Monthly Archives: April 2016

ကနေဒါကွန်မြူနစ်ပါတီဗဟိုကော်မတီ

ကနေဒါကွန်မြူနစ်ပါတီဗဟိုကော်မတီ
၂ဝ၁၆ ခုနှစ်၊ ဧပြီ ၂၃။
အားလုံးသောကွန်မြူနစ်နှင့်အလုပ်သမားပါတီများ၊ အမျိုးသားလွတ်မြောက်ရေးနှင့်တော်လှန်ရေးအဖွဲ့အစည်းများသို့

ချစ်လှစွာသော ရဲဘော်များခင်ဗျား-
ကနေဒါကွန်မြူနစ်ပါတီ၏ ၃၈ ကြိမ်မြောက် ကိုယ်စားလှယ်စုံအစည်းအဝေးကြီးကို ကနေဒါနိုင်ငံတိုရန်တိုမြို့တွင် ၂၀၁၆ ခုနှစ် မေလ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။

ဤအစည်းအဝေးကြီး၏ အဓိကလုပ်ငန်းမှာ ဆိုးဝါးလာနေသော ကမ္ဘာ့စီးပွားရေးနှင့်လူမှုရေးအကျပ်အတည်း၊ နေတိုးနှင့်သူတို့၏ နယ်ချဲ့စစ်ပွဲများတွင် ကနေဒါက ဆက်လက်ပါဝင်နေမှုနှင့် ရာသီဥတုပြောင်းလဲခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းတို့ကို ဆက်လက်ဥပေက္ခာပြုမှုဟူသော အခြေအနေများတွင် လက်ရှိကနေဒါနိုင်ငံမှ နိုင်ငံရေးအခြေအနေ၊ ငြိမ်းချမ်းရေး၊ အလုပ်ရရှိရေး၊ အချုပ်အခြာအာဏာပိုင်ရေးနှင့် ဆိုရှယ်လစ်အရေးတို့ကို လေ့လာကြမည် ဖြစ်ပါသည်။

ဤအစည်းအဝေးကြီးက ကျန်းမာရေးကြောင့် ယခုနှစ် ဇန်နဝါလအတွင်း၌ ပါတီတာဝန်မှ အနားယူသွားသော ကနေဒါကွန်မြူနစ်ပါတီခေါင်းဆောင် မီဂယ်ဖီဂရား (Miguel Figueroa) အား ဂုဏ်ပြုရန် အစီအစဉ်လည်း ပါဝင်ပါမည်။ ကနေဒါကွန်မြူနစ်ပါတီ ခေါင်းဆောင်အဖြစ် ၁၉၉၂ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ ထမ်းဆောင်ခဲ့သော ရဲဘော်ဖီဂရားသည် ကွန်ဆာဗေးတစ်အစိုးရက ဥပဒေပြဋ္ဌာန်းပြီး ပါတီ၏ ဥစ္စာပစ္စည်းများနှင့် ကနေဒါရွေးကောက်ပွဲများတွင် ပါဝင်နိုင်သော တရားဝင်ရပ်တည်ခွင့်တို့ကို ဆုံးရှုံးအောင်လုပ်ရန် ကြိုးပမ်းချက်များကို တိုက်ဖျက်ရာ၌ ခေါင်းဆောင်ခဲ့ပါသည်။ ဖွဲ့စည်းပုံဥပဒေရေးရာ စိန်ခေါ်မှုများနှင့် ၁ဝ နှစ်ကြာ လှုပ်ရှားမှုများကြောင့် ပါတီသည် ၂ဝဝ၃ ခုနှစ်တွင် တရားဝင်ပါတီအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့ပါသည်။

ရဲဘော်ဖီဂရားသည် ၁၉၈၉-၉၂ ခုနှစ်ကာလဆီက ပါတီဖျက်သိမ်းရန် လုပ်ဆောင်ခြင်းများကို ဆန့်ကျင်တိုက်ပွဲဝင်ပြီး ၁၉၉၁ ခုနှစ်တွင်ဖျက်သိမ်းခံရသော ကွီဘက်ကွန်မြူနစ်ပါတီအား ၁၉၉၁ ခုနှစ်တွင် ပြန်ထောင်နိုင်စေခဲ့သည်။ သူသည် ဖက်ဒရယ်ရွေးကောက်ပွဲ ၈ ခုတွင် ကနေဒါကွန်မြူနစ်ပါတီအား ခေါင်းဆောင်ခဲ့ပြီး ၂ဝဝ၁ ခုနှစ်တွင် “ကနေဒါ၏အနာဂတ်မှာ ဆိုရှယ်လစ်စနစ်ဖြစ်သည်”ဟူသော ကနေဒါကွန်မြူနစ်ပါတီ၏ အခြေခံလုပ်ငန်းစဉ်ကို ပြန်လည်ရေးသားပြုစုရာတွင် ခေါင်းဆောင်ခဲ့သည်။

၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် ဗဟိုကော်မတီက ကနေဒါကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်အဖြစ် ပထမဆုံးသော အမျိုးသမီးကို ရွေးချယ်တင်မြှောက်ခဲ့သည်။ ဗဟိုကော်မတီအဖွဲ့ဝင်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော ရဲဘော် အဲလစ္စဘက်ရောင်လီ (Elizabeth Rowley) ဖြစ်သည်။ ရဲဘော်ရောင်လီမှာ ၁၉၈၈ ခုနှစ်ကတည်းက ပါတီ၏ အွန်တေရီယို ပြည်နယ်ခေါင်းဆောင် ဖြစ်ခဲ့ပြီး ၁၉၉ဝ စုနှစ်များ အတွင်းက ပါတီဖျက်သိမ်းရေး လုပ်ဆောင်မှုများကို ဆန့်ကျင်တိုက်ပွဲဝင်ရာတွင် အရေးပါသူတဦး ဖြစ်သည်။ သူသည် ပြည်သူ့အသံတွင်လည်း ဆောင်းပါးမျိုးစုံ ရေးသားခဲ့သည်။

တိုက်ပွဲဝင်သစ္စာဖြင့်
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ကနေဒါကွန်မြူနစ်ပါတီ

ဗမာပြည်အလုပ်သမားထုနှင့်အတူ မေဒေးကို ဂုဏ်ပြုခြင်း

လွတ်လပ်ရေးရပြီး ၆၈ နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့နိုင်ငံ၊ ၅၄ နှစ်ကြာ စစ်ဗျူရိုကရက် အာဏာရှင်စနစ်အောက် ကျရောက်နေတဲ့နိုင်ငံ၊ ခေတ်နောက်ကျတဲ့ ပဒေသရာဇ်တပိုင်းစီးပွားရေးထဲမှ ရုန်းမထွက်နိုင်သေးတဲ့ နိုင်ငံဟာ ယခုအခါ လူးလွန့်လှုပ်ရှား နိုးထလာမှုနှင့်အတူ ကမ္ဘာက အာရုံစိုက်မှုကို ရရှိလာတယ်။ ဈေးကွက်အသစ်ကလေးဖြစ်လို့၊ နိုဘယ်လ်ဆုရှင်ဦးဆောင်တဲ့ အရပ်သားတပိုင်းအစိုးရ ပေါ်ပေါက်လာလို့၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဆိုတာထက် ပထဝီနိုင်ငံရေး ပထဝီစီးပွားရေးအရ စိတ်ဝင်စားကြတာက အဓိကကျပါတယ်။

ခေတ်က ဘဏ္ဍာအရင်း ကမ္ဘာဖြန့်ကြက်နေတဲ့ ကမ္ဘာမှုခေတ်ဖြစ်တယ်။ ထုတ်လုပ်ရေး ကိရိယာသစ်တွေ ဆန်းသစ်လာတဲ့ နည်းပညာခေတ် ဖြစ်တယ်။ အရင်းရှင်စီးပွားရေးကပ် နာတာရှည်ဖြစ်ကာ ဆင်းရဲချမ်းသာ ကွာဟမှု နက်ရှုင်းလာတဲ့ ခေတ်ဖြစ်တယ်။ ကမ္ဘာ့နိုင်ငံရေး စီးပွားရေး စည်းစနစ်ဟောင်းတို့ ဖရိုဖရဲဖြစ်ကာ ဧကဝန်ရိုးကမ္ဘာလည်းမဟုတ် ဗဟုဝန်ရိုးကမ္ဘာလည်း မပီပြင်သေးတဲ့ တောင်မရောက် မြောက်မရောက်ကမ္ဘာကြီး ဖြစ်နေတယ်။

အရင်းရှင်စနစ်ရဲ့ ထုတ်လုပ်ရေးမင်းမဲ့လက္ခဏာဆောင်မှုနဲ့ ဖြစ်ပေါ်တိုးတက်မှုမညီညာမှုတို့နှင့်အတူ နိုင်ငံကြီးများဟာ ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒကို တဖက်က ကျင့်သုံးရင်း စီးပွားရေးကပ်ဒဏ်ကို ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးများပေါ် ပုံချနေကြတယ်။

ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှု၊ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှု၊ နယ်ကျော်ဒုက္ခသည်များ ဖိတ်စင်လာမှု၊ သယံဇာတတွေပြုန်းတီးပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ စစ်လက်နက် အပြိုင်အဆိုင်တပ်ဆင် စစ်အင်အားပြမှု၊ ဩဇာခံနယ်ပယ် ထူထောင်မှု၊ ကိုယ်စားပြုစစ်ပွဲ proxy war တို့ကို ပါးစပ်က ထိန်းချုပ်ဖို့ ပြောသော်လည်း လက်တွေ့မှာ ပြဿနာကြီးတွေ ဖြစ်လာနေတယ်။

ဒီလို စိန်ခေါ်မှုတွေများတဲ့ မရေမရာကမ္ဘာကြီးမှာ အိန္ဒိယတိုက်ငယ်နဲ့ တရုတ်ပြည်အကြား အိန္ဒိယသမုဒ္ဒရာကို မေးတင်ထားတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗမာပြည်ဟာ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးအရ နိုင်ငံကြီးများရဲ့ အာရုံကျစရာ ဖြစ်လာတယ်။

