော်လှန်ရေးများကို အကူအညီ အထောက်အပံ့တွေ ပေးနေတဲ့ အ ချိန် ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီတုန်းက ဒုဥက္ကဋ္ဌသခင်ဗသိန်းတင်ခေါင်းဆောင်တဲ့ တရုတ်ပြည်ရောက်ရဲဘော်များ ဗမာပြည်တော်လှန် ရေး ပြန်လည်ဝင်ရောက်လုပ်ကိုင်ရေး အခွင့်အလမ်းတခု ပေါ်ပေါက်လာပါတယ်။ အဲဒီအခြေအနေအောက်မှာ အဝေးရောက် ခေါင်း ဆောင်များအဖွဲ့က ရဲဘော်သန်းရွှေ(တပ်မှူး) ရဲဘော်စိုးသိမ်း (နိုင်ငံရေးမှူး) ရဲဘော်နော်ဆိုင်း (ဒု-တပ်မှူး)နဲ့ ဦးဇော်မိုင်း (နိုင်ငံရေး ဌာနမှူး)တို့ ခေါင်းဆောင်ပြီး ၃၀၃ တပ်ဖွဲ့ကို လူအင်အား ၂၀၀ ကျော်နဲ့ စတင်ဖွဲ့စည်းလိုက်တယ်လို့ လေ့လာသိရှိ မှတ်သားခဲ့ရ ဖူးပါတယ်။ ဒီတပ်ဖွဲ့ဟာ ၁၉၆၈ ဇန်နဝါရီတရက်မှာ မုန်ဂူ၊ မုန်လုံ၊ ကောင်းလုံ၊ ဝေါချုံရွာများကို အခြေပြုပြီး ပြောက်ကျားစစ် စတင်လှုပ် ရှားခဲ့ကြပြီး ဒီတပ်ဖွဲ့တွေက မုန်ဂူ၊ မုန်လုံ၊ ဖောင်းဆိုင်စတဲ့ ရွာတွေကို စတင်တိုက်ခိုက် သိမ်းပိုက်ကာ နယ်စပ် အခြေခံဒေသကို ဖွင့် လှစ်ခဲ့တဲ့ ဗွေဆော်ဦးလုပ်ငန်းတွေကို ပါဝင်လုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်တဦးအဖြစ်လည်း လေ့လာမှတ်သားထား ဖူးပါတယ်။

ကျွန်တော်ဟာ ၇၃ ခုနှစ်နှောင်းပိုင်းမှာ နယ်စပ်အခြေခံဒေသကို ရောက်လာသူဖြစ်တော့ အဲဒီအချိန်မှာ နယ်စပ်အခြေခံဒေသ ဟာ ခိုင်မာတဲ့ အခြေခံဒေသကြီးဖြစ်နေပြီ၊ လူအင်အား လက်နက်အင်အား အင်မတန်တောင့်တင်းတဲ့ကာလဖြစ်တယ်လို့ ဆိုရမယ့် အ နေအထားပါ။ ဒိုင်နယ်၊ မြို့ နယ်၊ ခရိုင်စသဖြင့် ဖွဲ့စည်းထားပြီး အရှေ့မြောက်စစ်ဒေသ (သံလွင်မြစ် အနောက်ခြမ်း) တာဝန်ခံ၊ အရှေ့ မြောက်စစ်ဒေသ နိုင်ငံရေးမှူးအဖြစ် ရဲဘော်စိုးသိမ်းက တာဝန်တွေကို နေ့မအား၊ ညမနား လုပ်ဆောင်နေတဲ့ အချိန်ဖြစ်ပါတယ်။

၁၉၇၅ ခုနှစ်၊ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တိုးချဲ့အစည်းအဝေးမှာ နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းဟာ အရန်ဗဟို ကော်မတီဝင် ဖြစ်လာပါတယ်။ ကျွန်တော်ဟာ ၇၄ မှ ၇၈ အထိ နိုင်ငံရေးမှူးနဲ့ အတူနေထိုင်ပြီး မိမိကျရာ တော်လှန်ရေးတာဝန်များကို လုပ်ကိုင်ခဲ့ပါတယ်။ နိုင်ငံရေးမှူးဟာ စစ်ရေး၊ နိုင်ငံရေး၊ ဒေသလုပ်ငန်း ဘက်စုံလုပ်ကိုင်နိုင်သူဖြစ်တာကို သူနဲ့အတူ ဖြတ်သန်းရင်းမှ သိ ရှိ နားလည်ခွင့်ရပြီး ကျွန်တော့်အတွက် တော်လှန်ရေးလုပ်ငန်းအတွေ့အကြုံသင်ခန်းစာကောင်းများကို ရရှိစေခဲ့ပါတယ်။ ရဲဘော်စိုး သိမ်းဟာ ဒေသလုပ်ငန်းဖြစ်တဲ့ လူထုစည်းရုံးရေးလုပ်ငန်းကိုလည်း အခါအခွင့်ရတိုင်း ပညာပေးလှုံ့ဆော်စည်းရုံးခဲ့တယ်။ ဒေသခံ ကချင်၊ ရှမ်း၊ တိုင်းရင်းသား ကိုးကန့်တရုတ်များကိုလည်း အမြဲမပြတ် ဆက်သွယ်လှုပ်ရှားခဲ့တယ်။ ဒေသခံတွေရဲ့ စိုက်ပျိုးထုတ်လုပ် ရေးဘဝ၊ နေထိုင်စားသောက်ရေး ဘဝမြှင့်တင်ရေးအတွက် သင်တန်းများ ပို့ချပေးတယ်။ တချိန်တည်းမှာလည်း လှေကားထစ်လယ် များ ဖော်ထုတ်စိုက်ပျိုးစေတယ်။ လူထုအဖွဲ့အစည်းများဖြစ်တဲ့ လယ်သမားသမဂ္ဂများ၊ ပြည်သူ့စစ်အဖွဲ့များကို ကျေးရွာ၊ ဒိုင်နယ်အ လိုက် ကွင်းဆင်းစည်းရုံးဖွဲ့စည်းပါတယ်။ သီးစားခလျှော့ပေါ့ရေး၊ အတိုးနှုန်းလျှော့ပေါ့ရေး၊ လုပ်ခတိုးမြှင့်ရေးစတဲ့ တောင်တန်းဒေသနဲ့ ကိုက်ညီတဲ့ မြေယာပေါ်လစီများကို ချမှတ်ဆောင်ရွက်ခဲ့တယ်။

၁၉၆၈ မတိုင်မီက မုန်းဂူကွင်း၊ မုန်းယားကွင်းစတဲ့ဒေသများဟာ ကချင်ဒူးဝါးဆိုးတွေနဲ့ နယ်ခံဗိုလ်ကျ ကူမင်တန်ဗိုလ်တွေ၊ ဗိုလ်နေဝင်းစစ်သားတွေရဲ့ မတရားသွေးစုပ်ဖိနှိပ်တာတွေကို ကြိတ်မှိတ်ခံခဲ့ရတဲ့ဒေသတွေ ဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်း ဆောင်တဲ့ ပြည်သူ့တပ်မတော်က ဝင်ရောက်လှုပ်ရှားပြီး ဖိနှိပ်မှု၊ သွေးစုပ်မှုနဲ့စနစ်ဆိုးများကို တိုက်ဖျက် ပြည်သူလူထုကို လွတ်မြောက် စေလိုက်တော့မှ လူထုဟာ ပြည်သူ့တပ်မတော်ကို ပိုမိုထောက်ခံကာ ပြည်သူ့တပ်မတော်ထဲ ပိုပါဝင်လာပြီး တပ်သားရေသောက်မြစ် လည်း ပိုမိုခိုင်မာလာခဲ့တယ်။ စစ်ရေးလုပ်ငန်းတွေ လည်း ပိုမို ကျယ်ပြန့်စွာလုပ်ဆောင်နိုင်ခဲ့တယ်။ ၁၉၇၆ ခုနှစ်မှာတော့ ဒေသခံ ကချင် အမျိုးသမီးငယ် ပြည်သူ့တပ်မတော်သား ၃ ဦးကို မူဆယ်မြို့တွင်း ဝင်ရောက်ထိုးဖောက် ထောက်လှမ်းကာ ရန်သူ့အခြေအနေကို သိရှိ ဖို့ ကင်းထောက်လွှတ်ခဲ့တယ်။ အဲဒီနောက်မှာတော့ မူဆယ်မြို့ရဲစခန်းကို ဝိုင်းထားပြီး ရန်သူ့တပ်မှ ပြည်သူ့တပ်မတော်သို့ ကူးပြောင်း လာသူ ကူးပြောင်းစစ်သားများကို ရန်သူ့တပ် ဒုဗိုလ်၊ ဗိုလ်ကြီးအဆင့် ယူနီဖောင်းများ ဆင်မြန်းပေးပြီး မူဆယ်ရန်သူ့ကင်းစခန်းကို ဝင် ရောက် လျှပ်တပြက် တိုက်ခိုက်ခဲ့တယ်။ ရန်သူ့စခန်းကို တိုက်ခိုက်ချေမှုန်း ဖျက်ဆီးပစ်လိုက်နိုင်ပြီး၊ ရန်သူ့ရဲတပ်သား အမြောက်အ မြား ကျဆုံးစေခဲ့တယ်။ ဒါဟာ ရဲဘော်စိုးသိမ်းနဲ့ ရဲဘော်ထွန်းတင်တို့ရဲ့ အမြန်တိုက်၊ အမြန်အဆုံးသတ် ချေမှုန်းရေးစစ်ပွဲ တပွဲဖြစ် တယ်။ ဒီစစ်ပွဲဟာ ရန်သူကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့တယ်။ မိမိတပ်တွေဟာ မုန်းဂူ နယ်စပ်အခြေခံဒေသကနေ နေ့ညမအိပ်ဘဲ ခရီးပြင်းချီတက်ပြီး မူဆယ်မြို့ကို ဝိုင်း၊ ရွှေလီမြစ်ကို ညအချိန်ဖြတ်ပြီး မုန်းဂူတပ်က ထိုးဖောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။

အဲဒီကာလတွေမှာ နိုင်ငံရေးမှူးရဲဘော် စိုးသိမ်းဟာ မြို့ပေါ်ကလာတဲ့ ကျောင်းသားများကို ဗော်လံတီယာတပ်အဖြစ် စုစည်း လေ့ကျင့်ပေးထားတဲ့ တပ်ဖွဲ့တဖွဲ့လည်း ရှိပါတယ်။ ဒီတပ်ဖွဲ့ကို ၁၉၇၆ ဇူလိုင်အစောပိုင်းမှာ တောင်ကုန်းတခုမှာ တင်လိုက်တယ်။ မုန်းပေါ်၊ ရွှေကျင်ဝမ်းမှာ တပ်မဟာ ၂ နဲ့ မုန်းပေါ်ခရိုင်တပ်က တောင်ထိပ်မှာ စခန်းထိုင်ပြီး ၁၀၅ မိုင်ကားလမ်းကို ထိန်းသိမ်းထားပါ တယ်။ ရဲဘော် (ဗိုလ်) သန်းရွှေ၊ ရဲဘော်ထွန်းတင်နဲ့ နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းစတဲ့ ညွှန်ကြားရေးအဖွဲ့ဟာ ရန်သူနဲ့အနီးဆုံးစခန်းမှာ တက်နေရာယူပြီး ရန်သူကားလမ်းစောင့် တပ်ခွဲစခန်းကို ချေမှုန်းရေးလုပ်ဖို့ ပြင်ဆင်ကြပါတယ်။ ရှေ့တန်းကင်းတပ်နဲ့ ထောက်လှမ်း ရေးတပ်ဖွဲ့ ကင်းထောက်ပြန်လာတဲ့ ရဲဘော်တွေက ရဲဘော်သန်းရွှေနဲ့ ရဲဘော်စိုးသိမ်းတို့ထံ အစီရင်ခံကြပါတယ်။ မနက်လင်းအား ကြီးမှာ မုန်တိုင်းတပ်ဖွဲ့ဟာ ရန်သူ့ကားလမ်းစောင့် စခန်းကို ထိုးစစ်ဆင်ပါတော့တယ်။ ရန်သူတပ်သားများရဲ့ အော်သံဟစ်သံများ ကြားနေရပါတယ်။ လက်နက်ကြီးတပ်ဖွဲ့ကလည်း ရန်သူ့စခန်းနဲ့ ကားလမ်းကို ပစ်ခတ်ထိန်းချုပ်ထားတယ်။ ဒီတိုက်ပွဲမှာ ရန်သူ အများ အပြား ဒဏ်ရာရပြီး မူဆယ်ဆေးရုံမှာ လူနာများနဲ့ ပြည့်လျှံသွားတယ်လို့ ပြန်လည် သတင်းရရှိပါတယ်။
ရဲဘော်စိုးသိမ်းဦးဆောင်ပြီး ၇၅၁၀ စီမံကိန်း မိုးမိတ်-မိုးကုတ် ဒေသတိုးချဲ့ရေး၊ ကေ-အိုင်-အေနဲ့ တပ်ပေါင်းစု တိုးချဲ့ရေးတို့ကို လုပ်ဆောင်နိုင်ခဲ့တယ်။ ၇၆၊ ၇၇၊ ၇၈ ခုနှစ်များကတော့ စစ်ရေးတိုက်ပွဲတွေ ခြိမ့်ခြိမ့်သဲ အောင်ပွဲခံနေတဲ့ကာလ ဖြစ်တယ်။ ရဲဘော် စိုးသိမ်းက ပြောက်ကျားဒေသတိုးချဲ့ရေး စီမံကိန်းနဲ့ အခြေခံဒေသတည်ငြိမ်ရေး၊ လူထုဘဝမြှင့်တင်ရေးတို့ကိုလည်း ဂရုတစိုက် ကြီး ကြပ်နိုင်ခဲ့တယ်။ တချိန်တည်းမှာ ရဲဘော်စိုးသိမ်းဟာ ဒေသဖြူလုပ်ငန်းကိုလည်း လက်မလွှတ်ပါ။ ၁၉၇၄ မေ-ဇွန်အလုပ်သမား အရေး အခင်း၊ ဦးသန့်အရေးအခင်းနဲ့ မှိုင်းရာပြည့်အရေးအခင်းနဲ့ ပတ်သက်တဲ့ ဝါဒဖြန့်စာရွက်စာတမ်းများကို မြို့တွင်းဖြန့်ဝေရင်း အထူးတပ် ရင်းရဲ့ ကားလမ်းဖြတ် တိုက်ပွဲကို ပေါင်းစပ်ပေးခဲ့တယ်။

