Monthly Archives: January 2014

အာရှအထည်ချုပ်အလုပ်သမားများ

ကမ္ဗောဒီးယားမှာ အထည်ချုပ်လုပ်ငန်း အလုပ်သမားတွေ သပိတ်မှောက်ကြပြန်ပါပြီ။ အထည်ချုပ်လုပ်ငန်းဆိုတော့ အားလုံးသိကြတဲ့အတိုင်း အမျိုးသမီးက ပိုများပါတယ်။ အမျိုးသားတွေလည်း မပါတော့ မဟုတ်။ တော်တော်ပါကြပါတယ်။

အခုသပိတ်ဟာ မကြာသေးခင်က ရပ်သွားတဲ့ ဆန္ဒပြပွဲကြီးရဲ့ အဆက်ပါ။ ပြီးခဲ့တဲ့ဆန္ဒပြပွဲကြီးမှာ တနိုင်ငံလုံးရှိ စက်ရုံပေါင်း ၅၀၀ လောက်က အထည်ချုပ်လုပ်သား ၃ သိန်းလောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ လမ်းပေါ်တက်ပြီး ဆန္ဒပြတောင်းဆိုကြတာပါ။

အဓိက တောင်းဆိုကြတဲ့ အချက်က အနိမ့်ဆုံးလစာ တလကို ဒေါ်လာ ၁၆၀ ရရှိရေးပါ။ ဗမာငွေ ကျပ်နဲ့ တွက်ကြည့်ရင် တသိန်းခွဲကျော်လောက် ရှိပါလိမ့်မယ်။ လက်ရှိရကြတဲ့ လစာက ပျမ်းမျှ တလကို ဒေါ်လာ ၈၀ ကျော် ပတ်ဝန်းကျင်ရှိပါတယ်။ ကျပ်ငွေ ၈ သောင်း ဝန်းကျင်ဆိုပါတော့။ ဒီတော့ လစာ နှစ်ဆတိုးမြှင့်ရေး တိုက်ပွဲလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အစိုးရက သတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံးလစာက ဆန္ဒမပြခင်မှာ ၆၁ ဒေါ်လာ ဖြစ်ပါတယ်။ ကျပ်ငွေနဲ့ဆိုရင် ၆ သောင်းကျော်ပါ။

ကျွန်တော်တို့ ဗမာပြည်နဲ့ နှိုင်းယှဉ်ကြည့်ရင် တော့ မဆိုးသေးဘူးလို့တောင် ဆိုရမလို ဖြစ်နေတယ်။ ဗမာပြည်မှာက အနိမ့်ဆုံးလစာ သတ်မှတ်ပေးဖို့ တကြော်ကြော်အော်ဟစ် တောင်းဆိုနေကြတာကိုတောင် အစိုးရက လုပ်မပေးချင်လို့ ခုထိ နေ့ရွှေ့ညရွှေ့ လုပ်နေကြသေးတာလေ။ ဒါတောင် ဗမာပြည်က အလုပ်သမားတွေ တောင်းဆိုနေကြတဲ့ အနိမ့်ဆုံးလစာက သိပ်များလှတာ မဟုတ်ဘူး။ တောင်းဆိုနေတာကိုက ၅ သောင်းလောက်ပဲ ရှိသေးတာ။ ဒီတော့ ကမ္ဗောဒီးယားမှာ ဆန္ဒမပြခင် အခြေအနေမှာကိုက လက်ရှိဗမာပြည်မှာ မရနိုင်သေးလို့ တောင်းဆိုတိုက်ပွဲဝင်နေကြတာထက်တောင် အပုံကြီးသာနေသေးတယ်လို့ ဆိုရမှာပါ။

ကမ္ဗောဒီးယား အကြောင်းကို ဆက်ရရင်တော့ အလုပ်သမားထုဘက်က ဆန္ဒပြတဲ့ အင်အားသိပ်များပြီး တိုက်ပွဲကလည်း အရှိန်ရလာတဲ့အခါ အစိုးရဘက်က မလွဲသာ မရှောင်သာ တဖြည်းဖြည်း လိုက်လျောလာပါတယ်။ အနိမ့်ဆုံးလစာကို ဒေါ်လာ ၈၀ ကျော်သတ်မှတ်ပေးမယ်လို့ လိုက်လျောပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေဘက်က လက်မခံနိုင်ကြပါဘူး။

နောက်ဆုံးမှာတော့ အစိုးရက သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲပါတယ်။ အနည်းဆုံး လူ ၄ ယောက်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ တချို့ကလည်း ဒဏ်ရာရသူ အရေအတွက်ဟာ ၄၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ ဒဏ်ရာ ပြင်းထန်လို့ ဆေးရုံတက် ဆေးကုသမယ့်သူတွေကို ဆေးကုမပေးဖို့ တားမြစ်ခံရလို့လည်း ဒေါသ အကြီးအကျယ် ထွက်ကြပါတယ်။

ဒီလို ပဋိပက္ခတွေ ဖြစ်ပြီးနောက်မှာတော့ အစိုးရက အနိမ့်ဆုံးလစာကို တလ ဒေါ်လာ ၁၀၀ အထိ သတ်မှတ်ပေးဖို့ သဘောတူလိုက်ပါတယ်။ ကျပ်နဲ့ဆိုရင် တလ တသိန်းပေါ့။
ဒါကပြီးခဲ့တဲ့ နောက်ဆုံးဆန္ဒပြပွဲ အခြေအနေပါ။ အလုပ်သမားတွေဘက်ကတော့ သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲလို့ အားမတန်လို့သာ မာန်လျှော့လိုက်ရတယ်။ ကျေနပ်ပုံမရဘူး။ ဒါ့ကြောင့်လည်း အခု သပိတ်ဆက်မှောက်ကြပြန်ပါတယ်။ ဒါပေမဲ့ ဒီတခါက သပိတ်ပါ။ လမ်းပေါ်ထွက်ဆန္ဒပြတာတော့ မဟုတ်ဘူး။ စက်ရုံထဲဝင်ပြီးမှ အလုပ်မလုပ်ကြဘဲ ထိုင်သပိတ် ဆင်နွှဲနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် တနှစ်အတွင်းမှာတင် ကမ္ဗောဒီးယားမှာ အထည်ချုပ်အလုပ်သမားတွေ ဆန္ဒပြတာ သပိတ်မှောက်တာ ၁၃၁ ကြိမ်ရှိပါတယ်။ အလုပ်သမားတွေဘက်က ဒီလောက်တောင် တောင်းဆိုကြဆန္ဒပြနေကြတာဟာ တကယ်ကို မစားလောက်လို့ဆိုတာ တွက်ဆလို့ရနိုင်ပါတယ်။ ဘယ်သူမှ အားအားယားယား အလကားနေရင်း အသေမခံပါဘူး။

အမေရိကန် ဥရောပနိုင်ငံတွေမှာတော့ မြို့လယ်လမ်းမကြီးတွေမှာ ဆိုင်ကြီး ကန္နားကြီးတွေဖွင့်ပြီး အက်ဒီးဒပ်စ် တို့၊ ဂျီအေပီတို့၊ နိုက်ကီတို့ ဆိုတဲ့ အဝတ်အထည်တွေ ရှူးဘိနပ်တွေကို လှလှပပကြီးပြသ ရောင်းချကြပါတယ်။ ဒီအထည်တွေ ဒီအဝတ်တွေရဲ့နောက်မှာ သွေးတွေ ၊ ချွေးတွေ ဘယ်လောက်တောင် စွန်းပေနေတယ်ဆိုတာတော့ လူအများက သိကြမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဗမာပြည်မှာလည်း ဒီလိုပါပဲ။ လူငယ်တွေကြားမှာ branded မှဆိုတဲ့ ရောဂါ မွေးမြူပေးထားတော့ အဝတ်ချင်းတူရင်တောင် အဲဒီ တံဆိပ်ကလေးတွေအတွက် ဈေးကြီးပေးဝယ်ကြ ကြွားကြဝါကြပါတယ်။ ဒါပေမဲ့ အဲဒီအဝတ်တွေမှာ သွေးစွန်းနေကြပါကလားရယ်လို့တော့ ဘယ်သူမှ တွေးမိကြမယ်မထင်ဘူး။