ဗမာပြည်ကို အမေရိကန်၊ ဥရောပ၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ အာဆီယံ စတဲ့ အရှေ့အနောက် နိုင်ငံအသီးသီးက ကော်ပိုရိတ်ဘဏ္ဍာအရင်းတွေ လာပါလိမ့်မယ်။ ပိတ်ဆို့မှုတွေ ဖယ်ရှားပါလိမ့်မယ်။ ကမ္ဘာမှုအသိုင်းအဝိုင်းအတွင်း ဆွဲခေါ်ပါလိမ့်မယ်။ အကူအညီ၊ အထောက်အပံ့၊ ချေးငွေ၊ ရင်းနှီးမြှုပ်နှံမှု စသဖြင့် သဏ္ဌာန်စုံနဲ့ ဝင်လာမယ့် ဘဏ္ဍာအရင်းဟာ နှစ်ခွလက္ခဏာ ရှိပါတယ်။ မီးလိုပဲ သုံးတတ်ရင်အကျိုးရှိပြီး မသုံးတတ်ရင် အကျိုးနည်းမယ်။ နှောင်ကြိုးပါတဲ့ အထောက်အပံ့နဲ့ချေးငွေတွေ ဆိုတာကတော့ တကယ့်အန္တရာယ်တွေပဲ ဖြစ်တယ်။ အန္တရာယ်နဲ့အခွင့်အလမ်း ရောပြွမ်းနေတဲ့ အနေအထားမှာ၊ စစ်ခရိုနီလူတန်းစားကို တရားဝင်အောင်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပြည်တွင်းစစ်ဆိုတဲ့ နိုင်ငံရေးပြဿနာ နှစ်ရပ်ကို မဖြေရှင်းနိုင်သေးသ၍ အခွင့်အလမ်းကနည်းပြီး စိန်ခေါ်မှုက များနေပါလိမ့်မယ်။

ကြည့်ပါ – အချက်အချာကျတဲ့ လယ်ယာမြေအမြောက်အမြားကို စစ်ခရိုနီတွေ သိမ်းပိုက်ထားတယ်။ တပ်ပိုင်မြေဆိုတာတွေက တပြည်လုံး နေရာအနှံ့၊ စစ်တပ်ထိပ်သီးပိုင်မြေတွေကလည်း မနည်းမနော၊ ခရိုနီတွေ ပိုင်ဆိုတာတွေက အဓိကကျတဲ့ နေရာတွေနဲ့ ကျယ်ပြောလှတဲ့ မြေနေရာတွေ လက်ညှိုးထိုး မလွဲပဲ။

  • ပြည်သူပိုင်စီးပွားရေးလုပ်ငန်း မှန်သမျှ စစ်ခရိုနီပိုင် ပြုထားတယ်
  • စီမံကိန်းမှန်သမျှ စစ်ခရိုနီတွေ ကန်ထရိုက်ရထားတယ်
  • ငွေမဲတွေ ခဝါချထားတယ်
  • ပြည်တွင်းမှာ လက်ဝါးကြီးအုပ်ပြီး ပြည်ပမှာ လက်ဝေခံလုပ်ကြတယ်။

ကြည့်ပါ – သန်းနဲ့ချီတဲ့ အလုပ်လက်မဲ့တပ်ဖွဲ့ကြီးဟာ ပျံကျအလုပ်သမားများအဖြစ် နေရာအနှံ့အပြားသို့ ပြန့်နှံ့သွားတယ်။ သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားများဟာ နိုင်ငံခြားမှာ ကျွန်ခံနေရတယ်။

  • ပေါ်ထွန်းလာတဲ့ စက်မှုဇုန်တွေမှာ သိန်းနဲ့ချီတဲ့အလုပ်သမားများဟာ သင့်တင့်လျောက်ပတ်တဲ့ အနိမ့်ဆုံးလုပ်ခလစာကိုတောင် မရကြသေးဘူး။
  • ကလေးအလုပ်သမားတွေ သန်းချီရှိနေတယ်။ သက်ကြီးရွယ်အိုတွေ မသေမချင်း အလုပ်လုပ်နေကြရတယ်။ အမျိုးသမီးအလုပ်သမတွေ ဘဝလုံခြုံမှုမရှိဘူး။
  • အလုပ်သမား လယ်သမား အခြေခံလူတန်းစား သားသမီးများဟာ ပညာဆုံးခန်းတိုင် မသင်နိုင်ကြဘူး။ ကျောင်းမနေနိုင်ကြဘူး။ အဟာရချို့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကင်းမဲ့ ဖြစ်ကြရတယ်။ သူတို့ဟာ စစ်ကျွန်ပြုခံထားရတဲ့ ပညာမဲ့ အလုပ်သမားမျိုးဆက်သစ်တွေ ဖြစ်ကြရတော့မယ်။

ကြည့်ပါ – တိုင်းရင်းသားဒေသတွေမှာ သေနတ်သံမတိတ်သေးဘူး။ စစ်ပြေးဒုက္ခသည် သိန်းချီရှိနေတယ်။

  • ပြည်တွင်းစစ်ကို အမှီပြုပြီး လက်နက်ကိုင်ပြည်သူ့စစ်တို့ နယ်ခြားစောင့်တပ်တို့ ပေါ်လာတယ်။
  • စစ်ဗိုလ်ချုပ်ကြီးတွေရယ်၊ သူတို့ဦးစီးတဲ့ လက်နက်ကိုင်တွေရယ်၊ စီးပွားရေးသမား (ပြည်တွင်းပြည်ပ) တွေရယ် ပေါင်းပြီး ဘိန်းစိုက်တယ်၊ သစ်ခိုးထုတ်တယ်၊ ကျောက်မျက် ခိုးထုတ်တယ်၊ ရွှေတူးတယ်၊ မှောင်ခိုကုန်ကူးတယ်၊ လက်နက်မှောင်ခိုရောင်းတယ်၊ မူးယစ်ကုန်ကူးတယ်၊ ဓားပြတိုက်တယ်၊ လူထုကိုဗိုလ်ကျတယ်။
  • သူတို့က ဥပဒေအထက်မှာ ရှိနေကြပေမယ့် လူထုမှာ ဥပဒေအကာအကွယ် မရကြဘူး။

ဒီမိုကရေစီနဲ့ အမျိုးသားတန်းတူရေးကို နင်းချေဖျက်ဆီးပြီး ပြည်တွင်းစစ်ကို တိုက်တယ်။ ပြည်တွင်းစစ်ကို ဗန်းပြပြီး စစ်ဗျူရိုကရက်တွေက အာဏာသိမ်းပြီး နိုင်ငံရေးအဆင့်နေရာလုတယ်။ တိုင်းပြည်ရဲ့ ကယ်တင်ရှင်ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ကိုယ့်ကိုကိုယ် ဦးဆောင်မှုအာဏာ ရာသက်ပန်အပ်နှင်းတယ်။ ဒါ့ကြောင့် ၂၀၀၈ နဲ့ ပြည်တွင်းစစ်ပြဿနာဆိုတာ အရင်းစစ်လိုက်ရင် စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရက်လူတန်းစား ဆိုတဲ့ စစ်သုံးစစ်ဖျက်သိမ်းရေးဆိုတဲ့ နိုင်ငံရေးပြဿနာပဲ ဖြစ်ပါတယ်။

စစ်အုပ်စုအစဉ်အဆက်ဟာ အာဏာမြဲဖို့ဆိုရင် အချုပ်အချာအာဏာကို ရောင်းစားဖို့ ဝန်မလေးသူတွေ ဖြစ်တယ်။ ပြည်တွင်းမှာ ဖိနှိပ်မှုပြင်းထန်သလောက် ပြည်ပမှာ မျက်နှာချိုသွေးတယ်။ ကော်ပိုရိတ်ဘဏ္ဍာအရင်းကို ဒူးထောက်ပြီး ဖိတ်ခေါ်တယ်။ သယံဇာတတွေ၊ မြေတွေ၊ ဆိပ်ကမ်းတွေ၊ စီမံကိန်းကြီးတွေကို လက်ညှိုးထိုးရောင်းစားပြီး နှစ် ၆၀၊ နှစ် ၇၅ စသဖြင့် အချုပ်အချာအာဏာကို ပေါင်နှံအသုံးချတယ်။ ရချင်တာသာရှိပြီး ကိုယ်စွမ်းကိုယ်စတုံး နေသူတွေဖြစ်တယ်။ သူတို့ဟာ ၂၀၀၈ ခံကတုတ်ကနေ အသေအလဲ ခုခံကာကွယ်ပါလိမ့်မယ်။

ဒီချုပ်အရပ်သားအစိုးရအနေနဲ့ စစ်ဗျူရိုကရက်တွေရဲ့ မတော်မတရားလုပ်ထားတဲ့ လူမှုအဆောက်အအုံကို ပြုပြင်ပြောင်းလဲရေးလုပ်ရာမှာ ၂၀၀၈ သံကွန်ချာက ခွင့်ပြုသလောက်သာ လုပ်နိုင်မှာဖြစ်ပါတယ်။ လုပ်နိုင်သလောက် လုပ်တာကို အသိအမှတ်ပြုရမှာဖြစ်သလို တားဆီးပိတ်ဆို့လာရင်လည်း လူထုနဲ့အတူ ဖောက်ထွက်ဖို့ ပြင်ထားသင့်ပါတယ်။

ဗမာပြည်လူမျိုးပေါင်းစုံ လူထုကြီးဟာ နိုးကြားနေပါပြီ၊ အလုပ်သမား၊ လယ်သမား အခြေခံလူတန်းစားရဲ့ ဘဝရပ်တည်ရေးနဲ့ လွတ်မြောက်ရေးအတွက် ရုန်းကန်လှုပ်ရှားတဲ့ တောင်းပွဲတိုက်ပွဲ မှန်သမျှဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ၂၀၀၈ ဖျက်သိမ်းရေး ဒီမိုကရေစီတိုက်ပွဲနဲ့ ကြာလေဆက်စပ်လေ ဖြစ်လာပါလိမ့်မယ်။ လူတန်းစားလေးရပ်ရဲ့ စီးပွားရေးတိုက်ပွဲများဟာ ဒီမိုကရေစီဘောင်ချဲ့ယူတဲ့ နိုင်ငံရေးတိုက်ပွဲများ အဖြစ် ကြီးထွားလာပါလိမ့်မယ်။

ဗမာပြည်လူဦးရေရဲ့ အများစုကြီးလည်းဖြစ် အဓိကမောင်းနှင်အားလည်းဖြစ်တဲ့ အလုပ်သမား – လယ်သမားနဲ့ မြို့နေဆင်းရဲသားတွေ လွတ်မြောက်မှ၊ ပြည်ချစ်စိတ်ရှိတဲ့ အမျိုးသားဓနရှင်တွေ ရှင်သန်ကြီးထွားခွင့်ရှိမှ တိုင်းပြည်ဟာ အမှီခိုကင်းစွာ ဖွံ့®ဖးတိုးတက်မှုလမ်းကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ လူတန်းစားလေးရပ်ကို အခြေပြုတဲ့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးကို မဖြစ်မနေ တည်ဆောက်ကြရပါလိမ့်မယ်။ ဒါ့အပြင် အမြော်အမြင်ရှိတဲ့ လူလတ်တန်းစားတွေ များလာဖို့လည်း လိုပါတယ်။

