နိုင်ငံတကာစစ်ပွဲများကိုလည်း ဆန့်ကျင်ရမယ်

By | April 19, 2016

ဒီကမ္ဘာမှာ အမေရိကန်ကနေ“အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲကြီး (War on Terror)”စတင်လိုက်တဲ့ နောက်ကစပြီး ကမ္ဘာကြီးတခုလုံး မငြိမ်မသက်ဖြစ်ပြီး နေရာအနှံ့ တိုက်ခိုက်မှုတွေ ပေါ်နေတာဟာ ဒီနေ့အထိ ဖြစ်ပါတယ်။ အစကတော့ အာဖရိကတိုက်နဲ့ အရှေ့အလယ်ပိုင်း၊ အခုတော့ အာရှတိုက်နဲ့ဥရောပမှာပါ စစ်ဆင်မှုမျိုးစုံနဲ့ ကြုံတွေ့နေရပါတယ်။ ဥရောပကမ်းခြေတွေအပေါ် နိုင်ငံပေါင်းစုံက ဒုက္ခသည်အမျိုးမျိုး လှိုင်းတွေက ပုတ်တင်လိုက်သလို တသုတ်ပြီးတသုတ် ရောက်လာနေတာကို တွေ့ကြရသလို နေတိုးနဲ့ရုရှားကြားမှာ စစ်ရေးတင်းမာမှုတွေ သည်းသန်လာနေတာကိုလည်း ထိတ်လန့်စိုးရိမ်ဖွယ် တွေ့နေရပါတယ်။ နယ်စပ်အငြင်းပွားမှုတွေကို ရှေ့တန်းပြန်တင်လာကြသလို ဒေသအလိုက် စစ်အင်အားဖြည့်တာ၊ တည်ဆောက်တာတွေလည်း အလျင်အမြန်ဖြစ်ပေါ်နေပါတယ်။ နိုင်ငံတကာ့သတင်းတွေမှာ ပူးတွဲစစ်လေ့ကျင့်ရေးတွေ၊ ပူးတွဲကင်းလှည့်တာတွေ၊ လက်နက်အသစ်အဆန်း ထုတ်လုပ်တာတွေ၊ စစ်စကားပြောတာတွေကို နေ့စဉ်လို တွေ့နေရတာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။

အိမ်ဖြူတော်ရဲ့“အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲကြီး”ရယ်လို့ လူကြားကောင်းအောင် နာမည်တပ်ထားတဲ့ စစ်ဆင်မှုကြီးကြောင့် လူသန်းချီ သေကြေခဲ့ရပြီး အိုးအိမ်စွန့်ပစ်ရသူ အရေအတွက်ဟာ သန်း ၆ဝ ရှိတယ်လို့ ဆိုကြပါတယ်။ ဒီ ၁၅ နှစ်တာ ထင်သလို ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်အစိုးရထိပ်သီး၊ ဘယ်စစ်ဗိုလ်ချုပ်ကိုမှ အရေးယူတယ်လို့ မရှိခဲ့ပါဘူး။ ဒါ့အပြင် ဒီအကြောင်းပြချက်နဲ့ လူတွေကို ထင်သလိုဖမ်း၊ တယ်လီဖုန်းနဲ့ဆက်သွယ်ရေး အင်တာနက်တွေကို ဖြတ်နားထောင်၊ ကြည့်ရှု၊ အရေးပေါ်အခြေအနေတွေကြေညာစတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာလည်း တရားမရှိဓားမရှိ ဖြစ်ပေါ်နေပါတယ်။ အစိုးရနာမည်နဲ့လုပ်ရင် ဘာမဆိုလုပ်လို့ ရတယ်ဆိုတဲ့ အနေအထားတွေ ဖြစ်ပေါ်နေတာပါ။

ယူကရိန်းနဲ့ဆီးရီးယားတို့က စစ်ပွဲလို့ အမည်မတပ်ကြတဲ့ စစ်ပွဲတွေမှာ နေတိုးနဲ့ရုရှားတို့ရဲ့ ထိပ်တိုက်တွေ့မှုတွေဟာ ကမ္ဘာသူကမ္ဘာသားတွေကို အထူးပဲ ရတက်မအေး ဖြစ်စေပါတယ်။ ၂ဝ၁၆ ခုနှစ် အစပိုင်းတုန်းက ဆွီဒင်က ထိပ်တန်းစစ်အရာရှိကြီးတယောက်ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးအင်းဒါစ်ဘရန်စထရွမ်(Anders Brännström)က သူ့လက်အောက်က တပ်တွေကို ဒီလိုနှိုးဆော်ခဲ့ပါတယ်- “ငါတို့ဖြတ်သန်းနေရတဲ့ ကမ္ဘာ့အခြေအနေကို လာမယ့်နှစ်အနည်းငယ်အတွင်း စစ်ပွဲကြီးတခုနဲ့ ကြုံတွေ့ရနိုင်တယ်လို့ သုံးသပ်နိုင်တယ်”။

