(Twilight Over Burma) ရုပ်ရှင်ပြသခွင့်မရှိတဲ့ “ဒီမိုကရေစီ”

By | June 16, 2016

ဗမာပြည်နိုင်ငံရေးသမိုင်းမှာ “အရိုးတွန်” စရာကိစ္စတွေများပြားလှပါတယ်။

(Twilight Over Burma) ရုပ်ရှင်ကတော့ များပြားလှတဲ့ အရိုးတွန်စရာကိစ္စတွေထဲက တစ်ခုပဲ ဖြစ်ပါလိမ့်မယ်။

သီပေါစော်ဘွားစဝ်ကြာဆိုင်ကို လက်စဖျောက်ခဲ့ကြတဲ့ လက်သည်တရားခံဟာ ဗိုလ်နေဝင်းနဲ့ စစ်အုပ်စုပါပဲ။ ထိုစဉ်က သီပေါ စော်ဘွားဟာ ဗိုလ်နေဝင်းရဲ့အမုန်းဆုံးလူများစာရင်းမှာ ရှေ့တန်းကပါခဲ့ပုံပါပဲ။ ဗိုလ်နေဝင်းရဲ့အမုန်းဆိုတာက စိတ်ရောဂါတမျိုးပဲလို့ ထင်ပါတယ်။ ဗိုလ်နေဝင်းဟာ သူ့ ထက်သာတာကို မနာလို၊ မရှုဆိမ့်နိုင်တာမျိုးပါ။

သီပေါစော်ဘွားက အခြားစော်ဘွားတွေနဲ့ မတူဘဲ ခေတ်ပညာတတ်ဖြစ်သလို ရှမ်းပြည်ကိုလည်း ခေတ်နဲ့အမီ ရင်ဘောင်တန်း စေချင်သူတဦးလည်း ဖြစ်ပါတယ်။ ဒီအချက်တွေကို ဗိုလ်နေဝင်း မနာလိုပါဘူး၊ မရှုဆိတ်နိုင်ပါဘူး။ အဲဒီလို ဗိုလ်နေဝင်းရဲ့ ရူးသွပ်မိုက်မဲတဲ့ အမုန်းနဲ့အငြိုးအတေး၊ အာဃာတအောက်မှာ သီပေါစော်ဘွား ရေတိမ်နစ်ခဲ့ရတာပါ။ ဗိုလ်နေဝင်းနဲ့စစ်အုပ်စုဟာ သီပေါစော်ဘွားကို သတ်ဖြတ်တဲ့ ရာဇဝတ်မှုတင် မကပါဘူး။ အလောင်းဖျောက်ဖျက်တဲ့ ရာဇဝတ်မှုကို တပါတည်းကျူးလွန်ခဲ့ကြတာပါ။ ဒီကနေ့အထိ ဘယ်လို ဖြေရှင်းချက်မျိုးမှ မပေးခဲ့ကြပါဘူး။ (SNLD) ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦးဟာ သီပေါစော်ဘွားနဲ့ တူအရီး တော်စပ်တယ်လို့ ကြားဖူးပါတယ်။

အခုတော့ (Twilight Over Burma) ရုပ်ရှင်ကနေ မြည်ဟိန်းလာတဲ့ သီပေါစော်ဘွားရဲ့အရိုးတွန်သံဟာ လက်ရှိစစ်အုပ်စု အတွက် ထိတ်လန့်သွေးပျက်စရာဖြစ်ပါတယ်။

စစ်အုပ်စုအဆက်ဆက်ဟာ လူမဆန်မှုအကြမ်းဖက်မှုတွေကို ပုံစံမျိုးစုံနဲ့ ကျူးလွန်ခဲ့ကြတာပါ။ တောတွေတောင်တွေထဲမှာရော၊ အကျဉ်းထောင်တွေထဲမှာရော၊ လမ်းမတွေပေါ်မှာပါ ဗြောင်အတိအလင်းရော၊ ခိုးကြောင်ခိုးဝှက်ပါ ကျူးလွန်ခဲ့ကြတာပါ။ သီပေါစော်ဘွား စပ်ကြာဆိုင်ကနေ ကိုပါကြီး၊ ကချင်ကျောင်းဆရာမလေး နှစ်ဦးအလယ် လက်ပံတောင်းက တောင်သူဒေါ်ခင်ဝင်းအထိပါပဲ။ ဒီလိုရာဇဝတ်မှုတွေကို ဘယ်လိုအကြောင်းပြချက်နဲ့မျှ ကူညီဖုံးကွယ် ဖာထေးပေးတာမျိုး၊ လျော့ပေါ့လိုက်လျောပေးတာမျိုးတွေ မပြုလုပ်သင့်ပါဘူး။ မပြုလုပ်ထိုက်ပါဘူး။