၁၂၆ နှစ်ကြာလာပြီဖြစ်တဲ့ မေဒေးတိုက်ပွဲဟာ ခုအထိ မပြီးဆုံးသေးပါ။ ဗမာပြည်က အလုပ်သမားတွေဟာ ၂၁ ရာစု အခြေအနေနဲ့ ကိုက်ညီတဲ့ တိုက်ပွဲတွေ ဆင်နွှဲကြရပါဦးမယ်။

အလုပ်သမားတိုက်ပွဲများဟာ ဗမာပြည်လူ့အဖွဲ့အစည်းကို ရှေ့ကိုတွန်းဆော်တဲ့ သမိုင်းဘီးများဖြစ်ပါတယ်။

အဖိနှိပ်ခံ လူမျိုးစုံပြည်သူများ သွေးစည်းညီညွတ်ကြ။

မေဒေးအစဉ်အလာ ထွန်းပြောင်စေရမယ်

မေဒေးဆိုတာကို ၁၈၉ဝ ခုနှစ်မှာ စတင်ကျင်းပခဲ့ကြတာဆိုတော့ အခုဆိုရင်ဒီကမ္ဘာပေါ်မှာမေဒေးအခမ်းအနားကို ကျင်းပဆင်နွှဲကြတာဟာ နှစ်အားဖြင့်၁၂၆နှစ်မြောက်၊ အကြိမ်အားဖြင့် ၁၂ရကြိမ်မြောက်ဖြစ်ပါလိမ့်မယ်။

တနေ့ ၈ နာရီ အလုပ်ချိန်သတ်မှတ်ရေး တောင်းဆိုချက်နဲ့ စတင်ကျင်းပခဲ့တဲ့ကမ္ဘာ့အလုပ် သမားနေ့မေဒေး ဆိုတာဟာ ဆယ်စုနှစ်ပေါင်းများစွာဆင်နွှဲခဲ့ကြတဲ့ အလုပ်သမားတိုက်ပွဲတွေရဲ့အဆက်၊ မှတ်တိုင်တခုသာဖြစ်ပါတယ်။ စက်မှုတော်လှန်ရေး (ဗြိတိန်မှာ ၁၇၆ဝ စုနှစ်များ၊ ပြင်သစ်မှာ ၁၈ ရာစုအကုန်ပိုင်းနဲ့ အမေရိကန်မှာ ၁၈၁ဝ ခုနှစ်) ကနေ စက်မှုလုပ်ငန်းကို နိုင်ငံတကာ ဖြန့်ကြက်ခဲ့တာနဲ့အတူ ကမ္ဘာ့နိုင်ငံအများအပြားမှာ အလုပ်သမားလူတန်း စားပေါ်ပေါက်လာ၊ အလုပ်သမားလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အရင်းရှင်စနစ် ဖြစ်ပေါ်တိုးပွားမှုနဲ့အတူ ဖြစ်ပေါ်တိုးပွားလာတဲ့ ဒီအလုပ်သမား လှုပ်ရှားမှုတွေဟာ ၁၈၃ဝစုနှစ်များ၊ ၁၈၄ဝစုနှစ်များ စသည်တို့ ကစပြီးအရှိန်ရခဲ့ကြပါတယ်။ ဒီအထဲမှာ ၁၈၃၁နဲ့ ၁၈၃၄ခုနှစ်တို့က လီယွန် (ပြင်သစ်နိုင်ငံ)အုံကြွမှုများနဲ့ ၁၈၄၄ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဥရောပအလယ်ပိုင်း၊ ဆိုင်လိရှားနယ်(Silesia) (အခု ချက်နိုင်ငံနဲ့ပိုလန်မြောက်ပိုင်း) ရက်ကန်း အလုပ်သမား အုံကြွမှုတွေဟာ ပြင်းထန်ထင်ရှားပါတယ်။ အဲဒီနောက်တော့ ၁၈၇၁ခုနှစ်မှာ ပဲရစ်ဘုံအဖွဲ့ကြီးပေါ်ပေါက်လာပါတယ်။ “အမှားတွေ ရှိလင့်ကစား ပြင်သစ်ဘုံအဖွဲ့ဟာ ၁၉ ရာစုနှစ် အလုပ်သမားလှုပ်ရှားမှုများရဲ့ အလွန်တောက်ပြောင်တဲ့ သာဓကတခုဖြစ်တယ်”လို့ ရဲဘော်လီနင်က မှတ်ချက်ပေးခဲ့တဲ့ သမိုင်းမှာ ပထမဆုံးသော ပစ္စည်းမဲ့အစိုးရတည်ထောင်မှု ဖြစ်ပါတယ်။ ပဲရစ်ဘုံအဖွဲ့သားတွေဟာ အဆုံးမှာ ရှုံးနိမ့်သွားပေမယ့် သူတို့ဟာ နိုင်ငံတကာ့အလုပ်သမားတွေကို အဖိုးမဖြတ်နိုင်တဲ့ အသိတရားတွေ ပေးသွားခဲ့တယ်ဆိုတာကို အသိအမှတ်ပြုကြရမှာပါ။ သူတို့ရဲ့ကျေးဇူးကြီးပါတယ်။

အမှန်ပြောရရင် မာ့က်စ်ဝါဒဟာ ဒီအလုပ်သမားလှုပ်ရှားမှုတွေနဲ့အတူ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုတွေကြားမှာပဲ ကွန်မြူနစ်ပါတီကြေညာစာတမ်း ပေါ်ထွက်လာတာပါ။

ဒီလိုနဲ့အလုပ်သမားတိုက်ပွဲတွေက ပင်လယ်သမုဒ္ဒရာနဲ့ တောတောင်တွေကို ကျော်ဖြတ်ပြီး ကမ္ဘာအနှံ့ ပေါ်ပေါက်လာခဲ့ပါတယ်။ အတ္တလန်တိတ်သမုဒ္ဒရာတဖက်မှာရှိတဲ့ အမေရိကန်နိုင်ငံမှာဆိုရင် ၁၈၈၅ ခုနှစ်ထဲမှာပဲ တိုက်ပွဲပေါင်း ရဝဝ ဆင်နွှဲပြီး အလုပ်သမား ၂၅ဝ,ဝဝဝ ပါဝင်ခဲ့ကြပါတယ်။။ နောက်တနှစ်ဖြစ်တဲ့ ၁၈၈၆ ခုနှစ်မှာလည်း တိုက်ပွဲပေါင်း ၁၅၇၂ ပွဲမှာ အလုပ်သမားပေါင်း ၆ဝဝ, ဝဝဝ ပါဝင်ခဲ့ကြပါတယ်။ ဒီတိုက်ပွဲတွေရဲ့ထင်ရှားနီရဲတဲ့ အသီးအပွင့်တခုကတော့ မေဒေးကို တကမ္ဘာလုံးမှာ သတ်မှတ်အသိအမှတ်ပြုလိုက်ခြင်းပါပဲ။

အရင်းရှင်စနစ်က နယ်ချဲ့စနစ်အဖြစ် တက်လှမ်းပြီး ကိုလိုနီနိုင်ငံတွေ ဖြစ်လာတော့ မူလက ပဒေသရာဇ်နိုင်ငံတွေဖြစ်တဲ့ ဒီကိုလိုနီနိုင်ငံတွေမှာလည်း (မကြီးသော်ငြားလည်း) စက်မှုလုပ်ငန်းတွေ ပေါ်လာပြီး အလုပ်သမားနဲ့အလုပ်သမားလှုပ်ရှားမှုတွေ ပေါ်ပေါက်လာပါတယ်။ ဒီလိုနဲ့ နိုင်ငံတကာ အလုပ်သမားဟာ အမျိုးသားအသီးသီးရဲ့လွတ်လပ်ရေးလှုပ်ရှားမှုတွေနဲ့ ပေါင်းစည်းမိလာပါတယ်။ အထူးသဖြင့် ပထမကမ္ဘာစစ်ကြီးရဲ့ နောက်ပိုင်းမှာ ဖြစ်ပါတယ်။ ဗမာပြည်မှာ ဒီအချင်းအရာရဲ့ အထင်ရှားဆုံး သာဓကကတော့ ရေနံမြေသပိတ်ကြီး ဖြစ်ပါတယ်။

အဲဒီသပိတ်ကြီးကစလို့ ဗမာပြည်နိုင်ငံရေးမှာ အလုပ်သမားတွေရဲ့အစွမ်းနဲ့အခန်းကို အသိအမှတ်မပြုလို့မရ ဖြစ်လာ ပြီး အလုပ်သမားတွေ ထိပ်ကပါဝင်တဲ့ ၁၉၄၇ ခုနှစ် အထွေထွေသပိတ်ကြီးဟာ ဗမာပြည်ကို လွတ်လပ်ရေးပေးဖို့ အင်္ဂလိပ်တွေကို ဆုံးဖြတ်ချက်ကျသွားစေခဲ့တဲ့ အကြောင်းတခု ဖြစ်ခဲ့ပါတယ်။