စစ်ဖြစ်နိုင်တယ်ဆိုတဲ့ အခြေအနေမျိုးကို သုံးသပ်မိရင် စစ်တပ်ကိုင်ထားသူတွေရဲ့ တာဝန်ဟာ တကယ်ဖြစ်မှာလား၊ ဘယ်တော့ဖြစ်မှာလဲလို့ တွက်နေစောင့်နေဖို့ မဟုတ်ပါဘူး။ ကိုယ့်ဘက်က လက်ဦးမှုရတဲ့ နေရာတွေယူ၊ ပြင်ဆင်မှုတွေလုပ်ဖို့ပဲ ဖြစ်တယ်ဆိုတာဟာ ဘယ်သူမှ မငြင်းတဲ့ စစ်ကျင့်ဝတ်ပါ။

ဒါပေမဲ့ ပြည်သူတွေအဖို့ကတော့ ဒီလိုအခြေအနေမျိုးကို ခန့်မှန်းလို့ရတယ်ဆိုရင် စစ်ကိုတားဆီးဖို့ စဉ်းစားပြင်ဆင်ကြရပါတယ်။ စစ်ကြီးရယ်လို့ ဖြစ်လာရင် အထိခိုက်၊ အနစ်နာဆုံးဟာ အလုပ်သမား၊ လယ်သမားတွေနဲ့ ဆင်းရဲသားပြည်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစစ်တားဆီးရေး လှုပ်ရှားမှုဟာ အလုပ်သမား၊ လယ်သမားနဲ့ ဆင်းရဲသားပြည်သူတွေရဲ့အကျိုးစီးပွားကို ကာကွယ်တဲ့ လုပ်ငန်းလို့ သဘောထားရပါမယ်။ ဒီလှုပ်ရှားမှုကြီးမှာ သူတို့အင်အားကို အဓိကအခြေခံ၊ အားပြုရပါမယ်။ ဦးစွာအားဖြင့် စစ်ဆန့်ကျင်ရေးနဲ့ငြိမ်းချမ်းရေး လိုအပ်မှုဟာ ပြည်တွင်းမှာသာမက တကမ္ဘာလုံးအနေနဲ့ပါ လိုအပ်ကြောင်း ပြည်သူအားလုံး သဘောပေါက်အောင် ရှင်းပြကြရပါမယ်။ ဒီလှုပ်ရှားမှုက အဓိကဦးတည်ရမှာဟာ ဒီလိုစစ်ကြီးတွေနဲ့ ကြွယ်ဝချမ်းသာ၊ စီးပွားတက်ကြတဲ့၊ ဒီစစ်ပွဲကြီး ဖန်တီးကြတဲ့ ကမ္ဘာ့အရင်းရှင်ကြီးတွေ၊ လက်နက်ထုတ်လုပ်သူတွေ ဖြစ်ရပါမယ်။

ဒီလှုပ်ရှားမှုဟာ တကမ္ဘာလုံးရှိ စစ်ဒဏ်ခံပြည်သူများနဲ့ စစ်ဆန့်ကျင်တဲ့ အင်အားစုမှန်သမျှနဲ့ တွဲလုပ်တဲ့ လှုပ်ရှားမှုမျိုး ဖြစ်ပါလိမ့်မယ်။ ကိုယ့်တနိုင်ငံတည်း လုပ်လို့မရသလို တကမ္ဘာလုံး၊ ဒါမှမဟုတ် နိုင်ငံတွေအများကြီး ပါဝင်လာမှ လုပ်မယ်ဆိုတဲ့ သဘောထားမျိုးနဲ့ လုပ်လို့မရပါ။