ကမ္ဗောဒီးယားမှာ အထည်ချုပ်ကုမ္ပဏီအများစုက အမေရိကန်နဲ့ ဥရောပက ကုမ္ပဏီကြီးတွေပါ။ သူတို့က ကမ္ဗောဒီးယားကို ရွေးပြီးလာကြတာကလည်း အကြောင်းရှိပါရဲ့။ တခြား မဟုတ်ပေဘူး။ လုပ်ခဈေးချိုလို့ပါ။ အသေအချာ တွေးကြည့်ရင် အရင်းရှင်စနစ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ၊ ၃၀၀ နဲ့ အခုနဲ့ ဘာမှ သိပ်မကွာလှသလိုပါပဲ။ အရင်တုန်းကလည်း သယံဇာတလိုချင်လို့ ရောက်လာကြတယ်။ အမြတ်အစွန်း ရှာဖွေကြတယ်။ လုပ်ခ ဈေးချိုလို့ ခိုင်းစားတယ်။ အမြတ်အစွန်း ရှာဖွေကြတယ်။ အခုလည်း ဒါပါပဲ။ အဓိကက အမြတ်အစွန်းပါပဲ။ ကွာတာကတော့ အရင်တုန်းက အရင်းရှင်ကြီးကိုယ်စား အစိုးရတွေက လက်နက်တွေယူလာပြီး ကိုယ်တိုင် သေနတ်ကိုင် အုပ်ချုပ်တယ်။ အခု အဲသလို မလုပ်တော့ဘူး။ အဲသလို မလုပ်တော့ဘူးဆိုတော့ အရင်းရှင်ကြီးတွေအတွက် သေနတ်ကိုင် အုပ်ချုပ်နှိမ်နင်းပေးမယ့်သူ မရှိတော့ဘူးလို့တော့လည်း မထင်လိုက်ပါနဲ့။ ရှိဆဲရှိမြဲပါ။ နိုင်ငံခြားသား အစိုးရနေရာမှာ တိုင်းရင်းသား အစိုးရတွေက အရင်းရှင်ကြီးတွေကိုယ်စား သေနတ်ကိုင် ဖိနှိပ် အုပ်ချုပ်ပေးနေကြရတာပါ။ ခုခေတ် ကိုလိုနီစနစ်က အရင်တုန်းက ကိုလိုနီစနစ်ထက် တွက်ချေကိုက်လှပါတယ်။ အုပ်ချုပ်ရေး စရိတ်တွေ မလိုတော့ဘူးလေ။ အမျိုးသားရေးအခြေခံတဲ့ တော်လှန်ပုန်ကန်မှုတွေကို ခေါင်းခံဖြေရှင်းစရာလည်း မလိုတော့ဘူးလေ။ သူတို့အစား လုပ်ပေးမယ့် သူတို့ကိုယ်စားလှယ် တိုင်းရင်းသား အစိုးရတွေ ရှိနေပြီကိုး။

တိုင်းရင်းသား အစိုးရတွေကတော့ ပြောကြတာပါပဲ။ ကိုယ့်လူမျိုး၊ ကိုယ့်အစိုးရ၊ ကိုယ့်မင်းကိုယ့်ချင်း ဖြစ်သွားကြပြီ။ ဒါဟာ အရင် တိုင်းတပါး အစိုးရထက် အများကြီးသာတယ်လို့ ပြောကြတာပဲ။ ပြောမှာပေါ့။ သူတို့က အုပ်ချုပ်ရတဲ့သူကိုး၊ သူတို့က ဗိုလ်ကျရတဲ့သူကိုး။ ဒါပေမဲ့ အလုပ်သမား လယ်သမား နင်းပြားဆိုတဲ့သူတွေ အဖို့ရာမှာတော့ ဖိနှိပ်တဲ့ အစိုးရ သေနတ်နဲ့ ပစ်တဲ့ အစိုးရဟာ နှာခေါင်းရှည်ကြီးဖြစ်ဖြစ် နှာခေါင်းတိုလေးတွေဖြစ်ဖြစ် ဘာမှ တယ်မထူးလှပါဘူး။ အရင်းရှင်အစိုးရက အရင်းရှင် အစိုးရပါပဲ။ ကိုယ်တွေက ခံရတာက ခံရတာပါပဲ။ ကိုယ်လူမျိုးချင်းကဆော်လို့ ခံရတာ နည်းနည်းပိုအရသာထူးတယ်လို့ မရှိပါဘူး။

ကမ္ဗောဒီးယားဖြစ်စဉ်ကိုပဲကြည့်။ အမေရိကန်အရင်းရှင်ကြီးတွေ၊ ဥရောပအရင်းရှင်ကြီးတွေရဲ့ မျက်နှာကို ကြည့်ပြီး တိုင်းရင်းသားအစိုးရက ဘာလို့များ လစာတိုးမပေးရေးကို တွယ်ကပ်ကာကွယ်နေကြတာလဲ။ ကမ္ဗောဒီးယားက လုပ်ခဈေးချိုတယ် ဆိုတာလေးကို ထိန်းထားချင်လို့ပါ။ မျက်နှာဖြူသခင်ကြီးတွေကို ဟေ့မင်းတို့ဆီက ကျွန်တွေ သိပ်ဈေးကိုင်နေရင် မခိုင်းနဲ့၊ ငါတို့ဆီက ကျွန်တွေကို ဈေးပေါပေါနဲ့ လာခိုင်းလှည့်လို့ ပြောချင်လို့ပဲ။ ကမ္ဗောဒီးယားမှာ အထည်ချုပ်လုပ်ငန်းကနေ ရနေတဲ့ ဝင်ငွေက တနှစ် ဒေါ်လာ သန်း ၅ ထောင် ရှိတယ်လေ။ ဒီရင်းနှီးမြှုပ်နှံမှုတွေ ဒီနိုင်ငံမှာ တည်မြဲနေဖို့ အရေးကြီးတယ်လေ။ ဒါတွေ တည်မြဲမှာ အုပ်ချုပ်သူတွေ ဝင်ငွေ ကောင်းကောင်းရမှာပေါ့။ ဒီဝင်ငွေတွေရမှာ အာဏာတည်မြဲကြမှာပေါ့။ ဒီတော့ လုပ်ခတိုးတောင်းနေတဲ့ ကိုယ့်လူမျိုးဘက် မရပ်ဘဲ၊ လုပ်ခကပ်စေးနှဲတဲ့ အရင်းရှင်လူဖြူကြီးတွေဘက် ရပ်တာ ဘာဆန်းသလဲ။

အုပ်ချုပ်တဲ့ ကိုယ့်လူမျိုးအစိုးရ ဆိုးလေ၊ အလုပ်သမားတွေရဲ့ အခြေအနေ ပိုဆိုးလေပါပဲ။ ဘင်္ဂလားဒေ့ရှ်မှာဆိုရင် ပိုတောင်ဆိုးပါသေး။ မနှစ်က ဖြစ်သွားတဲ့ ရာနာပလာဇာ ပြိုကျမှုကြီးကိုပဲကြည့်။ “အလုပ်ခွင်အခြေအနေ သိပ်ဆိုးပါတယ်၊ အဆောက်အအုံကြီးက မကောင်းတော့ပါဘူး” ပြောတဲ့ အလုပ်သမားတွေကို ရာဇသံပေးပြီး အလုပ်ဆင်းခိုင်းပါတယ်။ အလုပ်မဆင်းရင် အလုပ်ထုတ်ပစ်မတဲ့။ နောက်ဆုံးကျတော့ အသက်ပါ ပေးလိုက်ရပါရောလား။ ပလာဇာပြိုကျမှုကြီးမှာ လူပေါင်း တထောင်ကျော် သေခဲ့ပါတယ်။

လစာကျတော့လည်း ၂၀၁၃ စက်တင်ဘာမှာ သိန်းနဲ့ချီတဲ့ ဆန္ဒပြပွဲကြီးတွေ ဖြစ်ပြီးနောက် နိုဝင်ဘာကျမှ တိုးပေးလိုက်တာက အထည်ချုပ်တွေရဲ့ အနိမ့်ဆုံးလစာဟာ ၆၈ ဒေါ်လာတဲ့။ ကျပ်နဲ့ဆို ၇ သောင်းနီးပါးပေါ့။ ဒါပေမဲ့လည်း အလုပ်ရှင်တွေရဲ့ ၄၀ ရာနှုန်းက အနိမ့်ဆုံးလစာ မီအောင်မပေးဘဲထားပြီး စည်းကမ်း ချိုးဖောက်ကြပါတယ်။ ထုံးစံအတိုင်း အုပ်ချုပ်သူ အစိုးရက အလုပ်ရှင်ဘက်ကဆိုတော့ တရားစွဲလို့ မရ၊ အရေးဆိုလို့ မရ၊ တိုင်လို့မရ၊ တောလို့မရပေါ့။ နောက်ဆုံးမခံနိုင်လို့ လမ်းပေါ်တက် ဆန္ဒပြရင်တော့ ဆန္ဒပြသူကို အဆိုးပြောပြီး သေနတ်နဲ့ ပစ်ဦးမယ်။
ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းက ဒေါ်လာ ဘီလျံ ၂၀ ပမာဏရှိတဲ့ စီးပွားရေးပါ။ ကမ္ဗောဒီးယားထက် အများကြီးကြီးပါတယ်။ အလုပ်သမားတွေဘဝကလည်း အများကြီး ပိုဆိုးပါပေရဲ့။

ဒီမိုကရေစီနိုင်ငံကြီးဆိုတဲ့ အိန္ဒိယရော ဘာများထူးသလဲ။ အထည်ချုပ်အလုပ်သမားတွေဟာ တနေ့ကို အလုပ်ချိန် ၁၀ နာရီ ပျမ်းမျှ လုပ်ကြရတယ်။ အဲသလောက်လုပ်မှ ရတဲ့လစာက တနေ့ ၃ ဒေါ်လာတဲ့။ ကျပ်နဲ့ဆိုရင် သုံးထောင်ပေါ့။ ဗမာပြည်နဲ့ နှိုင်းစာရင်တော့ မဆိုးဘူးဆိုစရာပေါ့။ ဗမာပြည်ထက်ကတော့လည်း အားလုံးက သာနေသလိုပါပဲ။ ဒါပေမဲ့ လူချင်းတူတူသူချင်းမျှမျှတော့ မဟုတ်သေးဘူး။ အိန္ဒိယမှာဆိုရင် အမျိုးသမီးတွေရဲ့ အလုပ်ပါလားရယ်လို့လည်း ခွဲခြားမနေနိုင်ကြတော့ဘူး။ အမျိုးသားတွေလည်း ဒီအထည်ချုပ်အလုပ်မှာ ရရာဝင်လုပ်ကြရတော့တာပဲ။ ဒီကြားထဲ ပိုဆိုးလိုက်ပုံက အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကိုပါ ခိုင်းလိုက်ကြသေးပါတယ်။