လွတ်လပ်ပြီးနောက် ဗမာပြည်နိုင်ငံရေးရဲ့ထူးခြားချက်ဟာ နိုင်ငံရေးလောကမှာ လက်ဝဲလေသံတွေ၊ ဆိုရှယ်လစ် စကားတွေ ပြောကြရတာ ဖြစ်ပါတယ်။ ဒါဟာ ၁၉၁၇ ခုနှစ် မဟာအောက်တိုဘာတော်လှန်ရေးကြီး၊ ဒုတိယကမ္ဘာစစ်အတွင်း မှာ ဆိုဗီယက်ယူနီယံနဲ့ ဆိုရှယ်လစ်အင်အားစုတွေက ဖက်ဆစ်တွေအပေါ်အောင်ပွဲခံမှုတွေရဲ့ ဂယက်နောက်ဆက်လို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် ကိုလိုနီခေတ်ကာလအတွင်းမှာ အလုပ်သမားတွေက အင်အားပြခဲ့တာလဲ ပါပါတယ်။ ဒါကြောင့် အဲဒီီတုန်းက ဗမာပြည်မှာ ကွန်မြူနစ်ဆန့်ကျင်ရေး အပြင်းထန်ဆုံးနဲ့ အမေရိကန်စီအိုင်အေနဲ့ အနီးစပ်ဆုံးအင်အားစုဖြစ်တဲ့ ဖဆပလ ထဲက ဆိုရှယ်လစ်ပါတီဝင်တွေနဲ့ ဖြစ်တည်ကာစ စစ်အုပ်ထဲက ဆိုရှယ်လစ်ဗိုလ်ချုပ်တွေဟာ ဆိုရှယ်လစ်အမည် ခံထားကြပါတယ်။ တချိန်ထဲမှာ သူတို့ဟာ အလုပ်သမားမဲတွေရအောင်၊ ပြည်သူတွေကို လှည့်စားနိုင်အောင်လညး် အလုပ်သမားအစည်းအရုံးတွေ အပြိုင်အဆိုင် ထူထောင်ကြပါတယ်။ ဒါပေမဲ့ ဗမာပြည်ရှိ လူ့အလွှာအသီးသီးရဲ့အောက်ဆုံးက အလုပ်သမားတွေရဲ့ဘဝကတော့ မွဲတေနုံချာ၊ စုတ်ပြတ်သတ်နေတဲ့ အခြေအနေက မတက်နိုင်ခဲ့တာ ဒီနေ့အထိပါပဲ။ ဗမာပြည်စစ်အုပ်စုအဆက်ဆက်ရဲ့ ဖခင်ကြီးလို့ ဆိုရမယ့် ဗိုလ်နေဝင်းဆိုရင် မြန်မာ့ဆိုရှယ်လစ်စနစ်ဆိုတာကိုတောင် ကြွေးကြော်၊ မဆလ လမ်းစဉ်နဲ့ အလုပ်သမားကောင်စီ ဆိုတာတွေကို ဖွဲ့စည်းပြီး “ဆိုရှယ်လစ်”နိုင်ငံတော်ကြီးတောင် တည်ထောင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဘာကြာလိုက်လို့လဲ။ ၁၉၇၄ ခုနှစ်၊ မေ-ဇွန်အလုပ်သမား လှုပ်ရှားမှုတွေကျတော့ အလုပ်သမားတွေကို ရက်ရက်စက်စက်သတ်ဖြတ်၊ ရိုက်နှက်၊ ဖမ်းဆီးတော့တာပဲ မဟုတ်ပါလား။

ထူးထူးခြားခြား အသိအမှတ်ပြုရမှာကတော့ နဝတ၊ နအဖနဲ့ ဗိုလ်သိန်းစိန်အစိုးရခေတ်ပါပဲ။ အလုပ်သမားအစည်း အရုံး/သမဂ္ဂ စတာတွေကို သူတို့ကိုယ်တိုင်လည်း မဖွဲ့၊ တခြားသူတွေကိုလည်း ဖွဲ့ခွင့်မပေးခဲ့ပါဘူး။ သူတို့စိတ်ထဲမှာ သူတို့နဲ့ သူတို့ခရိုနီတွေကို ဒုက္ခပေးတယ်လို့ထင်တဲ့ အလုပ်သမားမှန်သမျှ၊ လှုပ်ရှားမှုမှန်သမျှကို ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက်တာပဲ လုပ်ခဲ့ပါတယ်။ သူ့တို့ရဲ့ အရင်က အစိုးရတွေလို ဟန်ဆောင်တာ၊ အရေခြုံတာလေးတွေတောင် မလုပ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ ဗမာပြည်မှာ မေဒေးအခမ်းအနားကို အာဏာပိုင်တွေက မလုပ်ခဲ့တာ ဆယ်စုနှစ်သုံးနှစ်လောက်ရှိပြီလို့တောင် ပြောရမှာပါ။

သူတို့နဲ့ပြောင်းပြန် ဗမာပြည်က အလုပ်သမားတွေကတော့ မေဒေးနေ့ကို မမေ့ကြပါဘူး။ မေဒေးဆိုတာ နိုင်ငံတကာ အလုပ်သမားလှုပ်ရှားမှုရဲ့သင်္ကေတ၊ နိုင်ငံတကာအလုပ်သမားအောင်ပွဲများရဲ့အထိမ်းအမှတ်လက္ခဏာ၊ နိုင်ငံတကာ အလုပ်သမားများ ရှေ့ဆက်တိုက်ပွဲဝင်ဖို့အတွက် တွန်းအားနဲ့ခွန်အား ဖြစ်တယ်ဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ သူတို့ဟာ အခြေအနေ၊ အချိန်အခါတွေနဲ့ လိုက်လျောစွာ မေဒေးအခမ်းအနားကို အထိမ်းအမှတ်ပြုကြမှာသာဖြစ်ပါတယ်။

တချိန်က ဗမာပြည်ဟာ အိမ်နီးနားချင်းနိုင်ငံတွေက အလုပ်ရှာမရသူတွေ အလုပ်လာရှာကြ၊ စီးပွားလာရှာကြတဲ့နိုင်ငံ ဖြစ်ပါတယ်။ အခုတော့ စစ်အစိုးရအဆက်ဆက်ရဲ့ဒဏ်ကြောင့် ဗမာပြည်ဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှက ဈေးအပေါဆုံး လုပ်အားတွေ တင်ပို့တဲ့နိုင်ငံ ဖြစ်သွားရပါတယ်။ ဒါ့အပြင် ဗမာပြည်က အလုပ်သမားတွေဟာ သူများတွေရဲ့ အထင်သေးခံရ၊ အနှိမ်ခံရ၊ အနိုင်ကျင့်ခံရ၊ အမျိုးသားအရဂုဏ်သိက္ခာပါ အကြီးအကျယ်ကျဆင်းသွားပါပြီ။

ဒါ့အပြင် ပြည်တွင်းမှာလည်း ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို မျက်နှာချိုသွေးချင်တဲ့ ခရိုနီစစ်အစိုးရကြောင့် အလုပ်သမားတွေဟာ သာမန်အခွင့်အရေးတွေဆုံးရှုံး၊ လစာတွေနိမ့်ကျ၊ လှုပ်ရှားဆန္ဒပြရင် အဖမ်းခံရနဲ့ အာဏာပိုင်တွေရဲ့ ခြေဖဝါးအောက်ကို ရောက်နေကြရပါတယ်။ ဒီလိုအခါမှာ အလုပ်သမားထုဟာ မေဒေးနဲ့ ၁၃ဝဝ ပြည့် ရေနံမြေအရေးတော်ပုံ စိတ်ဓာတ်ကို လွှင့်ထူပြီး အနိမ့်ဆုံးတောင်းဆိုချက်တွေကစလို့ မိမိတို့ဘဝ သာယာကောင်းမွန်တိုးတက်ရေးအတွက် တဆင့်ပြီးတဆင့် မြှင်တင်ကာ လှုပ်ရှားတိုက်ပွဲဝင်သွားကြရပါလိမ့်မယ်။

ဗမာပြည်က အလုပ်သမားတွေဟာ လူတန်းစေ ့နေထိုင်နိုင်ရေးအတွက် အနိမ့်ဆုံးအားဖြင့် အောက်ပါအခွင့်အရေးတွေကို အပြည့်အဝခံစားခွင့်ရကြရပါမယ်။ ဒါတွေဟာ သာမန်ခံစားခွင့်သာမက အလုပ်သမားဂုဏ်သိက္ခာနဲ့လည်း ဆက်စပ်နေပါတယ်။

၁။ တနေ့အလုပ်ချိန်(၈)နာရီ၊ (တပတ်၄၄နာရီ)ထက်မကျော်လွန်ရေး။
၂။ အလုပ်သမားတယောက်ရဲ့အနီမ့်ဆုံးလစာဟာ သူ့မိသားစုစားဝတ်နေရေး အတွက်အာမခံနိုင်ရေး။
၃။ လုပ်ခ၊ လစာနဲ့ လူနေမှုစရိတ်ညှိနှိုင်းဆောင်ရွက်ပေးရေး။
၄။ တရားဝင်ခွင့်ရက်ခံစားခွင့်များနဲ့ အစိုးရရုံးပိတ်ရက်များကို လစာပြည့်ဖြင့် ခံစားခွင့်ရရှိရေး။
၅။ အချိန်ပိုလုပ်ခစနစ်ဖြင့် လုပ်အားညှစ်ထုတ်ခိုင်းစေခြင်းစနစ် ရပ်ဆိုင်းရေး။
၆။ လုပ်ငန်းခွင်အခြေအနေ ကျန်းမာရေးနဲ့ညီညွတ်ပြီး အန္တရာယ်ကင်းစေရေး။
၇။ အလုပ်ရှင်အသိုင်းအဝိုင်းမှ အလုပ်သမားများအပေါ် အနိုင်ကျင့်ဆက်ဆံမှုများနဲ့ ထင်သလို အလုပ်ထုတ်ပယ်မှုများကို ရပ်ဆိုင်းပစ်ရေး။]
၈။ အလုပ်သမားအခွင့်အရေးများကို အကာအကွယ်ပေးတဲ့ အလုပ်သမားဥပဒေများပြဋ္ဌာန်းပေးရေး။
၉။ အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်ပေးရေး။

မေဒေးဟာ တိုက်ပွဲ၊ မေဒေးဟာ အောင်ပွဲဖြစ်တယ်။

ချိုးငှက်ကို ဒုံးပျံနဲ့ ပစ်ချနေတဲ့စစ်အုပ်စု

ပြီးခဲ့တဲ့ရွေးကောက်ပွဲရဲ့ နောက်ဆက်တွဲတွေထဲက ကောင်းတာတခု ထပ်ထွက်လာပြန်ပါပြီ။ အဲဒါကတော့ ကြံ့ ဖွတ် ပါတီ ခေါင်းဆောင်မှုထဲက အက်ကွဲကြောင်းကြီးထင်ထင်ရှားရှားပေါ်ထွက်လာတာပဲဖြစ်ပါတယ်။ ဗိုလ်ရွှေမန်းအပါ ကြံ့ဖွတ်ထိပ်သီး ၁၇ ယောက် ကြီးများတောင် “အနားယူခွင့်”(ထုတ်ပစ်) ပေးလိုက်တာပါ။ သူတို့လည်းလေ လောကီသား ပေမို့လို့ ပြောရမလား၊ သူတို့လည်းလေ ဗိုလ်ချုပ်များပေမို့လို့ ပြောရမလားမသိ၊ ပုခုံးပေါ်မှာ ဘားတပြောင်ပြောင်၊ ကြယ်တဝင်းဝင်းနဲ့ ဗမာပြည်က စစ်အုပ်စုအဆက်အဆက်ဟာ အခုလို မြေပေါ်က ိုပစ်ချလိုက်တဲ့ အခါမှာ သင်းတို့ဟာ ကျီးအာသီး သာဖြစ်ကြောင်း၊ အတွင်းမှာ ပုပ်လိုက်နေတာသာဖြစ်ကြောင်း ကမ္ဘာက မြင်တွေ့ကြရပြန်ပါတယ်။

