အရှည်ကြာဆုံးပြည်တွင်းစစ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇာတ်မျောကြီး

By | March 4, 2016

ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးပြည်တွင်းစစ် ရှိနေပြီး ငြိမ်းချမ်းရေးအတွက်ဆွေးနွေးတယ်ဆိုတာတွေကို အကြိမ် အများဆုံး လုပ်တဲ့နိုင်ငံ၊ အဲဒီဆွေးနွေးပွဲတွေကို အချိန်အတိုဆုံးနဲ့ အကြာဆုံးလုပ်တဲ့ နိုင်ငံကို ပြောပါလို့ဆိုရင် လူတိုင်းက ဗမာပြည်လို့ပဲ ပြောကြမှာပါ။ ဒီပြည်တွင်းစစ်ကြီး ဘယ်လိုက စဖြစ်တာလဲဆိုတာကို အခုအခါမှာ အထူးအငြင်းပွားစရာ မရှိတော့ဘူး ထင်ပါတယ်။ ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ရက်နေ့မှာ စတင်ခဲ့တဲ့ ပြည်တွင်းစစ်ဟာ အုပ်စိုးသူ ဖဆပလ – ဆိုရှယ်လစ် အစိုးရက ဒီမိုကရေစီ အခွင့်အရေးတွေကို ရိုက်ချိုးကာ လက်နက်နဲ့ ဖိနှိပ်ပြီး ကွန်မြူနစ်ပါတီကို အမြစ်ပါတူးပစ်ဖို့ စီမံလာတဲ့အတွက် ကွန်မြူနစ်တွေဟာ ခုခံဖို့လက်နက်ကို ကိုင်ခဲ့ရပါတယ်၊ အဲဒီကနေ ဖဆပလ အစိုးရရဲ့ ခြေလှမ်းတွေကို မြင်ကြတဲ့ တခြားနိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေလည်း လက်နက်ကိုင်ခဲ့ကြပါတယ်။

၁၉၅ဝ စုနှစ်များရဲ့ အစပိုင်းမှာ ဗမာပြည်ထဲကို ကူမင်တန်တရုတ်ဖြူတပ်တွေ ကျူးကျော် ဝင်ရောက်လာခဲ့ပါတယ်။ တကယ်က အဲဒီတုန်းက တရုတ်ဗမာနယ်စပ်ဆိုတာ ဘယ်အစိုးရကမှ သိပ်ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်နိုင်တာမဟုတ်ပါဘူး။ ကူမင်တန်အစိုးရ လက်ထက်တုန်းကလည်း သိပ်မချုပ်ကိုင်နိုင်သလို လွတ်မြောက်စ တရုတ်ပြည်ရဲ့ ကွန်မြူနစ်အစိုးရဟာလည်း နယ်စပ်တွေ တည်ငြိမ်အေးချမ်းအောင် လုပ်နေရတုန်းအချိန် ဖြစ်ပါတယ်။ ဗမာပြည်မှာလည်း အလားတူပါပဲ။ ဖဆပလ အစိုးရဟာ ပြည်တွင်းစစ်နဲ့ လုံးပန်းနေရချိန်မို့ နယ်စွန်နယ်ဖျားတွေကို တပ်များများ မပို့နိုင်ပါဘူး။ အဲဒီတုန်းက ရှမ်းပြည်နယ်လို နေရာမှာ နယ်ခံပဒေသရာဇ်စိုးမိုးမှုက ခိုင်ခိုင်မာမာ တည်ရှိနေတုန်းလို့ ဆိုရပါမယ်။ ဒီလိုနဲ့ ကူမင်တန်တရုတ်ဖြူ ကျူးကျော်မှုကို အကြောင်းပြုပြီးရောက်လာတဲ့ ဖဆပလ အစိုးရစစ်တပ်တွေဟာ ဒေသလူထုအပေါ် အမျိုးမျိုးအနိုင်ကျင့်ရာကနေ ရှမ်းပြည်နယ်မှာ လက်နက်ကိုင်ပုန်ကန်မှုတွေ နေရာအနှံ့ တိုးများလာပါတော့တယ်။ ဒီအထဲမှာ ဗိုလ်နေဝင်းတို့က စော်ဘွားတွေလက်ထဲက အာဏာကို သိမ်းယူလိုက်တာကိုလည်း အချက်တချက်အဖြစ် ထောက်ပြလို့ ရပါမယ်။