ဒီတိုင်းပြည်တွေမှာ ဖြစ်နေကြတာတွေကို ကျွန်တော်တို့ သင်ခန်းစာယူကြရပါလိမ့်မယ်။ သူတို့က ရှေ့ကသွားကြသူတွေ၊ ကျွန်တော်တို့က နောက်ကလိုက်ကြရမယ့်သူတွေပါ။ ကျွန်တော်တို့ အလုပ်သမားတွေကိုလည်း ပြည်တွင်းပြည်ပ ပေါင်းပြီး ညီညီညာညာ အရေခွံခွာဖို့ ပြင်နေပါပြီ။ ကျွန်တော်တို့ ပိုဆိုးနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့အစိုးရဟာ သူတို့အစိုးရတွေထက် ပိုဆိုးလို့ပါ။

တချို့လူတွေက နိုင်ငံရေးကို သူ့တိုင်းပြည်နဲ့ ကိုယ့်တိုင်းပြည်ဆိုပြီး နယ်နမိတ်အခြေခံနဲ့ ကြည့်ကြတယ်။ ဒါ့ကြောင့်လည်း ပထမကမ္ဘာစစ်ကြီးမှာ ဂျာမန်ဆိုရှယ်လစ်တွေက အဖနိုင်ငံတော်အတွက်ဆိုပြီး အရင်းရှင်အစိုးရအကြိုက် လက်တွဲပြီး ပြိုင်ဘက်နိုင်ငံတွေနဲ့ စစ်ဝင်တိုက်တာမျိုး ဖြစ်ခဲ့ဖူးတယ်။ တချို့လူတွေကျတော့လည်း နိုင်ငံရေးကို လူမျိုးရေး၊ ဘာသာရေးအခြေခံနဲ့ ကြည့်ကြတယ်။ ကိုယ့်လူမျိုးကိုယ့်ဘာသာမှ ကောင်းတယ် ထင်ကြတယ်။ နာဇီ၊ ဖက်ဆစ်ဝါဒီတွေက ဒါကိုလှုံ့ဆော်ပြီး အာဏာရယူကြတယ်။

ကျွန်တော်တို့ ကွန်မြူနစ်တွေကတော့ နိုင်ငံရေးကို လူတန်းစားအမြင်နဲ့ ကြည့်ပါတယ်။ အဖိနှိပ်ခံအလုပ်သမား၊ လယ်သမားလူတန်းစားတွေဘက်က ရပ်တည်တယ်။ ဖိနှိပ်အုပ်ချုပ်သူ အရင်းရှင်၊ မြေရှင်လူတန်းစားတွေကိုဆိုရင် ဆန့်ကျင်တယ်။ အလုပ်သမား၊ လယ်သမား အဖိနှိပ်ခံလူတန်းစားဆိုရင် အမေရိကန်ကအလုပ်သမား ဖြစ်ဖြစ် ၊ အာရပ်က အလုပ်သမားဖြစ်ဖြစ်၊ အာဖရိကက အလုပ်သမားဖြစ်ဖြစ် ဒေသမရွေး၊ နိုင်ငံမရွေးဘူး၊ အဖိနှိပ်ခံ အလုပ်သမားတွေဘက်က ရပ်တည်တယ်။ အရင်းရှင်ဆိုရင်လည်း အမေရိကန် အရင်းရှင်ပဲဖြစ်ဖြစ် ၊ အာရပ်အရင်းရှင်ပဲဖြစ်ဖြစ်၊ အာဖရိက အရင်းရှင်ပဲ ဖြစ်ဖြစ် ဒေသ၊ နိုင်ငံ၊ လူမျိုးမရွေး ဆန့်ကျင်တယ်။

ဒါ့ကြောင့် ကမ္ဗောဒီးယား အထည်ချုပ်အလုပ်သမားအရေးဟာ ကိုယ်နဲ့ မဆိုင်တဲ့ အရေးမဟုတ်။ ကိုယ်နဲ့ ဆိုင်တဲ့ အရေး။ တချိန်မှာ ကိုယ်တိုင်ရင်ဆိုင်လာရမယ့် အရေးလို့သာ ဆိုချင်ပါတယ်။

ကမ္ဘာပြားပြီလား

၂၀၀၅ ခုနှစ်မှာ ထွက်လာတဲ့ သောမတ်စ်ဖရိုက်မန်းရဲ့ “ကမ္ဘာပြားပြီ” ဆိုတဲ့စာအုပ်ဟာ ရောင်းအကောင်းဆုံးစာရင်းဝင်ခဲ့တယ်။ ဒီစာအုပ်မှာ ကမ္ဘာကြီးဟာ စီးပွားကုန်သွယ်ရောင်းဝယ်မှုမှာ တပြေးညီကစားကွင်းကြီး ဖြစ်သွားပြီလို့ သူက အဆိုပြုထားတယ်။ အင်တာနက်ချိတ်ဆက်မှုတွေ တဖြည်းဖြည်းတိုးပွားလာပြီမို့ ကမ္ဘာကြီးရဲ့ ဘယ်နေရာကမဆို ဒီကစားကွင်းကြီးထဲမှာ ၀င်ပါကစားနိုင်ပြီလို့ ဆိုပါတယ်။ ကမ္ဘာပြားရခြင်းအကြောင်းအဖြစ် အချက် (၁၀) ချက် တင်ပြတယ်။ ဘာလင်တံတိုင်းပြိုသွားတဲ့ အချက်ကလွဲပြီး ကျန်တာတွေက အင်တာနက်ဆက်သွယ်မှုနဲ့ သက်ဆိုင်တာတွေချည်း ဖြစ်ပါတယ်။

အခုလည်း အမှုဆောင်အရာရှိကြီးတွေ၊ ဥပဒေပြုအမတ်တွေနဲ့ စွန့်ဦးတီထွင်အရင်းရှင်ကြီးတွေက “တိုးပြီးချိတ်ဆက်မိလာတဲ့ ကမ္ဘာကြီးအကြောင်း” အမြှုပ်တစီစီထအောင် ပြောနေကြတာကို ကြားနေရပါတယ်။ သူတို့မပြောကြတာကတော့ ကမ္ဘာကြီးချိတ်ဆက်မိနေတဲ့ သူတွေဆိုတာ အင်တာနက်ဘရော့ဘင်ဖိုး တတ်နိုင်သူတွေသာ ဖြစ်တယ်ဆိုတာပါပဲ။
ဆင်းရဲတဲ့နိုင်ငံတွေ အသာထားပြီး ကမ္ဘာ့အချမ်းသာဆုံး၊ ရှေ့တန်းအရောက်ဆုံး အမေရိကန်နိုင်ငံကိုပဲ ကြည့်ရအောင်ပါ။ အမေရိကန်ရှိ အိမ်ထောင်စုစုပေါင်းရဲ့ ၄၆% ဟာ တနှစ်ဝင်ငွေ ဒေါ်လာ ၃၀,၀၀၀ အောက်ပဲရှိပြီး ပုံမှန်အင်တာနက် မတပ်ဆင်ထားနိုင်ကြပါဘူး။ အင်တာနက်ပုံမှန်မရှိတာကြောင့် အိမ်စာလုပ်ဖို့၊ အလုပ်လျှောက်ဖို့၊ အလုပ်လက်မဲ့ခံစားခွင့်နဲ့ ရိက္ခာထောက်ပံ့ရေးစတဲ့ အစိုးရစီမံကိန်းတွေ လျှောက်ဖို့တောင် ခက်ကြပါတယ်။

အရှေ့ဟာလင် (East Harlem) က ၁၉ နှစ် အရွယ် အထက်တန်းကျောင်းသူလေး ဘာလ်ဂိုဘင်ဟာ အိမ်မှာ ကိုယ်ပိုင်ကွန်ပျူတာမရှိသလို အင်တာနက်လည်း မသုံးနိုင်ပါ။ ကျောင်းမှာပဲ ကွန်ပျူတာသုံးတယ်။ အင်တာနက်သုံးဖို့လိုတဲ့ အိမ်စာလုပ်ဖို့ကျတော့ စာကြည့်တိုက်ကို အားကိုးရပါတယ်။ စာကြည့်တိုက်တွေမှာက ကွန်ပျူတာနဲ့အင်တာနက်ကို အလကားအသုံးပြုခွင့်ရတယ်။
ဒီလို အင်တာနက်သုံးဖို့ စာကြည့်တိုက်တွေကို အားကိုးနေရသူဟာ သူတယောက်တည်း မဟုတ်ပါ။ စာကြည့်တိုက်ဟာ စာအုပ်တွေ လာဖတ်တဲ့နေရာအတွက်သာ မဟုတ်တော့ဘဲ ကွန်ပျူတာနဲ့ အင်တာနက်လာသုံးကြတဲ့ နေရာလည်း ဖြစ်လာနေပါပြီ။ ၂၀၁၃ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ ပူး (Pew) စစ်တမ်းအရ ကွန်ပျူတာနဲ့အင်တာနက် အလကားသုံးခွင့်ရတာဟာ စာကြည့်တိုက်တွေရဲ့ “အလွန်အရေးကြီးတဲ့” ၀န်ဆောင်မှုဖြစ်တယ်လို့ ၇၇% က ဖြေကြားခဲ့တယ်။