နောက်မြို့ပေါ်က တောခိုလာတဲကျောင်းသားများနဲ့ ဖွဲ့စည်းထားတဲ့ အထူးတပ်ကို စစ်ရေးလေ့ကျင့်တာ၊ ရှေ့တန်း စစ်မြေပြင် လက်တွေ့ ဖြတ်သန်းစေတာတွေလည်း လုပ်ခဲ့တယ်။ ၇ ရက်ဇူလိုင်အထိမ်းအမှတ် ဟိုဖျက်-မန်ပင်းစခန်းသိမ်းတိုက်ပွဲကိုလည်း အောင် မြင်စွာစည်းရုံး အကောင်အထည်ဖော်ဆောင်နိုင်ခဲ့တယ်။ ရဲဘော်သစ်တွေ အထူးသဖြင့် မြို့ပေါ်က တောခိုလာသူ ရဲဘော်တွေအပေါ် မှာ အထူးဂရုစိုက် အကူအညီပေး တတ်ပါတယ်။ ကျွန်တော်အပါအဝင် ရဲဘော်တွေကို စာအုပ်ထဲက မာ့က်စ်ဝါဒ လေ့လာတာနဲ့ လက် တွေ့ကွန်မြူနစ်ပါတီထဲ ဖြတ်သန်းရတာ မတူညီကြောင်း ပဲခူရိုးမပြောက်ကျားဒေသနဲ့ နယ်စပ်ဒေသ ရဲဘော်တွေရဲ့ နေထိုင်စားသောက် မှုဘ၀ မတူနိုင်မှု လက်တွေ့အခြေအနေကို ပညာပေးရင်း မိမိကိုယ်ကိုယ် ပစ္စည်းမဲ့တပ်သားကောင်း ဖြစ်အောင် တည်ဆောက်ရေးမှာ အလွန်အကျွံတောင်းဆိုမှုတွေကို ပညာပေးလေ့ရှိပါတယ်။

ရဲဘော်စိုးသိမ်းရဲ့ အားကောင်းချက်ကတော့ လေ့လာရေးလုပ်ဟန် ဖြစ်တယ်။ ဘယ်လောက် အလုပ်များများ အလုပ်ပြီးတာနဲ့ ခဏနားပြီးရင် မှတ်စုစာအုပ်ထုတ်ပြီး ရေးမှတ်ပါတယ်။ ဒီလုပ်ဟန်ဟာ နယ်စပ်ဒေသအရေးအခင်း ဖြစ်ပေါ်ပြီးနောက် ကျွန်တော်တို့နဲ့ အတူ နောက်ဆုံး တရုတ်ပြည်ထဲက ဂျင်းဖောရွာလေးတရွာမှာနေတော့လည်း တွေ့နေရပြီး နောက်ဆုံးကျွန်တော်တို့နဲ့ ခွဲသွားပြီး အနား ယူရတဲ့အထိတိုင် သူဖတ်မိသမျှ တရုတ်စာနယ်ဇင်းတွေထဲက အချက်အလက်တွေ မှတ်စုထုတ်ပေးတာ၊ ဆောင်းပါးတွေရေးပေး သွားတာ နောက်ဆုံးအထိလိုပဲ ဆိုနိုင်ပါတယ်။ နယ်စပ်ဒေသ သံလွင်မြစ်အနောက်ဘက် နိုင်ငံရေးဌာနကို တာဝန်ခံစဉ်ကလည်း တပတ် ၂ ဧကြိမ်လောက် လေ့လာဆွေးနွေးပွဲလုပ်နိုင်ရေးကို စခန်းမှူးကို မှန်မှန်ဆော်ဩလေ့ရှိပါတယ်။ ရှေ့တန်းတပ်မှူးတွေ ရောက် လာရင်လည်း စစ်ရေးဆွေးနွေးပွဲတွေမှာ ပြောက်ကျားစစ်၊ ချေမှုန်းစစ်စတဲ့ စစ်ရေးလှုပ်ရှားမှုများကို ပညာပေး ဆွေးနွေးတယ်။ အထူး သဖြင့် နေရာယူစစ်မျိုး မတိုက်မိဖို့ ပညာပေးတယ်။ ပြောက်ကျားစစ်နဲ့ လှုပ်ရှားစစ်လုပ်ပြီး ရန်သူသက်ရှိ အင်အားကို ချေမှုန်းရေးစစ်ကို တိုက်ကြဖို့ ဟောပြောတယ်။ နောက်ခရိုင်၊ မြို့နယ်၊ ဒိုင်နယ် ဒေသလုပ်ငန်းကေဒါတွေ ရောက်လာရင်လည်း လူထု အခြေအနေ၊ လူထု လုပ်ငန်း၊ ထုတ်လုပ်ရေးဘဝ၊ နေထိုင်စားသောက်ရေး ဘဝအခြေအနေ အစီရင်ခံချက်တွေကို နားထောင်၊ သူတို့ထံမှ လေ့လာ မှတ် သားပြီး ဒေသလုပ်ငန်းများဖြစ်တဲ့ ရှေ့တန်းကူညီရေးလုပ်ငန်း၊ တပ်မတော်သား အိမ်ထောင်များ ကူညီရေးလုပ်ငန်း၊ အာဇာနည် အိမ် ထောင်များ မေးမြန်းရေးလုပ်ငန်း ဆောင်ရွက်မှု အခိုင်အမာ အခြေအနေများကို မေးမြန်း သုံးသပ်ဝေဖန်ပါတယ်။

စခန်းအသီးသီးရှိ ရဲဘော်များကိုလည်း ပြည်သူလူထုရဲ့ ထုတ်လုပ်ရေးလုပ်ငန်းများကို ဝင်ရောက်ကူညီရေးကို လှုံ့ဆော်ပါ တယ်။ လုပ်အားခက်ခဲတဲ့ အိမ်ထောင်များကို ကျွန်တော်တို့ရဲဘော်တွေဟာ တက်တက်ကြွကြွ ကူညီကြတယ်။ တောင်ယာခင်းပေါင်း နုတ်၊ ပျိုးနုတ်၊ လယ်စိုက်၊ စပါးရိတ်၊ စပါးပုံ၊ အိမ်ဆောက်စသဖြင့် လူထုလုပ်ငန်းများကို ရာသီအလိုက် ကူညီလုပ်ဆောင်ပေးခဲ့ကြ တယ်။ ဒါကြောင့် ၇၄-၇၅-၇၆ ကာလတွေမှာ ဒေသခံပြည် သူများနဲ့အတူ ရဲဘော်များဟာ လွတ်မြောက်ဒေသတခွင် နေရာအနှံ့ တက် တက်ကြွကြွလှုပ်ရှား အခြေခံဒေသတည်ဆောက်ရေး၊ ခိုင်မာရေး၊ တိုးချဲ့ရေးအတွက် စစ်ရေး၊ နိုင်ငံရေး၊ ဒေသလုပ်ငန်း ဘက်စုံလုပ် ဆောင်နေတာကို တွေ့မြင်နိုင်ပါတယ်။ တနည်းအားဖြင့် နယ်စပ်ဒေသရဲ့ တော်လှန်ရေးလုပ်ငန်းတွေ အညွန့်တလူလူ သက်ဝင်လှုပ်ရှား နေတဲ့ကာလလို့ ဆိုနိုင်ပါတယ်။
နိုင်ငံရေးမှူးနဲ့ ပတ်သက်ရင် ကျွန်တော်တို့ရဲဘော်အားလုံး အသိအမှတ်ပြု လေ့လာထိုက်တာတခုကတော့ သူ့ရဲ့ စိတ်ရှည်စွာ ပညာပေး ဖျောင်းဖျတတ်မှုပါပဲ။ ဒါနဲ့ပတ်သက်လို့ အမှတ်ရစရာ အဖြစ်အပျက်တခုကို နမူနာ တင်ပြပါရစေ။ အချိန်ကာလ နေ့ရက် အတိအကျတော့ မမှတ်မိတော့ပါဘူး။ ၇၅ ခုနှစ် နှောင်းပိုင်းလောက်လို့ ထင်ပါတယ်။

မုန်းဂူ စစ်ဒေသခွဲ၊ နိုင်ငံရေးဌာနခွဲရုံးခန်းကို ၄၈ -၄၉ ကေဒါကြီးတဦးဖြစ်တဲ့ လုံခြုံရေးဌာနတာဝန်ခံ ရဲဘော်(ဦး) ဖိုးချို ရောက် လာတယ်။ သူက နိုင်ငံရေးမှူးကို ကိုစိမ်းမောင်ကြီး မုန်ဂူဈေးထဲက အိမ်တအိမ်မှာ ရောက်နေတယ်လို့ သတင်းပို့ပါတယ်။ ဒါနဲ့ နိုင်ငံရေး မှူးဟာ ရဲဘော်ဖိုးချိုနဲ့အတူ ကိုယ်ရံရဲဘော်လေး ၂ ယောက်ခေါ်ပြီး မုန်ဂူဈေးဘက်ကို ထွက်သွားပါတယ်။ ဈေးထဲက ကိုစိမ်းမောင် ကြိုက်တတ်တဲ့ ပေါင်မုန့်၊ မုန့်ကြွပ်စတဲ့ မုန့်ပဲသရေစာများဝယ်သွားပြီး ဒိုင်နယ်ရုံးက အိမ်တအိမ်မှာ စီစဉ်ဧည့်ခံပါတယ်။ ကိုစိမ်းမောင် ကလည်း အထက်အဖွဲ့အစည်းကို တင်ပြဖို့ စာရွက်စာတမ်းတွေကို ရဲဘော်စိုးသိမ်းထံအပ်ပါတယ်။ အရှေ့မြောက်စစ်ဒေသရဲ့ ဟာ ကွက်ပျော့ကွက်တွေကို နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းကို အားမနာတမ်း ပြောပါတယ်။ တခါတရံ စိတ်လိုက်မာန်ပါ ပြောတာမို့ အသံတွေ ဆူညံကျယ်လောင်လွန်းလှပါတယ်။ နိုင်ငံရေးမှူးက ဘာမှ ပြန်မပြောပါ။ စိတ်ရှည်ရှည်နား ထောင်ပါတယ်။ ကိုစိမ်းမောင်ရဲ့ အမြင် သ ဘောထားတွေ၊ လူမျိုးစုနွယ်တွေနဲ့ ပတ်သက်တဲ့ ထင်မြက်ချက်တွေကို ဗဟိုကို တင်ပြပေးဖို့သာ တာဝန်ရှိကြောင်း၊ နေရေးထိုင်ရေး၊ လုံခြုံရေးတို့ကို တာဝန်ယူကြောင်း၊ ဒါပဲပြောနိုင်ပါတယ်လို့ ခပ်တိုတိုပဲ ပြောပြီး စကားဝိုင်းကို နိုင်ငံရေးမှူးက အဆုံးသတ်လိုက်ပါ တယ်။ ရဲဘော်စိမ်းမောင်လည်း သူ့ကိုထားတဲ့ သူ့စခန်းရှိရာကို ညနေဘက်မှာ ပြန်သွားပါတယ်။

ကိုစိမ်းမောင်ဆိုတာ မင်းလတ်ရဲခေါင်ပါ။ သူ့ကို မုန်ဂူကွင်းမှ တနာရီခွဲ ၂ နာရီခရီးလောက် တောင်ပေါ်တနေရာမှာ ကချင်ပုံစံ သပ်သပ်ရပ်ရပ် အိမ်ကလေးတလုံး ဆောက်ပေးထားပါတယ်။ သူနေတဲ့အိမ်ကလေးကနေ ကြည့်လိုက်ရင် မုန်ဂူကွင်းက လယ်ကွင်းစိမ်း စိမ်းတွေနဲ့ တရုတ်ဗမာနယ်စပ် ဖြတ်ဆင်းသွားတဲ့ မုန်ဂူချောင်းကိုလည်း မြင်ရတယ်။ ရှုခင်းက လွမ်းမောစရာပါ။ သူနဲ့ မလှမ်းမကမ်းမှာ ဂျင်းဖောရွာလေး တရွာရှိပါတယ်။ ရွာသားကချင်တွေနဲ့လည်း မိတ်ဆွေဖြစ်နေပြီး ရွာသားတွေကလည်း မကြာမကြာ သူ့ထံ လာလယ် တတ်ပါတယ်။ သူက ဘာသာဗေဒ စိတ်ဝင်စားသူမို့လားတော့ မပြောတတ်ပါ။ အဲဒီသူနေတဲ့ စခန်းလေးရောက်ပြီး လတချို့ကြာတော့ သူက ကချင်စကား ပြောတတ်နေပါပြီ။ အဲဒီအိမ်ကလေးမှာနေရင်း စာတမ်းတွေ ပြုစုပြီး နိုင်ငံရေးမှူးကတဆင့် တင်ပြလိုက်တာတော့ ကြားသိရဖူးပါတယ်။ လျှို့ဝှက်ကိစ္စများဖြစ်လို့ ဘာမှ စူးစမ်းလေ့လာခွင့်မရှိလို့ ဘာမှတော့ သိခွင့် မကြုံဘူးလို့ ဆိုရမှာပါ။

