ရင်ကမွေးလည်းသား
ကျောကမွေးလည်းသား
ကိုယ့်သားမှကိုယ့်သား
ကျောင်းသားတဲ့ငါ့သား
ဗမာပြည်မှာ ပဒေသရာဇ်မင်းဆက်ပြတ်ပြီးနောက် ခေတ်သစ်ပညာရေး၊ ကျောင်း၊ ကျောင်းသားတွေ ပေါ်လာကတည်းက ကျောင်းသားနဲ့ မိဘပြည်သူများဟာ ခွဲလို့မရအောင် တလှေထဲစီး၊ တခရီးထဲသွား၊ တိုက်ပွဲတွေဝင်ပြီး အောင်ပွဲတွေ ဆင်ခဲ့ကြပါတယ်။ ၁၉၂ဝ ခုနှစ် သပိတ်ကစလို့ လို့ပဲ ဆိုကြပါစို့။
ပြည်သူတွေရဲ့ အဲဒီကိုလိုနီဘဝလွတ်မြောက်ရေး တိုက်ပွဲတွေကစလို့ ဒီနေ့အထိ မိဘပြည်သူတွေနဲ့ လက်တွဲမဖြုတ်စတမ်း တိုက်ပွဲဝင်ခဲ့/နေတဲ့ ကျောင်းသားတွေရဲ့ တိုက်ပွဲတွေဟာ ဗမာနိုင်ငံသမို်င်းထဲကနေ ဖယ်ရှားပစ်လို့ မဖြစ်နိုင်သလို ဒီတိုက်ပွဲတွေအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာဟာလည်း ဗမာပြည်နိုင်ငံရေးလောကက လူပုဂ္ဂိုလ်တဦးချင်း၊ ဒါမှ မဟုတ် အဖွဲ့အစည်းတခုချင်းကို တိုင်းတာတဲ့စံတမျိုး ဖြစ်နေပါတယ်။ ဗမာပြည်နိုင်ငံရေးနဲ့ ပတ်သက်သူတိုင်း အဲဒီမေးခွန်း၊ အဲဒီစမ်းသပ်မှုကို ရှောင်ကွယ်လို့ မရပါဘူး။
ကျောင်းသားတွေဟာ (ဆရာဗန်းမော်တင်အောင်ပြောတဲ့) သမိုင်းက ပေးတဲ့တာဝန်ကို ဘယ်တုန်းကမှ ခေါင်းမရှောင်ခဲ့ဘူးဆိုတာကို အားလုံးပဲ အသိအမှတ်ပြုရပါမယ်။ ၁၉၂ဝ သပိတ်၊ မန္တလေးအာဇာနည် ၁၇ ဦး သပိတ်၊ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်၊ ၁၃ဝဝ ပြည့် ရေနံမြေအရေးတော်ပုံ(ဗိုလ်အောင်ကျော်ကျဆုံးမှုနဲ့ဆက်နေတဲ့)၊ ဂျပန်တော်လှန်ရေး၊ ၁၉၄၅ – ၄၈ လွတ်လပ်ရေးတိုက်ပွဲတွေ၊ လွတ်လပ်ရေးနောက်ပိုင်း တိုက်ပွဲမျိုးစုံ၊ နောက်ဆုံးအားဖြင့် ရှစ်လေးလုံးအရေးတော်ပုံနဲ့ ဒီနေ့အထိ၊ သမိုင်းတလျှောက်လုံးမှာ မီးသွေးခဲမို့မည်းကြောင်း ပြသခဲ့ကြသလို အသက်နဲ့ဘဝ အပါအဝင် စွန့်လွှတ်မှုပေါင်းများစွာလည်း ပြုလုပ်ခဲ့ကြပါတယ်။ ဒါကို ငြင်းနိုင်ရင် ငြင်းကြစမ်းပါ။
ဒါကြောင့်လည်း ဗမာနိုင်ငံသားတွေနဲ့ ဗမာပြည်က ကျောင်းသားတွေဟာ ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတွေအတွက် သူတို့ပါဝင်ရင် ပါဝင်သလောက်အသိအမှတ်ပြု၊ တန်ဖိုးထားကြပါတယ်။ ကျွန်တော်တို့ ကျောင်းသားလုပ်ငန်းတွေ လုပ်တုန်းကဆိုရင် ငါဟာ အောင်ဆန်း – ဗဟိန်း – အောင်ကျော်တို့ လုပ်ခဲ့တဲ့အလုပ်၊ နေဝင်း မလုပ်ခဲ့တဲ့ အလုပ်ကို ဆက်လုပ်နေတာလို့ ဂုဏ်ယူခဲ့တယ်ဆိုတာ အခုဝန်ခံချင်ပါတယ်။ အာဏာသိမ်းပြီးတာနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို မိုင်းဗုံးနဲ့ခွဲခဲ့တဲ့၊ ကျောင်းသားတွေကို ရာနဲ့ချီသတ်တဲ့ ဗိုလ်နေဝင်းရဲ့ ကျောင်းသားသမဂ္ဂအပေါ် ထားရှိတဲ့ အာဃာတနဲ့ရန်ငြိုးဟာ အဲဒီသမိုင်းကြောင်းနဲ့ တိုက်ရိုက်ဆက်နေတယ်လို့ ပြောနိုင်ပါတယ်။