ဒီဖြစ်စဉ်နဲ့တပါတည်း အစိုးရစစ်တပ်ကို ဗိုလ်နေဝင်း-ဗိုလ်အောင်ကြီး-ဗိုလ်မောင်မောင်စတဲ့ ဆိုရှယ်လစ်အစုက လက်ဝါးကြီးအုပ်တဲ့ အစီအစဉ်ကလည်း အကောင်အထည်ဖော်ပြီးမြောက်ခဲ့ပါတယ်။ ဒါရဲ့အထွတ်အထိပ်ကတော့ ၁၉၅၈ ခုနှစ် အာဏာသိမ်းပွဲပါပဲ။ ဒီအာဏာသိမ်းပွဲဟာ ဗမာပြည်က ဗိုလ်နေဝင်း ဦးဆောင်မွေးမြူခဲ့တဲ့ စစ်အုပ်စုအတွက် နောင်အာဏာသိမ်းပွဲတွေအတွက် လမိုင်းတင်တဲ့လုပ်ရပ်၊ ဝတ်စုံပြည့်ဇာတ်တိုက်တဲ့ လုပ်ရပ်လို့ ပြောရမှာပါ။ ဒီတိုင်းပြည်မှာသူတို့ စစ်အုပ်စုကို ဘယ်အင်အားကမှ မခုခံ၊ မလွန်ဆန်နို်င်ကြောင်း သေချာသွားပါပြီ။ နောက်ပြီး အဲဒီလိုရတဲ့ အာဏာကို ထိန်းထားဖို့၊ ကိုယ်ပိုင်ပစ္စည်းလို ဖြစ်နေဖို့ဆိုတာ ဒီစစ်တပ်ကြီး ရှိနေလို့ဆိုတဲ့ ကောက်ချက်ကိုလည်း ဆွဲနိုင်စေခဲ့ပါတယ်။
ဒီလက်နက်ကိုင်တပ်ကြီးကို အရပ်သားအစိုးရအနေနဲ့ အားမကိုးလို့လည်းမဖြစ်၊ တချိန်ထဲမှာ သူတို့ကို ကြောက်လည်းကြောက်နေအောင် ဖန်တီးထားတဲ့ အနေအထားကို အာမခံနိုင်အောင်ဆိုရင် ဒီလက်နက်ကိုင်တပ်ကို အင်မားကြီးမားပြီး တောင့်တင်းသထက် တောင့်တင်းအောင် လုပ်ဖို့လိုပါလိမ့်မယ်။