ဒီနေရာမှာ ဒီလုပ်ငန်းဟာ လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်မှုတွေနဲ့ ကင်းဝေးဖို့ အလွန်အရေးကြီးကြောင်း အလေးထားပြောလိုပါတယ်။ ကမ္ဘာမှာ စစ်ကြီးနှစ်ခု ဖြစ်ခဲ့ဖူးပါပြီ။ ဒီစစ်ကြီးတွေရဲ့ အစမှာ တချို့က စစ်ပွဲတွေ ဖြစ်ပေါ်ရတာဟာ လူမျိုးရေးတွေ၊ ဘာသာရေးတွေကြောင့် ဖြစ်တယ်လို့ ထောက်ပြဖို့ ကြိိုးစားခဲ့ကြပါတယ်။ အဲဒီအကြောင်းပြချက်နဲ့ မဟာမိတ်စု၊ ဝင်ရိုးတန်းဖွဲ့ဖို့ လုံးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်ကြီးတွေပြီးလို့ အသေအချာ ပြန်သုံးသပ်လိုက်တော့ ဒီစစ်တွေဟာ ကမ္ဘာ့အရင်းရှင်စနစ်ကြောင့်၊ နယ်ချဲ့နိုင်ငံတွေက နယ်မြေတွေ တိုးချဲ့သိမ်းပိုက်ဖို့လုပ်ရင်း ဖြစ်ပေါ်လာတာ ဖြစ်တယ်ဆိုတာ ရှင်းသွားပါတယ်။ တကယ်တော့ ဒီနေ့အခါဟာ ကမ္ဘာမှာ စစ်အေးလွန်တဲ့နောက် သြဇာခံနယ်မြေ ခွဲခြားသတ်မှတ်မှု ပြီးမပြီးဆိုတာတောင် ပြောရခက်သေးတဲ့ အခြေအနေပါ။ အနယ်မထိုင်သေးတဲ့ ကာလတခုလို့ ဆိုရမှာပါ။

ဒီလိုအခြေအနေမှာ ပစ္စည်းမဲ့လူတန်းစားနဲ့ အဖိနှိပ်ခံပြည်သူတွေဟာ စစ်နဲ့စစ်ဝါဒ ပေါ်ပေါက်တာရဲ့ အကြောင်းရင်းတွေကို သိထားဖို့လိုပါတယ်။ (၁) ဒီကမ္ဘာကြီးမှာ အပြန်အလှန်ဆက်စပ် မှီခိုနေရတဲ့ စီးပွားရေးစနစ်ကြီး ရှိနေပြီး တချိန်တည်းမှာ သဘောထားချင်း မတိုက်ဆိုင်တဲ့ နိုင်ငံတွေ တည်ရှိနေတာ။ (၂) တကမ္ဘာလုံးရဲ့ ကုန်ထုတ်လုပ်မှုက အများလက္ခဏာဆောင်ပြီး ပိုင်ဆိုင်မှုကတော့ တဦးချင်းလက္ခဏာဆောင်နေတာ။ (၃) ဓနအင်အား၊ ဘဏ္ဍာအင်အား ကြီးမားလှတဲ့ ဘဏ်ကြီးတွေ၊ ကော်ပိုရေးရှင်းကြီးတွေက သူတို့ရဲ့“အစိုးရ”ဆိုတာတွေကို အသုံးပြုပြီး သဘာဝသယံဇာတတွေ၊ ကုန်ကြမ်းတွေ ရယူဖို့၊ ကုန်သွယ်ရေးလမ်းကြောင်းတွေဖောက်ဖို့၊ ရေနံပိုက်လိုင်းတွေဖောက်ဖို့နဲ့ ဈေးပေါတဲ့ လုပ်အားဈေးကွက်တွေ ရရှိဖို့တို့အတွက် စစ်အင်အားကို အသုံးပြုကြတာတို့ကို သတိပြုလိုက်ကြပါ။

ဒါတွေအပြင် အထက်မှာ ပြောခဲ့တဲ့ ၁၉၉၁ ခုနှစ်နောက်ပိုင်း စစ်အေးလွန်ခေတ်မှာ သူ့ကိုတဦးတည်းသော စူပါပါဝါကြီးအဖြစ် အသိအမှတ်ပြုတာ ခံရဖို့၊ စူပါပါဝါအဆင့်နဲ့အညီ ကမ္ဘာကို ခြယ်လှယ်သွေးစုပ်နိုင်ရေးအတွက် လုပ်နေတဲ့ ကမ္ဘာ့ပုလိပ်ကြီး အမေရိကန်ရဲ့ လုပ်ရပ်များဟာလည်း အခြေအနေကို ပိုဆိုးဝါးစေပါတယ်။ ဝါရှင်တန်ဟာ ဒီကမ္ဘာပေါ်မှာ သူတို့ အကျိုးစီးပွားနဲ့ ကင်းတဲ့နေရာရယ်လို့ ဘယ်မှာမှ မရှိဘူးလို့တောင် ဗြောင်ကြေညာထားတာပါ။ နိုင်ငံတိုင်း၊ ဒေသတိုင်းဟာ သူတို့ရဲ့ စီးပွားရေး၊ ပထဝီနိုင်ငံရေး အကျိုးစီးပွားတွေနဲ့ ဆက်စပ်နေတာချည့် ဖြစ်နေပါတယ်။ အဲဒါတွေကို ကာကွယ်ရမယ်၊ အဲဒါတွေအတွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမယ်၊ လုပ်သင့်တာ လုပ်ရမယ်ဆိုတာဟာ အိမ်ဖြူတော်ရဲ့ အခြေခံတွေးခေါ်နဲ့ စဉ်းစားမှု ဖြစ်ပါတယ်။

