Monthly Archives: July 2016

ပြည်သူလူထုမှတပါးအခြားမရှိ

ကွန်မြူနစ်ပါတီအနေဖြင့် မိမိတို့ပြည်သူများအား ကွန်မြူနစ်ပါတီနှင့်ပူးပေါင်းစည်းလုံးပြီး ပြည်သူနှင့်လူသားများ၏ ရန်သူတွေကို ဆန့်ကျင်ရန်လှုံ့ဆော်နေသည်။ လွတ်မြောက်ရေးမှာ ကျွန်တော်တို့၏ လက်တကမ်းမှာပင် ရှိနေသည်။ ဇူလိုင်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့က တူရကီနိုင်ငံတွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းပွဲတွင် ဘာဖြစ်ခဲ့သည်ကို ကျွန်တော်တို့ အသေးစိတ် မသိရပေ။ သို့သော် အာဏာသိမ်းပွဲကို စီစဉ်သူများထဲတွင် ပြည်ပအင်အားစုများ ပါဝင်သည်ဆိုခြင်းကိုတော့ ကျွန်တော်တို့ သိသည်။ နောက်ပြီး အလုပ်သမားလူတန်းစားက တာဝန်လွှဲပေးခြင်းမခံရသူသည် အေကေပီ (AKP) ပါတီက ဖန်တီးထားသော အမှောင်ကို အနိုင်မတိုက်နိုင်၊ တူရကီနိုင်ငံ၏ ပြဿနာများကို မရှင်းလင်းနိုင်ဆိုသည်ကိုလည်း အသေအချာ ပြောနိုင်သည်။

ယနေ့အဖြစ်အပျက်များက ပြသနေသည်ကတော့ တူရကီပြည်သူများ စည်းလုံးညီညွတ်စွာဖြင့် အေကေပီပါတီကို ဖယ်ရှားနိုင်ရင်ဖယ်ရှား၊ မဖယ်ရှားနိုင်လျှင် အေကေပီပါတီ၏ ဖောက်ပြန်သောပေါ်လစီများ ပိုမိုဆိုးဝါးလာပြီး သူတို့၏ လူသတ်မှု၊ လုယက်မှုနှင့် ခိုးယူမှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဆိုခြင်းပင် ဖြစ်သည်။

အေကေပီကိုဖယ်ရှားနိုင်မည့် တခုတည်းသောအင်အားမှာ ပြည်သူလူထုမှတပါး အခြားမရှိချေ။

ယနေ့ည ဖြစ်ပွားခဲ့သည်အားလုံးအတွက် အေကေပီတွင်သာ တာဝန်ရှိသည်။ လက်ရှိအခြေအနေကို ဖြစ်ပေါ်စေသော အကြောင်းရင်းအားလုံးမှာ အေကေပီအုပ်စိုးမှုနှင့် ပြည်တွင်းပြည်ပက ဆရာကြီးများ၏ ထောက်ခံမှု ဖြစ်သည်။

သို့သော် အေကေပီမှာ အဓိကတာဝန်ရှိသော ပါတီဟုဆိုလိုက်သဖြင့် ဤအာဏာသိမ်းမှုကို သမ္မတနေရာရရှိရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်က ရင်ဆိုင်နေရသော အခက်အခဲများဖယ်ရှားရေးဟူသည့် ရည်မှန်းချက်တို့အတွက် အာဒိုဝန် ကိုယ်တိုင်က စီစဉ်လုပ်ကို်င်ဟုဆိုလိုခြင်း မဟုတ်ပေ။ ကာလတခုကြာမြင့်ပြီဖြစ်သော အစိုးရနှင့်လက်နက်ကိုင်တပ်များ အကြားရှိ တင်းမာမှုနှင့် အားပြိုင်မှုတို့ကနေ လက်နက်ဖြင့် ဖြေရှင်းခြင်းသို့တိုင်လာခြင်း ဖြစ်သည်။ သူတို့အကြားက တင်းမာမှု ဆိုသည်မှာ တကယ်အမှန်ဖြစ်ပြီး သူတို့နှစ်ဖက်ထဲက တဖက်ဖက်က ပြည်သူလူထုအကျိုးကို ကိုယ်စားပြုသည်ဟုဆိုလျှင်မူ မုသားပြောရာ ကျပေမည်။ ဤသည်နှင့်တဆက်တည်း အေကေပီအုပ်စိုးမှု ဖယ်ရှားရေးအတွက် စစ်တပ်ကိုမျှော်လင့်ခြင်းမှာ မှားသလို စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်လို၍ အေကေပီကိုထောက်ခံခြင်းမှာလည်းမှားပေသည်။