သူတို့အဖို့ လက်တွေ့မှာ စစ်တပ်အကြီးကြီးတခု တည်ဆောက်ရတာ မခက်ပါဘူး။ ကိုယ့်လက်ထဲမှာ အာဏာရှိနေလို့ကတော့ ကာကွယ်ရေးစရိတ်ဆိုတာကို ကိုယ်တိုးချင်သလို တိုးချဲ့လို့ရနေတာပဲ မဟုတ်လား။ ဒါ့အပြင် အဲဒီလိုတပ်ရင်းတွေတည်ဆောက်၊ လက်နက်ကြီးငယ်တွေ ဝယ်ရင်းနဲ့ပဲ ကိုယ့်အတွက် စားပေါက်တွေကလည်း နည်းမှမနည်းတာ။ ၁၉၉၄ ခုနှစ်ဆီတုန်းက မယ်နာပလောကိုတိုက်ဖို့ ရဟတ်ယာဉ်တွေဝယ်တာ၊ နောက်ပြီး ၂၁ ရာစု အစောပိုင်းမှာ ရုရှားနိုင်ငံက အမ်အိုင်ဂျီ ၂၉ တိုက်လေယာဉ်တွေ ဝယ်တာတို့မှာ စစ်ဗိုလ်တွေပွခဲ့တာ စတာတွေကို ကြည့်ပါ။
ဒါပေမဲ့ ဒီလိုတိုင်းပြည်ရဲ့ ဓနအင်အားနဲ့ အချိုးအစားမမျှတတဲ့၊ လူဦးရေနဲ့တပ်သားအရေအတွက်အချိုးအစားက အာရှမှာ အများဆုံးဖြစ်တဲ့ တပ်ကြီးတခုကို ထိန်းသိမ်းထားဖို့အတွက် အကြောင်းပြစရာ လိုပါတယ်။ ဗမာပြည်ဟာ အိမ်နီးနားချင်း နိုင်ငံတွေနဲ့ အဆင်မပြေဖြစ်တာ၊ တင်းမာနေတာရယ်လို့လည်း ပြောစရာ၊ ပြစရာမရှိတော့ ပြည်တွင်းစစ်ကိုပဲ အကြောင်းပြရပါတော့တယ်။ ဒီလိုနဲ့ ပြည်တွင်းစစ်မွေးထားရေးဆိုတဲ့ ဗိုလ်နေဝင်းတို့ ပထမမျိုးဆက် စစ်အုပ်စုရဲ့ အတွေး အခေါ် အကြံအစည်ကို အဆက်ဆက်စစ်အာဏာရှင်တွေက ဆက်ခံထိန်းသိမ်းလာခဲ့ကြပါတယ်။

အဲဒီလို ပြည်တွင်းစစ်ကို ဖန်တီး၊ ပြည်တွင်းစစ်ကို မွေးထားသူတွေမှာ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တယ် ဆိုတဲ့ဖဲတချပ်လည်း အမြဲကိုင်ထားလေ့ရှိပါတယ်။ သိမီတဲ့သူတွေ သတိရကြပါလိမ့်မယ်။ ဦးနုက ငြိမ်းချမ်းရေး ဆွေးနွေးပွဲခေါ်ချင်တဲ့ဆန္ဒ ဖော်ပြတိုင်း စစ်တပ်က ကတ််ဖဲ့ယပ်ဖဲ့လုပ်၊ ဆန့်ကျင်ပြီး သူတို့က အပြုတ်တိုက်ရေး ကြွေးကြော်သံကို တင်ခဲ့ပါတယ်။ တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေးဌာန ဆိုတာကနေပြီးတော့လည်း တောထဲကလူတွေကို လက်နက်ချခိုင်းတဲ့ သီချင်းတွေ အသံလွှင့်ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစစ်ဗိုလ်ချုပ်တွေဟာ သူတို့အာဏာသိမ်းပြီးတာနဲ့ တပြိုင်နက်တည်းမှာပဲ တွေ့ဆုံဆွေးနွေးရေး ဖဲချပ်ကိုချပြီး ကစားပါတော့တယ်။ ၁၉၆၃ ခုနှစ်၊ သူတို့အာဏာသိမ်းပြီး တနှစ်အကြာမှာ ခေါ်ဆိုတဲ့ စေ့စပ်ဆွေးနွေးပွဲပါ။ မန္တလေးမှာ ၇ ခရိုင်ဆန္ဒပြပွဲ၊ ရန်ကုန်မှာ ၆ ခရိုင် ဆန္ဒပြပွဲစတဲ့ ဆန္ဒပြပွဲကြီးတွေ ကျင်းပခွင့်ပေးပြီး သတင်းစာတွေမှာ နေရာတွေအများကြီးပေး၊ အကြီးအကျယ်ဝါဒဖြန့်ခဲ့တဲ့ “စေ့စပ်ဆွေးနွေးပွဲ”ပါ။ လက်နက်ကိုင်တော်လှန်ရေး လုပ်နေသူတွေကို ဘာမှမခိုင်လုံတဲ့ အကြောင်းပြချက်တွေနဲ့ တောထဲကို ပြန်မောင်းထုတ်ပြီး သူတို့က ဝါဒဖြန့်ဖို့ အမြတ်တွေ ထုတ်ခဲ့ပါတယ်။ လက်နက်ကိုင်အဖွဲ့ အားလုံးလိုလိုနဲ့ ဆွေးနွေးခဲ့တဲ့ ဗိုလ်နေဝင်းရဲ့အဲဒီ“စေ့စပ် ဆွေးနွေးပွဲ”ဟာ နောက်ဆုံးမှာ အဖွဲ့ကြီးတဖွဲ့အတွင်း အကွဲအပြဲတွေ ဖြစ်သွားတာ၊ ခေါင်းဆောင်အနည်းငယ် အခွင့်အရေးယူ လက်နက်ချသွားတာနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။

