သေနတ်ခါးချိတ်ထားသလို မဲတောင်းတဲ့သမ္မတ

By | November 1, 2015

“မဲပေးကြပါအရပ်ကတို့ရဲ့၊ မဲတပြားလောက်ပေးပါ။”

ဒါက ၁၉၅၀ စုနှစ်များတုန်းက ကျင်းပခဲ့တဲ့ ကျောင်းသားပွဲတော်တခုက အမတ်ရူးယိမ်းမှာဆိုတဲ့ ယိမ်းသီချင်းရဲ့ အစပိုဒ်က စာသားတွေပါ။

အောက်တိုဘာလ ၂၉ ရက်နေ့တုန်းက သူ့ရဲ့မွေးဇာတိဖြစ်တဲ့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ဥသျှစ်ကုန်းကျေးရွာမှာ မဲတောင်းတဲ့အခါဗိုလ်သိန်းစိန်က “ပြည်သူများလိုလားတဲ့ ဒီမိုကရေစီစနစ်ကို ပြောင်းပြီးပြီ၊ ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကိုပြောတာလဲ။ ကျွန်တော်တို့ကပြောင်းပြီးပြီ”လို့ရဲရဲတင်းတင်းကြီး၊ စိန်ခေါ်သလို ပြောပစ်ခဲ့ပါတယ်။

ဒါပေမဲ့ သူအဲဒီလိုမာနတခွဲသားနဲ့ ပြောတဲ့နေ့မှာပဲ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို ကို ဖမ်းဆီးခဲ့သလို ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ မဲဆွယ်စည်းရုံးနေတဲ့ ဒီချုပ်အမတ်လောင်းဦးနိုင်ငံလင်းနဲ့ အမျိုးသမီးတွေအပါအဝင် ဒီချုပ်ပါတီဝင်တွေကို စွမ်းအားရှင် တဖြစ်လဲ-ကြံ့ဖွတ်ပါတီဝင်နဲ့ အပေါင်းပါ လူမိုက်တွေက ဓားတွေနဲ့ဝင်ခုတ်တာ၊ အကြမ်းဖက်ရမ်းကားတာတွေ ဖြစ်ခဲ့ပါတယ်။ တို်က်ဆိုင်တာလို့တော့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ကနေ့ဗမာပြည်ရဲ့ အခြေအနေကို ပိုလေးနက်စေတဲ့ တိုက်ဆိုင်မှုလို့ ပြောရပါမယ်။

အဲဒီနေ့တုန်းက ဗိုလ်ကနေ ဦးပြောင်းခဲ့ပြီး ဗိုလ်အခွင့်အရေးတွေ ဆက်လက်ခံစားနေဆဲဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ပြောတာကိုက ‘‘ပြောင်းလဲချိန်တန်ပြီဆိုခြင်းမှာ ဘာကိုပြောတာလဲ’’လို့ မောက်မောက်မာမာပြောခဲ့တာ ဖြစ်ပါတယ်။ ဒီချုပ်ကို ရန်ထောင်တာလို့ ထုတ်မပြောရုံတမယ်ပါ။ ပြီးမှ သူကသူတို့လုပ်ခဲ့တဲ့ အပြောင်းအလဲဆိုတာတွေကို စာရင်းလုပ်ပြသွားပါတယ်။

ဒါဖြင့် မေးလိုက်ချင်ပါတယ်။

ဗိုလ်သိန်းစိန်ပြောတဲ့ အပြောင်းအလဲဆိုတာ စစ်တပ်နဲ့ကာလုံလက်ထဲမှာ တိုင်းပြည်အာဏာကို ပုံပေးထားတဲ့ ၂ဝဝ၈ အခြေခံဥပဒေ ပြဋ္ဌာန်းလိုက်တာကို ပြောတာလား။

ဗိုလ်သိန်းစိန်ပြောတဲ့အပြောင်းအလဲဆိုတာ တိုင်းပြည်ရဲ့သဘာဝသယံဇာတအားလုံးကို နိုင်ငံခြားသားတွေနဲ့ သူတို့ ခရိုနီတွေကပဲ အုပ်စီးလိုက်နိုင်တာကိုပြောတာလား။

ဗိုလ်သိန်းစိန်ပြောတဲ့အပြောင်းအလဲဆိုတာ နဂိုကလယ်မြေရှိသူတွေလယ်မြေမဲ့ဖြစ်၊ အလုပ်ရှိသူတွေ အလုပ်လက်မဲ့ဖြစ်၊ မိသားစုနဲ့ တကွဲတပြား ပြည်ပသွား အလုပ်ရှာကြတဲ့အရေအတွက် သန်းချီရှိလာတာကို ပြောတာလား။

ဗိုလ်သိန်းစိန်ပြောတဲ့ အပြောင်းအလဲဆိုတာ ငြိမ်းချမ်းရေးစကားတွေ တွင်တွင်ပြောနေတဲ့အကြားက စစ်အုပ်စုရဲ့ ခါးပိုက်ဆောင်တပ်ကြီး အရေအတွက်ရော၊ လက်နက်တပ်ဆင်မှုပါ အဆမတန်အားကြီးလာတာကို ပြောတာလား။