တဆက်ထဲမှာပဲ နောက်ပိုင်းစစ်ခေါင်းဆောင်တွေကိုလည်း သူတို့ကျောင်းသားဘဝ/တက္ကသိုလ်တုန်းက ဘာများ လုပ်ခဲ့သလဲ၊ သူတို့ခေတ်က ကျောင်းသားလှုပ်ရှားမှုတွေထဲမှာ ပါခဲ့ဖူးသလားလို့ ဆန်းစစ်နေမိပါတယ်။ ပါဝင်ဖူးတဲ့လူ အင်မတန့်ကိုနည်းတာ သတိပြုမိပါတယ်။ ဒီနောက်ပိုင်းကျတော့ စစ်အုပ်စုနဲ့ စစ်တပ်ရဲ့ထိပ်ပိုင်းမှာ ဒီအက်စ်အေတို့၊ အိုတီအက်စ်တို့က ထွက်လာတဲ့ ဗိုလ်တွေချည်းမို့ သူတို့တတွေဟာ သာမန်ကျောင်းသားတွေအပေါ် သံယောဇဉ်စိုးစဉ်းမှမရှိ၊ အာဃာတသာ ရှိတယ်လို့ ကောက်ချက်ဆွဲမိပါတယ်။ သူတို့တတွေက သမဂ္ဂအစဉ်အလာကို အသိအမှတ်ပြု၊ လေးစားဖို့ ဆိုတာကတော့ ဝေလာဝေးပေါ့။
အထက်က အချက်တွေကနေ ဆက်ကောက်ချက်ဆွဲနို်င်တာက ကျောင်းသားသမဂ္ဂဆိုတာဟာ အစဉ်အလာကို ဆက်ခံရတာ ဖြစ်ပါတယ်။ ကိုယ်ထင်သလို ထထောင်လို့ မရပါဘူး။ ကိုယ့်အထက် အဆက်ဆက်က တိုက်ပွဲတွေ၊ ခေါင်းဆောင်တွေ၊ အစဉ်အလာတွေကို အသိအမှတ်ပြုရပါမယ်။ ငါလုပ်မှ သမိုင်းစ’တယ်လို့ထင်ရင် အမှားကြီး မှားပါတယ်။ လွတ်လပ်ရေး ရပြီးတဲ့နောက် ဗမာပြည်သမိုင်း အဆက်ဆက်မှာ အုပ်စိုးသူတွေက အပြိုင်သမဂ္ဂ၊ ကျောင်းသားအဖွဲ့အစည်းတွေ ထူထောင်ဖို့ ကြိုးစားခဲ့တာ အကြိမ်ကြိမ်ပါပဲ။ ဒါပေမဲ့ ဒီနေ့အထိ မအောင်မြင်ပါဘူး။ အဓိကအကြောင်းရင်းကတော့ သူတို့ ထူထောင်တဲ့အဖွဲ့အစည်းတွေဟာ ကျောင်းသားသမဂ္ဂရဲ့အဓိကလက္ခဏာဖြစ်တဲ့ မိဘပြည်သူနဲ့ကျောင်းသားတွေကို ကိုယ်စားပြုခြင်း၊ သူတို့အကျိုးစီးပွားအတွက် တောင်းဆိုတိုက်ပွဲဝင်ခြင်းဆိုတဲ့ လက္ခဏာတွေ လစ်ဟင်းနေလို့ ဖြစ်ပါတယ်။
ဒီတော့ ဆက်ပြောသင့်တာက ကျောင်းသားသမဂ္ဂဆိုတာ လူတယောက်၊ ဒါမှမဟုတ် လူတချို့ကို ပြောတာ မဟုတ်ပါဘူး။ ထို့အတူ တဦးတယောက်၊ ဒါမှမဟုတ် တချို့က အပြောမှား အလုပ်မှားလို့ သမဂ္ဂမှားတယ်လို့ ပြောမရပါဘူး။ ကျောင်းသားသမဂ္ဂဆိုတာ တည်ရှိနေတဲ့ အစဉ်တခု ဖြစ်ပါတယ်။ အောင်ဆန်း – ဗဟိန်း – အောင်ကျော်ဟာ သမဂ္ဂလို့ ပြောမရပေမယ့် ကျောင်းသားသမဂ္ဂလို့ ပြောလိုက်ရင် သူတို့ကိုထည့်ပြောမှ ပြည့်စုံပါတယ်။ သိပ္ပံပညာမှာ ပြောကြတဲ့ အခြေခံအမှုန်လေးတွေ (elementary particles) နဲ့ တူတယ်လို့ ဆိုရပါမယ်။ အရာဝတ္ထုတခုမှာ ပါဝင်တဲ့ အမှုန်လေးတွေရဲ့လှုပ်ရှားမှု၊ အပြန်အလှန်သြဇာသက်မှုကနေ အဲဒီအရာဝတ္ထုရဲ့ဖြစ်တည်မှုကို ပြဋ္ဌာန်းတယ် ဆိုတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ မာ့က်စ်ဝါဒ အဘိဓမ္မာမှာ identity (အဇ္စျတ္တ လက္ခဏာ) ဆိုတာကို တခုချင်းလက္ခဏာနဲ့ တခုလုံးလက္ခဏာ(အနှံ့အပြားလက္ခဏာ)လို့ ပြောတတ်ကြ ပါတယ်။ တခုလုံးလက္ခဏာ (general) နဲ့ တခုချင်းလက္ခဏာ (particular) တို့ကို မရောထွေးဖို့ ဖြစ်ပါတယ်။ ကျွန်တော်ဟာ ဗမာပြည်သားလားဆိုရင် ဟုတ်ပါတယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ ဗမာပြည်သားတိုင်း ကျွန်တော့်အတိုင်းပဲလားလို့ဆိုရင်တော့ မဟုတ်ဘူးလို့ပဲ ပြောရမှာပါ။ အဲဒီလိုပဲ ကျောင်းသားသမဂ္ဂနဲ့ တဦးချင်းရဲ့ဆက်စပ်မှုကို ခွဲလို့ကြည့်၊ တွဲလို့ကြည့်သင့်ပါတယ်။ ဒီလိုပြောလို့ တဦးချင်းရဲ့ထူးခြားချက်၊ ခြားနားချက်လေးတွေကို အသိအမှတ်မပြုရဘူးလို့ မဆိုလိုပါဘူး။ အသိအမှတ်ပြုရပါမယ်။
အလုပ်သမားရှိရင် အလုပ်သမားသမဂ္ဂ၊ လယ်သမားရှိရင် လယ်သမားသမဂ္ဂဆိုတာတွေ ရှိရသလို ကျောင်းသားရှိရင်လည်း ကျောင်းသားသမဂ္ဂဆိုတာ ရှိကိုရှိရပါမယ်။ လောကမှာ သမဂ္ဂမရှိတာဟာ အဝီစိနဲ့ အာဏာရှင်အုပ်စိုးတဲ့ နိုင်ငံသာ ဖြစ်ပါလိမ့်မယ်။ ကျောင်းသားရယ်လို့ တည်ရှိနေရင် အဲဒီကျောင်းသားတွေထဲကပဲ ကျောင်းသားသမဂ္ဂကို ထူထောင်ကြကြောင်း ဗမာပြည်သမိုင်းက ပြခဲ့/နေတယ် မဟုတ်ပါလား။
အဲဒီလို ကျောင်းသားသမဂ္ဂအလံကို ဆက်လက်ကိုင်စွဲခဲ့ကြတဲ့ ဗကသ ကျောင်းသားတွေ သင်္ကြန်မတိုင်ခင်လေးမှာ ပြန်လွတ်လာကြတယ်။ နောက်မကြာခင်မှာပဲ ဖေ့ဘွတ်ခ်လူမှုကွန်ယက်မှာ သူတို့အပေါ် စွပ်စွဲတိုက်ခိုက်မှုမျိုးစုံကို တွေ့လာရတယ်။ ဘယ်လိုလူတွေက ဒီလိုတိုက်ခိုက်နေကြသလဲဆိုတာ ရှင်းပါတယ်။
အခုအချိန်မှာ ဆန့်ကျင်ဖက် စစ်ထောက်လှမ်းရေးတွေက ဖေ့ဘွတ်ခ်လူမှုကွန်ယက်မှာ စွဲချက်တခုတင်လိုက် ဗကသ က ဖြေရှင်းပြလိုက်၊ သူတို့က နောက်ဆွဲချက်တခုတင်လိုက် လုပ်ပြီးတော့နင်းကျိုးနင်းကြွံ အခြေအနေရောက်အောင် တွန်းပို့နေတာ အားလုံးက သိနေပါပြီ။
ဗမာပြည်ရဲ့ဂုဏ်ကို ဒီကျောင်းသားတွေနဲ့ ကျောင်းသားသမဂ္ဂတွေက ဂုဏ်ပြောင်စေတာဖြစ်သလို ဒီနိုင်ငံနဲ့ ဒီပြည်သူတွေကလည်း ဒီကျောင်းသားတွေနဲ့ သမဂ္ဂတွေရှိနေတာကို ဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် အခုအချိန်အထိ ဗကသ လျှောက်နေတဲ့လမ်းဟာ မှန်နေဆဲ ဖြစ်ပါတယ်။
(လာမယ့် ၂၀၁၇ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာ ကျရောက်မယ့် သခင်ဗဟိန်းရဲ့ အသက်တရာပြည့်မွေးနေ့ကို ဒီဆောင်းပါးနဲ့ ဂုဏ်ပြုအပ်ပါတယ်။)