တခါမဟုတ်၊ နှစ်ခါမဟုတ်၊ မှတ်မှတ်ရရ ဒါပါနဲ့ဆိုရင် သုံး၊လေးခါ ရှိပါပြီ။ ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲမှာ ဦးနုရဲ့ သန့်ရှင်း ဖဆပလ က အပြတ်အသတ်နိုင်ပြီးတဲ့နောက် မိတ္ထိလာတပ်မှူးများညီလာခံမှာ ဗိုလ်နေဝင်းက သူတို့ထဲကလူတွေ ရွေးကောက်ပွဲမှာ တည်မြဲ ဖဆပလ ဘက်ကို ပင်းတယ်လို့ အပြစ်ပုံချပြပြီး ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်သိန်းတုတ် စတဲ့ သူနဲ့မတည့်သူတွေကို တပ်ကထွက်ခိုင်းခဲ့တာကို သတိရကြမယ်လို့ ထင်ပါတယ်။

နောက်တခါ မပြောမဖြစ် ပြောရမှာက ၁၉၇၇ ခုနှစ် မဆလ ပါတီ တတိယညီလာခံရဲ့ အရေးပေါ်ညီလာခံမှာတော့ ဗိုလ်နေဝင်းဟာ သူ့အောက်က ဦးထွန်းလင်း၊ ဦးသန်းစိန်၊ ဦးကျော်ဇောစတဲ့ ဗိုလ်ကနေ ဦးပြောင်းထားသူတွေကို ပြည်သူပိုင် ပစ္စည်းအလွဲသုံးစားလုပ်လို့ (အဲဒီအမှုဟာ နို့ဆီသကြားအမှုလို့ နာမည်ထွက်ခဲ့ပါတယ်) ဆိုပြီး ဗဟိုကော်မတီတွေအပါ ဂိုဏ်းအလိုက် အရေးယူတဲ့သဘောမျိုး ထုတ်ပစ်ခဲ့ပါတယ်။ ပြဿနာစတာက ဗိုလ်နေဝင်းထက် ဗိုလ်စန်းယုက မဲပိုရနေလို့ လို့ပြောကြပါတယ်။

ဒါပြီးတော့ ၁၉၉၇ ခုနှစ်မှာ နဝတ ကနေ နအဖ ကို ပြောင်းတဲ့အခါမှာလည်း ဧရာမအရေးယူမှုကြီးတခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီအချီမှာ ဗိုလ်ကျော်ဘ၊ ဗိုလ်ထွန်းကြည်၊ ဗိုလ်ချစ်ဆွေ၊ ဗိုလ်ဖုန်းမြင့်၊ ဗိုလ်မြသင်း၊ ဗိုလ်မြင့်အောင်၊ ဗိုလ်မျိုးညွန့်၊ ဗိုလ်မောင်သင့်၊ ဗိုလ်အေးသောင်၊ ဗိုလ်မောင်မောင်ခင်၊ ဗိုလ်ကျော်မင်း၊ ဗိုလ်အောင်ရဲကျော်၊ ဗိုလ်မောင်မောင်ခင်၊ ဗိုလ်စိုးမြင့် ဆိုတဲ့ ဗိုလ်ချုပ်အဆင့် ထိပ်သီး ၁၄ ဦးကို အပြုံလိုက် အရေးယူဖယ်ရှားခဲ့ပါတယ်။

စစ်အုပ်စုအတွင်းမှာ ဒီလိုကျူပင်ခုတ် ကျူငုတ်ပါမကျန် လုပ်တာတွေအပြင် ဗိုလ်စောမောင်၊ ဗိုလ်တင်ဦးစသူတွေ၊ ဗိုလ်ခင်ညွန့်နဲ့သူ့တပည့် လက်ကိုင်တုတ်ထောက်လှမ်းရေးတွွေကို ဖြုတ်ပစ်တာလို တဦးချင်းအလိုက်၊ အစုလိုက် အရေးယူပစ်တာတွေလည်း မကြာခဏဆိုသလို အများအပြားရှိပါသေးတယ်။ ဒါတွေကိုကြည့်ပြီး လူတချို့က ဒါဟာ တခြားအဖွဲ့ အစည်းတွေကို အစဉ်တစိုက် သပ်လျှိုဖြိုခွဲသူနေခဲ့သူတွေ ဝဋ်လည်တာလို့ ဆိုချင်သူက ဆိုကြပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီလိုပြောရင် လွယ်လွန်းရာ ကျမယ်လို့ ထင်ပါတယ်။ တကယ်ကတော့ ကိုယ်ကျိုးသက်သက်အပေါ်မှာ အခြေခံ စုစည်းထားတဲ့ လူအစုအေဝေးတခုဟာ ကိုယ်ကျိုးကြောင့်ပဲ ကွဲအက်၊ ပဲ့ထွက်တာ မဆန်းဘူးလို့ မြင်မိပါတယ်။

ဒီလို အစိုးရအပြောင်းအလဲ၊ ကြံ့ဖွတ်ထိပ်ပိုင်းအပြောင်းအလဲတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ အကြားကပဲ ဗမာပြည်မှာ မပြောင်းမလဲ ဆက်တည်ရှိနေတဲ့ အနိဋ္ဌာရုံတွေက မနည်းပါဘူး။ အဲဒီဟာတွေအထဲက အဆိုးဝါးဆုံးတခုကတော့ ပြည်တွင်းစစ်ပဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်သာမက ရခို်င်ပြည်နယ်မှာပါ မပြတ်ပြုလုပ်နေတဲ့ ထိုးစစ်တွေဟာ အရေအတွက်ပိုများ၊ အတိုင်းအတာ ပိုကြီးလာနေပါတယ်။ ဒီနေ့အခါမှာ နိုင်ငံတော်အာဏာကို ကိုင်မထားနိုင်ပေမယ့် စစ်တပ်အာဏာကို ကိုင်ထားနိုင်တဲ့ ဗိုလ်နေဝင်းအမွေ ဆက်ခံသူ စစ်အုပ်စုက လုပ်ချင်တိုင်း လုပ်နေတာကို ၂ဝဝဂ ဖွဲ့စည်းပုံ ဥပဒေနဲ့ ခြေမန်းကွင်းစွပ်ခံထားရတဲ့၊ အသစ်တက်တဲ့ အစိုးရဟာ လက်ပိုက်ကြည့်ရသလို ဖြစ်နေတာ တွေ့ရပါတယ်။ အဓိပ္ပာယ်က ဒီနိုင်ငံမှာ လက်ထဲ သေနတ်ရှိနေရင် ကိုယ်ထင်တာ လုပ်လို့ရနေတယ်ဆိုတာ ဖြစ်ပါတယ်။

ပြည်တွင်းစစ်ကိစ္စဟာ ဗမာပြည်နိုင်ငံရေးရဲ့ ထိပ်ဆုံးထားရတဲ့ အရေးကိစ္စတခု ဖြစ်ပါတယ်။ ဗမာပြည်မှာ တက်လာတဲ့ အစိုးရတိုင်းဟာ အနည်းဆုံးလိမ်ညာလို့၊ ဟန်ဆောင်လို့ပဲဖြစ်ဖြစ် ပြည်တွင်းစစ်ကိစ္စကို ပြောကြရ၊ ကိုင်တွယ်ကြရပါတယ်။ ဒါဟာ ဗမာပြည်ပြည်သူတွေ အတောင့်တဆုံးအရာမို့ အာဏာရသူတိုင်း၊ နိုင်ငံရေးလုပ်သူတိုင်း လုံးဝနှာစေးနေလို့ မရတဲ့ပြဿနာ ဖြစ်ခဲ့တာ ဒီနေ့အထိပါပဲ။ ဒါပေမဲ့ ကာကွယ်ရေးဝန်ကြီးကိုလည်း မချုပ်ကိုင်နိုင်၊ စစ်တပ်ကိုလည်း အမိန့်မပေးနိုင်တဲ့ နိုင်ငံတော်အစိုးရဆိုတာရဲ့ စွမ်းရည်ကို ပြည်တွင်းစစ်ပြဿနာက စမ်းသပ်နေပါတယ်။ သူ့အဖို့ရှောင်လွှဲလို့မရတဲ့ မေးခွန်းဖြစ်နေပါတယ်။

သေချာတာကတော့ ပြည်သူလူထုမဲပေးတာဟာ ပြည်တွင်းစစ်ကို ဒီစစ်အုပ်စုနဲ့ စစ်တပ်က ထင်သလိုလုပ်ခွင့်ပေးဖို့ မဟုတ်ပါဘူး။ ဒါဖြင့် ဒီစစ်တပ်က ဘာလို့အခုအထိ စစ်တလင်းတွေ ဖန်တီးပြီး ထင်တိုင်း ကြဲနေသေးတာလဲ။ အသစ်တက်လာတဲ့ အစိုးရနဲ့ တိုင်းရင်းသားအင်အားစုတွေ အကြားမှာ သပ်လျှိုဖို့လား၊ အစိုးရသစ်အတွက် အခက်အခဲတွေ ဖန်တီးတာပဲလား၊ စဉ်းစားစရာတွေကတော့ အများကြီးပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အရင်းစစ်တော့ အမြစ်မြေကဆိုသလို ဒီလိုပြဿနာ တွေပေါ်နေရတာရဲ့ အဓိကအကြောင်းရင်းကတော့ ပြည်သူတွေက မဲမပေးဘဲ ပြည်သူတွေက မဲပေးအတည်ပြုတယ်လို့ လိမ်ညာအတည်ပြုခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကြောင့်ဆိုတာ တွေ့ရမှာပါ။ တည်မြဲ ဖဆပလ နဲ့ ဆိုရှယ်လစ်စစ်ဗိုလ်တွေဟာ ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲမှာ မနိုင်လည်းနိုင်ရမယ်၊ နိုင်လည်းနိုင်ရမယ်လို့ ကြွေးကြော်ခဲ့တာကို သင်ခန်းစာယူထားသလား အောက်မေ့ရပါတယ်။ ရွေးကောက်ပွဲမှာ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ဒီဖွဲ့စည်းပုံအရ တည်ရှိနေသရွေ့ကတော့ ဗမာပြည်က စစ်အုပ်စုနဲ့စစ်ဗိုလ်ချုပ်တွေ ဒူးနှန့်နေမှာသာ ဖြစ်ပါတယ်။