အခုဆိုရင် အမေရိကန်အနေနဲ့ ကမ္ဘာ့တဦးတည်းသော ထိပ်သီးနိုင်ငံဖြစ်ဖို့အတွက် တရုတ်ဟာ အဓိက ဆူးငြောင့်ခလုတ်ပဲလို့ ဗြောင်ထုတ်မပြောရုံတမယ် လုပ်နေပါတယ်။ မြောက်ကိုရီးယားကို ဖိအားပေးသလိုလိုနဲ့ အမြီးရှိတဲ့အကောင်တွေ သတိထားကြလို့ သတိပေးနေပါတယ်။ ဟုတ်ပါတယ်။ ဓနအရ၊ စစ်ရေးအရ တရုတ်အင်အားကြီးလာတာဟာ အမေရိကန်ကို သူလုပ်ချင်တိုင်း လုပ်မရအောင် အတားအဆီးဖြစ်စေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒါကို စစ်ရေးခြိမ်းခြောက်မှုတွေ၊ ဖိအားပေးမှုတွေနဲ့ တုံ့ပြန်တာဟာ နယ်ချဲ့သမားတွေရဲ့ အစဉ်အလာ လုပ်နည်းကိုင်နည်းသာ ဖြစ်ပါတယ်။ သူတို့က အာရှတိုက်မှာ တရုတ်နဲ့ကိုရီးယားတို့က ဘယ်လိုစစ်ပြင်နေကြတာ၊ လက်နက်တပ်ဆင်မှုတွေ တိုးချဲ့နေတာ စသဖြင့် ဝါဒဖြန့်လွှင့်ထုတ်နေပြီး တဖက်မှာတော့ အာရှတိုက်မှာ ချိန်ခွင်လျှာညီအောင် လုပ်ရမယ်ဆိုတာမျိုးတွေကို အာဘော်ထုတ်လွှင့်နေပါတယ်။

ဗမာပြည်အဖို့ကတော့ အင်္ဂလိပ်နဲ့ဂျပန်တို့ တရုတ်ပြည်ကိုရဖို့ လုရာကနေ ဒုတိယကမ္ဘာစစ်ဒဏ် ခံလိုက်ရတဲ့အဖြစ်ကို မမေ့အပ်ပါဘူး။ ဒါကြောင့် ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တောင်းဆိုတာနဲ့အတူ နိုင်ငံတကာ စစ်ပွဲများကိုလည်း ဆန့်ကျင်ကြရပါမယ်။ ဒါ့အပြင် စစ်ပြင်ဆင်ဖို့ ခြေလှမ်းတွေ လုပ်နေတာတွေကိုလည်း မျက်ခြည်မပြတ် သတိထား စောင့်ကြည့်ဖို့ လိုပါတယ်။ အခုအချိန်မှာ အမေရိကန်ရဲ့ တရုတ်ပြည်ပတ်လည်မှာ သူတို့စစ်တပ်အတွက် ခြေနင်းခုံတွေ တည်ဆောက်တာဟာ အရှေ့ဘက်တရိုးမှာ ပြည့်စုံသလောက်ဖြစ်နေပြီး (တောင်ကိုရီးယားကနေ သြစတြေးလျားအထိ ရှည်လျားလှတဲ့ မဟာမိတ်စစ်ကြောင်းကြီး တည်ထောင်ပြီးနေပြီ) အနောက်ဖက်မှာပဲ ကျန်တော့တယ်ဆိုတာ သတိထားမိကြပါတယ်။

နိုင်ငံကြီးတွေရဲ့ အင်အားတည်ဆောက်မှု အကြားမှာ နောက်တကြိမ် ကြားညပ်ခံရတယ်ဆိုရင် ကျွန်တော်တို့ ည့ံရာကျလိမ့်မယ်လို့ ပြောလိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *