မေဒေးဆိုတာကို ၁၈၉ဝ ခုနှစ်မှာ စတင်ကျင်းပခဲ့ကြတာဆိုတော့ အခုဆိုရင်ဒီကမ္ဘာပေါ်မှာမေဒေးအခမ်းအနားကို ကျင်းပဆင်နွှဲကြတာဟာ နှစ်အားဖြင့်၁၂၆နှစ်မြောက်၊ အကြိမ်အားဖြင့် ၁၂ရကြိမ်မြောက်ဖြစ်ပါလိမ့်မယ်။
တနေ့ ၈ နာရီ အလုပ်ချိန်သတ်မှတ်ရေး တောင်းဆိုချက်နဲ့ စတင်ကျင်းပခဲ့တဲ့ကမ္ဘာ့အလုပ် သမားနေ့မေဒေး ဆိုတာဟာ ဆယ်စုနှစ်ပေါင်းများစွာဆင်နွှဲခဲ့ကြတဲ့ အလုပ်သမားတိုက်ပွဲတွေရဲ့အဆက်၊ မှတ်တိုင်တခုသာဖြစ်ပါတယ်။ စက်မှုတော်လှန်ရေး (ဗြိတိန်မှာ ၁၇၆ဝ စုနှစ်များ၊ ပြင်သစ်မှာ ၁၈ ရာစုအကုန်ပိုင်းနဲ့ အမေရိကန်မှာ ၁၈၁ဝ ခုနှစ်) ကနေ စက်မှုလုပ်ငန်းကို နိုင်ငံတကာ ဖြန့်ကြက်ခဲ့တာနဲ့အတူ ကမ္ဘာ့နိုင်ငံအများအပြားမှာ အလုပ်သမားလူတန်း စားပေါ်ပေါက်လာ၊ အလုပ်သမားလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အရင်းရှင်စနစ် ဖြစ်ပေါ်တိုးပွားမှုနဲ့အတူ ဖြစ်ပေါ်တိုးပွားလာတဲ့ ဒီအလုပ်သမား လှုပ်ရှားမှုတွေဟာ ၁၈၃ဝစုနှစ်များ၊ ၁၈၄ဝစုနှစ်များ စသည်တို့ ကစပြီးအရှိန်ရခဲ့ကြပါတယ်။ ဒီအထဲမှာ ၁၈၃၁နဲ့ ၁၈၃၄ခုနှစ်တို့က လီယွန် (ပြင်သစ်နိုင်ငံ)အုံကြွမှုများနဲ့ ၁၈၄၄ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဥရောပအလယ်ပိုင်း၊ ဆိုင်လိရှားနယ်(Silesia) (အခု ချက်နိုင်ငံနဲ့ပိုလန်မြောက်ပိုင်း) ရက်ကန်း အလုပ်သမား အုံကြွမှုတွေဟာ ပြင်းထန်ထင်ရှားပါတယ်။ အဲဒီနောက်တော့ ၁၈၇၁ခုနှစ်မှာ ပဲရစ်ဘုံအဖွဲ့ကြီးပေါ်ပေါက်လာပါတယ်။ “အမှားတွေ ရှိလင့်ကစား ပြင်သစ်ဘုံအဖွဲ့ဟာ ၁၉ ရာစုနှစ် အလုပ်သမားလှုပ်ရှားမှုများရဲ့ အလွန်တောက်ပြောင်တဲ့ သာဓကတခုဖြစ်တယ်”လို့ ရဲဘော်လီနင်က မှတ်ချက်ပေးခဲ့တဲ့ သမိုင်းမှာ ပထမဆုံးသော ပစ္စည်းမဲ့အစိုးရတည်ထောင်မှု ဖြစ်ပါတယ်။ ပဲရစ်ဘုံအဖွဲ့သားတွေဟာ အဆုံးမှာ ရှုံးနိမ့်သွားပေမယ့် သူတို့ဟာ နိုင်ငံတကာ့အလုပ်သမားတွေကို အဖိုးမဖြတ်နိုင်တဲ့ အသိတရားတွေ ပေးသွားခဲ့တယ်ဆိုတာကို အသိအမှတ်ပြုကြရမှာပါ။ သူတို့ရဲ့ကျေးဇူးကြီးပါတယ်။
အမှန်ပြောရရင် မာ့က်စ်ဝါဒဟာ ဒီအလုပ်သမားလှုပ်ရှားမှုတွေနဲ့အတူ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုတွေကြားမှာပဲ ကွန်မြူနစ်ပါတီကြေညာစာတမ်း ပေါ်ထွက်လာတာပါ။