ဒါဟာ ရှေ့တန်းအရောက်ဆုံးနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်နိုင်ငံက အချက်အလက်တွေ ဖြစ်ပါတယ်။ ဗမာပြည်အပါအ၀င် ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ ပိုဆိုးပါတယ်။ ဟင်ဒူသတင်းစာ (The Hindu) ရဲ့ ကျေးလက်ရေးရာ အယ်ဒီတာဖြစ်သူ ပီဆိုင်းနတ်က ဖရိုက်မန်းကို ဝေဖန်တဲ့ စကားလေးနဲ့ပဲ အဆုံးသတ်ပါရစေ။ “ပြားသွားတာက ‘ကမ္ဘာကြီး’ မဟုတ်ပါဘူး။ ပြားသွားတာက သောမတ်စ် ဖရိုက်မန်းရဲ့ ‘ဦးဏှောက်’ ပါ” တဲ့။

ရည်ညွှန်း – theguardian.com, Monday 6 January 2014

ဆီယက်တဲလ်မြို့တော်ကောင်စီဝင် အရွေးခံရတဲ့ ဆိုရှယ်လစ်

အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့တော်ကောင်စီဝင်အဖြစ် ဆိုရှယ်လစ်တဦးဖြစ်တဲ့ ကာရှာမာ ဆာဝမ့် (Kshama Sawant) ရွေးကောက်ခံရပါတယ်။ ၁၈၇၇ ခုနှစ်တုန်းကလည်း ဆီယက်တဲလ်မှာပဲ ဆိုရှယ်လစ်အဖြစ် ၀င်အရွေးခံတဲ့ အေဒဗလျူပိုက်ပါဆိုသူဟာ မြို့တော်ကောင်စီဝင်အဖြစ် အရွေးခံရဖူးတယ်။ အခု နှစ်ပေါင်း ၁၀၀ ကျော်ပြီးနောက်မှာ ဆိုရှယ်လစ်တဦး ထပ်အရွေးခံရတာ ဖြစ်ပါတယ်။

ကာရှာမာဟာ အိန္ဒိယနိုင်ငံ လူလတ်တန်းစား မိသားစုက မွေးဖွားလာသူ ဖြစ်ပါတယ်။ မွမ်ဘိုင်းမြို့မှာ ကြီးပြင်းခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ မွမ်ဘိုင်းတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံနဲ့ ဘွဲ့ရခဲ့တယ်။ မိုက်ခရိုဆော့ဖ်ကုမ္ပဏီမှ အင်ဂျင်နီယာဖြစ်သူ ဗီဗက်ခ်နဲ့ အိမ်ထောင်ကျပြီးနောက် အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်တယ်။ အမေရိကန်ရောက်ပြီးနောက်မှာ ကွန်ပျူတာသိပ္ပံပညာကို စွန့်လွှတ်လိုက်ပြီး စီးပွားရေးပညာကို ပြောင်းလဲလိုက်စားခဲ့တယ်။ စီးပွားရေးမညီမျှမှုပြဿနာတွေကို အဖြေရှာချင်တာကြောင့်လို့ ဆိုပါတယ်။ မြောက်ကာရိုလိုင်းနားတက္ကသိုလ်မှ စီးပွားရေးပါရဂူဘွဲ့ ရခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ ဆီယက်တယ်လ်ကို ပြောင်းလာတယ်။ နောက် ဆိုရှယ်လစ်ရွေးလမ်း (Socialist Alternative) အဖွဲ့မှ စည်းရုံးရေးမှူးတယောက်ရဲ့ စည်းရုံးမှုနဲ့ အဖွဲ့ဝင်ဖြစ်လာတယ်။ ၂၀၁၀ မှာ အမေရိကန်နိုင်ငံသားခံယူတယ်။

သူ့ရဲ့သဘောထား အယူအဆကို မှန်းဆနိုင်ဖို့အတွက် မြို့တော်ကောင်စီဝင်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သူပြောခဲ့တဲ့ မိန့်ခွန်းထဲက အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

“ကျွန်မ ဆိုရှယ်လစ်တံဆိပ်ကို ဂုဏ်ယူစွာနဲ့ တပ်ဆင်ထားပါတယ်။”

“ဆီယက်တဲလ်မြို့တော်ကို စိုးမိုးထားတဲ့ စူပါသူကြွယ်ကြီးတွေနဲ့ မဟာကော်ပိုရေးရှင်းကြီးတွေဟာ ဒီမြို့က မဟာအမြတ်အစွန်းတွေ ရရှိနေကြတယ်။ အဲဒီအချိန်မှာ လုပ်သားပြည်သူတွေ၊ အလုပ်လက်မဲ့တွေနဲ့ ဆင်းရဲသားတွေမှာတော့ နေ့စဉ်နဲ့အမျှ အခက်အခဲတွေ ပိုကြီးလာနေတယ်။ အိမ်ခန်းခတွေက မိုးထိအောင် မြင့်မားလာနေတယ်။ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စတာတွေဟာ သူတို့အတွက် လက်လှမ်းမမီဖြစ်နေတယ်။ ဒါဟာ ဆီယက်တဲလ် တမြို့တည်းမှာ ဖြစ်နေတာ မဟုတ်ပါဘူး။ လူသားသမိုင်းမှာ အချမ်းသာဆုံးနိုင်ငံဖြစ်တဲ့ ကျွန်မတို့နိုင်ငံမှာ ရှက်ဖွယ်လိလိ ပြည်သူသန်းငါးဆယ်ဟာ – ခြောက်ယောက်တိုင်းမှာ တယောက် – ဆင်းရဲတွင်းနက်နေကြတာ ဖြစ်ပါတယ်။”

“ဒါတွေကို ပြောင်းလဲပစ်ဖို့ဆိုရင် ကိုယ့်အားကိုယ်ကိုးတဲ့ အလုပ်သမားတွေနဲ့ လူငယ်တွေရဲ့ စည်းရုံးလှုပ်ရှားမှုတွေ လိုနေပါပြီ”

“ဆိုရှယ်လစ်ရွေးလမ်းအဖွဲ့ထဲက ကျွန်မနဲ့ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ ပိုမိုကောင်းမွန်တဲ့ကမ္ဘာကြီးအတွက် တိုက်ပွဲဝင်လိုသူတိုင်းနဲ့ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်သွားဖို့ အသင့်ပါပဲ။ ဒါပေမဲ့ လုပ်သားပြည်သူတွေအနေနဲ့ နိုင်ငံရေးပါတီအသစ်တရပ် လိုအပ်ပါတယ်။ အလုပ်သမားလူတန်းစားက သူတို့ကိုယ်တိုင် စီမံခန့်ခွဲပြီး သူတို့ပဲ တာဝန်ခံတဲ့ လူထုအဖွဲ့အစည်းတရပ် လိုအပ်ပါတယ်။ သူတို့ရဲ့အကျိုးစီးပွားတွေအတွက် တိုက်ပွဲဝင်မယ့်ပါတီတရပ်၊ အကျပ်အတည်းတွေ ပြွမ်းတီးနေတဲ့စနစ်နေရာမှာ အစားထိုးမယ့် စနစ်တရပ်အတွက် ရဲဝံ့စွာရပ်ခံသွားမယ့် ပါတီတရပ် လိုအပ်ပါတယ်။”

“မဟာစီးပွားရေးလုပ်ငန်းကြီးတွေရဲ့ အစီအစဉ်တွေကို ခုခံတွန်းလှန်ဖို့ အသင့်ရှိနေတဲ့ ဆီယက်တဲလ်နဲ့ နိုင်ငံတ၀ှမ်းက ပြည်သူတိုင်းကို ကျွန်မ ပန်ကြားလိုပါတယ်။ စည်းရုံးစုစည်းကြပါ။ စီးပွားရေးနဲ့လူမှုရေး တရားမျှတမှုအတွက်၊ လူ့အဖွဲ့အစည်းရဲ့အရင်းအမြစ်တွေကို လက်တဆုပ်စာလူနည်းစုလေးရဲ့ လောဘအလိုဖြည့်ဖို့မဟုတ်ဘဲ ပြည်သူတရပ်လုံးအကျိုးရှိရှိ အသုံးပြုနိုင်မယ့် ဒီမိုကရက်တစ်ဆိုရှယ်လစ် အပြောင်းအလဲတရပ်အတွက် လူထုလှုပ်ရှားမှုကြီးဖော်ထုတ်နိုင်ဖို့ ကျွန်မတို့နဲ့ လာပူးပေါင်းကြပါ။ သွေးစည်းကြပါစို့။”

ဒါတွေကတော့ သူ့ရဲ့မိန့်ခွန်းထဲက ကောက်နုတ်ဖော်ပြတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်သူတွေဟာ ဒီမိုကရက်နဲ့ရီပတ်ဘလီကန်ပါတီ ၂ ခုက လွှမ်းမိုးခြယ်လှယ်နေတဲ့ နိုင်ငံရေးစနစ်ကို ညည်းငွေ့စိတ်ပျက်နေကြပြီ ဖြစ်ပါတယ်။ ဒီ ၂ ပါတီလုံးက ဘယ်သူတွေအကျိုးကို ကိုယ်စားပြုနေတယ်ဆိုတာကိုလည်း နားလည်သဘောပေါက်နေကြတယ်။ မကြာသေးမီက ကောက်ယူခဲ့တဲ့စစ်တမ်းတခုအရ ဒီမိုကရက်နဲ့ ရီဘတ်ပလီကန်တွေနေရာမှာ အစားထိုးနိုင်မယ့် နိုင်ငံရေးစနစ်တရပ်ကို အမေရိကန် ၆၀ ရာခိုင်နှုန်းက အလိုရှိကြတယ်လို့ သိရပါတယ်။

ကမ္ဘာ့အလုပ်သမားတိုက်ပွဲသတင်း

ဗီယက်နမ် ဆမ်ဆောင်းကုမ္ပဏီက အဓိကရုဏ်း

ဇန်နဝါရီလ ၉ ရက်နေ့မှာ ဗီယက်နမ် ယင်ဘန် စက်မှုဇုံရှိ ဆမ်ဆောင်း မိုလ်ဘိုင်းဖုန်းစက်ရုံမှာ အဓိကရုဏ်း တစ်ခု ဖြစ်ပွားခဲ့တယ်။ ဟနွိုင်းမြို့ မြောက်ဖက် ၆၀ ကီလိုမီတာအကွာမှာ တည်ရှိတဲ့ အဲ့ဒီစက်ရုံမှာ ဖုန်းတပ်ဆင်သူနဲ့ ထုတ်လုပ်သူ အလုပ်သမား တစ်သောင်းကျော် အလုပ်လုပ်ပါတယ်။ လုံခြုံရေးအစောင့်တွေက အလုပ်သမားတချို့ကို စက်ရုံထဲကို အစားအသောက်မယူဖို့ ပြောရာကနေ ရန်ဖြစ်ကြတာလို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြကြတယ်။ မျက်မြင်တွေ ပြောတာကတော့ အစောင့်တစ်ယောက်က အလုပ်သမားတစ်ယောက်ကို သတိမေ့တဲ့အထိ ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီအဓိကရုဏ်းမှာ အလုပ်သမား ၁၁ ဦး ထိခိုက်ဒဏ်ရာရပြီး ၅ ဦးက စိုးရိမ်ရပါတယ်။ အစောင့်တွေရဲ့ မော်တော်ဆိုင်ကယ် ၁၀ စီး နဲ့ ကွန်တိန်နာ ၃ စီး မီးရှို့ဖျက်ဆီးခံရပါတယ်။
ထိုင်ငုယင် မြို့နယ်ပြည်သူ့ကော်မတီဥက္ကဌ ဒွန်နောက်လောင်က အဓိကရုဏ်းမှာပါဝင်တဲ့သူတွေကို ဥပဒေအရ အရေးယူမယ်၊ နောင်မှာ အလားတူအဖြစ်မျိုး မဖြစ်အောင် ကာကွယ်သွားမယ်လို့ ကြေညာသွားပါတယ်။ မျက်မြင်သက်သေ အင်ဂျင်နီယာ တစ်ဦးက နှစ်လအတွင်း အစောင့်တွေနဲ့ အလုပ်သမားတွေ ခိုက်ရန်ဖြစ်ပွားတာ အနည်းဆုံး ၅ ခါလောက်ရှိတယ်၊ အစောင့်တွေက အလုပ်သမားမှတ်ပုံတင်ကဒ် မေ့ကျန်တဲ့ အလုပ်သမားတွေကို အတင်းအကျပ် အိမ်ပြန်ယူခိုင်းတာတွေ လုပ်တယ်လို့ ထန်နိယန် သတင်းစာကို ပြောခဲ့တယ်။
ဗီယက်နမ်အစိုးရရဲ့ အလျော့ပေးလိုက်လျောတဲ့ အစီအမံတွေ နဲ့ လုပ်ခဈေးချိုတာကြောင့် ဆမ်ဆောင်း၊ အင်တဲလ်၊ နိုကီယာစတဲ့ အဆင့်မြင့်နည်းပညာကုမ္ပဏီတွေက ဗီယက်နမ်သို့လာရောက်ပြီး ပြောင်းရွှေ့ထုတ်လုပ်မှု လုပ်လာတာ ဖြစ်ပါတယ်။

တောင်ကိုးရီးယား ကိုရေးလ် မီးရထား အလုပ်သမားသပိတ်

တောင်ကိုးရီးယား မီးရထားအလုပ်သမားသမဂ္ဂ (KRWU) နဲ့ ကိုးရီးယား သမဂ္ဂများအဖွဲ့ချုပ်(KCTU) တို့ ဦးဆောင်ပြီး ကိုရေးလ်မီးရထားအလုပ်သမား ၈၀၀၀ ကျော်ဟာ ကိုရေးလ်မီးရထားလုပ်ငန်းကို ပုဂ္ဂလိကပိုင် မပြုလုပ်ရန် ၂၀၁၃ ဒီဇင်ဘာ ၉ ရက်မှာ ရုတ်ချည်း သပိတ်မှောက်ခဲ့ကြတယ်။ ၉ ရက်ကနေ ၃၀ ရက်ထိ ၂၂ ရက်ကြာတယ်။ ဒီတပတ်အတွင်းမှာ (KRWU) ခေါင်းဆောင် ၁၆ ဦး ရဲစခန်းသို့ သွားရောက်အဖမ်းခံခဲ့ပါတယ်။ ကျန် အဓိကခေါင်းဆောင် ၁၃ ဦးကတော့ ပုန်းနေဆဲပါ။ သမဂ္ဂ ခေါင်းဆောင်တွေကို ဥပဒေနဲ့မညီတဲ့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့အတွက် တရားရုံးက ဝရမ်းထုတ်ထားပါတယ်။

ကိုရေးလ်က ဆိုးလ်ကို ဖြတ်ပြီး ဆူဆော့ နဲ့ ဘူစန်ကို ကျည်ဆန်ရထားပြေးဆွဲရေး အစီအစဉ်ကို သီးခြားကုမ္ပဏီတစ်ခုကို လုပ်ခွင့်ပေးလိုက်တာနဲ့ ပတ်သက်ပြီး သပိတ်စတင် ဖြစ်ပွားခဲ့တာပါ။ အလုပ်သမားတွေက ဒါကို ပုဂ္ဂလိကပိုင်လုပ်ဖို့ ကြိုးစားတာလို့ ဝေဖန်ပါတယ်။ ပုဂ္ဂလိကပိုင်ဖြစ်သွားရင် ၀န်ဆောင်မှုတွေ ညံ့ဖျင်းမယ်၊ ရထားခတွေ ဈေးတက်ပြီး အလုပ်ပြုတ်တာတွေ များလာမယ်လို့ အလုပ်သမားတွေက စိုးရိမ်ကြတာ ဖြစ်ပါတယ်။

(KRWU) နဲ့ (KCTU) တို့ ဦးဆောင်ပြီး ရုတ်တရက်သပိတ်မှောက်မှုက ဘာမှဖြစ်မလာပါဘူး။ ကိုရေးလ်က သူ့ရဲ့အစီအစဉ်ကို မရုပ်သိမ်းတဲ့အပြင် သပိတ်ကြောင့် နစ်နာကြေးအဖြစ် အလုပ်သမား သမဂ္ဂတွေကို ဒေါ်လာ ၁၄ မီလီယံ လျော်ကြေးရလိုမှုနဲ့ တရားပြန်စွဲဆိုဖို့ စီစဉ်နေပါတယ်။ သပိတ်မှာ ပါဝင်တဲ့ အလုပ်သမား ၇၇၉၀ ကို အပြစ်ပေးအရေးယူမယ်လို့လည်း စီမံအုပ်ချုပ်သူတွေက ဆိုပါတယ်။

တောင်ကိုရီးယား လက်လီဆိုင်မှာ နာရီဝက်လုပ်ခ ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ ဘူဆန်၊ ဆွန်ချီယွန်၊ အင်ချီယွန်မြို့တွေမှာရှိတဲ့ ဟုမ်းပလပ်စ် ဆူပါမားကက်ရဲ့ အချိန်ပိုင်း အလုပ်သမားတွေဟာ တရားဝင် အလုပ်ချိန် နာရီဝက် တိုးမြှင့်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုနေကြပါတယ်။

ကိုရီးယား အလုပ်သမား ဥပဒေသတ်မှတ်ချက်အရ အလုပ်ဆိုင်း တခုရဲ့ အလုပ်ချိန်ဟာ ၈ နာရီ ဖြစ်ပါတယ်။ အဲဒီ ဂ နာရီ အလုပ်ဆိုင်းအတွက် အလုပ်သမားခံစားခွင့်တွေလည်း သတ်မှတ်ထားပါတယ်။

အဲဒီခံစားခွင့်တွေ မပေးချင်တဲ့ ဟုမ်းပလပ်စ်ကတော့ သူ့ရဲ့ အရောင်းဝန်ထမ်းတွေ၊ ငွေကိုင်တွေကို အလုပ်ချိန် ၇ နာရီခွဲသာ သတ်မှတ်ပေးပြီး ထမင်းစားချိန် တနာရီနားခွင့်နဲ့ တခြားအခွင့်အရေးတွေကိုလည်း ငြင်းဆန်နေတဲ့အတွက် အခုလို ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ကမ္ဗောဒီးယား ဆရာများသပိတ်မှောက်၊ သမဂ္ဂခေါင်းဆောင်ကို အစိုးရကဖမ်း