နောက် လတချို့ ကြာတဲ့အခါ ရဲဘော်ဖိုးချို တခေါက်ပြန်လာပါတယ်။ ဒီတခါတော့ သူက မုန်ဂူကွင်းမှာ ရဲဘော်စိမ်းမောင် “ပိုစတာတိုက်ပွဲဆင်နေကြောင်း ပြောပြလို့ နိုင်ငံရေးမှူးက ဗဟိုကို အစီရင်ခံ အကြောင်းကြားပါတယ်။ “ပိုစတာ စာလုံးကြီး တိုက်ပွဲဆင် တာ မလုပ်ဖို့ ဥက္ကဋ္ဌသခင်ဗသိန်းတင်က အကြောင်းကြားတာ ဖြစ်တယ်။ ဒါကိုဆန့်ကျင်ပြီး မလုပ်ဖို့ စစ်ဒေသက တားမြစ်ပေမယ့် သူက နားမထောင်တော့ပါ။ စစ်ဒေသအမိန့်နဲ့ နိုင်ငံရေးမှူးက ပိုစတာတွေကို ခွာချပစ်စေပြီး မင်းလတ်ရဲခေါင် ခေါ် ကိုစိမ်းမောင်နဲ့ အချိန်အ တော်ကြာ ဆွေးနွေးပါတယ်။ ရဲဘော်စိုးသိမ်းက သူပြောသမျှ နားထောင် စိတ်ရှည်ရှည်နဲ့ သည်းခံနားထောင်ပါတယ်။ တချိန်တည်းမှာ ပါတီရဲ့ညွှန်ကြားချက်များကို ခပ်ပြတ်ပြတ်ပြောဆိုပြီး သူ့နေထိုင်ရေး ကိစ္စများ၊ လိုအပ်ချက်များကို ကောင်းကောင်းမွန်မွန် စီစဉ်ပေး ပါတယ်။

ပိုစတာတိုက်ပွဲဆင်ပြီး တပတ်လောက်ကြာတော့ ဗဟိုလည်း ပန်ဆန်း၊ ဝနယ်ကို ပြောင်းတော့မယ်။ ကိုစိမ်းမောင်လည်း ဝနယ်ကို ပြောင်းရမယ်လို့ ညွှန်ကြားချက်ရောက်လာတယ်။ ဒါကြောင့် နိုင်ငံရေးမှူးဟာ ကိုစိန်းမောင်နဲ့ အချီအချ ပြောဆိုရပြန်ပါတယ်။ နောက်ဆုံး ညွှန်ကြားချက်အရ ပြောင်းရွှေ့ရေးကို စီစဉ်ရပါတယ်။ လုံခြုံရေးတပ်စုတစုနဲ့ လုံခြုံရေးမှူး ရဲဘော်ဖိုးချိုတာဝန်ယူပြီး ဝနယ် မြောက်ပိုင်းကို ပြောင်းရွှေ့နေရာချထားလိုက်ပါတယ်။ လမ်းခရီးမှာ ကိုစိမ်းမောင်ရဲ့ လုံခြုံရေးကို မှဲ့တပေါက်မှ မစွန်းစေရအောင် လုံခြုံ ရေးဌာနက တာဝန်ယူရမယ်လို့ လုံခြုံရေးဌာနကို တာဝန်ပေး သေချာအပ်နှံ စီစဉ်ပေးခဲ့တယ်။

လမ်းခရီးအတွက် မြင်း၂ ကောင်နဲ့ ရိက္ခာအပြည့်အစုံ၊ လမ်းတလျှောက်အတွက် ထမ်းစင်ပါ ပြင်ဆင်ပေးလိုက်ပါတယ်။ သူက ပထမ မြင်းမစီးဘဲ လမ်းလျှောက်တယ်။ ခရီးကလည်းဝေး၊ တောင်ဆင်းတောင်တက်နဲ့ ခရီးကလည်း ကြမ်းတော့ ရက်တချို့ရှိတဲ့အခါ လမ်းမလျှောက်နိုင်တော့ပါ။ မြင်းစီးရန်ပြောပေမယ့် မြင်းမစီးပါ။ သူ့ကို ဒီလိုပို့တာ မကျေနပ်လို့ ခရီးဆက်မသွားရေးနဲ့ နောက်ကြောင်း ပြန်ရေးကို လမ်းမှာ အစာမစားဘဲ ဆန္ဒပြပါတယ်။ လုံခြုံရေးဌာနကလည်း ညွှန်ကြားချက်အရ ဝနယ်မြောက်ပိုင်း ရောက်အောင် မဖြစ် ဖြစ်အောင် ပို့ရမှာပါ။ ဆန္ဒမပြရန် ဖြောင်းဖြပေမယ့် မရပါ။ အိပ်လှဲဆန္ဒပြတယ်။ ခေတ္တခရီးတထောက်နားတော့ ရှေ့ဆက်မသွားလို ကြောင်း ဆန္ဒပြတယ်။ နောက်ဆုံးတော့ ထမ်းစင်စီစဉ်ပြီး တပတ်အတွင်း ဝမြောက်ခရိုင်ရုံးအရောက် ချီတက်ခဲ့ကြတယ်။

ရဲဘော်စိုးသိမ်းက သူကိုယ်တိုင်လည်း စိတ်ရှည်သည်းခံပြီး ပါတီဗဟိုရဲ့ညွှန်ကြားချက်ကို အကောင်အထည်ဖော်ခဲ့သလို ကျန် ရဲဘော်များကိုလည်း ဒီရဲဘော်ကြီးဟာ ပညာတတ် ဝါရင့်ရဲဘော်ကြီးတယောက်ဖြစ်တယ်လို့ သေချာရှင်းပြ မိတ်ဆက်ပေးပြီး ဝမြောက် ခရိုင်ပို့ပေးရေးကို တာဝန်အပ်နှင်းခဲ့တယ်။ နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းရဲ့ အခိုင်အမာစီစဉ်ပေးမှုနဲ့ လုံခြုံရေးတာဝန်ခံ ရဲဘော်ဖိုးချို တာ ဝန်ခံကာ မင်းလတ်ရဲခေါင် (ခေါ်) ကိုစိမ်းမောင်ကို မြစ်အနောက်ဘက်ကနေ ဝမြောက်ခရိုင် ပို့ပေးခဲ့တာကို ပြန်လည် သတိရနေမိ တယ်။

ဒီဖြစ်စဉ်နဲ့အတူ နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းဟာ မြစ်အနောက်ဘက်မှာ တာဝန်ယူနေရာကနေ ဗဟိုစခန်းပြောင်းရွှေ့ရေး အ တွက် စီစဉ်ဆောင်ရွက်ဖို့၊ ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး အနှစ် ၃၀ မြောက် အခမ်းအနား နဲ့ နယ်စပ်အခြေခံဒေသ ၁၀ နှစ်မြောက် အခမ်းအနားကြီး ဝှဲချီးကျင်းပရေးအတွက် ဝတောင်ခရိုင် ပန်ဆန်းကို ၁၉၇၈ ခုနှစ်ထဲမှာ ပြောင်းရွှေ့သွားရတယ်။ ကျွန်တော်လည်း ပန်ဆန်းကို ပြောင်းရွှေ့ခဲ့ရတယ်။ လုပ်ငန်းတာဝန်အရလည်း အပြောင်းအလဲဖြစ်သွားပြီး နိုင် ငံရေးမှူးနဲ့ ယာယီကွဲသွားပါတယ်။

ပန်ဆန်းမှာ ၁၉၇၅ ဗဟိုကော်မတီရဲ့ ၇၉ ဗဟိုကော်မတီစုံညီ အစည်းအဝေး ကျင်းပပြီး ၇၉ လမ်းစဉ်ထွက်လာတဲ့အခါ ဗဟိုကော်မတီအတွင်း တာဝန် အပြောင်းအလဲတွေ ပေါ်ပေါက်လာပါတယ်။ နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းဟာ အရှေ့မြောက်စစ်ဒေသ ဒု နိုင်ငံရေးမှူး (မြစ်အနောက်ဘက် တာဝန်ခံကနေ) တပ်မ ၄၈ ရဲ့ နိုင်ငံရေးမှူးအဖြစ် အပြောင်းအလဲ ဖြစ်သွားပါတယ်။ ကျွန်တော်လည်း လုပ်ငန်းလိုအပ်ချက်အရ ရှမ်းပြည်အလယ်ပိုင်း ၁၀၈ စစ်ဒေသသို့ ၁၀၈ စစ်ဒေသ နိုင်ငံရေးမှူး ရဲဘော်ခင်ညိုနဲ့အတူ ဆင်းသွားခဲ့ရလို့ ပန်ဆန်းနဲ့ ယာယီခွဲရပြန်ပါတယ်။ နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းဟာ တပ်မ ၄၈ ရဲ့ အင်အားတချို့နဲ့အတူ မြစ်အနောက်ဘက် ပြန်ရွှေ့ သွားရပြန်ပါတယ်။ ဒီလိုနဲ့ စပယ်တောမှာ နှစ်တချို့နေထိုင်ရင်း ၁၀၈ စစ်ဒေသကို ဆင်းလိုက်တက်လိုက် လုပ်ကိုင်ခဲ့ရပြန်ပါတယ်။ ၁၉၈၅ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် ပြည်လုံးကျွတ်ကွန်ဂရက် ကျင်းပပါတယ်။ ကွန်ဂရက်ပြင်ဆင်ရေးလုပ်ငန်း ဖြစ်တဲ့ တည်ဆောက်ရေးဆပ်ကော်မတီမှာ ပါဝင်လုပ်ကိုင်ခွင့်ရပါတယ်။ အဲဒီ ၈၅ တတိယကွန်ဂရက်မှာ နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းဟာ ဗဟိုကော်မတီအဖြစ် ပြန်လည်ရွေးကောက်ခံရပြန်ပါတယ်။ ဒီအခါ ရဲဘော်စိုးသိမ်းဟာ အရှေ့မြောက်စစ်ဒေသရဲ့ ပါတီကော်မတီ အ တွင်းရေးမှူးနဲ့ နိုင်ငံရေးမှူး ဖြစ်လာပါတယ်။ ကျွန်တော်လည်း မိမိသက်ဆိုင်ရာ အထက်အဖွဲ့အစည်းကို တင်ပြတောင်းဆိုမှုအရ လုပ်ငန်းတာဝန် အပြောင်းအလဲဖြစ်ပြီး အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ရောက်ရှိလာပါတယ်။ သိပ်မကြာလိုက်ပါ။ နိုင်ငံရေးမှူးက ကျွန်တော့်ကို ဝမြောက်ခရိုင်ကော်မတီဝင်တယောက်အဖြစ် ဝမြောက်ခရိုင်ကို လွှဲပြောင်းပေးပြီး တာဝန်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ နိုင်ငံရေး မှူးရဲ့ အရှေ့မြောက်စစ်ဒေသထဲမှ ဝမြောက်ခရိုင် နိုင်ငံရေးဌာနတာဝန်ခံတယောက်အဖြစ် ဝမြောက်ခရိုင်ရုံးစိုက်ရာ ရှင်တိဖန်းမှာ အချိန် တချို့ နေထိုင်လုပ်ကိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ ဒေသဆိုင်ရာ လုပ်ငန်းတွေလုပ်ကိုင်နေရင်း ဝမြောက်ခရိုင် ပြန်လည်ဖွဲ့စည်းရေးအတွက် စစ်ဒေသကော်မတီရဲ့ တိုက် ရိုက်ကြီးကြပ်မှုဖြင့် ခရိုင်ကွန်ဂရက် ကျင်းပပါတယ်။ စစ်ဒေသအလုပ်အဖွဲ့အဖြစ် ရဲဘော်စိုးသိမ်း တာဝန်ခံကာ ရဲဘော်အောင်လွင်၊ မနီ ထွေး ပါဝင်ဖွဲ့စည်းပြီး ခရိုင်ကွန်ဂရက်ကို ဦးစီးကျင်းပပေးပါတယ်။ ကွန်ဂရက်မှာ ခရိုင်ကော်မတီအဖြစ် ကျွန်တော် ပြန်လည်အရွေးခံ ရပြီး ခရိုင်နိုင်ငံရေးဌာန လုပ်ငန်းတာဝန်များကို ဆက်လက် လုပ်ကိုင်နေပါတယ်။