ဗိုလ်သိန်းစိန်ပြောတဲ့ အပြောင်းအလဲဆိုတာ ပြည်တွင်းစစ်မှာသုံးတဲ့ လက်နက်တွေ ပိုမိုဆန်းပြား၊ ပြင်းထန်လာတာကို ပြောတာလား။

` ဒီရွေးကောက်ပွဲဆိုတာကြီး ပြီးသွားရင် နိုင်ငံ့သယံဇာတတွေနဲ့ အဓိကအာဏာအဆောက်အအုံဟာ ပြည်သူ့လက်ထဲ ရောက်မှာတဲ့လား။

ဗိုလ်သိန်းစိန်က “အခုဟန်းဖုန်းက ဟိုးကျေးလက်ဒေသအထိ ရောက်သွားပြီ” လို့လည်း လက်မထောင်ခဲ့ပါတယ်။ တကမ္ဘာလုံး ဘယ်မှာမှ မရှိဖူးတဲ့ မတန်တဆစျေးတွေနဲ့ ဟန်းဖုန်းတွေရောင်းစားခဲ့ကြပြီး မတတ်သာတော့မှ စျေးချပေးခဲ့တာ မဟုတ်လား။ အခုလည်း အဲဒီလိုဟန်းဖုန်းတွေ ပျံ့နှံ့လေ သူတို့ခရိုနီတွေ ချမ်းသာလေဆိုတာကိုတော့ သူထည့်မပြောပါဘူး။ သူ ဒီလို ပြောတာဟာ ခေါင်းလျျှော်ရည်တွေ ပေါ်လာလို့ အမျိုးသမီးတွေ သန်းမတုပ်ရတာ တိုးတက်မှုပဲ မဟုတ်လားဆိုပြီး မဲဆွယ်ပြောဟောနေတဲ့ သူ့မိုက်ဖော်ဆိုးဖက်တွေနဲ့ တလေသံတည်းတူနေတဲ့ အူကြောင်ကျား စကားတွေပါ။ ဒါ့အပြင် ဗိုလ်သိန်းစိန်က ကျန်းမာရေး၊ ပညာရေးဘက်တွေမှာလည်း အပြောင်းအလဲကြီး ပြောင်းခဲ့တယ်လို့လည်း ပြောခဲ့ပါသေးတယ်။ ကျန်းမားရေးဌာနမှာ အရင်လိုပဲ စစ်တပ်က လူတွေ ခန့်တာကြောင့် ဆရာဝန်တွေရဲ့ ဖဲကြိုးနက်လှုပ်ရှားမှု ပေါ်ပေါက်ကြီးထွားလာနေပြီး အခြားအလားတူဖဲကြိုးရောင်စုံ လှုပ်ရှားမှုတွေ ပေါ်နေတာဟာ ပြောင်းသလား မပြောင်းလားဆိုတာကို ပြနေတာပါ။ ပညာရေးဘက်မှာ ပြောင်းမပြောင်းကတော့ သာယာဝတီအကျဉ်းထောင်နဲ့ တခြားအကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေကြတဲ့ ကျောင်းသားတွေကို မေးကြည့်တာ ပိုကောင်းပါမယ်။ ဒါကြောင့်မို့် ဒီစစ်ဗိုလ်ချုပ်တွေ မျက်နှာထူတာတော့ မပြောင်းလဲသေးဘူးလို့ ပြောရပါလိမ့်ယ်။

ဒီတခါ ရွေးကောက်ပွဲပြီးရင် အာဏာအဆောက်အအုံရဲ့ အဓိကဒေါက်တိုင်တွေဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတွေဟာ အရပ်သားထဲက ဖြစ်လာနိုင်သလား။

၂ဝဝဂ ဖွဲ့စည်းပုံထဲမှာ အဲဒီလို ပြောင်းလဲမရတဲ့ကိစ္စတွေ အများကြီး ပြဋ္ဌာန်းထားတာကို သူကအားကိုးပြီး ပြောနေတာ ဖြစ်ပါတယ်။ ဗိုလ်သိန်းစိန်တို့တတွေရဲ့နောက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့နောက်မှာစစ်တပ်။ အဲဒီ နိယာမကြီး မပြောင်းလဲသရွေ့ ဘာမှမပြောင်းလဲဘူးလို့ ဆိုရမှာပါ။

ဗိုလ်သိန်းစိန်က သူ့မိန့်ခွန်းတနေရာမှာ “နောက်ထပ် ပြောင်းဖို့ကတော့ အခြားမရှိတော့ဘူး ကွန်မြူနစ်ပဲ ရှိတော့တယ်”လို့ အငေါ်တူးသလို ပြောသွားတာ သတိထားမိကြမယ် ထင်ပါတယ်။ သမ္မတတန်မဲ့နဲ့ ပြောတဲ့စကားမို့ အောချစရာတော့ ကောင်းပါတယ်။ ဒီနေရာမှာ တခုပဲမေးချင်ပါတယ်။ ကွန်မြူနစ်စနစ်ဆိုတာ ပါတီကတပ်ကို အမိန့်ပေးတာ၊ ဗိုလ်သိန်းစိန်တို့အစိုးရ အဲဒီလို လုပ်နိုင်စွမ်းရှိပါသလားလို့။

Leave a Reply

Your email address will not be published. Required fields are marked *