ဒီလိုနဲ့အလုပ်သမားတိုက်ပွဲတွေက ပင်လယ်သမုဒ္ဒရာနဲ့ တောတောင်တွေကို ကျော်ဖြတ်ပြီး ကမ္ဘာအနှံ့ ပေါ်ပေါက်လာခဲ့ပါတယ်။ အတ္တလန်တိတ်သမုဒ္ဒရာတဖက်မှာရှိတဲ့ အမေရိကန်နိုင်ငံမှာဆိုရင် ၁၈၈၅ ခုနှစ်ထဲမှာပဲ တိုက်ပွဲပေါင်း ရဝဝ ဆင်နွှဲပြီး အလုပ်သမား ၂၅ဝ,ဝဝဝ ပါဝင်ခဲ့ကြပါတယ်။။ နောက်တနှစ်ဖြစ်တဲ့ ၁၈၈၆ ခုနှစ်မှာလည်း တိုက်ပွဲပေါင်း ၁၅၇၂ ပွဲမှာ အလုပ်သမားပေါင်း ၆ဝဝ, ဝဝဝ ပါဝင်ခဲ့ကြပါတယ်။ ဒီတိုက်ပွဲတွေရဲ့ထင်ရှားနီရဲတဲ့ အသီးအပွင့်တခုကတော့ မေဒေးကို တကမ္ဘာလုံးမှာ သတ်မှတ်အသိအမှတ်ပြုလိုက်ခြင်းပါပဲ။
အရင်းရှင်စနစ်က နယ်ချဲ့စနစ်အဖြစ် တက်လှမ်းပြီး ကိုလိုနီနိုင်ငံတွေ ဖြစ်လာတော့ မူလက ပဒေသရာဇ်နိုင်ငံတွေဖြစ်တဲ့ ဒီကိုလိုနီနိုင်ငံတွေမှာလည်း (မကြီးသော်ငြားလည်း) စက်မှုလုပ်ငန်းတွေ ပေါ်လာပြီး အလုပ်သမားနဲ့အလုပ်သမားလှုပ်ရှားမှုတွေ ပေါ်ပေါက်လာပါတယ်။ ဒီလိုနဲ့ နိုင်ငံတကာ အလုပ်သမားဟာ အမျိုးသားအသီးသီးရဲ့လွတ်လပ်ရေးလှုပ်ရှားမှုတွေနဲ့ ပေါင်းစည်းမိလာပါတယ်။ အထူးသဖြင့် ပထမကမ္ဘာစစ်ကြီးရဲ့ နောက်ပိုင်းမှာ ဖြစ်ပါတယ်။ ဗမာပြည်မှာ ဒီအချင်းအရာရဲ့ အထင်ရှားဆုံး သာဓကကတော့ ရေနံမြေသပိတ်ကြီး ဖြစ်ပါတယ်။
အဲဒီသပိတ်ကြီးကစလို့ ဗမာပြည်နိုင်ငံရေးမှာ အလုပ်သမားတွေရဲ့အစွမ်းနဲ့အခန်းကို အသိအမှတ်မပြုလို့မရ ဖြစ်လာ ပြီး အလုပ်သမားတွေ ထိပ်ကပါဝင်တဲ့ ၁၉၄၇ ခုနှစ် အထွေထွေသပိတ်ကြီးဟာ ဗမာပြည်ကို လွတ်လပ်ရေးပေးဖို့ အင်္ဂလိပ်တွေကို ဆုံးဖြတ်ချက်ကျသွားစေခဲ့တဲ့ အကြောင်းတခု ဖြစ်ခဲ့ပါတယ်။
လွတ်လပ်ပြီးနောက် ဗမာပြည်နိုင်ငံရေးရဲ့ထူးခြားချက်ဟာ နိုင်ငံရေးလောကမှာ လက်ဝဲလေသံတွေ၊ ဆိုရှယ်လစ် စကားတွေ ပြောကြရတာ ဖြစ်ပါတယ်။ ဒါဟာ ၁၉၁၇ ခုနှစ် မဟာအောက်တိုဘာတော်လှန်ရေးကြီး၊ ဒုတိယကမ္ဘာစစ်အတွင်း မှာ ဆိုဗီယက်ယူနီယံနဲ့ ဆိုရှယ်လစ်အင်အားစုတွေက ဖက်ဆစ်တွေအပေါ်အောင်ပွဲခံမှုတွေရဲ့ ဂယက်နောက်ဆက်လို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် ကိုလိုနီခေတ်ကာလအတွင်းမှာ အလုပ်သမားတွေက အင်အားပြခဲ့တာလဲ ပါပါတယ်။ ဒါကြောင့် အဲဒီီတုန်းက ဗမာပြည်မှာ ကွန်မြူနစ်ဆန့်ကျင်ရေး အပြင်းထန်ဆုံးနဲ့ အမေရိကန်စီအိုင်အေနဲ့ အနီးစပ်ဆုံးအင်အားစုဖြစ်တဲ့ ဖဆပလ ထဲက ဆိုရှယ်လစ်ပါတီဝင်တွေနဲ့ ဖြစ်တည်ကာစ စစ်အုပ်ထဲက ဆိုရှယ်လစ်ဗိုလ်ချုပ်တွေဟာ ဆိုရှယ်လစ်အမည် ခံထားကြပါတယ်။ တချိန်ထဲမှာ သူတို့ဟာ အလုပ်သမားမဲတွေရအောင်၊ ပြည်သူတွေကို လှည့်စားနိုင်အောင်လညး် အလုပ်သမားအစည်းအရုံးတွေ အပြိုင်အဆိုင် ထူထောင်ကြပါတယ်။ ဒါပေမဲ့ ဗမာပြည်ရှိ လူ့အလွှာအသီးသီးရဲ့အောက်ဆုံးက အလုပ်သမားတွေရဲ့ဘဝကတော့ မွဲတေနုံချာ၊ စုတ်ပြတ်သတ်နေတဲ့ အခြေအနေက မတက်နိုင်ခဲ့တာ ဒီနေ့အထိပါပဲ။ ဗမာပြည်စစ်အုပ်စုအဆက်ဆက်ရဲ့ ဖခင်ကြီးလို့ ဆိုရမယ့် ဗိုလ်နေဝင်းဆိုရင် မြန်မာ့ဆိုရှယ်လစ်စနစ်ဆိုတာကိုတောင် ကြွေးကြော်၊ မဆလ လမ်းစဉ်နဲ့ အလုပ်သမားကောင်စီ ဆိုတာတွေကို ဖွဲ့စည်းပြီး “ဆိုရှယ်လစ်”နိုင်ငံတော်ကြီးတောင် တည်ထောင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဘာကြာလိုက်လို့လဲ။ ၁၉၇၄ ခုနှစ်၊ မေ-ဇွန်အလုပ်သမား လှုပ်ရှားမှုတွေကျတော့ အလုပ်သမားတွေကို ရက်ရက်စက်စက်သတ်ဖြတ်၊ ရိုက်နှက်၊ ဖမ်းဆီးတော့တာပဲ မဟုတ်ပါလား။
ထူးထူးခြားခြား အသိအမှတ်ပြုရမှာကတော့ နဝတ၊ နအဖနဲ့ ဗိုလ်သိန်းစိန်အစိုးရခေတ်ပါပဲ။ အလုပ်သမားအစည်း အရုံး/သမဂ္ဂ စတာတွေကို သူတို့ကိုယ်တိုင်လည်း မဖွဲ့၊ တခြားသူတွေကိုလည်း ဖွဲ့ခွင့်မပေးခဲ့ပါဘူး။ သူတို့စိတ်ထဲမှာ သူတို့နဲ့ သူတို့ခရိုနီတွေကို ဒုက္ခပေးတယ်လို့ထင်တဲ့ အလုပ်သမားမှန်သမျှ၊ လှုပ်ရှားမှုမှန်သမျှကို ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက်တာပဲ လုပ်ခဲ့ပါတယ်။ သူ့တို့ရဲ့ အရင်က အစိုးရတွေလို ဟန်ဆောင်တာ၊ အရေခြုံတာလေးတွေတောင် မလုပ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ ဗမာပြည်မှာ မေဒေးအခမ်းအနားကို အာဏာပိုင်တွေက မလုပ်ခဲ့တာ ဆယ်စုနှစ်သုံးနှစ်လောက်ရှိပြီလို့တောင် ပြောရမှာပါ။
သူတို့နဲ့ပြောင်းပြန် ဗမာပြည်က အလုပ်သမားတွေကတော့ မေဒေးနေ့ကို မမေ့ကြပါဘူး။ မေဒေးဆိုတာ နိုင်ငံတကာ အလုပ်သမားလှုပ်ရှားမှုရဲ့သင်္ကေတ၊ နိုင်ငံတကာအလုပ်သမားအောင်ပွဲများရဲ့အထိမ်းအမှတ်လက္ခဏာ၊ နိုင်ငံတကာ အလုပ်သမားများ ရှေ့ဆက်တိုက်ပွဲဝင်ဖို့အတွက် တွန်းအားနဲ့ခွန်အား ဖြစ်တယ်ဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ သူတို့ဟာ အခြေအနေ၊ အချိန်အခါတွေနဲ့ လိုက်လျောစွာ မေဒေးအခမ်းအနားကို အထိမ်းအမှတ်ပြုကြမှာသာဖြစ်ပါတယ်။