နိုင်ငံတကာစစ်ပွဲများကိုလည်း ဆန့်ကျင်ရမယ်

ဒီကမ္ဘာမှာ အမေရိကန်ကနေ“အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲကြီး (War on Terror)”စတင်လိုက်တဲ့ နောက်ကစပြီး ကမ္ဘာကြီးတခုလုံး မငြိမ်မသက်ဖြစ်ပြီး နေရာအနှံ့ တိုက်ခိုက်မှုတွေ ပေါ်နေတာဟာ ဒီနေ့အထိ ဖြစ်ပါတယ်။ အစကတော့ အာဖရိကတိုက်နဲ့ အရှေ့အလယ်ပိုင်း၊ အခုတော့ အာရှတိုက်နဲ့ဥရောပမှာပါ စစ်ဆင်မှုမျိုးစုံနဲ့ ကြုံတွေ့နေရပါတယ်။ ဥရောပကမ်းခြေတွေအပေါ် နိုင်ငံပေါင်းစုံက ဒုက္ခသည်အမျိုးမျိုး လှိုင်းတွေက ပုတ်တင်လိုက်သလို တသုတ်ပြီးတသုတ် ရောက်လာနေတာကို တွေ့ကြရသလို နေတိုးနဲ့ရုရှားကြားမှာ စစ်ရေးတင်းမာမှုတွေ သည်းသန်လာနေတာကိုလည်း ထိတ်လန့်စိုးရိမ်ဖွယ် တွေ့နေရပါတယ်။ နယ်စပ်အငြင်းပွားမှုတွေကို ရှေ့တန်းပြန်တင်လာကြသလို ဒေသအလိုက် စစ်အင်အားဖြည့်တာ၊ တည်ဆောက်တာတွေလည်း အလျင်အမြန်ဖြစ်ပေါ်နေပါတယ်။ နိုင်ငံတကာ့သတင်းတွေမှာ ပူးတွဲစစ်လေ့ကျင့်ရေးတွေ၊ ပူးတွဲကင်းလှည့်တာတွေ၊ လက်နက်အသစ်အဆန်း ထုတ်လုပ်တာတွေ၊ စစ်စကားပြောတာတွေကို နေ့စဉ်လို တွေ့နေရတာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။

အိမ်ဖြူတော်ရဲ့“အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲကြီး”ရယ်လို့ လူကြားကောင်းအောင် နာမည်တပ်ထားတဲ့ စစ်ဆင်မှုကြီးကြောင့် လူသန်းချီ သေကြေခဲ့ရပြီး အိုးအိမ်စွန့်ပစ်ရသူ အရေအတွက်ဟာ သန်း ၆ဝ ရှိတယ်လို့ ဆိုကြပါတယ်။ ဒီ ၁၅ နှစ်တာ ထင်သလို ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်အစိုးရထိပ်သီး၊ ဘယ်စစ်ဗိုလ်ချုပ်ကိုမှ အရေးယူတယ်လို့ မရှိခဲ့ပါဘူး။ ဒါ့အပြင် ဒီအကြောင်းပြချက်နဲ့ လူတွေကို ထင်သလိုဖမ်း၊ တယ်လီဖုန်းနဲ့ဆက်သွယ်ရေး အင်တာနက်တွေကို ဖြတ်နားထောင်၊ ကြည့်ရှု၊ အရေးပေါ်အခြေအနေတွေကြေညာစတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာလည်း တရားမရှိဓားမရှိ ဖြစ်ပေါ်နေပါတယ်။ အစိုးရနာမည်နဲ့လုပ်ရင် ဘာမဆိုလုပ်လို့ ရတယ်ဆိုတဲ့ အနေအထားတွေ ဖြစ်ပေါ်နေတာပါ။

ယူကရိန်းနဲ့ဆီးရီးယားတို့က စစ်ပွဲလို့ အမည်မတပ်ကြတဲ့ စစ်ပွဲတွေမှာ နေတိုးနဲ့ရုရှားတို့ရဲ့ ထိပ်တိုက်တွေ့မှုတွေဟာ ကမ္ဘာသူကမ္ဘာသားတွေကို အထူးပဲ ရတက်မအေး ဖြစ်စေပါတယ်။ ၂ဝ၁၆ ခုနှစ် အစပိုင်းတုန်းက ဆွီဒင်က ထိပ်တန်းစစ်အရာရှိကြီးတယောက်ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးအင်းဒါစ်ဘရန်စထရွမ်(Anders Brännström)က သူ့လက်အောက်က တပ်တွေကို ဒီလိုနှိုးဆော်ခဲ့ပါတယ်- “ငါတို့ဖြတ်သန်းနေရတဲ့ ကမ္ဘာ့အခြေအနေကို လာမယ့်နှစ်အနည်းငယ်အတွင်း စစ်ပွဲကြီးတခုနဲ့ ကြုံတွေ့ရနိုင်တယ်လို့ သုံးသပ်နိုင်တယ်”။

စစ်ဖြစ်နိုင်တယ်ဆိုတဲ့ အခြေအနေမျိုးကို သုံးသပ်မိရင် စစ်တပ်ကိုင်ထားသူတွေရဲ့ တာဝန်ဟာ တကယ်ဖြစ်မှာလား၊ ဘယ်တော့ဖြစ်မှာလဲလို့ တွက်နေစောင့်နေဖို့ မဟုတ်ပါဘူး။ ကိုယ့်ဘက်က လက်ဦးမှုရတဲ့ နေရာတွေယူ၊ ပြင်ဆင်မှုတွေလုပ်ဖို့ပဲ ဖြစ်တယ်ဆိုတာဟာ ဘယ်သူမှ မငြင်းတဲ့ စစ်ကျင့်ဝတ်ပါ။

ဒါပေမဲ့ ပြည်သူတွေအဖို့ကတော့ ဒီလိုအခြေအနေမျိုးကို ခန့်မှန်းလို့ရတယ်ဆိုရင် စစ်ကိုတားဆီးဖို့ စဉ်းစားပြင်ဆင်ကြရပါတယ်။ စစ်ကြီးရယ်လို့ ဖြစ်လာရင် အထိခိုက်၊ အနစ်နာဆုံးဟာ အလုပ်သမား၊ လယ်သမားတွေနဲ့ ဆင်းရဲသားပြည်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစစ်တားဆီးရေး လှုပ်ရှားမှုဟာ အလုပ်သမား၊ လယ်သမားနဲ့ ဆင်းရဲသားပြည်သူတွေရဲ့အကျိုးစီးပွားကို ကာကွယ်တဲ့ လုပ်ငန်းလို့ သဘောထားရပါမယ်။ ဒီလှုပ်ရှားမှုကြီးမှာ သူတို့အင်အားကို အဓိကအခြေခံ၊ အားပြုရပါမယ်။ ဦးစွာအားဖြင့် စစ်ဆန့်ကျင်ရေးနဲ့ငြိမ်းချမ်းရေး လိုအပ်မှုဟာ ပြည်တွင်းမှာသာမက တကမ္ဘာလုံးအနေနဲ့ပါ လိုအပ်ကြောင်း ပြည်သူအားလုံး သဘောပေါက်အောင် ရှင်းပြကြရပါမယ်။ ဒီလှုပ်ရှားမှုက အဓိကဦးတည်ရမှာဟာ ဒီလိုစစ်ကြီးတွေနဲ့ ကြွယ်ဝချမ်းသာ၊ စီးပွားတက်ကြတဲ့၊ ဒီစစ်ပွဲကြီး ဖန်တီးကြတဲ့ ကမ္ဘာ့အရင်းရှင်ကြီးတွေ၊ လက်နက်ထုတ်လုပ်သူတွေ ဖြစ်ရပါမယ်။

ဒီလှုပ်ရှားမှုဟာ တကမ္ဘာလုံးရှိ စစ်ဒဏ်ခံပြည်သူများနဲ့ စစ်ဆန့်ကျင်တဲ့ အင်အားစုမှန်သမျှနဲ့ တွဲလုပ်တဲ့ လှုပ်ရှားမှုမျိုး ဖြစ်ပါလိမ့်မယ်။ ကိုယ့်တနိုင်ငံတည်း လုပ်လို့မရသလို တကမ္ဘာလုံး၊ ဒါမှမဟုတ် နိုင်ငံတွေအများကြီး ပါဝင်လာမှ လုပ်မယ်ဆိုတဲ့ သဘောထားမျိုးနဲ့ လုပ်လို့မရပါ။

ဒီနေရာမှာ ဒီလုပ်ငန်းဟာ လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်မှုတွေနဲ့ ကင်းဝေးဖို့ အလွန်အရေးကြီးကြောင်း အလေးထားပြောလိုပါတယ်။ ကမ္ဘာမှာ စစ်ကြီးနှစ်ခု ဖြစ်ခဲ့ဖူးပါပြီ။ ဒီစစ်ကြီးတွေရဲ့ အစမှာ တချို့က စစ်ပွဲတွေ ဖြစ်ပေါ်ရတာဟာ လူမျိုးရေးတွေ၊ ဘာသာရေးတွေကြောင့် ဖြစ်တယ်လို့ ထောက်ပြဖို့ ကြိိုးစားခဲ့ကြပါတယ်။ အဲဒီအကြောင်းပြချက်နဲ့ မဟာမိတ်စု၊ ဝင်ရိုးတန်းဖွဲ့ဖို့ လုံးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်ကြီးတွေပြီးလို့ အသေအချာ ပြန်သုံးသပ်လိုက်တော့ ဒီစစ်တွေဟာ ကမ္ဘာ့အရင်းရှင်စနစ်ကြောင့်၊ နယ်ချဲ့နိုင်ငံတွေက နယ်မြေတွေ တိုးချဲ့သိမ်းပိုက်ဖို့လုပ်ရင်း ဖြစ်ပေါ်လာတာ ဖြစ်တယ်ဆိုတာ ရှင်းသွားပါတယ်။ တကယ်တော့ ဒီနေ့အခါဟာ ကမ္ဘာမှာ စစ်အေးလွန်တဲ့နောက် သြဇာခံနယ်မြေ ခွဲခြားသတ်မှတ်မှု ပြီးမပြီးဆိုတာတောင် ပြောရခက်သေးတဲ့ အခြေအနေပါ။ အနယ်မထိုင်သေးတဲ့ ကာလတခုလို့ ဆိုရမှာပါ။

ဒီလိုအခြေအနေမှာ ပစ္စည်းမဲ့လူတန်းစားနဲ့ အဖိနှိပ်ခံပြည်သူတွေဟာ စစ်နဲ့စစ်ဝါဒ ပေါ်ပေါက်တာရဲ့ အကြောင်းရင်းတွေကို သိထားဖို့လိုပါတယ်။ (၁) ဒီကမ္ဘာကြီးမှာ အပြန်အလှန်ဆက်စပ် မှီခိုနေရတဲ့ စီးပွားရေးစနစ်ကြီး ရှိနေပြီး တချိန်တည်းမှာ သဘောထားချင်း မတိုက်ဆိုင်တဲ့ နိုင်ငံတွေ တည်ရှိနေတာ။ (၂) တကမ္ဘာလုံးရဲ့ ကုန်ထုတ်လုပ်မှုက အများလက္ခဏာဆောင်ပြီး ပိုင်ဆိုင်မှုကတော့ တဦးချင်းလက္ခဏာဆောင်နေတာ။ (၃) ဓနအင်အား၊ ဘဏ္ဍာအင်အား ကြီးမားလှတဲ့ ဘဏ်ကြီးတွေ၊ ကော်ပိုရေးရှင်းကြီးတွေက သူတို့ရဲ့“အစိုးရ”ဆိုတာတွေကို အသုံးပြုပြီး သဘာဝသယံဇာတတွေ၊ ကုန်ကြမ်းတွေ ရယူဖို့၊ ကုန်သွယ်ရေးလမ်းကြောင်းတွေဖောက်ဖို့၊ ရေနံပိုက်လိုင်းတွေဖောက်ဖို့နဲ့ ဈေးပေါတဲ့ လုပ်အားဈေးကွက်တွေ ရရှိဖို့တို့အတွက် စစ်အင်အားကို အသုံးပြုကြတာတို့ကို သတိပြုလိုက်ကြပါ။

