



၂၀၂၆ ခုနှစ်အတွက် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ နှစ်သစ်ကူးသဝဏ်လွှာ
(ဗမာပြည် အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများနဲ့ ဗမာပြည်တော်လှန်ရေးအဖွဲ့အစည်းအသီးသီးသို့)
ပဒေသရာဇ်ခေတ်လွန်မှသည် ဒီကနေ့အထိ နှစ်ပေါင်း ၁၀၀ ကျော် ဗမာပြည် ပြည်သူတွေဟာ စစ်နဲ့တော်လှန်ရေးကို ဖြတ်သန်းလာခဲ့ရတယ်။ ဒီ ဗမာပြည် ပြည်သူလူထုကြီးဟာ ၂၀၂၅ ခုနှစ်ကိုလည်း စစ်နဲ့တော်လှန်ရေးကို ဖြတ်သန်းရင်း ကျော်လွှားလာခဲ့ပါပြီ။ ပြည်သူများဟာ မင်းအောင်လှိုင် စစ်အုပ်စုရဲ့ ဗမာပြည်တဝန်း ရက်ရက်စက်စက် ဗုံးကြဲသတ်ဖြတ်မှုကို အလူးအလဲ အံကြိတ်ခံစားရင်းက တဖက်မှာ လည်း ၂၀၂၁ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကြီးကို လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း အားလုံးနဲ့အတူ ဒူးမထောက်စတမ်း ဆက်လက်ဆင်နွှဲရင်း ၂၀၂၆ ခုနှစ်တွင်းသို့ ခြေလှမ်းချလိုက်ပါပြီ။ ရှေ့မှာလည်း စစ်အာဏာရှင်စနစ်ပျက်သုဉ်းသည်အထိ တိုက်ပွဲအလီလီကို ဆက်လက်ဆင်နွှဲ သွားကြမယ့် ဗမာပြည်ပြည်သူလူထုကြီးနဲ့ ဗမာပြည်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအသီးသီး တို့ကို ဗမာပြည်ကွန်မြူနစ်ပါတီက သည်နှစ်သစ်ကူးသဝဏ်လွှာနဲ့ အားပေးစကားဆိုရင်း ဦးညွှတ်ဂုဏ်ပြု လိုက်ပါတယ်။
မျက်မှောက်ဗမာပြည်ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုအသီးသီးတို့ဟာ ဖြတ်သန်းလာခဲ့ တဲ့ အတိတ်ကို ပြန်လည်နိဂုံးချုပ်သုံးသပ်နိုင်မှ အနာဂတ်အတွက် အကောင်းဆုံးပြင်ဆင်ပြီး ရှေ့ခရီးကို ဆက်ရာမှာ အောင်မြင်တဲ့ တိုက်ပွဲများကို ဆက်လက်ဆင်နွှဲသွားနိုင်ကြမှာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် တနှစ်တည်းသာမက ၂၀၂၁ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကြီး စတင်ပေါ်ပေါက်ချိန်က အစပြုပြီး ခြုံငုံစဉ်းစားသုံးသပ်ကြရမှာပါ။ ၂၀၂၁ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးရဲ့ အားကောင်းချက်များစွာ ရှိပါတယ်။ ဥပမာထုတ်ပြရရင် – စစ် ၃ စစ် အမြစ်ပြတ်ချေမှုန်းရေးကို ဗမာပြည် ပြည်သူလူထုကြီးက သန္နိဋ္ဌာန်ချလိုက်တာ၊ ၂၀၀၈ အခြေခံဥပဒေကို ပြည်သူတရပ်လုံးက ယတိပြတ်ပယ်ချလိုက်တာ၊ ပြည်သူလူထုက လက်နက်ကိုင်တော်လှန်ရေးကို အဓိကတိုက်ပွဲသဏ္ဌာန်အဖြစ် ရွေးချယ်လိုက်တာ တို့ဟာ အဓိကကျတဲ့ အားကောင်းချက်များဖြစ်ပါတယ်။