ဒီအတော်အတွင်းမှာပဲ ဗမာပြည်ရဲ့အခြေအနေဟာ ဆိုးဝါး ဆုတ်ယုတ်သထက် ဆုတ်ယုတ်လာလို့ လူထုကြီးဟာ စစ်အာ ဏာရှင် စိုးမိုးအုပ်ချုပ် ဖိနှိပ်မှုကို ဆန့်ကျင်တွန်းလှန်တဲ့ “၈ လေးလုံးလူထု အုံကြွမှုကြီး”ဟာ တပြည်လုံး နေရာအနှံ့ တောရောမြို့ပါ မကျန် အရှိန်အဟုန်ပြင်းပြင်းနဲ့ ပေါ်ပေါက်ခဲ့တယ်။ ၈၈ စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြန်ပါတယ်။ ဒါကြောင့် လက် နက်ကိုင်တော်လှန်လိုတဲ့ လူငယ်အင်အားတချို့ ပါတီအခြေခံဒေသ ပန်ဆန်းနဲ့ မြောက်ပိုင်းဗျူရိုဌာနချုပ်တို့မှာ ရောက်ရှိလက်ခံခဲ့ကြ ရပေမယ့် လူထုအုံကြွမှုဒီရေကို စီးပြီး၊ တော်လှန်ရေးကို တွန်းမတင်နိုင်ခဲ့ပါဘူး။ ဆန့်ကျင်ဘက်အားဖြင့် အခြေခံဒေသအတွင်းရှိ ကိုး ကန့်အမျိုးသားများ စတင် ပုန်ကန်တယ်။ ဒီအခါ ဗဟိုကော်မတီအစည်းအဝေး စိတ်ဓာတ်နဲ့ ဗဟိုရဲ့ အခိုင်အမာလုပ်ငန်းများ ချပြရေးနဲ့ ပြင်ဆင်ရေးကို စစ်ဒေသနိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းအပေါ် တာဝန်ကျလာပါတော့တယ်။ ဒါကြောင့် နိုင်ငံရေးမှူးဟာ ဝမြောက်ခရိုင်နဲ့ စစ်ဒေသဌာနချုပ် ပန်ဆန်း ကူးချီသန်းချီ လွန်းထိုးဆောင်ရွက်နေပါတယ်။ ဝအမျိုးသား အရန်ဗဟိုကော်မတီများဖြစ်တဲ့ ကျောက်ညီ လိုင်နဲ့ ပေါက်ယိုချမ်းတို့ရဲ့ “၀ အမျိုးသားများအနေနဲ့ ပါတီအပေါ် မကျေနပ်စရာ ဘာမှမရှိပါဘူး၊ ပါတီနဲ့အတူ ရပ်တည်သွားမယ်” ဆိုတဲ့ ပါတီဗဟိုအပေါ် တင်ပြချက်ကို လုံးဝယုံကြည်ထားမှုအောက်မှာ ၀ အမျိုးသားများ ပုန်ကန်မှုပေါ်ပေါက်ပြီး ဝမြောက်ခရိုင်သို့ လုပ်ငန်း တာဝန်အရ အလာခရီးလမ်းမှာ ဖမ်းဆီးချုပ်နှောင်ခံရပါတယ်။ ကျွန်တော်လည်း ခရိုင်ရုံးစိုက်ရာ ရှင်တိဖန်းမှာ အဖမ်းခံလိုက်ရပါတယ်။ ပန်ဆန်းဗဟို ဌာနချုပ်လည်း ဝအမျိုးသားများက ပုန်ကန် သိမ်းပိုက်လိုက်လို့ စစ်ဒေသအဖွဲ့အစည်းတွေ၊ ဗဟိုအဖွဲ့အစည်းတွေလည်း ပျက်သုဉ်းသွားကာ ပါတီဗဟိုနဲ့ ဗဟိုကိုထောက်ခံသူ အင်အားစုတချို့ဗဟိုနဲ့အတူ တဖက်နိုင်ငံသို့ ရောက်ရှိသွားတော့တယ်။ အခြေအ နေတွေနဲ့လည်း ကျွန်တော် လုံး၀ အဆက်ပြတ်သွားရပါတော့တယ်။

နောင်မှာ ဇနီးရဲ့ဇာတိ၊ ဂျင်းဖောရွားလေးကို မောင်းထုတ်တာ ခံလိုက်ရပြီး အချိန်တချို့ ဇနီးရွာမှာ တောင်ယာခုတ် လုပ်ကိုင် စားရင်း နေထိုင်ခဲ့ရပါတယ်။ တဖက်ကလည်း ရေဒီယိုနားထောင်၊ ပါတီသတင်းတွေကို လေ့လာနေခဲ့ရာ ဗဟိုဟာ ၁၀၁ ဒေသမှာ အခြေစိုက်နေတယ်ဆိုတဲ့ သတင်းရရှိလိုက်ပါတယ်။ ဇနီးသည်နဲ့အတူ လအနည်းငယ်သာရှိသေးတဲ့ သမီးငယ်ကို ရင်ခွင်ပိုက်ပြီး ဗဟိုရှိ ရာကို လိုက်လာခဲ့ပါတယ်။
ဒီလိုနဲ့ ထိန်ချုံးအရောက်မှာ မမျှော်လင့်ဘဲ လမ်းကြားတခုမှာ ရဲဘော်စိုးချစ်၊ ရဲဘော်နိုင်ဦး၊ ရဲဘော်ချို၊ ရဲဘော်အောင်လွင်တို့ ၄ ယောက်နဲ့ ရုတ်တရက် ဆုံမိလိုက်ပြီး တယောက်နဲ့တယောက် ဝမ်းသာအားရ ဖက်ရမ်းနှုတ်ဆက်နိုင်ကြပြီး ပါတီဗဟိုနဲ့ ပြန်အဆက် အသွယ်ရပါတယ်။ တဆက်တည်း နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းနဲ့လည်း အဆက်အသွယ်ရရှိလာပါတယ်။ သူက ပါတီတွင်းအခြေအနေ မိတ်ဆက်ပြ၊ ပညာပေးပါတယ်၊ ပါတီဘက် ဆက်လက်ရပ်တည်သွားဖို့ အားပေးပါတယ်။ ဒီနောက် ကျွန်တော် ပါတီရဲ့ နေရာချထား မှုအရ ပန်ဝါမှာ အချိန်တချို့ နေထိုင်ခဲ့ရပြန်ပါတယ်။

အချိန်တချို့ ပန်ဝါမှာ နေထိုင်ရင်း ဆက်လက်နေထိုင်ရန် မသင့်တော့ဘူးလို့ ထင်တာနဲ့ တရုတ်ပြည်ထဲကို ဇနီးသည်၊ သမီး ၂ ယောက်တို့နဲ့အတူ ပြန်လည်ဝင်ရောက်လာခဲ့ရာမှ နောက်ဆုံးမှာ နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်း စီစဉ်နေရာချထားပေးတဲ့ ကချင်ရွာလေး တရွာမှာ ရဲဘော်မိသားစုများနဲ့အတူ နေထိုင်ခဲ့ပါတယ်။ ဒီကာလမှာတော့ နိုင်ငံရေးမှူးနဲ့အတူ ပြန်လည်နေထိုင်ရပြန်ပါတယ်။ သိပ် မကြာလိုက်ပါ။ နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းနဲ့ ဗဟိုခေါင်းဆောင်များဟာ လုပ်ငန်းတာဝန်မှ အနားယူရန် မိမိမိသားစုရှိရာ စစ်ချွမ်းပြည် နယ် ချင်တူးသို့ ပြန်သွားကြပါတယ်။

ကျွန်တော်တို့ကတော့ နယ်စပ်မှာပဲ မိသားစုအတွက်လုံးပန်းရင်း ပါတီဗဟိုရဲ့ အမိန့်သံစောင့်ကာ မိမိယုံကြည်ချက်ပန်းတိုင် အတွက် မျှော်လင့်ချက်အပြည့်နဲ့ လုံးပန်းတိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ နိုင်ငံရေးမှူးကတော့ ကျွန်တော်တို့နဲ့ ဝေးရာမှာ ရောက်ရှိသွား ပေမယ့် ဘာမထီစိတ်ဓာတ်နဲ့ အဝေးကနေ ကျွန်တော်တို့အတွက် သဘောတရားရေးလိုအပ်ချက်တွေ၊ အားသစ်တွေကို သူရဲ့ နောက် ဆုံး ထွက်သက်အထိ ဖြည့်ဆည်းပေးသွားခဲ့ပါပြီ။

နိုင်ငံရေးမှူးရဲဘော်စိုးသိမ်း အပါအဝင် ပထမမျိုးဆက် တော်လှန်ရေးခေါင်းဆောင်များရဲ့ ရာသက်ပန်တော်လှန်ရေးစိတ်ဓာတ် ဥဒါန်းတွင်ပါစေသတည်း။

နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းကို အလေးနီ ပြုလိုက်ပါတယ်။

၂၇ စက်တင်ဘာလ ၂၆။

ဒီအခြေအနေတွေနဲ့ သမိုင်းသစ် ဖြစ်လာမလား

ဒီအခြေအနေတွေနဲ့ သမိုင်းသစ် ဖြစ်လာမလား
(ဖောင်ပိတ်)

ဒီကာလအတွင်း လှုပ်လှုပ်ခတ်ခတ်နဲ့ ပွဲဆူတဲ့ကိစ္စတွေ များလှတယ်။ ရခိုင်အရေး၊ အောင်စိုးမိုးကျော်ကိစ္စ။ ဆိုင်ရှင်ရုပ်သိမ်းခြင်း နောက်ဆက်၊ UWSA နဲ့ မိုင်းလားကြားမှာ ပေါ်ပေါက်လာတဲ့ ပြဿနာ၊ NCA လက်မှတ်ထိုးမထိုးနဲ့ NLD အတွင်း စည်းရုံးရေး အခြေအနေ စသဖြင့်နိုင်ငံရေးပုံရိပ်ကို အကျည်းတန်စေတဲ့ အဖြစ်အပျက်တွေပေါ်ခဲ့တယ်။

(၁)
ရခိုင်ပြည်နယ်တွင်းက ဘင်္ဂါလီ၊ ရိုဟင်ဂျာ၊ အကြမ်းဖက်မှု

ရခိုင်ပြည်နယ်အတွင်းမှာ AA ရခိုင်တပ်မတော်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ကြလို့ အရှိန်ရစ ပြုနေချိန် ဒီသတင်းကို ဖုံးလွှမ်းသွားတဲ့ အဖြစ်အပျက် တခု ပေါ်လာခဲ့တယ်။ အဲဒါကတော့ မောင်းတောဘက်က ရဲကင်းစခန်း ဝင်စီးခံရတဲ့ ကိစ္စ ဖြစ်တယ်။ ရဲ ၉ ဦးသေဆုံးသွားပြီး သေနတ် ( နောက်ဆုံးစာရင်းအရ ၆၄ ) လက်နဲ့ ခဲယမ်းမီးကျောက် အချို့ ယူဆောင်သွားခဲ့တယ်။ ခုတော့ ဒီပြဿနာက နိုင်ငံတကာ ပြဿနာ ဖြစ်သွားပါပြီ။ ဒီဆောင်းပါးမှာ စစ်တပ်၊ အစိုးရ၊ ကုလသမဂ္ဂနဲ့ ပါဝင်ပတ်သက်မှုရှိတဲ့ နိုင်ငံတွေရဲ့ ထုတ်ပြန်ချက်တွေကို ခွဲခြမ်းစိတ်ဖြာပြနေမှာ မဟုတ်ဘူး။ အကြမ်းဖက်မှု မြစ်ဖျားခံရာ သမိုင်းကို ခြေရာကောက်ပြချင်တာပါ။ မမေ့သင့်တာ ပြောပါမယ်။
၁။ အကြမ်းဖက် ထိပ်ခေါင် အိုစမာဘင်လာဒင်တို့ တာလီဘန်တို့ ဆိုတာ အမေရိကန် CIA ကမွေးဖွားပေးလိုက်တဲ့ သူတွေ ဖြစ်တယ်။ အလားတူ အဖွဲ့တွေ အများကြီး ရှိပါသေးတယ်။ ဘက်ကန်သွားသူတွေလည်း တပုံတခေါင်းကြီး ….
၂။ ပူပူနွေးနွေး တူရကီ အာဏာသိမ်းပွဲရဲ့ လက်သည်ဟာ CIA ကမွေးထားပြီး အမေရိကန်မှာ အခြေစိုက်နေထိုင်တဲ့ မူဆလင်ဘာသာရေး ခေါင်း ဆောင် ဂူလင်ဖြစ်တယ်။
၃။ ခု အစိုးရ၊ စစ်တပ်ဘက်က လက်ညှိုးထိုးပြနေတဲ့ RSO, ARIF အဖွဲ့ဆိုတာတွေကကော ဘယ်သူမွေးထားတာလဲ၊ သူတို့တတွေ အင်အား သေးသွားပြီး နယ်စပ်မှာ လျှိုနေရချိန် – တရုတ်အစိုးရနဲ့ ဗမာစစ်အစိုးရ အပေးအယူမျှကာ ကျောက်ဖြူ-ကူမင်း ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဖြစ်တည်လာတော့မှ အမေရိကန်ဘက်က ခြေလှမ်းပြင်လာတာပါ၊ ဒါကြောင့် ရခိုင်ပြည်နယ် မတည်ငြိမ်ရေးအတွက် ကုလတို့ NGO တို့စတဲ့ ဆိုင်းဘုတ်တွေ ချိတ်ပြီး လှုပ်ရှားလာရာက ပေါ်လာတဲ့ အရေးအခင်းအဖြစ် သုံးသပ်လို့ရပါတယ်။ မူလ သူ့ မြားဦးက တရုတ်နဲ့ စစ်အစိုး ရကို ချိန်ထား တာဖြစ်တယ်။
ဒါပေမဲ့ အစိုးရ အပြောင်းအလဲဖြစ်လာတော့ အချိုးတမျိုး ပြင်ရပါတယ်။ မောင်းတော အရေးအခင်းပေါ်လာတော့ စစ်တပ်က အမျိုး၊ ဘာသာ။ နိုင်ငံ ကာကွယ်သူကြီး ဂိုက်ဖမ်းပြီး စစ်တပ်တွေ လွှတ်ပါတယ်။ ထုံးစံအတိုင်း စစ်တပ်ဝင်ပြီဆိုတာနဲ့ နေဝင်မီးငြှိမ်းလုပ်မယ်၊ ရွာတွေ မီးရှို့ခံရမယ်၊ လူဖမ်းတဲ့ သတ်တဲ့အမှုတွေ ပေါ်မယ်။ တခြားမဟုတ်တရုတ် မှုခင်းတွေလည်း ပေါ်တော့တာပါပဲ။
ဒီနေရာမှာ အမေရိကန်အဖို့ အခက်အခဲတရပ်ဖြစ်သွားတာ တွေ့ရတယ်။ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ အော်ဟစ် ထားတာကိုလည်း ရပ်လို့မရ၊ OIC မျက်နှာလည်းကြည့်ရ၊ ဗမာအစိုးရနဲ့ စစ်တပ်ကိုလည်း လက်လွှတ်မခံနိုင် ဖြစ်နေတယ်။ သံအမတ်ကြီး စကော့မာစီရယ်ဟာ ‘စစ်ပွဲတွေ ရပ်စဲရေး’ ပါးစပ်ကအော်ပြီး ပြည်တွင်းနေရာအနှံ့ အလှုပ်ရှားဆုံး သံအမတ်ဖြစ်နေတယ်။
၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးကတည်းကစလို့ အာဏာရလာတဲ့အစိုးရအဆက်ဆက်ဟာ ဒီနယ်စပ်ကိုကိုယ်ကျိုးအတွက်၊ ကိုယ့် ထောက်ခံသူ မွေးရေး အမျိုးမျိုးလုပ်ကိုင်ခဲ့ကြတာ ကနေ့အထိပါပဲ။