ဒါတွေအပြင် အထက်မှာ ပြောခဲ့တဲ့ ၁၉၉၁ ခုနှစ်နောက်ပိုင်း စစ်အေးလွန်ခေတ်မှာ သူ့ကိုတဦးတည်းသော စူပါပါဝါကြီးအဖြစ် အသိအမှတ်ပြုတာ ခံရဖို့၊ စူပါပါဝါအဆင့်နဲ့အညီ ကမ္ဘာကို ခြယ်လှယ်သွေးစုပ်နိုင်ရေးအတွက် လုပ်နေတဲ့ ကမ္ဘာ့ပုလိပ်ကြီး အမေရိကန်ရဲ့ လုပ်ရပ်များဟာလည်း အခြေအနေကို ပိုဆိုးဝါးစေပါတယ်။ ဝါရှင်တန်ဟာ ဒီကမ္ဘာပေါ်မှာ သူတို့ အကျိုးစီးပွားနဲ့ ကင်းတဲ့နေရာရယ်လို့ ဘယ်မှာမှ မရှိဘူးလို့တောင် ဗြောင်ကြေညာထားတာပါ။ နိုင်ငံတိုင်း၊ ဒေသတိုင်းဟာ သူတို့ရဲ့ စီးပွားရေး၊ ပထဝီနိုင်ငံရေး အကျိုးစီးပွားတွေနဲ့ ဆက်စပ်နေတာချည့် ဖြစ်နေပါတယ်။ အဲဒါတွေကို ကာကွယ်ရမယ်၊ အဲဒါတွေအတွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမယ်၊ လုပ်သင့်တာ လုပ်ရမယ်ဆိုတာဟာ အိမ်ဖြူတော်ရဲ့ အခြေခံတွေးခေါ်နဲ့ စဉ်းစားမှု ဖြစ်ပါတယ်။

အခုဆိုရင် အမေရိကန်အနေနဲ့ ကမ္ဘာ့တဦးတည်းသော ထိပ်သီးနိုင်ငံဖြစ်ဖို့အတွက် တရုတ်ဟာ အဓိက ဆူးငြောင့်ခလုတ်ပဲလို့ ဗြောင်ထုတ်မပြောရုံတမယ် လုပ်နေပါတယ်။ မြောက်ကိုရီးယားကို ဖိအားပေးသလိုလိုနဲ့ အမြီးရှိတဲ့အကောင်တွေ သတိထားကြလို့ သတိပေးနေပါတယ်။ ဟုတ်ပါတယ်။ ဓနအရ၊ စစ်ရေးအရ တရုတ်အင်အားကြီးလာတာဟာ အမေရိကန်ကို သူလုပ်ချင်တိုင်း လုပ်မရအောင် အတားအဆီးဖြစ်စေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒါကို စစ်ရေးခြိမ်းခြောက်မှုတွေ၊ ဖိအားပေးမှုတွေနဲ့ တုံ့ပြန်တာဟာ နယ်ချဲ့သမားတွေရဲ့ အစဉ်အလာ လုပ်နည်းကိုင်နည်းသာ ဖြစ်ပါတယ်။ သူတို့က အာရှတိုက်မှာ တရုတ်နဲ့ကိုရီးယားတို့က ဘယ်လိုစစ်ပြင်နေကြတာ၊ လက်နက်တပ်ဆင်မှုတွေ တိုးချဲ့နေတာ စသဖြင့် ဝါဒဖြန့်လွှင့်ထုတ်နေပြီး တဖက်မှာတော့ အာရှတိုက်မှာ ချိန်ခွင်လျှာညီအောင် လုပ်ရမယ်ဆိုတာမျိုးတွေကို အာဘော်ထုတ်လွှင့်နေပါတယ်။

ဗမာပြည်အဖို့ကတော့ အင်္ဂလိပ်နဲ့ဂျပန်တို့ တရုတ်ပြည်ကိုရဖို့ လုရာကနေ ဒုတိယကမ္ဘာစစ်ဒဏ် ခံလိုက်ရတဲ့အဖြစ်ကို မမေ့အပ်ပါဘူး။ ဒါကြောင့် ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တောင်းဆိုတာနဲ့အတူ နိုင်ငံတကာ စစ်ပွဲများကိုလည်း ဆန့်ကျင်ကြရပါမယ်။ ဒါ့အပြင် စစ်ပြင်ဆင်ဖို့ ခြေလှမ်းတွေ လုပ်နေတာတွေကိုလည်း မျက်ခြည်မပြတ် သတိထား စောင့်ကြည့်ဖို့ လိုပါတယ်။ အခုအချိန်မှာ အမေရိကန်ရဲ့ တရုတ်ပြည်ပတ်လည်မှာ သူတို့စစ်တပ်အတွက် ခြေနင်းခုံတွေ တည်ဆောက်တာဟာ အရှေ့ဘက်တရိုးမှာ ပြည့်စုံသလောက်ဖြစ်နေပြီး (တောင်ကိုရီးယားကနေ သြစတြေးလျားအထိ ရှည်လျားလှတဲ့ မဟာမိတ်စစ်ကြောင်းကြီး တည်ထောင်ပြီးနေပြီ) အနောက်ဖက်မှာပဲ ကျန်တော့တယ်ဆိုတာ သတိထားမိကြပါတယ်။

နိုင်ငံကြီးတွေရဲ့ အင်အားတည်ဆောက်မှု အကြားမှာ နောက်တကြိမ် ကြားညပ်ခံရတယ်ဆိုရင် ကျွန်တော်တို့ ည့ံရာကျလိမ့်မယ်လို့ ပြောလိုပါတယ်။

ကျောင်းသားသမဂ္ဂ အဓွန့်ရှည်ပါစေသတည်း

ရင်ကမွေးလည်းသား
ကျောကမွေးလည်းသား
ကိုယ့်သားမှကိုယ့်သား
ကျောင်းသားတဲ့ငါ့သား

ဗမာပြည်မှာ ပဒေသရာဇ်မင်းဆက်ပြတ်ပြီးနောက် ခေတ်သစ်ပညာရေး၊ ကျောင်း၊ ကျောင်းသားတွေ ပေါ်လာကတည်းက ကျောင်းသားနဲ့ မိဘပြည်သူများဟာ ခွဲလို့မရအောင် တလှေထဲစီး၊ တခရီးထဲသွား၊ တိုက်ပွဲတွေဝင်ပြီး အောင်ပွဲတွေ ဆင်ခဲ့ကြပါတယ်။ ၁၉၂ဝ ခုနှစ် သပိတ်ကစလို့ လို့ပဲ ဆိုကြပါစို့။

ပြည်သူတွေရဲ့ အဲဒီကိုလိုနီဘဝလွတ်မြောက်ရေး တိုက်ပွဲတွေကစလို့ ဒီနေ့အထိ မိဘပြည်သူတွေနဲ့ လက်တွဲမဖြုတ်စတမ်း တိုက်ပွဲဝင်ခဲ့/နေတဲ့ ကျောင်းသားတွေရဲ့ တိုက်ပွဲတွေဟာ ဗမာနိုင်ငံသမို်င်းထဲကနေ ဖယ်ရှားပစ်လို့ မဖြစ်နိုင်သလို ဒီတိုက်ပွဲတွေအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာဟာလည်း ဗမာပြည်နိုင်ငံရေးလောကက လူပုဂ္ဂိုလ်တဦးချင်း၊ ဒါမှ မဟုတ် အဖွဲ့အစည်းတခုချင်းကို တိုင်းတာတဲ့စံတမျိုး ဖြစ်နေပါတယ်။ ဗမာပြည်နိုင်ငံရေးနဲ့ ပတ်သက်သူတိုင်း အဲဒီမေးခွန်း၊ အဲဒီစမ်းသပ်မှုကို ရှောင်ကွယ်လို့ မရပါဘူး။

ကျောင်းသားတွေဟာ (ဆရာဗန်းမော်တင်အောင်ပြောတဲ့) သမိုင်းက ပေးတဲ့တာဝန်ကို ဘယ်တုန်းကမှ ခေါင်းမရှောင်ခဲ့ဘူးဆိုတာကို အားလုံးပဲ အသိအမှတ်ပြုရပါမယ်။ ၁၉၂ဝ သပိတ်၊ မန္တလေးအာဇာနည် ၁၇ ဦး သပိတ်၊ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်၊ ၁၃ဝဝ ပြည့် ရေနံမြေအရေးတော်ပုံ(ဗိုလ်အောင်ကျော်ကျဆုံးမှုနဲ့ဆက်နေတဲ့)၊ ဂျပန်တော်လှန်ရေး၊ ၁၉၄၅ – ၄၈ လွတ်လပ်ရေးတိုက်ပွဲတွေ၊ လွတ်လပ်ရေးနောက်ပိုင်း တိုက်ပွဲမျိုးစုံ၊ နောက်ဆုံးအားဖြင့် ရှစ်လေးလုံးအရေးတော်ပုံနဲ့ ဒီနေ့အထိ၊ သမိုင်းတလျှောက်လုံးမှာ မီးသွေးခဲမို့မည်းကြောင်း ပြသခဲ့ကြသလို အသက်နဲ့ဘဝ အပါအဝင် စွန့်လွှတ်မှုပေါင်းများစွာလည်း ပြုလုပ်ခဲ့ကြပါတယ်။ ဒါကို ငြင်းနိုင်ရင် ငြင်းကြစမ်းပါ။