တချိန်က ဗမာပြည်ဟာ အိမ်နီးနားချင်းနိုင်ငံတွေက အလုပ်ရှာမရသူတွေ အလုပ်လာရှာကြ၊ စီးပွားလာရှာကြတဲ့နိုင်ငံ ဖြစ်ပါတယ်။ အခုတော့ စစ်အစိုးရအဆက်ဆက်ရဲ့ဒဏ်ကြောင့် ဗမာပြည်ဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှက ဈေးအပေါဆုံး လုပ်အားတွေ တင်ပို့တဲ့နိုင်ငံ ဖြစ်သွားရပါတယ်။ ဒါ့အပြင် ဗမာပြည်က အလုပ်သမားတွေဟာ သူများတွေရဲ့ အထင်သေးခံရ၊ အနှိမ်ခံရ၊ အနိုင်ကျင့်ခံရ၊ အမျိုးသားအရဂုဏ်သိက္ခာပါ အကြီးအကျယ်ကျဆင်းသွားပါပြီ။
ဒါ့အပြင် ပြည်တွင်းမှာလည်း ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို မျက်နှာချိုသွေးချင်တဲ့ ခရိုနီစစ်အစိုးရကြောင့် အလုပ်သမားတွေဟာ သာမန်အခွင့်အရေးတွေဆုံးရှုံး၊ လစာတွေနိမ့်ကျ၊ လှုပ်ရှားဆန္ဒပြရင် အဖမ်းခံရနဲ့ အာဏာပိုင်တွေရဲ့ ခြေဖဝါးအောက်ကို ရောက်နေကြရပါတယ်။ ဒီလိုအခါမှာ အလုပ်သမားထုဟာ မေဒေးနဲ့ ၁၃ဝဝ ပြည့် ရေနံမြေအရေးတော်ပုံ စိတ်ဓာတ်ကို လွှင့်ထူပြီး အနိမ့်ဆုံးတောင်းဆိုချက်တွေကစလို့ မိမိတို့ဘဝ သာယာကောင်းမွန်တိုးတက်ရေးအတွက် တဆင့်ပြီးတဆင့် မြှင်တင်ကာ လှုပ်ရှားတိုက်ပွဲဝင်သွားကြရပါလိမ့်မယ်။
ဗမာပြည်က အလုပ်သမားတွေဟာ လူတန်းစေ ့နေထိုင်နိုင်ရေးအတွက် အနိမ့်ဆုံးအားဖြင့် အောက်ပါအခွင့်အရေးတွေကို အပြည့်အဝခံစားခွင့်ရကြရပါမယ်။ ဒါတွေဟာ သာမန်ခံစားခွင့်သာမက အလုပ်သမားဂုဏ်သိက္ခာနဲ့လည်း ဆက်စပ်နေပါတယ်။
၁။ တနေ့အလုပ်ချိန်(၈)နာရီ၊ (တပတ်၄၄နာရီ)ထက်မကျော်လွန်ရေး။
၂။ အလုပ်သမားတယောက်ရဲ့အနီမ့်ဆုံးလစာဟာ သူ့မိသားစုစားဝတ်နေရေး အတွက်အာမခံနိုင်ရေး။
၃။ လုပ်ခ၊ လစာနဲ့ လူနေမှုစရိတ်ညှိနှိုင်းဆောင်ရွက်ပေးရေး။
၄။ တရားဝင်ခွင့်ရက်ခံစားခွင့်များနဲ့ အစိုးရရုံးပိတ်ရက်များကို လစာပြည့်ဖြင့် ခံစားခွင့်ရရှိရေး။
၅။ အချိန်ပိုလုပ်ခစနစ်ဖြင့် လုပ်အားညှစ်ထုတ်ခိုင်းစေခြင်းစနစ် ရပ်ဆိုင်းရေး။
၆။ လုပ်ငန်းခွင်အခြေအနေ ကျန်းမာရေးနဲ့ညီညွတ်ပြီး အန္တရာယ်ကင်းစေရေး။
၇။ အလုပ်ရှင်အသိုင်းအဝိုင်းမှ အလုပ်သမားများအပေါ် အနိုင်ကျင့်ဆက်ဆံမှုများနဲ့ ထင်သလို အလုပ်ထုတ်ပယ်မှုများကို ရပ်ဆိုင်းပစ်ရေး။]
၈။ အလုပ်သမားအခွင့်အရေးများကို အကာအကွယ်ပေးတဲ့ အလုပ်သမားဥပဒေများပြဋ္ဌာန်းပေးရေး။
၉။ အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်ပေးရေး။
မေဒေးဟာ တိုက်ပွဲ၊ မေဒေးဟာ အောင်ပွဲဖြစ်တယ်။