ကျွန်တော်တို့ပါတီအနေနဲ့ ဆိုရင်လည်း ၂၀၂၁ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကြီး ဖြစ်ပေါ်ကာစမှာပဲ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ပြန်လည်ထူထောင်နိုင်ပြီး လက်နက်ကိုင်တိုက်ပွဲ ပြန်ဝင်လာနိုင်တာ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့လည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အပါအဝင် အခြား ပြည်သူ့လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အတူ ပူးပေါင်းတိုက်ပွဲဝင် ၊ မိစ္ဆာစစ်တပ်ကို အပြင်းအထန် ချေမှုန်း တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် စစ်အစိုးရ အကျပ်ဆိုက် ခဲ့ပြီး မိမိတို့ဘက်မှ စိုးမိုးနယ်မြေတွေ ရရှိခဲ့တာ၊ … ဒီအချက်တွေဟာ အားကောင်းချက်တွေ ဖြစ်ပါတယ်။
၂၀၂၅ မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ERO တချို့ အပစ်ရပ်စဲရေးလုပ်သွားပြီး သိမ်းပိုက် ဒေသတချို့လည်း စကစ လက်ထဲ ပြန်ပါသွားတယ်။ စစ်ရေးမှာ အဆုတ်အတက်ဆိုတာ ရှိစမြဲ ဖြစ်လို့ စိတ်ပျက်အားငယ်စရာမလိုပါလို့ ပြောချင်ပါတယ်။ အခက်အခဲနဲ့ အောင်ပွဲဆိုတာ အမြွှာညီနောင် ပဲလို့ ဥက္ကဋ္ဌ သခင်သန်းထွန်းက ပြောခဲ့ပါတယ်။ တဖက်မှာလည်း မိမိတို့ဘက်က ဒေသတချို့မှာ ထိုးစစ် အရှိန်မြှင့်နိုင်တာတွေလည်းရှိပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင်လည်း AA ဟာ စစ်အုပ်စု မိစ္ဆာတပ်တွေကို အကြီးအကျယ်အထိနာအောင် ချေမှုန်းတိုက်ခိုက်ပြီး အောင်ပွဲနဲ့အတူ နယ်မြေအများအပြား ပိုမိုတိုးချဲ့ သိမ်းပိုက်လာနိုင်ပါတယ်။ KIA ဆိုရင်လည်း ဗန်းမော်၊ ကသာမှာ တိုက်ပွဲတွေ အရှိန်မြှင့်ပြီး ဆက်တိုက် နေတယ်။
တောင်ပေါ်မြေပြန့် ဗမာပြည်တဝန်း တိုက်ပွဲသံညံမစဲ တိုက်နေဆဲဖြစ်သလို စကစ တပ်တွေ အထိနာတဲ့တိုက်ပွဲတွေလည်း အများအပြား ဆက်လက်ရှိနေပါတယ်။ တော်လှန်ရေးဘက်က စစ်အရှိန် ဟာ လက်ရှိကာလမှာ နှိုင်းယှဉ်ချက်အရ တစုံတရာ အားလျော့လာတာ ရှိပေမယ့် စစ်အုပ်စုဆန့်ကျင်ရေး စိတ်ဓါတ်က ပိုမိုအားကောင်းပါတယ်။ စစ်အစိုးရဟာ စစ်မျက်နှာတချို့မှာ ထိုးစစ်ဆင်နေပြီး ၊ စစ်မျက်နှာ တချို့မှာ ခံစစ်ဆင်နေရတာ ဖြစ်ပါတယ်။ စစ်အုပ်စုခံစစ်ဆင်ရတဲ့ စစ်မျက်နှာများသထက် များလာအောင် ဆက်လက် ကြိုးစား တိုက်ပွဲဝင်သွားကြရမှာဖြစ်ပါတယ်။
