ကြည်မြအောင်
ဗမာပြည်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ကာလနဲ့ မရှေးမနှောင်းမှာပဲ ကမ္ဘာ့အရင်းရှင်နိုင်ငံကြီးများမှာ အထူးသဖြင့် အမေရိကမှာ လူငယ်များရဲ့ အရင်းရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ကျယ်ပြန့်လာပါတယ်။ ၂၀၁၉ ခုနှစ် ဝန်းကျင်မှာ စတင်ပြီး အရှိန်အဟုန်ရလာတဲ့ ဒီလှုပ်ရှားမှုမှာ ထောင်စုနှစ်မျိုးဆက် (millennial) နဲ့ ‘Z’ မျိုးဆက်လို့ ခေါ်ကြတဲ့ “ဂျန်ဇီး” လူငယ်တွေ ပါဝင်ကြပါတယ်။
သူတို့ ရဲ့ တွစ်တာနဲ့ တစ်တော့လို ဆိုရှယ်မီဒီယာတွေမှာ “သူဌေးတွေကို စားကြစို့” ဆိုတဲ့ ကြွေးကြော်သံက တစတစနဲ့ ကျယ်လောင် မည်ဟည်းလာခဲ့ပြီး မြေပြင်က သပိတ်တိုက်ပွဲတွေမှာလည်း ပင်တိုင် ကြွေးကြော်သံ ဖြစ်လာတယ်။ ပုလိပ်သတ်လို့ သေသွားတဲ့ ဂျော့ဖလွိုက် အရေးအခင်း တလျှောက်နဲ့ အနောက်နိုင်ငံတွေမှာ ကူးစက်ပျံ့နှံ့သွားတဲ့ နောက်ဆက်တွဲ ဆန္ဒပြပွဲများနဲ့ သပိတ်တိုက်ပွဲများမှာလည်း ဒီကြွေးကြော်သံက လူငယ်ထုရဲ့ ကြွေးကြော်သံ၊ လူငယ့်အသံ ပါပဲ။
“သူဌေးတွေကို စားကြစို့” ဆိုတဲ့စကားက ပြင်သစ် အဘိဓမ္မာဆရာ ရူးဆိုးရဲ့ အတွေးအခေါ်မှာ မြစ်ဖျားခံတယ်လို့ ဆိုကြပါတယ်။ ပထမ ပဲရစ်ဘုံအဖွဲ့ အစိုးရရဲ့ သမ္မတ ရှိုးမက်က “လူတွေမှာ စားစရာ ဘာမှ မရှိတော့ရင် သူဌေးတွေကို စားကြလိမ့်မယ်” လို့ ရူးဆိုးက ပြောကြောင်း လူထုမိန့်ခွန်းတခုမှာ ထည့်သွင်း ပြောကြားခဲ့တယ်လို့ ပြင်သစ်တော်လှန်ရေး (၁၇၈၉-၁၇၉၉) သမိုင်းကို ပြုစုတဲ့ သမိုင်းဆရာ သီးယားစ်က ဆိုပါတယ်။ ပြင်သစ်တော်လှန်ရေးကာလမှာ ပြင်သစ်နိုင်ငံရဲ့ လူဦးရေ ၉၈ ရာနှုန်းဟာ အောက်ကျနောက်ကျ အဖြစ်ဆုံး လူတန်းစားပါ။ နှစ်ပေါင်းများစွာ ဆင်းရဲမွဲတေနေတဲ့အပြင် အခွန်အတုပ်တွေကလည်း ဖိစီးလာတဲ့အခါ ၁၇၈၉ ခုနှစ်မှာ လူထုအုံကြွမှုကြီး ပေါ်လာပါတယ်။
စားစရာပေါင်မုန့်မရှိလို့ တောင်းဆိုတဲ့လူထုကြီးကို (ပေါင်မုန့်မရှိ ကိတ်မုန့်စားစေ) လို့ ပြောခဲ့တဲ့ မိဖုရား မေရီအန်တွိုင်းနက်နဲ့ ပြင်သစ်ဘုရင် လူဝီ ၁၆ တို့ ခေါင်းဖြတ်အသတ်ခံရတဲ့ ရာဇဝင်ထဲက ပြင်သစ် (ဓနရှင်) တော်လှန်ရေး (၁၇၈၉-၉၉) ရဲ့ ဒီကြွေးကြော်သံဟာ ပဲရစ်ကွန်မြွန်း (၁၈၇၁)၊ အောက်တိုဘာတော်လှန်ရေး (၁၉၁၇)၊ ဒုတိယကမ္ဘာစစ်နဲ့ ဖက်ဆစ်တော်လှန်ရေး (၁၉၃၉-၄၅) တို့ကိုဖြတ်သန်းပြီးနောက် အပြောင်းအလဲတွေများတဲ့ ၂၁ ရာစု ကမ္ဘာကြီးမှာ တကြော့ပြန် ပေါ်လာတာပါ။