ဒါကြောင့်လည်း ဗမာနိုင်ငံသားတွေနဲ့ ဗမာပြည်က ကျောင်းသားတွေဟာ ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတွေအတွက် သူတို့ပါဝင်ရင် ပါဝင်သလောက်အသိအမှတ်ပြု၊ တန်ဖိုးထားကြပါတယ်။ ကျွန်တော်တို့ ကျောင်းသားလုပ်ငန်းတွေ လုပ်တုန်းကဆိုရင် ငါဟာ အောင်ဆန်း – ဗဟိန်း – အောင်ကျော်တို့ လုပ်ခဲ့တဲ့အလုပ်၊ နေဝင်း မလုပ်ခဲ့တဲ့ အလုပ်ကို ဆက်လုပ်နေတာလို့ ဂုဏ်ယူခဲ့တယ်ဆိုတာ အခုဝန်ခံချင်ပါတယ်။ အာဏာသိမ်းပြီးတာနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို မိုင်းဗုံးနဲ့ခွဲခဲ့တဲ့၊ ကျောင်းသားတွေကို ရာနဲ့ချီသတ်တဲ့ ဗိုလ်နေဝင်းရဲ့ ကျောင်းသားသမဂ္ဂအပေါ် ထားရှိတဲ့ အာဃာတနဲ့ရန်ငြိုးဟာ အဲဒီသမိုင်းကြောင်းနဲ့ တိုက်ရိုက်ဆက်နေတယ်လို့ ပြောနိုင်ပါတယ်။

တဆက်ထဲမှာပဲ နောက်ပိုင်းစစ်ခေါင်းဆောင်တွေကိုလည်း သူတို့ကျောင်းသားဘဝ/တက္ကသိုလ်တုန်းက ဘာများ လုပ်ခဲ့သလဲ၊ သူတို့ခေတ်က ကျောင်းသားလှုပ်ရှားမှုတွေထဲမှာ ပါခဲ့ဖူးသလားလို့ ဆန်းစစ်နေမိပါတယ်။ ပါဝင်ဖူးတဲ့လူ အင်မတန့်ကိုနည်းတာ သတိပြုမိပါတယ်။ ဒီနောက်ပိုင်းကျတော့ စစ်အုပ်စုနဲ့ စစ်တပ်ရဲ့ထိပ်ပိုင်းမှာ ဒီအက်စ်အေတို့၊ အိုတီအက်စ်တို့က ထွက်လာတဲ့ ဗိုလ်တွေချည်းမို့ သူတို့တတွေဟာ သာမန်ကျောင်းသားတွေအပေါ် သံယောဇဉ်စိုးစဉ်းမှမရှိ၊ အာဃာတသာ ရှိတယ်လို့ ကောက်ချက်ဆွဲမိပါတယ်။ သူတို့တတွေက သမဂ္ဂအစဉ်အလာကို အသိအမှတ်ပြု၊ လေးစားဖို့ ဆိုတာကတော့ ဝေလာဝေးပေါ့။

အထက်က အချက်တွေကနေ ဆက်ကောက်ချက်ဆွဲနို်င်တာက ကျောင်းသားသမဂ္ဂဆိုတာဟာ အစဉ်အလာကို ဆက်ခံရတာ ဖြစ်ပါတယ်။ ကိုယ်ထင်သလို ထထောင်လို့ မရပါဘူး။ ကိုယ့်အထက် အဆက်ဆက်က တိုက်ပွဲတွေ၊ ခေါင်းဆောင်တွေ၊ အစဉ်အလာတွေကို အသိအမှတ်ပြုရပါမယ်။ ငါလုပ်မှ သမိုင်းစ’တယ်လို့ထင်ရင် အမှားကြီး မှားပါတယ်။ လွတ်လပ်ရေး ရပြီးတဲ့နောက် ဗမာပြည်သမိုင်း အဆက်ဆက်မှာ အုပ်စိုးသူတွေက အပြိုင်သမဂ္ဂ၊ ကျောင်းသားအဖွဲ့အစည်းတွေ ထူထောင်ဖို့ ကြိုးစားခဲ့တာ အကြိမ်ကြိမ်ပါပဲ။ ဒါပေမဲ့ ဒီနေ့အထိ မအောင်မြင်ပါဘူး။ အဓိကအကြောင်းရင်းကတော့ သူတို့ ထူထောင်တဲ့အဖွဲ့အစည်းတွေဟာ ကျောင်းသားသမဂ္ဂရဲ့အဓိကလက္ခဏာဖြစ်တဲ့ မိဘပြည်သူနဲ့ကျောင်းသားတွေကို ကိုယ်စားပြုခြင်း၊ သူတို့အကျိုးစီးပွားအတွက် တောင်းဆိုတိုက်ပွဲဝင်ခြင်းဆိုတဲ့ လက္ခဏာတွေ လစ်ဟင်းနေလို့ ဖြစ်ပါတယ်။

ဒီတော့ ဆက်ပြောသင့်တာက ကျောင်းသားသမဂ္ဂဆိုတာ လူတယောက်၊ ဒါမှမဟုတ် လူတချို့ကို ပြောတာ မဟုတ်ပါဘူး။ ထို့အတူ တဦးတယောက်၊ ဒါမှမဟုတ် တချို့က အပြောမှား အလုပ်မှားလို့ သမဂ္ဂမှားတယ်လို့ ပြောမရပါဘူး။ ကျောင်းသားသမဂ္ဂဆိုတာ တည်ရှိနေတဲ့ အစဉ်တခု ဖြစ်ပါတယ်။ အောင်ဆန်း – ဗဟိန်း – အောင်ကျော်ဟာ သမဂ္ဂလို့ ပြောမရပေမယ့် ကျောင်းသားသမဂ္ဂလို့ ပြောလိုက်ရင် သူတို့ကိုထည့်ပြောမှ ပြည့်စုံပါတယ်။ သိပ္ပံပညာမှာ ပြောကြတဲ့ အခြေခံအမှုန်လေးတွေ (elementary particles) နဲ့ တူတယ်လို့ ဆိုရပါမယ်။ အရာဝတ္ထုတခုမှာ ပါဝင်တဲ့ အမှုန်လေးတွေရဲ့လှုပ်ရှားမှု၊ အပြန်အလှန်သြဇာသက်မှုကနေ အဲဒီအရာဝတ္ထုရဲ့ဖြစ်တည်မှုကို ပြဋ္ဌာန်းတယ် ဆိုတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ မာ့က်စ်ဝါဒ အဘိဓမ္မာမှာ identity (အဇ္စျတ္တ လက္ခဏာ) ဆိုတာကို တခုချင်းလက္ခဏာနဲ့ တခုလုံးလက္ခဏာ(အနှံ့အပြားလက္ခဏာ)လို့ ပြောတတ်ကြ ပါတယ်။ တခုလုံးလက္ခဏာ (general) နဲ့ တခုချင်းလက္ခဏာ (particular) တို့ကို မရောထွေးဖို့ ဖြစ်ပါတယ်။ ကျွန်တော်ဟာ ဗမာပြည်သားလားဆိုရင် ဟုတ်ပါတယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ ဗမာပြည်သားတိုင်း ကျွန်တော့်အတိုင်းပဲလားလို့ဆိုရင်တော့ မဟုတ်ဘူးလို့ပဲ ပြောရမှာပါ။ အဲဒီလိုပဲ ကျောင်းသားသမဂ္ဂနဲ့ တဦးချင်းရဲ့ဆက်စပ်မှုကို ခွဲလို့ကြည့်၊ တွဲလို့ကြည့်သင့်ပါတယ်။ ဒီလိုပြောလို့ တဦးချင်းရဲ့ထူးခြားချက်၊ ခြားနားချက်လေးတွေကို အသိအမှတ်မပြုရဘူးလို့ မဆိုလိုပါဘူး။ အသိအမှတ်ပြုရပါမယ်။

အလုပ်သမားရှိရင် အလုပ်သမားသမဂ္ဂ၊ လယ်သမားရှိရင် လယ်သမားသမဂ္ဂဆိုတာတွေ ရှိရသလို ကျောင်းသားရှိရင်လည်း ကျောင်းသားသမဂ္ဂဆိုတာ ရှိကိုရှိရပါမယ်။ လောကမှာ သမဂ္ဂမရှိတာဟာ အဝီစိနဲ့ အာဏာရှင်အုပ်စိုးတဲ့ နိုင်ငံသာ ဖြစ်ပါလိမ့်မယ်။ ကျောင်းသားရယ်လို့ တည်ရှိနေရင် အဲဒီကျောင်းသားတွေထဲကပဲ ကျောင်းသားသမဂ္ဂကို ထူထောင်ကြကြောင်း ဗမာပြည်သမိုင်းက ပြခဲ့/နေတယ် မဟုတ်ပါလား။

အဲဒီလို ကျောင်းသားသမဂ္ဂအလံကို ဆက်လက်ကိုင်စွဲခဲ့ကြတဲ့ ဗကသ ကျောင်းသားတွေ သင်္ကြန်မတိုင်ခင်လေးမှာ ပြန်လွတ်လာကြတယ်။ နောက်မကြာခင်မှာပဲ ဖေ့ဘွတ်ခ်လူမှုကွန်ယက်မှာ သူတို့အပေါ် စွပ်စွဲတိုက်ခိုက်မှုမျိုးစုံကို တွေ့လာရတယ်။ ဘယ်လိုလူတွေက ဒီလိုတိုက်ခိုက်နေကြသလဲဆိုတာ ရှင်းပါတယ်။

အခုအချိန်မှာ ဆန့်ကျင်ဖက် စစ်ထောက်လှမ်းရေးတွေက ဖေ့ဘွတ်ခ်လူမှုကွန်ယက်မှာ စွဲချက်တခုတင်လိုက် ဗကသ က ဖြေရှင်းပြလိုက်၊ သူတို့က နောက်ဆွဲချက်တခုတင်လိုက် လုပ်ပြီးတော့နင်းကျိုးနင်းကြွံ အခြေအနေရောက်အောင် တွန်းပို့နေတာ အားလုံးက သိနေပါပြီ။

ဗမာပြည်ရဲ့ဂုဏ်ကို ဒီကျောင်းသားတွေနဲ့ ကျောင်းသားသမဂ္ဂတွေက ဂုဏ်ပြောင်စေတာဖြစ်သလို ဒီနိုင်ငံနဲ့ ဒီပြည်သူတွေကလည်း ဒီကျောင်းသားတွေနဲ့ သမဂ္ဂတွေရှိနေတာကို ဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုအချိန်အထိ ဗကသ လျှောက်နေတဲ့လမ်းဟာ မှန်နေဆဲ ဖြစ်ပါတယ်။

(လာမယ့် ၂၀၁၇ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာ ကျရောက်မယ့် သခင်ဗဟိန်းရဲ့ အသက်တရာပြည့်မွေးနေ့ကို ဒီဆောင်းပါးနဲ့ ဂုဏ်ပြုအပ်ပါတယ်။)

အရေးတော်ပုံဂျာနယ် အတွဲ (၂) အမှတ် (၄)


AYDB2-4