အာဒိုဝန်နှင့်အေကေပီပါတီတို့က ဤအာဏာသိမ်းပွဲကို စီစဉ်သူများ မဟုတ်သော်လည်း သူတို့သည် ဤသည်မှ ဖြစ်ပေါ်လာသော အခြေအနေနှင့် ရရှိလို်က်သော ထောက်ခံမှုတို့ကို အသုံးပြုကာ သူတို့ကိုယ်သူတို့ တရားဝင်အောင် လုပ်ရာတွင် အသုံးြ့ပုပေလိမ့်မည်။ လာမည့်ကာလအတွင်း အေကေပီ လှမ်းလာမည့်ခြေလှမ်းများကို ကျွန်တော်တို့ပြည်သူများ အထူးသတိရှိကြရမည်။

အေကေပီအား ဆန့်ကျင်သောတိုက်ပွဲကို မြှင့်တင်မှသာ အေကေပီနှင့် သူတို့၏အုပ်စိုးမှုအား တောင့်တင်းသွားစေသော အာဏာသိမ်းမှုအကြံအစည်ကို ဆန့်ကျင်ခြင်းမည်ပေလိမ့်မည်။ တူရကီရှိ ပလီတိုင်းက အာဒိုဝန်အတွက် ဝါဒဖြန့်ချိမှုတွေ တညလုံးလွှင့်ပေးနေတာကိုက ကျွန်တော်တို့တိုက်ပွဲဝင်ရန် အပူတပြင်း လိုအပ်နေကြောင်း ပြသနေဖြင်း ဖြစ်သည်။

ကွန်မြူနစ်ပါတီအနေဖြင့် ပြည်သူလူထုအား မိမိတို့နှင့်ပူးပေါင်းစည်းလုံးပြီး ပြည်သူနှင့်လူသားများ၏ ရန်သူတွေကို ဆန့်ကျင်ရန် လှုံ့ဆော်အပ်ပါသည်။

လွတ်မြောက်ရေးမှာ လက်တကမ်းတွင်ပင်ရှိသည်။

တူရကီကွန်မြူနစ်ပါတီ
၂ဝ၁၆ ခုနှစ်၊ ဇူလိုင် ၁၆ရက်

အရေးပေါ်စီမံခန့်ခွဲရေးဗဟိုကော်မတီဆိုသည်နှင့်ပတ်သက်သော မိမိတို့သဘောတား (ထုတ်ပြန်ချက် အမှတ် ၁/၂၀၁၆)

အရေးပေါ်စီမံခန့်ခွဲရေးဗဟိုကော်မတီဆိုသည်နှင့်ပတ်သက်သော
မိမိတို့သဘောတား
(ထုတ်ပြန်ချက် အမှတ် ၁/၂၀၁၆)
(၁၇ – ၇ – ၂၀၁၆)

အစိုးရအပြောင်းအလဲလုပ်ပြီး၍ ရက်တရာအလွန်မှာပင်“အဓိကရုဏ်းဖြစ်ပွားခဲ့လျှင် လျင်လျင်မြန်မြန် ကိုင်တွယ်ထိန်းသိမ်းနိုင်ရန်(Rapid Response) စီမံပေးရန်အတွက်ဆိုပြီး ဗဟိုကော်မတီတခု ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် အစိုးရသစ်တက်လာပြီးနောက် တိုင်းပြည်တစုံတရာအေးချမ်းသွားလိမ့်မည်ဟု ထင်နေသူတွေမှာ မျက်လုံးမျက်ဆံပြူး ဖြစ်ကုန်ကြတော့သည်။

ငြိမ်းချမ်းရေးစကားတွေ၊ ရင်ကြားစေ့စကားတွေ သောင်းသောင်းညံအောင် ကြားနေရသည့်အကြားမှ ပေါ်ထွက်လာသော အက်ဥပဒေဖြစ်သမို့ ပိုပြီးအံ့အားသင့်ကြရခြင်း ဖြစ်သည်။ ဤဥပဒေကို ပြဋ္ဌာန်းခြင်းနှင့် ၂၁ ရာစု ပင်လုံညီလာခံကျင်းပရန် ပြောဆိုစိုင်းပြင်းနေချိန်နှင့် တိုက်ဆိုင်နေသည်မှာ မည်သို့သောအဆက်အစပ်ပါလိမ့်ဟု တွေးသူကတွေးစရာ ဖြစ်လာသည်။

သေချာတာကတော့ စစ်တပ်နဲ့ဒီချုပ် အပေးအယူ ကောင်းလာပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု ယူဆစရာတွေ ရှိနေသည်။ သူတို့အကောင်အထည်ဖော်မည့် ငြိမ်းချမ်းရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသည့် စီမံကိန်းများကြောင့် ပေါ်လာနိုင်သည့် ပြည်သူ့တောင်းဆိုမှုကို ချေမှုန်းနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ထားခြင်းဟူ၍လည်း ယူဆစရာ ရှိသည်။