(၂)
အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှု

တနေ့မဟုတ်တနေ့၊ တနေရာမဟုတ် တနေရာ ဖြစ်ကိုဖြစ်ရမယ့်ကိစ္စပါ။ အင်မတန်ကို ဆုံးရှုံးမှုကြီးတဲ့ ဖြစ်ရပ်ကြီးတခုပဲ။ ခုဖြစ်သွားပြီ၊ ဖြစ်ပြီးခဲ့ တာတွေလည်း များလှပြီ၊ ပြုပြင်ပြောင်းလဲချိန် မရောက်သေးလို့ မပြုပြင်ရင် နောင်လည်း ကြုံကြရလိမ့်ဦးမယ်။
ခုဖြစ်ရပ်မှာ နှစ် ၆၀ စစ်အုပ်စု စိုးမိုးအုပ်ချုပ်ခဲ့တဲ့ ကာလအတွင်း စားရသမျှစား၊ ဝါးရသမျှ ဝါးခဲ့ကြလို့ အခွံချည်းကျန်တဲ့ ဝန်ကြီးဌာန၊ အကြွေးများသာ ထားခဲ့တဲ့ ဝန်ကြီးဌာနစသဖြင့် ရှိခဲ့ကြရာမှာ သယ်ယူပို့ဆောင်ရေး(-နဲ့ ဆက်သွယ်ရေး) ဝန်ကြီးဌာနလည်း အပါအဝင်ဖြစ်တယ်။
စုတ်ပြတ်သတ်နေတဲ့ ရေယာဉ်အနည်းအကျဉ်းသာ ရှိတော့တဲ့ ဒီဌာနဟာ တိုးပွားလာနေတဲ့ ခရီးသည်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းမပေး နိုင်တာ ကြာပါပြီ။
ဒီတော့ ပြည်သူတွေက ပုဂ္ဂလိကပိုင် အမြန်ယာဉ်တွေကိုပဲ အားကိုးရပါတော့တယ်။ ခုလည်း သီတင်းကျွတ်ကျောင်းပိတ်ရက်ကလေး အမီ ပြန်ရမှာမို့ အလုအယက် ပြုံတိုးစီးရာက ဖြစ်ပွားသွားတဲ့ ဖြစ်ရပ်တခုပါပဲ။ နိုင်ငံ့အညွန့်အဖူး ကျောင်းသူကျောင်းသားတွေ၊ အနန္တော အနန္တ ဂိုဏ်းဝင် ဆရာဆရာမတွေနဲ့ အပြစ်မဲ့ပြည်သူတွေ (စာရင်းတွေ့ ၇၀ ကျော်) သေဆုံးကြရပါတယ်။ ကျန်ရစ်သူ မိသားစုတွေနဲ့ ဆွေမျိုးသားချင်းတွေ ရင်ကွဲကြရပါပြီ။ ခု ဗမာပြည်မြောက်ပိုင်းမှာ (အချင်းချင်းတိုက်နေတဲ့) တိုက်ပွဲကြီးတခုရဲ့ အသေအပျောက်နဲ့ ချိန်ထိုးကြည့်သင့်တယ်။ ပြော ချင်တာက တပြည်လုံးမှာ (မသေသင့်ဘဲ) သေနေကြရတယ်ဆိုတာပဲ။ ၂ နေရာစလုံး မသေထိုက်ဘူး။

ခုဒီကိစ္စ ပြောဆိုနေကြတာတွေမှာ ယာဉ်ပိုင်ရှင် ယာဉ်မောင်းနဲ့ ရေယာဉ်သမားများကိုပဲ တရားခံအဖြစ် ‘ဇောင်း’ပေး ဖော်ပြနေကြ တာက များတယ်။ သူတို့လည်း တာဝန်ရှိတာ အမှန်ပါ။ တချို့က သမ္မတကြီး မေးမြန်းဖော်မရလို့ အပြစ်ဆိုကြတယ်။သမ္မတကြီး မေးတော့ မေးတယ်။ နောက်ကျတာ ရှိတယ်။ ဒါပေမဲ့ ဗိုလ်သန်းရွှေ နာဂစ်တုန်းက လျှိုနေခဲ့တာနဲ့တော့ မတူဘူးထင်ပါတယ်။
တော်လှန်ရေးကောင်စီခေတ်က ‘ဝန်ကြီး’တာဝန်ပေးထားတဲ့သူတွေကို ‘တာဝန်ခံ’လို့ သုံးတယ်။ အခုလည်း တာဝန်ရှိတဲ့သူတွေ တာဝန်ခံသင့်ပါတယ်။ ရခိုင်ကိစ္စမှာ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေ တာဝန်ယူရမယ်။ အောင်စိုးမိုးကျော်ကိစ္စမှာ ပို့ဆောင်/ ဆက်သွယ် ရေးဝန်ကြီး တာဝန်ယူရမှာပါ။
နိုင်ငံတကာ စံနှုန်းနဲ့ဆိုရင် ကိုယ့်သိက္ခာကိုယ် တန်ဖိုးထားပြီး အလျှိုလျှို နုတ်ထွက်ကုန်ကြပြီပေါ့။ ဒါပေမဲ့ တာဝန်ယူထဲ့ အစဉ် အလာဟာ ဗိုလ် နေဝင်းကတည်းက မရှိတာပါ။ တာဝန်ယူကြေးဆိုရင် ၆၂ ဇူလိုင် အရေးအခင်းကစပြီး နောက်အရေးအခင်းတွေအထိ စက်တိုင်တက်ရမယ့်သူတွေ လျက်ချိုးရေလို့ မကုန်နိုင်ဘူး။ သူများကို လွှဲချတဲ့ အစဉ်အလာသာ ထွန်းကားခဲ့တာကလား။

(၃)
ဆိုင်ရှင်ရုပ်သိမ်းခြင်းနဲ့ ခရိုနီပြဿနာ

ဒီနေ့ ခရိုနီတွေရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန် ဒေါ်လာ ၆၇ ဘီယီယံကျော် ရှိတဲ့ ဗမာပြည်ရဲ့ GDP ကို ကျော်နိုင်တယ်လို့ တွက်သူက တွက်တယ်။ ဦးသိန်းစိန်လက်ထက် ဗမာပြည်မှာ ဒေါ်လာ ၁ ဘီလီယံအထက် ချမ်းသာသူ လုပ်ငန်းရှင်၂၀ မပြည့်ဘူး။ အခုအချိန်တော့ ၂၀ နဲ့ ၅၀ ကြားအထိ တိုးများလာတယ်။ ဒီလိုဖြစ်သူတွေဟာ လွှတ်တော်အတွင်း လုပ်ပိုင်ခွင့်ရှိသူတဦးနှင့် NLD ထိပ်ပိုင်း ခေါင်းဆောင်တချို့နဲ့ နီးစပ်သူတွေ ဖြစ်နေကြတာ တွေ့ရကြောင်း ဖော်ထုတ်သူက ဖော်ထုတ်တယ်။
ဒေါ်အောင်ဆန်းစုကြည်က ခရိုနီတွေရဲ့ ချမ်းသာကြွယ်ဝမှုတွေကို တိုင်းပြည်အတွက် အသုံးချချင်နေတယ်။ ကောင်းသော ခရိုနီနဲ့ မကောင်းသော ခရိုနီလို့ သရုပ်ခွဲခဲ့တယ်။ အခုပြောတာက “မိမိတို့အတွက် လုပ်ခဲ့ပြီးပြီ။ တိုင်းပြည်အတွက် မိမိတို့နဲ့ ပူးပေါင်းပြီး လုပ်ဆောင်ကြပါ” လို့ ဖိတ်ခေါ်ခဲ့တယ်။ တိုင်းပြည်စီးပွားရေးအခြေအနေ မကောင်းတာက ‘ရက် ၁၀၀ အတွင်း စီးပွားရေး ကောင်းလာ စေရမယ်’လို့ အာမခံတဲ့ ဝန်ကြီးတပါးရဲ့ စကားကို ဖုံးလွှမ်းသွားခဲ့ပါပြီ။ ခု ၆ လ ကျော်လာခဲ့တော့ သမ္မတရော ဒေါ်အောင်ဆန်းစုကြည်ကပါ ဝန်ခံတောင်းပန်ခဲ့ရတယ်။
တိုင်းပြည်မှာ စီးပွားရေးကွာဟမှုက ကြီးသထက် ကြီးလာနေတယ်။ ဝင်ငွေ တရက် ၂၀၀၀ ကျပ်မကျော်တဲ့ သူက ၁၅ သန်းကျော် ရှိလာပါပြီ။ ဒီလို ကွာဟမှု ဖြစ်သွားတာမှာ သူတို့လက်ချက် မကင်းလို့ သူတို့ကို မဏ္ဍိုင်ထား တည်ဆောက်မှာကိုတော့ ပြည်သူတွေက ဘဝင်ကျ လှမယ် မထင်ဘူး။ ကောင်းသောခရိုနီလို့ အရုပ်ရေးကြည့်ရင် ပါးဖောင်း ဗိုက်ပူကြီးတွေပဲ တွေ့ရလိမ့်မယ်။
ဇေကမ္ဘာကြီးက ကြိုပြောထားတာ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို (တိုင်းပြည်အတွက်) အသုံးချရမယ်….တဲ့။
ခုတော့ အသုံးကျလာပြီပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးမှာ ဒေါ်လာ ၈ ဘီလီယံခန့် (၇ ဒဿမ ၇၃ ဘီလီယံ) အကူအညီ ရလာခဲ့တယ်။ ဂျပန်-မြန်မာ စီးပွားရေး ဖိုရမ်တက်ကြဖို့ စီးပွားရေးလုပ်ငန်းရှင်ကြီး ၃၀ ကျော် အဆင်သင့်ဖြစ်ကြပါပြီ။ တိုင်းပြည်ကိုကောင်းအောင် ဘယ်လို လုပ်ကြမလဲ။ စောင့်ကြည့်ပါမယ်။ ဂျပန်ကတော့ အမယ်များလှတဲ့ စီးပွားရေးလုပ်ငန်းတွေ နိုင်ငံအနှံ့ ထူထောင်ထား နိုင်ခဲ့ကြပြီ။
ဆိုင်ရှင်တွေ ရုပ်သိမ်းပြီးတဲ့နောက် ခရိုနီတွေ ခြေလှမ်းစိပ်လာခဲ့တယ်။ မူဆယ်လေယာဉ်ပျံကွင်း ဆောက်လုပ်ခွင့်ရရေးအတွက် ဦးနေဝင်း မြေး ၂ ယောက်ရယ်၊ (ထူး) တေဇနဲ့ ဦးစိုင်းအိုက်ပေါင်းတို့ အပြိုင်ကြဲကြတာ တွေ့လိုက်ရတယ်။ ရန်ကုန်မြို့သစ်စီမံကိန်း ပြန်လုပ်တော့မယ်။ လူကြားကောင်း ပိတ်လိုက်တဲ့ တခြားဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ဝေဝေစည်စည် ဖြစ်လာတယ်။
ဖဆပလခေတ် ဝန်ကြီးချုပ်ဦးနုက အစိုးရဌာနတချို့ ခြစားမှုတွေများလာလို့ (အဲဒီလူတွေကြား) ထင်ရူးသေတ္တာတလုံး ချပေးလိုက်ရင် တခဏနဲ့ သေတ္တာကြီး ပျောက်သွားလိမ့်မယ်လို့ ပြောခဲ့တယ်။ အခုလည်း စားချင်စရာ အကွက် (ထင်းရှုးသေတ္တာ) တွေ တကွက်ပြီးတကွက် ပေါ်လာနေပါတယ်။ခရိုနီဦးရေလည်း တိုးသထက် တိုးလာတယ်။ ခြကောင်ရေလည်း ပွားသထက်ပွားလာမှာကတော့ အသေအချာပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ် အချို့မှာတော့ ဝန်ကြီးချုပ်တွေ နုတ်ထွက်ပေး ဖို့ ဆန္ဒပြ တောင်းဆိုမှုတွေ ကြားလာရပြီ။

(၄)
တရုတ်၊ အမေရိကန်၊ ဂျပန်၊ အိနိ္ဒယနဲ့ မြန်မာ့ နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ နိုင်ငံတကာ ခရီးထွက်နေကြတာ သိပ်များပါတယ်။ ပြည်တွင်းမီးတွေဘက် မလှည့်နိုင်သေး၊ တခြားနိုင်ငံတွေကတော့ ပြည်တွင်းမီးပေါ်တာနဲ့ ခရီးစဉ်တွေ ဖျက်လေ့ရှိကြတယ်။ ဒါကို ကြည့်ခြင်းဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ် နှံမှု၊ ဘဏ္ဍာငွေကြေးနဲ့ ကူးသန်းရောင်းဝယ်မှုတွေအပေါ် အခြေစိုက်ထားပြီး ဒီမိုကရေစီရေးအတွက် သူတို့ရဲ့ ထောက်ခံမှု၊ ဖိအားပေးမှုတွေကို အတော် မျှော်ကိုးထားပုံရပါတယ်။
တရုတ်အနေနဲ့ ဘက်စုံက အခြေချထားပြီးပြီ၊ ဂျပန်ကလည်း ထဲထဲဝင်ဝင် လုပ်ထား/ လုပ်နေပါတယ်၊ အိနိ္ဒယက တိုးဝင် နေဆဲဖြစ်တယ်။ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာ အမေရိကန်က အချိန်ယူရပါဦးမယ်။
စုံစုံညီညီဖြစ်လာချိန် ဗမာပြည်ရဲ့ လူမှုဘဝကို မှန်းမျှော်ကြည့်မိတယ်။ (၁) ခရိုနီတွေ ပိုချမ်းသာလာမယ် (၂) ပြည်သူတွေအနေနဲ့ ဆလံပေးရမယ့်သူများလာမယ်၊ ပြည်တွင်းပြည်ပ သူ့တပည့် ကိုယ်တပည့် ခံယူကြပြီး အမျိုးသားစည်းလုံးညီညွတ်မှု ပြိုကွဲနိုင်တယ် (၃) တိုင်းပြည်အတွင်း တည်ရှိခဲ့/ တည်ရှိတိုးပွားလာနေဆဲ လူဆိုးလူမိုက် (မာဖီးယား) ဂိုဏ်းတွေ အင်အားကောင်းလာမယ်၊ လက်ရဲဇက်ရဲ ပိုလုပ်လာလိမ့်မယ်။ (ခုတောင် ရာဇဝတ်မှုခင်းတွေများလွန်းလို့ တထိတ်ထိတ် တလန့်လန့် ဖြစ်နေကြရပြီ မဟုတ်လား)။