ဖနွမ်းပင်နဲ့ အနီးနဲ့ အနီးနားမြို့တွေမှာ ဆရာတွေ သပိတ်မှောက်ခဲ့ပြီးနောက် လွတ်လပ်သော ကမ္ဗောဒီးယား ဆရာများ အစည်းအရုံးရဲ့ ဥက္ကဌ ရွန်ချွန်းကို အာဏာပိုင်တွေက ဇန်နဝါရီလ ၆ ရက်နေ့က ဖမ်းဆီးထားခဲ့ရာမှာ အခုထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပါတယ်။

ဆရာတွေရဲ့ လစာကို တလ ၇၅ ဒေါ်လာကနေ တလ ၂၅၀ ဒေါ်လာအထိ လစာတိုးမြှင့်ပေးဖို့ သပိတ်မှောက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
လွတ်လပ်သော ကမ္ဗောဒီးယား ဆရာများ အစည်းအရုံး CITA မှာ အဖွဲ့ဝင် တသောင်းရှိပါတယ်။ ဆရာများ အစည်းအရုံး ဥက္ကဌ ရွန်ချွန်းဟာ ကမ္ဗောဒီးယား သမဂ္ဂများ အဖွဲ့ချုပ်ရဲ့ ဥက္ကဌလည်းဖြစ်ပြီး ဇန်နဝါရီလ ၂ ရက်နေ့က အထည်ချုပ်အလုပ်သမား သပိတ်ကို အာဏာပိုင်တွေက ဖြိုခွဲနှိမ်နင်းခဲ့ရာမှာ အလုပ်သမား လေးယောက်သေဆုံးခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး သူ့ကို ဖနွမ်းပင် တရားရုံးမှာ လာရောက်အမှုရင်ဆိုင်ဖို့ တရားရုံးက ဆင့်ခေါ်ခံထားရသူလည်း ဖြစ်ပါတယ်။

ကမ္ဗောဒီးယား အထည်ချုပ်အလုပ်သမား သပိတ်မှာ စက်ရုံပေါင်း ၅၀၀ ကျော်က အလုပ်သမား ၃ သိန်းပါဝင်ခဲ့ပြီး လစာတိုးမြှင့်ရရှိရေးအတွက် ၁၅ ရက်ကြာ သပိတ်မှောက်ခဲ့တာဖြစ်ပါတယ်။
အခု အလုပ်သမားသပိတ်က သပိတ်လှန်သွားပါပြီ။ ဆရာများသပိတ်ကတော့ ရွန်ချွန်းကို ဖမ်းဆီးထားတဲ့ အတွက် ရက်အကန့်အသတ်မရှိ ဆက်လက် သပိတ်မှောက်နေပါတယ်။

အမေရိကန်မှာ စားသောက်ကုန် အလုပ်သမားတွေ သပိတ်မှောက်

အမေရိကန်ပြည်ထောင်စု မက်ဒေါ်နယ် ဘာဂါ၊ ကေအက်ဖ်စီ ကြက်ကြော် အပါအဝင် အသင့်စား အစားအသောက်ဆိုင်တွေမှာ အလုပ်လုပ်ကြတဲ့ အလုပ်သမားတွေက မြို့ကြီးတွေမှာ ဆန္ဒပြပွဲတရာ စည်းရုံးပြုလုပ်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၅ ရက် ကြာသပတေးနေ့မှာ တပြိုင်တည်း ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

စားသောက်ဆိုင်တွေမှာ အလုပ်လုပ်ကြသူ အများစုဟာ သားသမီး မိသားစုတွေရှိကြတဲ့ လူကြီးတွေဖြစ်ကြပြီး သူတို့ရတဲ့ လစာကတော့ ပျမ်းမျှ တနာရီ ၉ ဒေါ်လာသာ ဖြစ်တဲ့အတွက် ရတဲ့ လစာဟာ သူတို့ဝမ်းစာအတွက် ဘယ်လိုမှ မလုံလောက်ကြပါဘူး။ သူတို့ဟာ အစိုးရကပေးတဲ့ လူမှုဖူလုံရေး ထောက်ပံ့ကြေးအပေါ်မှီခိုပြီး အသက်ရှင်ကြရပါတယ်။
အခုသတ်မှတ်ထားတဲ့ အနိမ့်ဆုံးလစာ တနာရီ ၇ ဒေါ်လာနဲ့ ၂၅ ဆင့်ကို တနာရီ ၁၅ ဒေါ်လာအထိ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတာ လပေါင်း အတန်ကြာမြင့်ခဲ့ပြီလည်း ဖြစ်ပါတယ်။ဒါပေမဲ့ အခုချိန်ထိ လိုက်လျောမှု မရှိသေးသလို ညှိနှိုင်းပြေလည်မှုလည်း မရှိသေးပါဘူး။

အမေရိကန် သတ္တုဗူးကုမ္ပဏီ အလုပ်သမား ၁၀၀ သပိတ်မှောက်

ကယ်လီဖိုးနီးယားပြည်နယ် မိုဒက်စ်တိုမှာရှိတဲ့ ဆေလ်ဂန် သတ္တုဗူး ကော်ပိုရေးရှင်းပိုင် စက်ရုံမှာ အလုပ်သမား ၁၀၀ လောက်က စက်ရုံထဲက မထွက်ဘဲ သော့ခတ်ဆန္ဒပြခဲ့ကြပါတယ်။ ၂ နှစ်ကျော်ကြာ လစာ မတိုးမြှင့်ပဲထားတဲ့ စီမံခန့်ခွဲသူတွေရဲ့ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ ခရစ္စမတ်အကုန်မှာ ပြင်ဆင် မပေးခဲ့တဲ့ အတွက် အခုလို သပိတ်မှောက်ခဲ့ကြတာ ဖြစ်ပါတယ်။အလုပ်သမားတွေက လစာ ၁ ရာနှုန်း တိုးမြှင့်ပေးဖို့ တောင်းဆိုကြပါတယ်။

ကုမ္ပဏီဟာ ကျနော်တို့ဆီကနေ အလုပ်ချိန်ပိုတွေခိုင်းပြီး အမျိုးမျိုးညှစ်ယူနေတာ များလှပြီလို့ အလုပ်သမား ရောဘတ် ဟယ်ရီဆန်က ပြောပါတယ်။ ကျနော်တို့အနေနဲ့ နောက်ပြန်ဆုတ်မှာ မဟုတ်ဘူးဆိုတာကို ဆေလ်ဂန် ကုမ္ပဏီကို အသိပေးချင်ပါတယ်လို့ သူက ဆက်ပြောပါတယ်။

မိုဒက်စ်တိုမှာ ဆေလ်ဂန်ပိုင် စက်ရုံ ၃ ရုံရှိပြီး ရေးဗားဘဏ်မှာ နောက်တရုံ ရှိပါတယ်။ တခြားစက်ရုံတွေက အလုပ်သမားတွေဟာ သူတို့ထက် တနာရီ လုပ်ခ ၂ ဒေါ်လာ ပိုရကြပါတယ်။
ဆေလ်ဂန် သတ္တုဗူးစက်ရုံဟာ မြောက်အမေရိကမှာ အကြီးဆုံး သတ္တုဗူး စက်ရုံဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ အမြင့်ဆုံး အမြတ်အစွန်း စံချိန်တင်နိုင်ခဲ့ပါတယ်။

ဗိုလ်သန်းရွှေ အမွေဆက်ခံတဲ့ ကာချုပ်မိန့်ခွန်း

၂၀၁၃ နိုဝင်ဘာလက အုပ်ချုပ်မှုမွမ်းမံသင်တန်းဆင်းပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောတဲ့ မိန့်ခွန်းဆိုတာ ဖတ်လိုက်ရတယ်။
မိန့်ခွန်းအစမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အရင်ဆုံးတိုင်တည်သစ္စာပြုတာ တွေ့လိုက်ရပါတယ်။

တပ်တည်ဆောက်ရေး တာဝန်ကြီးလေးရပ်ဆိုတာကို ပြောပါတယ်။ တပ်ကိုစစ်အုပ်စုတခုတည်းရဲ့ ခါးပိုက်ဆောင် တပ်ဖြစ်မြဲဖြစ်နေအောင် ချမှတ်ထားတဲ့ တာဝန်လေးရပ် ဖြစ်နေတာတွေ့ရတယ်။ တပ်ကိုသက်သာချောင်ချိရေးနဲ့ တည်ဆောက်ရမယ်လို့ ပါတယ်။ လူထုအပေါ် အဲဒီလုပ်ပေးဖို့ စေတနာတော့ ဖော်ပြသံ မကြားဖူးဘူး။ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်တို့လက်ထက်က စခဲ့တဲ့ ဒီအက်စ်အိုင်လို တပ်သက်သာချောင်ချိရေး အစီအစဉ်တွေမှာ နောက်ဆုံးတော့ ထိပ်ပိုင်းအရာရှိတွေပဲ ချောင်လည် သူဌေးဖြစ်သွားတာတွေ တွေ့ခဲ့ရတယ်။ ဒီနေ့ဆိုရင် ပိုဆိုးတယ်။
“တပ်ကိုစိတ်ဓာတ်နဲ့ တည်ဆောက်”ဆိုတာလည်းပါရဲ့။ ဘာစိတ်ဓာတ်မှန်းမသိ။ ဘီလူးစိတ်လား၊ မုဒိမ်းစိတ်လား။