အမေရိကန်မှာ ဆင်းရဲ-ချမ်းသာ ကွာဟမှု အဆမတန် ကြီးမားလာခဲ့ပြီး ၁၉၈၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အမေရိကရဲ့ အချမ်းသာဆုံး လက်တဆုပ်စာ လူတစုနဲ့ ဆင်းရဲသား အိမ်ထောင်စုများကြားက ဆင်းရဲ-ချမ်းသာ ကွာဟမှုဟာ နှစ်ဆမက ခုန်တက်သွားခဲ့တယ်။ ကိုဗစ်-၁၉ ရောဂါကပ်ဘေး ကျရောက်စ ကာလမှာပဲ ဂျက်ဖ်ဘက်ဇိုလို သူဌေးကြီး တဦးတည်းက ဒေါ်လာ ၂၃ ဘီလျံခန့် တိုးတက်ကြီးပွားသွားပြီး သာမန် ပြည်သူ တသိန်းကျော်၊ နှစ်သိန်းနီးပါး အသက်ဆုံးရှုံးခဲ့ရတယ်။ သန်း ၄၀ က အလုပ်လက်မဲ့တွေ ဖြစ်သွားပါတယ်။ အင်မတန် ဆင်းရဲနွမ်းပါးသူ လူတန်းစားတွေကြားမှာ သေဆုံးနှုန်းက သိပ်မြင့်သလို အလုပ်လက်မဲ့နှုန်းလည်း မြင့်ပါတယ်။
၂၀၁၆ ခုနှစ်မှာ ဟားဗတ်တက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာချက်အရ အရင်းရှင်စနစ်ရဲ့ ဗဟိုချက်လို့ ပြောနိုင်တဲ့ တိုင်းပြည်များမှာ လူငယ် ၅၀ ရာနှုန်းကျော်က အရင်းရှင်စနစ်ကို မကြိုက်တာတွေ့ရသလို ၂၀၁၈ ခုနှစ် စစ်တမ်းမှာလည်း အမေရိကန်လူငယ် ၄၅ ရာနှုန်းသာ အရင်းရှင်စနစ်ကို လိုလားကြောင်း တွေ့ရပါတယ်။ ဒါဟာ ၂၀၁၀ ခုနှစ်က ရှိခဲ့တဲ့ ၆၈ ရာနှုန်းကနေ ခုန်ဆင်းသွားတာ ဖြစ်ပါတယ်။
ဗြိတိန်မှာတော့ လူငယ် ၈၀ ရာနှုန်းနီးပါးက အိုးအိမ်ဆိုင်ရာ ပဋိပက္ခရဲ့ လက်သည် တရားခံဟာ အရင်းရှင်စနစ်လို့ မြင်ကြသလို ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဟာလည်း အရင်းရှင်စနစ်ရဲ့ အရင်းခံ ပြဿနာတရပ်လို့ နားလည်ထားကြပါတယ်။ လူငယ် ၇၂ ရာနှုန်းက ပြည်သူပိုင်လုပ်ရေးကို ထောက်ခံကြတယ်။ ချုပ်ပြောရရင် ဗြိတိန်က လူငယ် ၇၀ ရာနှုန်းလောက်က ဆိုရှယ်လစ် စီးပွားရေးစနစ်အောက်မှာ နေလိုကြတယ်လို့ ဆိုပါတယ်။
ဗမာပြည်လို သွေးစုပ်ဖိနှိပ်မှုက ထုနဲ့ထည်နဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကြီးမားလာတဲ့ တိုင်းပြည်မှာတော့ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လူတန်းစားတိုက်ပွဲက အထွတ်အထိပ်ကို ရောက်သွားခဲ့ပါပြီ။ တော်လှန်ရေး ဒီရေမြင့်သစ် ပေါ်ထွက်လာပြီး ပြည်သူ့စစ်ပွဲက တပြည်လုံးအနှံ့ ကျယ်ပြန့်သွားပါတယ်။
ကိုးကား။
Eat the Rich: How an 18th Century Phrase has Made a Comeback
Eat the rich! Why millennials and generation Z have turned their backs on capitalism