(က) ပြည်နယ်/ နယ်စပ် ပါတီနိုင်ငံရေး – လက်နက်ခဲယမ်းဆိုတာ အလကား ထားလို့ မရ(နိုင်ငံရေးအကျိုး စီးပွားအတွက်) အသုံးချနေ ရမယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ပေါ်လစီကြောင့် တိုက်ပွဲတွေ အဆက်မပြတ်ပေါ်နေတယ်။ တိုင်းရင်းသားပါတီတွေရဲ့ အဓိက လုပ်ငန်းက ကိုယ့်အမျိုး သားတွေကို ကယ်ဆယ်ရေး၊ ပြုစုစောင့်ရှောက်ရေးနဲ့ စစ်ပွဲတွေ မဖြစ်ရေး မေတ္တာရပ်ခံတဲ့ ကိစ္စတွေပဲ တဝဲလည်လည် ဖြစ်နေတယ်။ စစ်ဖြစ် နေလေတော့ လူထု တိုးတက်ရာ တိုးတက်ကြောင်း စီမံကိန်းချပြီး မလုပ်နိုင်ကြပါဘူး။

(ခ) ပြည်မပါတီ နိုင်ငံရေး – ပါတီကြီးတွေက ၂၀၁၇ ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြတာ ရှိတယ်။ ဒီအထဲက စိတ်ဝင် စားစရာပါတီကြီးအချို့ရဲ့ အခြေအနေကို တင်ပြချင်ပါတယ်။

ဒီချုပ်။ ။ အာဏာ (တစိတ်တပိုင်း) ရတာ ၆လ ကျော် ၇လ နီးပါး ရှိပြီ။ ရွေးကောက်ပွဲနိုင်တာ တနှစ် ရှိတော့မယ်။ ကတိစကားတွေနဲ့ ထုတ်ပြန် ချက်တွေပဲ ရလိုက်တယ်။ ဆင်းရဲမွဲတေမှုတွေပဲ ရလိုက်တယ်၊ ဒီချုပ်တက်လာပြီးနောက်မှာ ဒီမိုကရေစီကို မျှော်လင့်ထားတဲ့ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားနဲ့ ဒီချုပ်က ကိုမျိုးရန်နောင်သိန်းပင် ဖမ်းဆီးခံရတာ၊ ထောင်ကျခံရတာ စတဲ့ ဒီမိုကရေစီ ပိတ်ပင်ခံရမှုတွေပဲ ရလိုက်တယ်။ အနာဂတ် မျှော်မှန်းချက်တွေ ဘယ်ရောက်ကုန်ပြီလဲ။
ဒီချုပ်အနေနဲ့ အစိုးရပိုင်းနဲ့ ပါတီအပိုင်းရယ်လို့ ၂ ပိုင်းရှိရာမှာ အစိုးရအပိုင်းက တာဝန် မကျေတာ ဝန်ခံသွားကြပြီ။ ပါတီအပိုင်းမှာ ကြည့်တော့ ညီညွတ်မှု ပြိုကွဲနေတာ အထင်အရှားတွေ့နေရတယ်။ လူသိထင်ရှား ရှမ်းပြည်နယ်ဒီချုပ်တွေ ထုတ်လိုက်ရတာ-ဒီချုပ်အမှုဆောင် တွေထဲက တယောက် တပေါက်ကိစ္စ၊ အစိုးရနဲ့ ပါတီထဲမှာ အောက်ခြေလွတ် ဘဝင်မြင့်နေတဲ့သူတွေကြောင့် လူထုရဲ့ ဒဏ်ခတ်ခံရလိမ့်မယ်လို့ ပါတီခေါင်းဆောင်တွေက ပြောနေရတာတွေဟာ စစ်တပ်အကြိုက်၊ ကြံ့ဖွံ့အကြိုက်ဖြစ်နေတယ်။ ပိုထင်ရှားတဲ့ စာရင်းဇယားတခုက “ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ၄၅ ဦး ရှိတဲ့အနက် ၃၀ ကျော်လောက်က မသင့်မတင့် ဖြစ်နေတယ်”လို့ ထုတ်ပြန်လာ ပါတယ်။(ကိုယ့်ပါတီကိုတောင် ရင်ကြားမစေ့နိုင်ပါလား။) ဒါပေမဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ နေရာစေ့ဝင်ပြိုင်မယ်၊ နေရာတိုင်းမှ နိုင်ရမယ်လို့ ပြောထားခဲ့တယ်။

ကြံ့ဖွံ့။ ။ သူလည်း နေရာစေ့ ဝင်ပြိုင်မယ့် အဖွဲ့ဖြစ်တယ်။ လစ်လပ်မဲဆန္ဒနယ် ၃၄ နေရာအနက် အခုကျင်းပမယ့် ၁၉ နေရာစလုံး ဝင်ပြိုင်မယ့် ကိုယ်စားလှယ်အားလုံး အနိုင်ရအောင် စီမံထားတယ်လို့ ပြောပါတယ်။ ဒီပါတီအကြောင်း ခုအချိန် ပြောရာမှာ စိတ်ဝင်စားစရာ ၂ ချက် ရှိပါတယ်။ (၁) က ၂၀၁၅ ရွေးကောက်ပွဲမှာ ဖရိုဖရဲဖြစ်သွားပြီးတဲ့နောက် ဥက္ကဋ္ဌ အသစ်တယောက် တက်လာတာ ဖြစ်တယ်။ စစ်ဗိုလ်ဟောင်းပါပဲ။ (၂) နောက်တချက်က သူ့ပါတီရဲ့ ပေါ်လစီ ကြေညာချက်ဖြစ်တယ်။ ဒီအထဲမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးစတာတွေဟာ လက်တွေ့မှာ ကို့ယို့ ကားယားတွေချည်းပဲ။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ပွင့်လင်းမြင်သာမှု ဟူသည့် အသုံးအနှုန်းများသည် လက်တွေ့မကျဘဲ လူ့အခွင့်အရေး ကို အကြောင်းပြပြီး အမျိုး ဘာသာ သာသနာကို ထိခိုက်နိုင်သည်/ မိမိတို့ပါတီ၏ ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းစဉ်သည် အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေး ဖြစ်သည်/ ပြည်သူလူထု၏ စားဝတ်နေရေးနှင့် လုံခြုံရေးသည် ဒုတိယ ဦးစားပေးဖြစ်ပြီး လူ့အခွင့်အရေးထက် အရေးကြီးသည်…. လို့ သူ့အင်တာဗျူးမှာ ပြောခဲ့ တယ်။ ကွယ်လွန်သူဝန်ကြီး ဦးအောင်သောင်းရဲ့ လုပ်ငန်းစဉ်တွေမို့ အသစ်မဟုတ်ပါဘူး၊ စစ်တပ်ရဲ့ မူဝါဒတွေနဲ့ စည်းမကွဲလှပါဘူး။ ဦးအောင်သောင်း လက်ထက်က ပေါ်ပေါက်ခဲ့တဲ့ လူမျိုးရေး ဘာသာရေး ထိပ်တိုက်တွေ့မှုများ အကြမ်းဖက်သတ်ဖြတ်မှုများဆီ ဦးတည်ထားမို့ အန္တရာယ် ကြီးလှပါတယ်။

တစည။ ။ ကလည်း နေရာစေ့ပြိုင်မယ်လို့ ဆိုပါတယ်။ သူတို့လည်း တနိုင်ငံလုံး ပြိုင်ခဲ့ပြီ။ ၁ နေရာသာ ရခဲ့ပေမယ့် ဘဏ္ဍာရေး တောင့်တဲ့ပါတီမို့ ပြိုင်နိုင်ကြပါတယ်၊ အမာခံ ကေဒါကြီးတွေကလည်း အသက်အရွယ် ကြီးကုန်ကြပါပြီ။ ပြန်လည်ဖွဲ့စည်းမှုတွေ လုပ်လိုက်ကြပေမယ့် နုပျိုသစ်လွင် မလာပါဘူး။ ကြံ့ဖွံ့က နောင် ၅ နှစ် နောင် ၁၀ နှစ် ကြွေးကြော်သံတင် စိတ်ကူးယဉ်ထားကြပေမယ့် သူတို့ စိတ်ကူး မယဉ်နိုင်ကြပါဘူး။
ပြည်မထဲက ကျန်တဲ့ပါတီတွေကတော့ အိမ်ဖြည့်အဆင့်ပဲ ရှိပါတယ်။ ပါတီကြီးတွေ အဓိက ပြိုင်ရမှာက တိုင်းရင်းသား ပါတီတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် လက်ရှိဒီချုပ်အနေအထားအရ ပြီးခဲ့တဲ့ ရွေးကောက်ပွဲလောက်တော့ မနိုင်နိုင်ဘူး….လို့ တွက်ပါတယ်။ မနိုင်လည်း သူတို့အဖို့ လွှတ်တော်နဲ့ အစိုးရ အဖွဲ့အနေအထားကို ဒီအတိုင်း ဆက်ထိန်းထားနိုင်မှာပါ။

(၅)
တိုင်းရင်းသားများနဲ့ NCA ကိစ္စ

– တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ထက်ရောက်ခွင့်ရမှသာ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ကြောင်း၊ ချန်လှပ်ထားတဲ့ ၃ ဖွဲ့ကို ဖိတ်ကြားဖို့ နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင် အဖွဲ့တွေက ညီလာခံ ပူးတွဲ ကျင်းပရေးကော်မတီစည်းဝေးပွဲမှာ တိုက်တွန်းခဲ့ကြတယ်။
– ဒေါ်အောင်ဆန်းစုကြည်က UNFC ကို လက်မှတ် အရင်ထိုး၊ ကျန်တာတွေ နောက်မှ ဖြေရှင်းဆိုတဲ့သဘောထား
– ကာချုပ်ကတော့ လက်နက်အရင်စွန့်ဖို့ ပြောထားခဲ့တယ်
– ဒီ ၃ ဦးရဲ့ အမြင်အယူအဆတွေ မတူကြတာကတော့ မြင်တဲ့အတိုင်းပဲ။ သိပ်သိသာတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးဖြစ်စဉ် ၅ နှစ် ကြာဦး မယ်လို့ NCA တာဝန်ခံတဦးက ပြောခဲ့တာဖြစ်မယ်။
ဒီအခြေအနေမှာ စစ်တပ် ဘာလုပ်နေသလဲ။ တိုက်ပွဲတွေ ဆက်တိုက်ဖော်နေတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေအတွင်း သပ်လျှိုတဲ့ လုပ်ငန်းလုပ်တယ်။ ဝနဲ့ မိုင်းလားကိစ္စ၊ RCSS နဲ့ TNLA ထိပ်တိုက်တိုးမှု၊ DKBA အတွင်း ခလောက်ဆန်မှုစတာတွေမှာ သူ့လက်ရာတွေ မကင်းဘူး။ အားနည်းသွားတဲ့အပိုင်းကို ဝင်စားတယ်။ ချုပ်လိုက်ရင် တပြည်လုံး မတည်မငြိမ်ဖြစ်အောင် လုပ်နေတယ်။
ဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စကားတခွန်း ကျွံထွက်သွားတာ ရှိတယ်။ ဂျပန်ပြည်မှာ ပြောခဲ့တာ ဖြစ်တယ်။ “ပြည်တွင်းစစ် မရပ်စဲတာရဲ့ အဓိက အခက်အခဲက စစ်မရပ်ချင်တဲ့ စိတ်ဓာတ်တွေကြောင့် ဖြစ်တယ်”….ဆိုတဲ့စကား၊ မှားသလား ဆိုတော့ မမှား ဘူး။ ပညာရှိ ဆန်ဆန် ပြောလိုက်တာပါ။ ပြဿနာတက်သွားတာက အဲဒီစိတ်ဓာတ်မျိုး ဘယ်သူ့ဆီမှာ ရှိသလဲ ….ဆိုတာ ထည့်ပြောမသွား တာပဲ။ ဒီစိတ် ဓာတ်မျိုးက စစ်နဲ့အကျိုးရှိနေတဲ့ စစ်ကြောင့် အာဏာကိုင်ထားနိုင်တဲ့ စစ်အုပ်စုဆီမှာပဲ ရှိတာဖြစ်တယ်။ တိုင်းရင်းသား တဦးက တော့ “ထိုးစစ် လုပ်နေတဲ့ သူဟာ ငြိမ်းချမ်းရေး မလိုလားလို့ပဲ” …. လို့ ထောက်ပြသွားတယ်။
(၆)
နိဂုံး
ဒေါ်အောင်ဆန်းစုကြည်က “ဗမာပြည်ဟာ သမိုင်းသစ်ကို ရေးထိုးချိန်” လို့ သတ်မှတ် ပြောဆိုထားတယ်။
ကျွန်တော်တို့ စိုးရိမ်နေတာက ခရိုနီကိစ္စ။ လယ်ယာ အခြေခံနိုင်ငံမှာ စိုက်ရသမျှ အကုန်စိုက်၊ စားရသမျှ အကုန်စား၊ လူဦးရေ ၇၀ ရာခိုင်နှုန်းအထိ ရှိတဲ့ လယ်သမားအရေးကို အဓိက အာရုံစိုက် ဖြေရှင်းရမယ့်အစား ခရိုနီတွေက စားရသမျှ အကုန်စား၊ ဝါးရသမျှ အကုန်ဝါးခဲ့ တယ်။ လေယာဉ်ကွင်းလည်း မရှောင်၊ တံတားတွေ၊ လမ်းတွေ၊ ဓာတ်သတ္တုတွေ၊ လက်နက်ခဲယမ်း၊ လေယာဉ်၊ သံချပ်ကာကား၊ အမြောက်၊ တင့်ကား အကုန် ဝါးခဲ့တယ်။ မြေကြီးတွေတောင် အလွတ်မပေး ဧကသိန်းချီ ဝါးခဲ့တယ်။ ခုလည်း ဝါးကြတော့မယ်။ လူတန်းစား ကွာဟချက် ကြီးပြီး မခံမရပ်နိုင်ဖြစ်ကြ မှာ စိုးရိမ်ပါတယ်။