ဘီဘီစီအသံလွှင့်ချက်အရတော့ ဤအဖွဲ့ကို ဖွဲ့ပေးရန် ပြည်ထဲရေးဌာနက တောင်းဆိုထားသည်မှာ နှစ်လကျော် ကြာပြီဖြစ်ပြီး အခုမှ သမ္မတက လက်မှတ်ထိုးခြင်းဖြစ်သည်ဟု ပြည်ထဲရေးဒုညွှန်ချုပ်ကပြောကြောင်း သိရသည်။ ဒီတော့မှ သို့လော-သို့လောတွေ ပိုများလာတော့သည်။ ဒီအစိုးရနှင့်ပြည်ထဲရေးဌာနမှာ ချိန်ရွယ်ပြီးသား ပစ်မှတ်များ ရှိနေပြီလား။ ပြည်ထဲရေးဝန်ကြီးဌာနဆိုတာ စစ်တပ်က ကိုင်ထားသည့် ဝန်ကြီးဌာနတခု မဟုတ်ပါလား။

ဤ ၁၁ ဦးပါ ဗဟိုကော်မတီစာရင်းမှာ နာမည်များ မတွေ့ရသော်လည်း ဖော်ပြထားသည့် ရာထူးဌာနန္တရတွေကို သတိထားကြည့်လိုက်တော့ အရပ်သားက တမတ်သားမှ ပါပါ့မလားဆိုတာလည်း စဉ်းစားစရာ ဖြစ်နေပါသည်။

လက်ရှိအစိုးရ၏ ဤကြေညာချက်ထဲမှ နောက်ထူးခြားတာတခုမှာ ဆန္ဒပြမှုဆိုသည်ကိို ဆူပူအကြမ်းဖက်မှုဆိုသည်နှင့် တတန်းတည်းသတ်မှတ် သုံးနှုန်းထားခြင်းဖြစ်သည်။ ဗိုလ်နေဝင်း-ဗိုလ်သန်းရွှေခေတ်ကို ပြန်ရောက်သွားသလို ခံစားရသည်။ ထို့ပြင်“နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှု”၊ “မီဒီယာကို မီဒီယာနဲ့တုံ့ပြန်ရေး”၊ “ဆူပူအကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် သတင်းရရှိရေး” စသည်တို့ကို တွေ့ရတော့ ဗိုလ်ခင်ညွန့်လက်ရာများကို အောက်မေ့သတိရမိစေသည်။

အပိုဒ် ၂ (စ) တွင် ပါသည့် “လူမှုရေးအဖွဲ့အစည်းများ၏ အကူအညီကို ရယူပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်” ဆိုခြင်းမှာ လူထု-လူထုချင်း ရန်တိုက်ပေးရန်၊ ကြံ့ဖွတ် မွေးထားသည့် စွမ်းအားရှင်တွေကို တရားဝင်အာဏာပေးဖို့၊ ဖဆပလ ဖွဲ့ခဲ့သည့့် ပြူစောထီးတပ်ဖွဲ့လိုဟာမျိုးတွေ ပြန်ပေါ်ပေါက်စေဖို့ စီမံကိန်းဖြစ်နေသည်။ ၂ဝ၁၅ ခုနှစ်၊ မတ်လတုန်းက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြကျောင်းသူကျောင်းသားတွေကို စွမ်းအားရှင်နာမည်ခံ ကလေကချေတွေက ပုလိပ်နောက်ခံနှင့် ဝင်ရမ်းကားခဲ့သည်မျိုး၊ ဒီပဲယင်းအစ လက်ပံတောင်းနှင့် လက်ပံတန်းအလယ်၊ စစ်ကိုင်းအလုပ်သမားသပိတ်အဆုံး တရားလက်လွတ် ဖြိုခွဲခဲ့သလိုမျိုး တရားးဝင်တိုးလုပ်ဖို့သာ ဖြစ်လာလိမ့်မည်။ သွားလေသူ ဗိုလ်/ဦးအောင်သောင်းရဲ့ လက်သုံးနည်းကို ဆေးပြောင်းသုတ်ပြီး ထုတ်လာခြင်းဟု ပြောနိုင်သည်။ နောင် လမ်းတွေပေါ်မှာ ဆန္ဒပြ လူအုပ်ကြီးတွေ နှစ်ဖက်ရိုက်ကြ နှက်ကြဖြစ်လျှင် ဤသည်မှာ ဤအက်ဥပဒေ၏ အဆက်ဟူ၍သာ ပြောရမှာ ဖြစ်သည်။ ဤ အက်ဥပဒေမှာပါသော“မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာကာကွယ်စောင့်ရှောက်ရေးအဖွဲ့များ ဖွဲ့စည်း ဆက်စပ်ဆောင်ရွက်ပေးသွားရန်”ဆိုသည်မှာ စွမ်းအားရှင်လို လူရမ်းကားတွေကို ကြောင်အတောင်ပံတပ် ဖြစ်စေမည်သာဖြစ်သည်။ မြစ် မချမ်းသာမည့်ကိန်း ဖြစ်သည်။ နောက်ပြီး မေးစရာရှိသည်က ထိုသို့ ဖွဲ့စည်းလိုက်သော ရပ်ကွက်ကင်ပေတိုင်များကို ဘယ်သူက ကိုင်မည်နည်း။ ပြည်ထဲရေး ဆိုသောအရာကြီးလား၊ စစ်တပ်ဆိုသော ကုလားကြီးလား။ ယနေ့ကဲ့သို့သော“ရင်ကြားစေ့”ကာလကြီးတွင် ဖိနှိပ်ရေး ယန္တရားများကို ယခုကဲ့သို့ တိုးချဲ့နေခြင်းမှာ တိုင်းသူပြည်သားတွေအဖို့ ရတက်မအေးစရာ ဖြစ်နေသည်။

အပိုဒ် ၂ (ဋ) တွင် ပါသော “ညှိနှိုင်းအစည်းအဝေးများပြုလုပ်ရာတွင် လိုအပ်ပါက အခြားပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအား ခေါ်ယူညှိနိုင်းဆောင်ရွက်ရန်”ဟုဆိုသည့် စာသားများ၏ အဓိပ္ပာယ်အရဆိုလျှင် ဆန္ဒပြမှုများကို ဖြိုခွဲရာတွင် စစ်တပ်နှင့်လက်တွဲလုပ်ရေးဆိုသည်ကို အနည်းဆုံး ရွေးချယ်စရာလမ်းအဖြစ်ထားကြောင်း ပေါ်လွင်နေသည်။

ယနေ့ ဗမာပြည်နိုင်ငံရေးမှာ လွတ်လပ်စွာဆန္ဒပြခွင့်ရှိသည်ဆိုုခြင်းကို လူထုတွေ သဘောပေါက်နားလည်အောင် လုပ်ရေးက အဓိကလား၊ လူတွေမလှုပ်ရဲအောင် လုပ်ရေးက အဓိကလား မေးစရာဖြစ်နေသည်။ ဤမေးခွန်းကို ယခင်ခေတ်များက မေးစရာမလိုသဖြင့် မည်သူမျှမမေးခဲ့။ သို့သော် ယခုတော့ မေးရတော့မည်။

တကယ်က ဆန္ဒပြခြင်းဆိုသည်မှာ ကျောင်းသားလေးတွေကပြ-ပြ၊ အလုပ်သမားတွေကပြ-ပြ၊ သံဃာတော်တွေက ပြ-ပြ၊ အနည်းနှင့်အများ နိုင်ငံရေးလက္ခဏာ ဆောင်သည်ချည့်ဖြစ်သည်။ ထမင်းမဝလို့ ဆန္ဒပြသည်ကို “နိုင်ငံရေးသွေးထိုးလှုံ့ဆော်မှုများဖြင့်”ဆိုသည့် ဝါးလုံးရှည်နဲ့သိမ်းရမ်းပြီး ဖြိုခွဲခြင်း၊ ဖိနှိပ်ခြင်းများလုပ်လျှင် လူရယ်စရာဒီမိုကရေစီ ဖြစ်နေပေလိမ့်မည်။

ယနေ့ ဗမာပြည်တွင် ဆက်တိုက်လို တွေ့နေရသော လူမျိုးရေး၊ ဘာသာရေးပြဿနာများ၏ နောက်ကွယ်တွင် မည်သူတွေရှိသည်ဆိုခြင်းကို လူတိုင်းသိသည်။ သို့သော် ယခုအထိ ထိုနောက်ကွယ်မှ လူများကို မေးတောင်ငေါ့မပြနိုင်ဘဲ ရှိသည်မဟုတ်လား။ ဤနိုင်ငံတွင် ယခုအဓိကလုပ်ရမည်မှာ ရာစုနှစ်တဝက်ကျော် ထင်သလိုရမ်းကားခဲ့သော ငရဲခွေးကြီးကို ပြင်ပမောင်းထုတ်ရေး ဖြစ်သည်။ အတွင်းသို့ ဆွဲသွင်းရေးမဟုတ်ပေ။

ဗဟိုစည်းရုံးရေးကော်မတီ
ဗမာပြည်ကွန်မြူနစ်ပါတီ
(၁၇ – ၇ – ၂၀၁၆)

အရေးတော်ပုံဂျာနယ် အတွဲ (၂) အမှတ် (၅)


aydb2-5