အရင်းစစ်လိုက်ရင် အနုပညာလွတ်လပ်ခွင့်တို့၊ စာနယ်ဇင်းလွတ်လပ်ခွင့်တို့ဆိုတာ နိုင်ငံရေးပြဿနာ၊ ဒီမိုကရေစီပြဿနာပဲ ဖြစ်ပါတယ်။ ရှိပါတယ်ဆိုတဲ့ “ဒီမိုကရေစီ” ရဲ့အတိုင်းအတာနဲ့ပမာဏကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

ဒီချုပ်ပါတီအစိုးရက ဒီရုပ်ရှင်ကားကို ပြသခွင့်မပြုဘဲ ဘာကြောင့် တားမြစ်ပိတ်ပင်ရသလဲ။

တကြောင်းတည်းပြောရရင် စစ်တပ်နဲ့ စစ်အုပ်စုကို မလွန်ဆန်နိုင်လို့လား။

ဒီရုပ်ရှင်ပြသခွင့်ပိတ်ပင်ရတဲ့ကိစ္စဟာ ဒီချုပ်ပါတီအစိုးရမှာ တားမြစ်ပိတ်ပင်ဖို့ ဘယ်လိုမှ သဘောထားမရှိဘူးဆိုရင် စစ်တပ်က တားမြစ်ခိုင်းတာကို ဘယ်လိုမှ လွန်ဆန်လို့ မရနိုင်တာကြောင့် တားမြစ်ပိတ် ပင်လိုက်ရတာပဲဖြစ်ရမယ်။

စစ်တပ်ကို ခါးပိုက်ဆောင်တပ်သဖွယ်လုပ်ထားတဲ့ လက်ရှိစစ်အုပ်စုဟာ ဗိုလ်နေဝင်းရဲ့အာဃာတအမွေကို ဆက်ခံကိုင်စွဲထားဆဲ ဖြစ်တယ်ဆိုတာကို ဒီဖြစ်ရပ်က အထင်အရှားသက်သေခံနေပါတယ်။ ဒီအာဃာတအမွေကို ဆက်ခံထားလို့သာ စစ်တပ်က ၊ စစ်အုပ်စုက ဒီရုပ်ရှင်ကို တားမြစ်ကန့်သတ်တာပဲ။ စစ်အုပ်စုရဲ့ ဒီလိုတားမြစ်ကန့်ကွက်ချက်ကို ဒီချုပ်ပါတီအစိုးရက မလွန်ဆန်နိုင်ဘူး။ ဒါကြောင့် ပြသခွင့်ပိတ်ပင်ရတာပဲလို့ ယူဆတယ်။

ဒီချုပ်ပါတီ အစိုးရဟာကိစ္စအတော်များများမှ (အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကလွဲရင်) လက်ရှိစစ်အုပ်စုနဲ့ ထိပ်တိုက်ရင်ဆိုင် လာရပြီဆိုရင် အလျှော့ပေးနောက်ဆုတ်သွားတတ်တာ၊ ခခွေးလို ခွေသွားတတ်တာ ထင်ရှားပါတယ်။ ပြည်သူလူထုငြိုငြင်မှာထက် စစ်အုပ်စု ငြိုငြင်မှာကို သိပ်စိုးရိမ်နေပုံပါပဲ။ ဒီလိုနဲ့ ဒီချုပ်ပါတီအစိုးရဟာ စစ်အုပ်ရဲ့အတိတ်နဲ့ပစ္စုပ္ပန်ကို ကာယကံမြောက် အကာအကွယ် ပေးနေရတဲ့ ဘဝကို တစတစကျရောက်လာနေပါတယ်။

အဲဒီလို တဖက်မှာ စစ်တပ်ရဲ့ (image) ပုံရိပ်ကို ထိခိုက်မှာစိုးလို့ အကာအကွယ်ပေးလိုက်တဲ့အခါကျတော့မှပဲ ဒီချုပ်ပါတီရဲ့ ပုံရိပ် ဘာလဲဆိုတာကို ရက်ပေါင်း ၁၀၀ ပြည့်ခါနီး ကာလအတွင်း ပြည်သူအများက အထင်အရှားတွေ့မြင်လိုက်ကြရပါတော့တယ်။

“၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲမှာ “စည်းကမ်းပြည့််ဝတဲ့ဒီမိုကရေစီ” ရဲ့သရုပ်သကန်က ကြာလေ၊ ကြာလေ ပိုပြီးပေါ်လွင် ထင်ရှားလေလေဖြစ်နေပါတယ်။

(Twilight Over Burma) ရုပ်ရှင်ပြသခွင့်မရှိတဲ့ “ဒီမိုကရေစီ”

(Twilight Over Burma) ရုပ်ရှင်ပြသခွင့် မပြုဝ့ံတဲ့ “ အစိုးရ”

အရေးတော်ပုံ အတွဲ (၂) အမှတ် (၅) ဆောင်းပါး။

Leave a Reply

Your email address will not be published. Required fields are marked *