နောက်တခုက NCA ကိစ္စမှာ စစ်တပ်သဘောထားအတိုင်း သတ်မှတ် အကောင်အထည်ဖော်လိုက်မှာကို ဖြစ်တယ်။
ဆင်းရဲတွင်းနက်သထက် နက်လာပြီဖြစ်တဲ့ ပြည်သူတွေအနေနဲ့ ဒီထက်ပိုပြီး ဆင်းရဲဒဏ်ကို ခံနိုင်ကြတော့မယ် မထင်ဘူး၊
‘သမိုင်းသစ်’ဆိုတာ ကောင်းသောသမိုင်း ဖြစ်ဖို့လိုပါတယ်။
သမိုင်းသစ်ကို ၂၀၀၈ အောက်က ရေးထိုးလို့မရကြောင်း ဒီချုပ်ခေါင်းဆောင်များ မြင်သိလာတဲ့အထိ လူထုကစိတ်ရှည်သည်းခံ စောင့်ဆိုင်းနေလိမ့်မယ်လို့ ယူဆနေရင်တော့ သမိုင်းသင်ခန်းစာ မယူတတ်တာပဲ ဖြစ်ပါလိမ့်မယ်၊
အေးငြိမ်း
(၇၊ ၁၁၊ ၂၀၁၆)

ဖက်ဆစ်ဂျပန်တော်လှန်ရေး စစ်မျက်နှာတခုမှ ပါတီခေါင်းဆောင်တဦး

ဖက်ဆစ်ဂျပန်တော်လှန်ရေး စစ်မျက်နှာတခုမှ
ပါတီခေါင်းဆောင်တဦး

ဒုတိယပိုင်း

ဗတိုးရှိန် (မုံရွာ)

အရှေ့မြောက် နယ်စပ်အခြေခံဒေသမှာ ၁၉၇၅ ခုနှစ် မေလတွင် သခင်ဗသိန်းတင် ခေါင်းဆောင် ပြန်လည်ဖွဲ့စည်းတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှာ ရဲဘော်ဖေသောင်း ဗဟိုကော်မတီဝင် အပြည့်အဖြစ် ရွေးကောက် တင်မြှောက်ခံရတယ်။ ၁၉၈၅ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် ပါတီကွန်ဂရက်မှာ ပါတီဗဟိုကော်မတီ ပြန်လည် ရွေးကောက်တင်မြှောက်ရေး အမည်စာရင်းနဲ့ အတူ အရွေးခံမယ့် ရဲဘော်ရဲ့ ကိုယ်ရေးအကျဉ်းကို တင်ပြ ရတယ်၊ အဲဒီ ကွန်ဂရက်မှာ ရဲဘော်ဖေသောင်း ကိုယ်တိုင် ရေးသားတင်ပြထားတဲ့ ကိုယ်ရေးအကျဉ်းကို တာဝန်ရှိ ရဲဘော်က ဖတ်ကြားရာမှာ “ ဗမာပြည် ကွန်မြူနစ်ပါတီကနေ အလံနီပါတီ ခွဲထွက်တဲ့အချိန် ဗန်းမော် ကိုကိုကြီး က အလံနီ ဖြစ်သွားတဲ့အခါ ကျွန်တော်လည်း အလံနီ ဖြစ်သွားတယ် ” ဆိုတဲ့ တင်ပြချက် ဖတ်ကြားတာ ကြားလိုက်ရတယ်၊ ကျွန်တော် ကွန်ဂ ရက် ခန်းမလုံခြုံရေး တာဝန်ယူနေစဉ် ဖြစ်လို့ ကြားရတာဖြစ်တယ်။ သြော်- ရဲဘော်ဖေသောင်းက သူ့အကြောင်း မခြွင်းမချန် တင်ပြတာ ဖြစ် တယ်လို့ မှတ်ယူလိုက်မိတယ်။ အလံနီဖြစ်ခဲ့တာ သိပ်ကြာဟန် မတူပါဘူး တရုတ်ပြည်ဘက် သခင်ဗသိန်းတင်တို့ သွားတဲ့အခါ ရဲဘော်ဖေ သောင်းလည်း ပါဝင်နေပြီဖြစ်တယ်၊ ဒါ အစောပိုင်းက ခေါင်းဆောင်တဦးရဲ့ ကိုယ်ရေးသမိုင်းဖြစ်တယ်၊ သေချာ မစပ်စုမိလို့ အသေးစိတ်တော့ မသိပါဘူး။ တတိယ ကွန်ရက်မှာ ရဲဘော်ဖေသောင်း ဗဟိုကော်မတီ အဖြစ် ပြန်လည် အရွေးခံရတယ်။ (အရှေ့မြောက်နယ်စပ်ဒေသ ခွဲထွက်မှုအရေးအခင်းဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ဖြစ်လာခဲ့တယ်။) တရုတ်ပြည်ရောက် ရဲဘော်ဟောင်းများ အဖွဲ့မှာ ရဲဘော်ဖေသောင်း ပါဝင်သော်လည်း ဗမာပြည် ပြန်ဝင်တာ စောပုံရတယ်၊ ပါတီ ပြောက်ကျား အခြေခံဒေသတခု ဖြစ်ခဲ့တဲ့ မြစ်ဖျား ဒေသတိုင်း ရှိစဉ်ထဲက ရဲဘော်ဖေသောင်းတို့ မြစ်ဖျားဒေသမှာ လှုပ်ရှားခဲ့သေးတယ် ဆိုတာသိရတယ်။

၁၉၇၁ ခုနှစ်လောက်မှာ ရဲဘော် ဖေသောင်း ခေါင်းဆောင်တဲ့ ပါတီကိုယ်စားလည်အဖွဲ့ဟာ အခါလူမျိုး လယ်သမားသူပုန်များနဲ့ ပူးပေါင်းကာ ကျိုင်းတုံအရှေ့ပိုင်းဒေသ (မုန်းလားဘက်) ကို ထိုးဖောက်စည်းရုံး တိုက်ပွဲဝင်ခဲ့တယ်၊ အောင်မြင်မှုများရရှိပြီး ပါတီရဲ့ ၈၁၅ စစ်ဒေသဆိုပြီး ပေါ်ထွက်လာတယ်၊ ဒီမှာ ပါတီတည်ဆောက်ရေးနဲ့ တပ်တည်ဆောက်ရေး နှိုင်းယှဉ်ချက်အရ ကောင်းမွန်တယ်၊ အဲဒီမှာ အဓိက ခေါင်းဆောင်ဖြစ်တဲ့ ရဲဘော်ဖေသောင်းရဲ့ နိုင်ငံရေး အရည်အသွေးနဲ့ အရည်အချင်းကို ချီးကျူးလေးစားဖွယ် လုပ်ဟန်ကောင်း ရှိတယ်လို့ မြင်တယ်။ ၈၁၅ ဒေသ ပြည်သူ့တပ်မတော်ရဲ့ တိုက်စွမ်းရည်လည်း သိသိသာသာ ကောင်းတယ်။ ရဲဘော်ဖေသောင်း တရုတ် ပြည်ထဲမှာနေစဉ် အိမ်ထောင်ရှိခဲ့တယ်တဲ့၊ သားသမီးလည်းရှိခဲ့တယ်၊ သို့ပေမယ့် ပါတီက တာဝန်ပေးအပ်စဉ် တရုတ်ပြည်ရှိ သူ့ဇနီးက သူနဲ့ အတူ မလိုက်ပါနိုင်ဖြစ်လာတယ်။ နောက်ပိုင်း သူနဲ့ မလိုက်နိုင်ရုံမက ၁၉၇၅ ခုနှစ်မှာ ကွာရှင်းစာတင် ကွာရှင်းပြတ်စဲလိုက်ကြတယ်လို့၊ ရဲဘော် ဖေသောင်း နောက်အိမ်ထောင်ရှင်ဖြစ်သူ ရဲဘော်မီနာ ရေးသားချက်မှာ တွေ့ရတယ်။ နောက်ပိုင်း ၈၁၅ ဒေသ ရောက်တဲ့အခါ ရဲဘော်ဖေ သောင်းဟာ ဒေသသူ ပြည်သူ့တပ်မတော်က ရဲဘော်မီနာနဲ့ နောက်အိမ်ထောင် ထူထောင်တယ်။ သက်ဆုံးတိုင် ဒီအိမ်ထောင်နဲ့ပဲ နေသွား ခဲ့တယ်။

၁၉၇၉ ခုနှစ် ပါတီဗဟို ကော်မတီ အစည်းအဝေးမှာ ၇၉ လမ်းစဉ်ချအပြီး၊ ပါတီမှာ စည်းရုံးရေး အပြောင်းအလဲတချို့လုပ်ပြီး မြောက်ပိုင်းဗျူရိုနဲ့ အလယ်ပိုင်းဗျူရိုဆိုတဲ့ ဗျူရိုနှစ်ခုပေါ်လာတယ်။ မြောက်ပိုင်းဗျူရိုမှာ ရဲဘော်မျိုးမြင့်ခေါ် ရဲဘော်အောင်၊ ရဲဘော်ဖေသောင်း၊ ရဲဘော်စိုင်းအောင်ဝင်း စတဲ့ ဗဟိုကော်မတီ ၃ ဦး ခေါင်းဆောင်တယ်။ အဲဒီမှာ ရဲဘော်ဖေသောင်းက တပ်မှူးကြီး အဖြစ် တာဝန်ယူတယ်လို့ သိ ရတယ်။ ၁၉၈၅ ခုနှစ် ပါတီရဲ့ တတိယအကြိမ် ပါတီကွန်ဂရက်အပြီး ဗျူရိုတွေမှ ပီဘီတွေကို ဗဟိုက ပြန်ခေါ်ပြီး ဗျုရိုတွေကို ဗဟိုကော်မတီ တွေ ခေါင်းဆောင်တဲ့အခါ ရဲဘော်ဖေသောင်းဟာ မြောက်ပိုင်းဗျူရိုရဲ့ အဓိကခေါင်းဆောင် ဖြစ်လာတယ်။ နောက်ပိုင်းကာလ ပါတီတွင်းပြ ဿနာတွေ စတင်ရှုပ်ထွေးနေတဲ့ အခြေအနေမှာ ရဲဘော်ဖေသောင်း မြောက်ပိုင်းဗျူရို လုပ်ငန်းတွေ ဘယ်လို ကိုင်တွယ် လုပ်ဆောင်ရတယ် ဆို တဲ့ အားနည်းချက်၊ အားသာချက် အခြေအနေ ဘယ်လိုရှိတယ် ဆိုတာ ကျွန်တော် ထဲထဲဝင်ဝင် နားမလည်ပါ။ ကျွန်တော်တို့နဲ့ လုပ်ငန်းဆက် စပ်မှု အလွန် နည်းပါတယ်။