စစ်ရေးအကျပ်အတည်း ရောက်နေတဲ့ စစ်အုပ်စုဟာ စစ်ရေးအရ ပြည်သူလူထုနဲ့ တော်လှန်ရေး သမားတွေကို ဗုံးကြဲသတ်ဖြတ်ပြီး အကြောက်တရားနဲ့ ခြိမ်းခြောက်ကာ အသာစီးရဖို့ ကြိုးစားနေသလို တဖက်မှာလည်း တကယ့်ကို မသမာတဲ့နည်းနဲ့ သူတို့အစိုးရဖြစ်နိုင်ရေးအတွက် ရွေးကောက်ပွဲဖြစ်ရင် ပြီးရောဆိုတဲ့ အပြရွေးကောက်ပွဲတခုကို သူတို့ရဲ့အကျပ်အတည်းထွက်ပေါက်ရဖို့ လုပ်လာပါတယ်။
ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်၊ အစိုးရတရပ် ဖွဲ့နိုင်ရင် ပြီးရော လုပ်ပြီး၊ ပေါ်လာတော့မယ့် အစိုးရဟာ ဘယ်လောက်ပဲ သိက္ခာမဲ့သည် ဖြစ်စေ၊ ဘယ်လောက်ပဲ အရှက်မဲ့သည်ဖြစ်စေ ၊ ပြည်သူလူထု က ဘယ်လောက်မလိုလားသည် ဖြစ်စေ မဖြစ်ညစ်ကျယ်နဲ့ မုချပေါ်လာတော့မှာ ဖြစ်ပါတယ်။ ဒါဟာ သူတို့ စစ်အုပ်စုက အပြည့်အဝ ချုပ်ကိုင် ညွှန်ကြားနိုင်ဖို့ သူတို့လိုလားနေတဲ့ စစ်အစိုးရတခုပဲ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံပါ ပြဋ္ဌာန်းချက်များအတိုင်း စစ်အုပ်စုက စိတ်ကြိုက်ချုပ်ကိုင်နိုင်တဲ့ သူတို့ လိုချင်တဲ့ ပုံစံမျိုးနဲ့ အစိုးရတရပ် မရနိုင်ခဲ့လို့ ခုတခါအာဏာသိမ်းပြီး ထပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအစိုးရကို ဘယ်လို နာမည်ပဲပေးပေး အနှစ်သာရအရ စစ်အာဏာရှင်အစိုးရတခုပဲ ဖြစ်မှာပါ။
အင်ဒိုပစိဖိတ်ပထဝီနိုင်ငံရေးမှာ စစ်အစိုးရလက်အောက် ပြည်တွင်းစစ်နက်ရှိုင်းစွာ ဖြစ်ပွားနေတဲ့ ဗမာပြည်ဟာ ရိုဟင်ဂျာ၊ ကျားဖြန့်၊ မြေရှား၊ မူးယစ်ဆေးဝါး စသဖြင့် အကြောင်းပြပြီး ပြင်ပက စွက်ဖက်စရာတွေ များလှပါတယ်။ ဧကဝင်ရိုးမှ ဗဟုဝင်ရိုး ကမ္ဘာ့စည်းစနစ် အပြောင်းအလဲ ရှုပ်ထွေးတဲ့ ကမ္ဘာ့အခြေအနေမှာ ဗမာပြည်ဟာ နိုင်ငံကြီးတွေရဲ့ ကစားကွင်းမဖြစ်ဖို့ အမြော်အမြင်ရှိဖို့ လိုပါတယ်။ အာဏာသိမ်းစစ်အစိုးရက ရွေးကောက်ပွဲအတုနဲ့ တရားဝင်မှုရဖို့ အသေအလဲကြိုးစားရာမှာ နိုင်ငံကြီးတိုင်း ကို လော်ဘီလုပ်ပြီး တိုင်းပြည်ရောင်းစားဖို့ လုပ်နေပါတယ်။
ဗမာပြည်ရဲ့ ၂၁ရာစုကံကြမ္မာကို ဗမာပြည် ပြည်သူတွေကိုယ်တိုင် ဖန်တီးရမှာပါ။ အရှိန်အဟုန် ကောင်းနေတဲ့ ၂၀၂၁ ပြည်သူ့လက်နက်ကိုင် တော်လှန်ရေး မီတောက်မီးလျှံကို စစ်လော်ဘီရွေးကောက်ပွဲ အတုနဲ့ဖြစ်စေ၊ မုသာဝါဒ ဝါဒဖြန့်ချိရေးများနဲ့ဖြစ်စေ မတားဆီးနိုင်ပါ။ ဒါပေမဲ့ ၂၀၂၆ခုနှစ်မှာ ဒီမိုကရေစီ အရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုအသီးသီးနဲ့ ဗမာပြည် ပြည်သူတွေ အတွက် စစ်အစိုးရသစ်နဲ့ မလွဲမရှောင်သာ ထပ်မံရင်ဆိုင်ကြရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေး အင်အားစုအသီးသီးဟာ ဒီထက်သန်တဲ့ ပြည်သူလူထုကြီးရဲ့ တော်လှန်ရေးစိတ်ဓာတ်ကို ဆက်လက် စည်းရုံးပြီး၊ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်သွားနိုင်အောင် လုံးပန်းသွားကြရမှာ ဖြစ်ပါတယ်။ ဒီလို စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ရေးအတွက် ၂၀၂၅ ခုနှစ်အတွင်းမှာ SRA ဆိုပြီး တပ်ပေါင်းစုဖွဲ့ဖို့ ကြိုးပမ်းလာတာကို တွေ့ရတယ်။ ဒါကို ကြိုဆိုတယ်။ ပိုပြီး ကျယ်ပြန့်တဲ့ တပ်ပေါင်းစုဖွဲ့နိုင်ရေးအတွက် ဆက်ကြိုးစားရပါလိမ့်မယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ ကလည်း တတပ်တအား ပါဝင်သွားပါမယ်။
အနှစ် ၇၀ ကျော် လက်နက်ကိုင်တိုက်ပွဲ မအောင်မြင်ရတာဟာ ဘုံရန်သူရှိပြီး ဘုံလုပ်ငန်းစဉ် မရှိတာကြောင့်ဖြစ်တယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီက ခံယူထားတယ်။ ဘုံလုပ်ငန်းစဉ်မရှိလို့ ကျယ်ပြန့် တဲ့ တပ်ပေါင်းစုလည်း မဖွဲ့နိုင်။ ဒီလိုအကွဲကွဲအပြားပြားဖြစ်နေတာကို ရန်သူက အသုံးချပြီး သူ့အာဏာကို ဆက်တည်မြဲနေစေတာ ဖြစ်ပါတယ်။ အဓိကအားဖြင့် ဘုံလုပ်ငန်းစဉ်ရဖို့ ဖြစ်တယ်။ ဒီဘုံလုပ်ငန်းစဉ်ကို ခပ်မြင့်မြင့်ထားလို့တော့ မဖြစ်နိုင်သေးပါ။ ခပ်မြင့်မြင့်ထားရင် ငြင်းခုံနေရတာနဲ့ ခရီးရောက်မှာ မဟုတ်ပါ။ အများတကာ့ အများစုကြီး ပါဝင်နိုင်ဖို့ အနိမ့်ဆုံးလုပ်ငန်းစဉ် ဖြစ်ဖို့လိုတယ်။ တော်လှန်ရေးဆိုတာ အဆင့်တွေခွဲပြီး လုပ်ရမှာဖြစ်ပါတယ်။ ဒီအဆင့်က စစ် ၃ စစ် အမြစ်ဖြတ်ရေးအဆင့်ဖြစ်လို့ အဲဒါကို ဘယ်လိုတိုက်ကြမလဲဆိုတဲ့ လုပ်ငန်းစဉ်ဖြစ်ဖို့ လိုပါတယ်။
ချုပ်လိုက်ရင် စည်းလုံးညီညွတ်စွာ တော်လှန်ရေးကို အနိုင်တိုက်ကြကာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ချုပ်ငြိမ်းမှ ဗမာပြည် ပြည်တွင်းငြိမ်းချမ်းရေးရမှာ ဖြစ်တယ်။ တိုင်းပြည် တစည်းတလုံးတည်း ဖြစ်ရေး၊ဖွံ့ဖြိုးတိုးတက်ရေး၊ဒီမိုကရေစီရေးနဲ့ အမျိုးသားတန်းတူရေးတို့ကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
နှစ်သစ်မှာ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာချပြီး စစ် ၃ စစ် ချေမှုန်းရေးတိုက်ပွဲကို ဆက်လက်ဆင်နွှဲသွားကြပါစို့။
ဗဟိုစည်းရုံးရေးကော်မတီ
ဗမာပြည်ကွန်မြူနစ်ပါတီ (၁- ၁- ၂၀၂၆)