စစ်သားတွေ အပြင်မှာ ဆိုက္ကားနင်းနေရတာတွေ၊ အငှားဆိုင်ကယ်မောင်းစားနေရတာတွေကို ၀မ်းပမ်းတနည်းပြောသွားတယ်။ ဒါပေမဲ့ စစ်သားတွေ လုယက်နေတာတွေ၊ စစ်ဗိုလ်တွေ ဘဏ်ဓားပြတိုက်တာတွေ မပြောဘူး။ ထိပ်သီးသားသမီးတွေ ဗမာပြည်ရဲ့ လူ့မလိုင်ခဲ ဖြစ်နေတာတွေ မပြောဘူး။

တိုင်းပြည်ဆင်းရဲတာရဲ့အကြောင်းရင်း ပြည်တွင်းစစ်တခုတည်းကို ပုံချထားတယ်။ စစ်အစိုးရတွေ အသုံးမကျတာ၊ စစ်တပ်ထိပ်သီးတွေနဲ့ သူတို့ခရိုနီတွေ ကိုယ်ချမ်းသာဖို့ ဇောင်းပေးလုပ်နေတာတွေကိုတော့ မပြောဘူး။

“ငြိမ်းချမ်းရေးယူတာ ကြောက်လို့ယူတာ မဟုတ်ဘူး”တဲ့။ ဒါပြောဖို့ လိုသလား။ ဒါမှမဟုတ် ခြိမ်းခြောက် သတိပေးနေတာလား။ “ဘယ်သောင်းကျန်းသူကိုမှ မတိုက်နိုင်စရာ အကြောင်းလည်း မရှိဘူး၊ မတိုက်ရဲစရာ အကြောင်းလည်း မရှိဘူး” လို့လည်း ဆိုပါတယ်။ ဒါဖြင့် သူတို့အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးဟာ သူတို့ဘက်က ဘယ်လောက်ရိုးသားမှု ရှိသလဲ။

နောက်ဆုံးမှာ“ငြိမ်းချမ်းရေးဆိုတာ အာဏာခွဲဝေပေးဖို့ မဟုတ်ဘူး”လို့ တွေ့ရတယ်။ တကယ်ပြောချင်တာက အခု သူတို့ပြောနေတဲ့ ဒီမိုကရေစီဆိုတာရော၊ ရွေးကောက်ပွဲဆိုတာရော အာဏာခွဲဝေဖို့ မဟုတ်ဘူး၊ အာဏာကို စစ်တပ်လက်ထဲမှာ ထားသွားမယ်ဆိုတာပဲ။

ရွေးကောက်ပွဲကော်မရှင်ရောက် စစ်တပ်ကမိုးကျရွှေကိုယ်တွေ

ရွေးကောက်ပွဲကော်မရှင်ရောက် စစ်တပ်ကမိုးကျရွှေကိုယ်တွေ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ လက်ထောက်ညွှန်မှူးအဆင့် အရာရှိကြီးတွေအဖြစ် တာဝန်ထမ်း ဆောင်ဖို့ စစ်ဘက်အရာရှိ ၆၀ ဦးကို တာဝန်ပေးခန့်ထားလိုက်တယ်ဆိုတဲ့ သတင်းကို ကော်မရှင်က ထုတ်ပြန်ခဲ့တာ တွေ့လိုက်ပါတယ်။

ဒါကို မေးမြန်းကန့်ကွက်သံတွေ ထွက်လာတော့ ၀န်ကြီးဌာနအသီးသီးကို ၀န်ထမ်းတွေလွှဲပြောင်းပေးဖို့ တောင်းခံရာမှာ ဘယ်ဝန်ကြီးဌာနကမှ မပေးဘဲ ကာကွယ်ရေးဝန်ကြီးဌာနကသာ ပေးခဲ့လို့ အခုလိုခန့်အပ်ခဲ့ရတာ ဖြစ်တယ်လို့ ကော်မရှင်က ဖြေရှင်းတာလည်း တွေ့လိုက်ရပါတယ်။

ဒါဘယ်က မြစ်ဖျားခံခဲ့သလဲ ဆိုတာကို ပြန်လည်လေ့လာကြည့်တဲ့အခါ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွေမှာ မဲစာရင်း မမှန်ကန်တာတွေ၊ မဲရေတွက်ရာ မဲရုံစောင့်ရာတွေမှာ မသမာမှုတွေ ပေါ်ပေါက်ခဲ့တာကို ရွေးကောက်ပွဲဝင်ပါတီများက ကန့်ကွက်ခဲ့ရာက စခဲ့တာကို တွေ့ရပါတယ်။ ဒီတော့ ကော်မရှင်ဥက္ကဋ္ဌကြီးက ဒီလိုဖြစ်ရတာတွေဟာ ကော်မရှင်မှာ ကိုယ်ပိုင်ဝန်ထမ်းပြည့်ပြည့်စုံစုံမရှိလို့၊ အခြားဝန်ထမ်းအဖွဲ့အစည်းတွေကို အကူအညီတောင်းလုပ်ကိုင်ခဲ့ရလို့ ဖြစ်ရတာလို့ဆိုပြီး ဆင်ခြေပေးပါတယ်။ အခု ဒီဆင်ခြေကိုသုံးပြီး မိုးကျရွှေ ကိုယ်တွေကို ကော်မရှင်ရဲ့ ရှေ့တန်းတိုက်စစ်မှူးတွေအဖြစ် ထုတ်သုံးတော့မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဆိုတာ ဗဟိုမှာသာ အမြဲတမ်းအလုပ်ရှိနေတာဖြစ်ပြီး ကျန်တဲ့အဖွဲ့ခွဲတွေ အောက်အဆင့်တွေမှာ ရွေးကောက်ပွဲကျင်းပချိန်မှသာ အလုပ်ရှိတာဖြစ်လို့ တလျှောက်လုံး အခြားဝန်ထမ်းအဖွဲ့အစည်းတွေ (အထူးသဖြင့် ထွေအုပ်ဝန်ထမ်းတွေ) ကိုသုံးပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။ နု-အက်တလီ စာချုပ်က စကြည့်ရင် အဲဒီအချိန် ကျင်းပရမယ့် တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကိုတောင် ၁၉၃၅ မြန်မာနိုင်ငံဥပဒေ (1935 Government of Burma Act) မှာပါတဲ့ ရွေးကောက်ပွဲစက် (electoral machinery/apparatus) ကိုသာ အသုံးပြုရမယ်လို့ ပြဌာန်းခဲ့ပါတယ်။ အစဉ်အဆက်လည်း ရွေးကောက်ပွဲအရာရှိ (Returning Officer) တွေ အဖြစ် ပြည်ထဲရေး လက်အောက်ခံ ထွေအုပ်လို့ အတိုခေါ်ကြတဲ့လူသိများတဲ့ ဂျီအေ (General Administration) ကသာ တာဝန်ယူခဲ့တာ တွေ့ရပါတယ်။

တိုင်းမင်းကြီးက တိုင်းရွေးကောက်ပွဲအရာရှိ၊ ခရိုင်ဝန်က ခရိုင်ရွေး ကောက်ပွဲအရာရှိ၊ မြို့ပိုင် နယ်ပိုင်တွေက သူတို့သက်ဆိုင်ရာ မြို့နယ်တွေက ရွေးကောက်ပွဲ အရာရှိ အဖြစ်နဲ့သာ တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ မဲရုံတာဝန်ကျ အဖြစ်နဲ့ကတော့ အခြေခံပညာ ဦးစီးဌာန လက်အောက်ခံ ဆရာ ဆရာမတွေကသာ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ မဆလ ခေတ်မှာတောင် သက်ဆိုင်ရာ ပြည်သူ့ကောင်စီ အဆင့်ဆင့်က ရုံးအဖွဲ့မှူးတွေက ဒီတာဝန်ကို ထမ်းဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုဘာကြောင့် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်မှာ ကိုယ်ပိုင်ဝန်ထမ်းတွေ ခန့်ထားပြီး တိုင်းပြည်ဘဏ္ဍာငွေကို ဖြုန်းတီးဖို့ လိုအပ်ပါသလဲ။ ထွေအုပ်ဝန်ထမ်းတွေကို မယုံရဘူးဆိုရအောင်ကလည်း ဒီဌာနက ဦးစီးအရာရှိအများစုဟာ တပ်ထွက်တွေချည်း ဖြစ်ပါတယ်။ သေချာတာကတော့ ရွေးကောက်ပွဲကော်မရှင်ဟာ ခြေမမြဲလက်မြဲဆိုသလို ကြံစည်လာတာပဲ ဖြစ်ပါတယ်။ သူတို့ကြံ့ဖွတ်ပါတီ အနိုင်ရရေး၊ နိုင်ရင်လည်း နိုင်ရမယ် ရှုံးရင်လည်း နိုင်ရမယ် လမ်းကိုလိုက်ဖို့ ဆင်ကြံကြံလာတာသာဖြစ်ဖို့ ရှိပါတယ်။ ယခင်ရွေးကောက်ပွဲများတုန်းက မသမာမှုတွေ လုပ်ခဲ့ရာမှာ နာမည်အကြီးအကျယ်ပျက်ခဲ့တဲ့ ရပ်ကျေးဥက္ကဋ္ဌများဟာ ကြံ့ဖွတ်ပါတီဝင်တွေ ရပ်ကွက်လူမိုက် စွမ်းအားရှင်တွေ ဖြစ်ခဲ့တာကြောင့် ပါတီများနဲ့ လူထုက ၀ိုင်းဝန်းကန့်ကွက်ကြလို့ အခု ရွေးကောက်ပွဲနဲ့ ရွေးကောက်တင်မြှောက်ရမယ်လို့ လုပ်နေချိန်မှာ မိုးကျရွှေကိုယ်အသစ်တွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဒါကိုဒီအတိုင်းလက်ပိုက်ကြည့်မနေကြဘဲစစ်အုပ်စုရဲ့အကြံယုတ်ကိုကာကွယ်တားဆီးဖို့ သက်ဆိုင်ရာ နိုင်ငံရေးပါတီများနဲ့လူထုအခြေပြုအဖွဲ့အစည်း များ၊ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များက ၀ိုင်းဝန်းလုပ်ဆောင်သင့်ကြပါတယ်။ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ဟာ ရွေးကောက်ပွဲဆိုင်ရာ မှုခင်းတွေမှာ တရားစီရင်ရေး အာဏာကိုပါ ရရှိထားသူတွေ၊ သူတို့ဆုံးဖြတ်ချက်ကို အရပ်ဖက်တရားရုံးမှာ အယူခံခွင့်မရှိတဲ့ စေတလုံးပိုင်သူတွေ ဖြစ်တာကိုလည်း မမေ့သင့်ပါ။ ရွေးကောက်ခံရရင်တောင် သူတို့လက်ထဲမှာ အဖြေဟာ အချိန်မရွေး ပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်။