ရဲဘော်ဖေသောင်းကို ကျွန်တော် ၁၉၇၉ ခုနှစ် မှာစမြင်ဖူးတယ်၊ ဝနယ် ပန်ဆန်း ဌာနချုပ်မှာ သူတို့ပါတီခေါင်းဆောင်များ ဗဟို ကော်မတီ ဆွေးနွေးပွဲ လုပ်ကြစဉ် မြင်ဖူးတာပါ။ ဟောပြောပွဲတို့ ဆွေးနွေးဝိုင်းတို့ ရဲဘော်ဖေသောင်း စကားပြောတာ၊ ဆွေးနွေးတာ မကြုံ ဖူးသေးပါဘူး၊ ၁၉၈၉ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံ အရှိန်ကောင်းနေစဉ် ကျွန်တော်တို့ ရှေ့တိုးချဲ့ရေး ရှစ်သုံးလုံးတပ်ဖွဲ့ မြောက်ပိုင်း ဗျူရိုဘက်ကနေ တပ်ဖွဲ့တွေ ဖြတ်သန်းဖို့ ဗဟို စစ်ကော်မရှင် အစီအစဉ်အရ ဆုံးဖြတ်တယ်နဲ့တူပါတယ်။ အဲဒီအချိန် မြောက်ပိုင်းက ဗဟို ခေါင်းဆောင်တွေ ဖြစ်တဲ့ ရဲဘော်ဖေသောင်းနဲ့ ရဲဘော်ထွန်းတင်လည်း ပန်ဆန်းရောက်နေတယ်။ ရဲဘော်ထွန်းတင်က ကျွန်တော့်အိမ် ရှာ ဝင်လာပြီး ကျွန်တော်တို့တပ်ဖွဲ့ အခြေအနေ မေးမြန်းပါသေးတယ်။ နောက်နေ့တွေ ပန်ဆန်းမှာ ဗဟို ခေါင်းဆောင်တွေပါ ဆွေးနွေပွဲ လုပ်စဉ် ကျွန်တော်တို့တပ်ဖွဲ့က ရဲဘော်စိုင်းချစ်ညွှန့်၊ ရဲဘော်စိုးချစ်နဲ့ ကျွန်တော်တို့ကို အစည်းအဝေး တက်ခွင့်ပေးပါတယ်။ အဲဒီမှာ ရဲဘော်ဖေသောင်း လည်း အစည်းအဝေးမှာ တွေ့ရတယ်။ အစည်းအဝေးမှာ ရဲဘော်ဖေသောင်းက မြောက်ပိုင်းဗျူရို တပ်ဖွဲ့တချို့ အခြေအနေနဲ့ ကျွန်တော်တို့နဲ့ ဆက်ဆံရမယ့် တပ်တွေ၊ တပ်ပေါင်းစု အခြေအနေတွေကို မိတ်ဆက်ပါတယ်။ ရဲဘော်ဖေသောင်းပြောတဲ့အထဲမှာ ကျွန်တော် မှတ်မိနေတာက ၂၀၂ ဒေသတို့ တပ်ပေါင်းစုအနေအထားတို့ တပ်ဖွဲ့ချင်းဆက်ဆံရေး အနေအထာများဟာ ပြဿနာတွေတော့ ရှိတယ်၊ သဘောတူညီချက်တို့ ဆုံးဖြတ်ချက်တို့ ဘာမှ အသေအချာလုပ်နိုင်သေးတာမဟုတ်ဘူးတဲ့။ တကယ်က ပြဿနာက ဖြေရှင်းမရသေးလို့ အချိန်ရွှေ့ထားရတယ်၊ တချို့ ပြဿနာတွေက ကြာနေပြီး၊ ဟိုရောက်ရင် နားလည်မှုနဲ့ ကြည့်လုပ်ကြရမှာပဲ ဆိုတာမျိုးပြောတယ်။ (နောက်ပိုင်းတော့ ကျွန်တော်တို့ ရှစ်သုံးလုံး တပ်ဖွဲ့ မြောက်ပိုင်း ဗျူရိုခွင်ထဲ ဝင်ရောက်ချိန်မှာ ကိုးကန့်ကစ နယ်စပ်ဒေသ ပါတီတွင်း ပုန်ကန်မှု စဖြစ်တယ်။ ပုန်ကန်မှုဖြစ်ဖို့ ကျွန်တော်တို့ တပ်ဖွဲ့က စနက်တံလို ဖြစ်သွားတယ်။ အစည်းအဝေးမှာ ရဲဘော်ဖေသောင်းပြောတဲ့ အဓိပ္ပာယ်က ဒီကိစ္စ မဟုတ်ပါဘူး။ တခြား သော မြောက်ပိုင်း ဗျူရိုလက်အောက် တပ်နဲ့ တပ်ပေါင်းစု အနေအထားအကြောင်း ကျွန်တော်တို့တပ်ကို ပြောပြတာဖြစ်ပါတယ်။)

နယ်စပ် အခြေခံဒေသ ပါတီတွင်း ပုန်ကန်မှုဖြစ်ပွားပြီး ပါတီက မြေအောက်ပါတီ အဖြစ်နဲ့ လှုပ်ရှားနေရစဉ် အစပိုင်းမှာ ပါတီဗဟိုက နယ်စပ် ပုန်ကုန်မှုနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန် နိဂုံးချုပ် ဝေဖန် သုံးသပ်ဖို့၊ ကော်မရှင်တရပ် ဖွဲ့စည်းတယ်၊ အဲဒီမှာ ပါတီခေါင်းဆောင်များရဲ့ သဘောထား အမြင်၊ ထင်မြင်ချက်များ ရယူနိုင်ရေး ကျွန်တော်တို့ ရဲဘော်ဖေသောင်း ယာယီနေထိုင်နေတဲ့ တရုတ်ပြည် ယင်ကျန်းမြို့ကို သွား ရောက် တွေ့ဆုံပါတယ်။ ရဲဘော်ဖေသောင်းက ပုန်ကန်မှု အရေးအခင်းနဲ့ ပတ်သက်တာထက် ပါတီတွင်းအခြေအနေ သူ့အမြင်တချို့ ပြောပြ ပါတယ်၊ ရဲဘော်ဖေသောင်း ပြောတာက “ ကျွန်တော်တို့ တိုင်းပြည်မှာ ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်လာတော့ ပါတီယူဂျီရဲဘော်တွေ ပါဝင် လှုပ်ရှားနိုင်တယ်ဆိုတော့ တကယ် အားတက်မိတယ်၊ အခုတော့ ပါတီက ထင်သလို ဖြစ်မလာဘဲ ပြိုကွဲကုန်တော့ ဘာမှမတတ်နိုင်ဘူး။ ဒီကိစ္စ ဗဟိုမှာ တာဝန်ရှိတယ်၊ အဓိက ပီဘီမှာ ပိုတာဝန်ရှိတာပေါ့၊ အခု ဖြစ်ရပ်က ပါတီခေါင်းဆောင်မှု နာမည်ပျက်သွားပြီ၊ အသက်တွေလည်း ကြီးကုန်ပြီ၊ ဗဟိုကော်မတီဟောင်းက ပါတီပြန်တည်ဆောက်နိုင်ဖို့ မလွယ်တော့ဘူး။ နောက်မျိုးဆက်က ဆက်တာဝန် ယူကြရမှာပဲ။ ပီဘီမှာ အမြင်မတူကြတာ ရှိတယ်၊ ကိုယ့်အမြင် သူ့အမြင် အားပြိုင်နေတယ်၊ အမြင်စုစည်း ညီညီညွတ်ညွတ်နဲ့ ခေါင်းဆောင်မှုပေးဖို့ အချိန်မရ လိုက် ဘူးတဲ့။ အခု ပါတီက ပြည်တွင်းကို အခြေခံ အဓိကထား လုပ်ရေးဆိုတာ မှန်ကန်တယ်၊ နိုင်ငံတကာ အကူအညီ ရခဲ့လည်း အောင်ပွဲရအောင် လုပ်နိုင်ဖို့ မလွယ်ဘူးဆိုတာ လက်တွေ့ပြတာပဲ ” ဆိုတဲ့ သဘောပြောပါတယ်၊ ပြောတာတွေတော့ များပါတယ်၊ ဒါလောက်ပဲ သတိထားမိ တော့တယ်။ နောက် ကျွန်တော် ယူနန်မြို့တော် ခွင်းမင်ရောက်စဉ် အနားယူနေတဲ့ ရဲဘော်ဖေသောင်းအိမ် ဝင်ဖြစ်ပါတယ်၊ အဲဒီမှာလည်း စကားပြောဖြစ်သေးတယ်၊ အဲဒီအချိန် တွေ့ရခဲတယ်ဆိုပြီး ကျွန်တော်က ရဲဘော်ဖေသောင်းရဲ့ ဖက်ဆစ်တော်လှန်ရေးအတွင်း အတွေ့ အကြုံ တွေမေးမိတော့ သူနဲ့ လေထီးအတူဆင်းတဲ့ ရဲဘော် ဂျပန်ဖမ်းမိပုံ အကြောင်းတွေ သေချာ ရှင်းပြနေသေးတယ်။ အဲဒီတွေ့ဆုံမှုဟာ ရဲဘော် ဖေသောင်းကို နောက်ဆုံး တွေ့ရခြင်းဖြစ်ပါတယ်။ ရဲဘော်ဖေသောင်း ရောဂါဖိစီးလာလို့ ၁၉၉၈ ခုနှစ်မှာ ဆေးရုံတက် ခွဲစိတ်ကုသခံခဲ့ပါ သေးတယ်၊ ခွဲစိတ် ကုသအပြီး နှစ်အချို့ နေသွားရပါတယ်။ နောက်ဆုံး…..

ရဲဘော်ဖေသောင်းရဲ့ သေတမ်းစာ
အကြောင်းအရာ၊ ကျွန်တော့် စိတ်ဓာတ်

ကျွန်တော် မသေသေးမီ ကျွန်တော်ဘဝရဲ့ ကျွန်တော်ရဲ့ နောက်ဆုံး ခိုင်မာတဲ့ တော်လှန်ရေးစိတ်ဓာတ်ကို အစီရင်ခံခဲ့ပါတယ်။ ကျွန် တော်ဟာ ဗမာပြည်မှာ တိုင်းရင်းသားပေါင်းစုံ ပြည်သူတွေရဲ့ ဘဝလွတ်မြောက်ရေး အတွက်၊ ဒီနှစ် (၂၀၀၆) ဩဂုတ်လ (၁၅) ဆိုရင် နှစ်ပေါင်း ၆၇ နှစ်တိုင်တိုင်ရှိတော့မယ့် နှစ်ရှည်ကြာစွာ တိုက်ပွဲဝင်လာခဲ့တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီက မွေးမြူကြီးပြင်းလာခဲ့တဲ့ ဗမာပြည် ကွန်မြူနစ်ပါ တီ ပါတီဝင်တယောက်ပါ၊ ဒီအတွက် မိခင်ပါတီကို အထူးကျေးဇူးတင်ပါတယ်၊ ဂုဏ်လည်းယူပါတယ်။

ကျွန်တော့် အရိုးပြာဟာ ဗမာပြည်တွင်းက ဧရာဝတီမြစ်ရဲ့ မြစ်လက်တက် တခုဖြစ်တဲ့ တာပိန်ချောင်း (တာပိန်မြစ်) မှ ဗန်းမော်မြို့ အထက်နားမှာ ပင်မ ဧရာဝတီ မြစ်အထဲသို့ ပူးပေါင်းရောက်ရှိသွားပါလိမ့်မယ်၊ ကျွန်တော့် အရိုးပြာနဲ့ အတူ ကျွန်တော့် ဝိညာဉ်ဟာလည်း တပါတည်းပါသွားမှာပါ။

ပြည်တွင်းဇောင်းပေးရေး “ ပြည်တွင်းဇောက်ချရေး” ဆိုတဲ့ ပါတီရဲ့ မဟာဆော်ဩချက်အတိုင်း ကျွန်တော့် အရိုးပြာနဲ့ ကျွန်တော့် ဝိညာဉ်ဟာ ဗမာပြည်တွင်း ဧရာဝတီမြစ်ထဲမှာ နှစ်ပေါင်းရှည်ကြာစွာ တွယ်ကပ်မှီခိုနေပြီး ဗမာပြည်သူ လူထုနဲ့ မိခင်ပါတီအပေါ် သစ္စာ စောင့် သိမြဲ စောင့်သိပြီး မိခင်ပါတီရဲ့ အလံတော်အောက်မှာပင် ဆက်လက်၍ ဗမာပြည်သူလူထုရဲ့ တော်လှန်ရေးတိုက်ပွဲထဲမှာ ရဲဘော်တို့နဲ့အတူ ရှိနေပါလိမ့်မယ်။

ကျွန်တော်ဟာ စိတ်ဝါဒသမားတယောက်တော့ မဟုတ်ပါ၊ ရုပ်ဝါဒ သမားတယောက်သာဖြစ်ပါတယ။ ဒါဟာ ကျွန်တော် မသေမီ ကျွန်တော့်ဘ၀ နောက်ဆုံးနေဝင်ချိန်အထိ ခိုင်မာတဲ့ တော်လှန်ရေးစိတ်ဓာတ်ပါ။ ဒီလိုစိတ်ဓာတ်မျိုးကိုလည်း မိခင်ပါတီနဲ့ ပြည်သူလူထုပဲ မွေးမြူ ပျိုးထောင် တည်ဆောက်ပေးခဲ့တာပါ၊ ဒီအတွက် အထူးကျေးဇူး တင်ပါတယ်။
အလေးနီဖြင့်
ရဲဘော် ဖေသောင်း

ရဲဘော် ဖေသောင်းဟာ သူ့သေတမ်းစာမှာ ပါရှိတဲ့ သူချစ်သော မိခင်ပါတီရဲ့ ၂၀၀၆ ခုနှစ် ပါတီနေ့အထိ နေမသွားလိုက်ရပါ။ ၂၀၀၆ ခုနှစ် ဇွန်လ ၅ ရက်နေ့ နံနက် ၃ နာရီ ၃၅ မိနစ်မှာ သူချစ်တဲ့ ပါတီနဲ့ ပြည်သူကို ခွဲခွာသွားပါတယ်။ စိတ်ထိခိုက် စရာပါ မျိုးဆက်ဟောင်း ပါတီခေါင်းဆောင်တွေဟာ အမိမြေကို ဘယ်လောက်ထိ ခုံမင်မြတ်နိုးတယ်ဆိုတဲ့ ဖော်ပြချက်ပါ စစ်အာဏာရှင် စနစ်ဆိုးကြောင့် သူတို့ရဲ့ အမိ မြေအပေါ် ခုံမင်မှုကို အသက်ရှင်လျက် ထိတွေ့ခွင့်မရလိုက်ပါဘူး။

သူ့သေတမ်းစာပါအတိုင်း ကျန်ရစ်သူ သူ့မိသားစုမှ ဇနီး၊ သားသမီး၊ မြေးတို့နဲ့အတူ ဇနီးဒေါ်မီနာကိုယ်တိုင် အရိုးပြာကို သယ် ဆောင်ကာ ရဲဘော်များ၊ မိတ်ဆွေများနဲ့ အတူ တာပိန်မြစ်ကမ်းပါး အရောက်သွာပြီး သူသံယောစဉ်ကြီးလှတဲ့ ဗမာပြည်နဲ့ ဧရာဝတီမြစ်ကြီးဆီ သို့ သူ့အရိုးပြာကို မျောပါရောက်ရှိစေကြောင်း ရည်မှန်းဆုတောင်းလျက် တာပိန်မြစ်ရေမှာ မျောပေးလိုက်ခြင်းဖြင့် သူ့ဆန္ဒကို ဖြည့်ဆည်းပေး လိုက်ပါတယ်။

ရဲဘော်ဖေသောင်းအား ဦးညွှတ် အလေးနီပြုလျက်
ဗတိုးရှိန် (မုံရွာ) ၁၀- ၈-၂၀၁၆