ဘာမှန်းဘယ်သူမှ မသိရတဲ့ စာချုပ်တွေ

ဘာမှန်းဘယ်သူမှ မသိရတဲ့ စာချုပ်တွေ

ခုတလောမြစ်ဆုံစီမံကိန်းပြန်စဖို့ လှုပ်ရှားနေတယ်ဆိုတဲ့သတင်းတွေ ပြန်ထွက်လာပါတယ်။ သက်ဆိုင်ရာ တရုတ်ကုမ္ပဏီဘက်ကလည်း သတင်းစာရှင်းလင်းပွဲတွေ ဘာတွေလုပ်ပြီး သူတို့ဘက်က ဘယ်လို လူမှုရေးဆိုင်ရာ တာဝန်ယူမှု တွေလုပ်ထားတယ်ဆိုတာ အခုတလောခေတ်စားနေတဲ့ CSR (corporate social responsibility) ကိုသုံးပြီး ပြောသွားတာလည်း ကြားလိုက်ရပါတယ်။ တချိန်က အငြင်းအခုံအကြီးအကျယ် ဖြစ်ခဲ့ရတဲ့ ပတ်ဝန်းကျင် ထိခိုက်မှုကိစ္စ EIA (Environment Impact Assessment) ဆိုတာကိုတော့ သိပ်အကျယ်တ၀င့်ပြောသံ မကြားလိုက်ရပါဘူး။ တချိန်တည်းဖြစ်ခဲ့တဲ့ SIA (Social Impact Assessment) ဆိုတာကိုသာ ခေတ်စားနေတဲ့ စကားလုံးအသစ်နဲ့ ပြန်ပြောသွားတာ ဖြစ်ပါတယ်။

တချိန်တည်းမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဘော်တပိုင်းလို့ပြောရမဲ့ Global Times သတင်းစာကလည်း တရုတ်နိုင်ငံအနေနဲ့ ယခင်စစ်အစိုးရဟောင်းနဲ့ စီးပွားရေးစာချုပ်တွေ ချုပ်ရာမှာ လာဘ်ပေးမှုတွေလုပ်ခဲ့ကြောင်း ၀န်ခံထားတာလည်း တွေ့လိုက်ရပါတယ်။

လူထုကတော့ ဒီတရားမျှတမှုမရှိ၊ တဖက်သတ်လူမသိသူမသိ ချုပ်ဆိုခဲ့တဲ့စာချုပ်တွေကို အသိအမှတ်မပြုဘဲ မြစ်ဆုံစီမံကိန်းလို အရေးကြီးစာချုပ်ကို အပြီးတိုင်ဖျက်သိမ်းဖို့၊ ဧရာဝတီကို လောဘဇောတိုက်နေသူတွေ လက်ထဲက ကယ်တင်ဖို့နဲ့ မြစ်ဝှမ်းတလျှောက်နေထိုင်ကြတဲ့ ပြည်သူတွေ ထမင်းလုပ်မပျောက်ရေးကိုသာ စိတ်ဝင်စားကြပါတယ်။ ဒီအတွက်သာ တစိုက်မတ်မတ် တောင်းဆိုနေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဒီမြစ်ဆုံစာချုပ်ကို ဖျက်သိမ်းမယ်ဆိုရင် ဘယ်လောက် ကိုယ့်ဘက်က လျော်ကြေးပေးရမယ်၊ ဘယ်လောက် ထိခိုက်နစ်နာမယ်ဆိုတာသိမှ ဖြစ်မယ်လို့ ပြောသံလည်း ကြားလိုက်ပါတယ်။ သူကိုယ်တိုင်ဥက္ကဋ္ဌလုပ် ကိုင်တွယ်ခဲ့တဲ့ လက်ပံတောင်းစုံစမ်းစစ်ဆေးရေး ကော်မရှင်မှာတောင် စာချုပ်ကို သူတဦးတည်းသာ ဖတ်ရှုခဲ့ရတယ်။ ကျန်အဖွဲ့ဝင်တွေ ဖတ်ရှုခွင့်မရခဲ့ဘူးလို့ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒီချုပ်လွှတ်တော် ကိုယ်စားလှယ်က ပြောခဲ့ဖူးပါတယ်။

ဒါတွေဟာ စီးပွားရေးဆိုင်ရာစာချုပ်တွေသာ ဖြစ်ပါတယ်။ တိုင်းပြည်ကာကွယ်ရေးလို နိုင်ငံခြားရေးလို အများအသိ မခံနိုင်လောက်အောင် လျှို့ဝှက်ထားရမဲ့စာချုပ်တွေလည်း မဟုတ်ပါဘူး။ လျှို့ဝှက်ထားရမယ်ဆိုရင်လည်း ဘာလို့လဲဆိုတဲ့ အကြောင်းပြချက်ကို ပြည်သူတွေ သိခွင့်ရှိပါတယ်။ တရုတ်သတင်းစာက ၀န်ခံထားသလို လာဘ်ပေးမှုတွေ အကြီးအကျယ်ပြုလုပ်ခဲ့လို့ လူသိမခံဝံ့တာဆိုရင်တော့ ထိုယူခဲ့သူတွေကိုသာ အပြစ်ပေးပြီး တာဝန်ယူစေသင့်ပါတယ်။ လူထုက ကြားကင၀က်ဒဏ်ခံရတယ်ဆိုတဲ့ အဖြစ်မျိုးတော့ မဖြစ်သင့်ပါ။

ဒီတော့ န၀တ နအဖ လက်ထက် တပည့်တပန်းခရိုနီတသိုက်နဲ့ပေါင်းပြီး တိုင်းပြည်လက်ညှိုးထိုးရောင်းခဲ့တဲ့ စာ ချုပ်စာတမ်းတွေ၊ တဘက်သတ်ချုပ်ဆိုခဲ့တဲ့ တရားမျှတမှုမရှိတဲ့စာချုပ်တွေ အားလုံးကို ပြည်သူလူထု သိခွင့်ရှိရေး တောင်းဆိုသင့်ကြပါတယ်။ နအဖ လက်ထက် နောက်ဆုံးအချိန် အပြေးအလွှားလုပ်ခဲ့တဲ့ ပုဂ္ဂလိကပိုင်လုပ်ရေး ခေါင်းစဉ်အောက်က နိုင်ငံပိုင်စက်ရုံအလုပ်ရုံ၊ မြေ၊ အဆောက်အဦတွေကို သူခိုးဈေးနဲ့ ခရိုနီတွေနဲ့ပေါင်း ရိုက်စားလုပ်ခဲ့တာတွေ အားလုံးကိုလည်း ဖော်ထုတ်ဖို့လိုပါတယ်။

လက်ရှိအစိုးရအနေနဲ့လည်း ဒါတွေဟာ အရင်အစိုးရလက်ထက်က လုပ်ခဲ့တာတွေပါလို့ ထမင်းရေပူလျှာလွှဲ မလုပ်သင့်ပါ။ လက်ရှိသမ္မတဟာ နောက်ဆုံးအစိုးရရဲ့ တာဝန်အရှိဆုံးဝန်ကြီးချုပ်ဆိုတာကိုလည်း မမေ့သင့်ပါ။ အနိမ့်ဆုံးအားဖြင့်တော့ လက်ရှိလွှတ်တော်ကို အသိပေးတင်ပြ အတည်ပြုချက်ယူတာတွေ လုပ်သင့်ပါတယ်။ လွှတ်တော်က ပြည်သူ့ကိုယ်စားလှယ်များအနေနဲ့လည်း ဒီကိစ္စတွေကို တွန်းတွန်းတိုက်တိုက် ဆောင်ရွက်သင့်ကြပါတယ်။

ဒါကြောင့် ဒီမတရားစာချုပ်တွေ ပြည်သူလူထုသိခွင့်ရရေး၊ အသိအမှတ်မပြုရေးကို လွှတ်တော်တွင်း လွှတ်တော်ပ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်သင့်ကြောင်း တင်ပြလိုက်ရပါတယ်။