ဒီနောက် ၁၉၈ဝ ခုနှစ်မှာ သတင်းစာတွေထဲ မထင်မရှားရေးသားဖော်ပြခဲ့တဲ့ “စေ့စပ်ဆွေးနွေးပွဲ” တခု လုပ်ခဲ့ပြန်ပါတယ်။ အဲဒီ“စေ့စပ်ဆွေးနွေးပွဲ” ဟာ ဗိုလ်နေဝင်းကို တိန့်ရှောင်ဖိန်က ပီကင်းခေါ်ပြီး ဖိအားပေးလို့ မတတ်သာတာနဲ့ ခေါ်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီတုန်းက မဆလ အစိုးရဟာ တရုတ်နယ်စပ်မှာ ရှိနေတဲ့ ဗကပ၊ ကေအိုင်အိုတို့နဲ့သာ“စေ့စပ်ဆွေးနွေး” ခဲ့တာ ဖြစ်ပါတယ်။ မဆလ အစိုးရရဲ့ ဟန်ဆောင်“စေ့စပ်ဆွေးနွေးပွဲ”ကို အပေါ်လွင်စေဆုံး အချက်ကတော့ သူတို့ဟာ ဆွေး နွေးတဲ့ ပထမနေ့မှာပဲ ဗကပ က တင်ပြတာတွေ အားလုံးနားထောင်ပြီး သူတို့ဘက်က ဘာမှမတင်ပြဘဲ ပြန်ခိုင်းလိုက်တာ ဖြစ်ပါတယ်။ အဲဒီတုန်းက တဘက်မှာတော့ ကေအိုင်အိုကို ၁၉၆၃ ခုနှစ်“စေ့စပ်ဆွေးနွေးပွဲ”တုန်းက အလံနီကို လုပ်သလို အချိန်ဆွဲပြီး ကေအိုင်အိုတွင်း ကွဲမလားလို့ သွေးတိုးစမ်းခဲ့ပါတယ်။ မဖြစ်နိုင်မှန်းသိတော့ အကြောင်းမရှိ ဖျက်သိမ်းလိုက် တာပါပဲ။

အဲဒီနောက်တော့ ၂၁ ရာစုနှစ်ရဲ့ ပထမဆုံး“စေ့စပ်ဆွေးနွေးပွဲ”လို့ ဆိုရမယ့် ဗိုလ်ခင်ညွန့် ဒါရိုက်တာလုပ်တဲ့ ကေအင်န်ယူနဲ့“စေ့စပ်ဆွေးနွေးပွဲ”လုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို သွားရေးမသွားရေးအကြောင်းပြုပြီး ကေအင်န်ယူထဲမှာ ကွဲလွဲမှုတွေ ပေါ်ပေါက်ခဲ့ပြီး အဆုံးမှာတော့ အချိန်တန်အိမ်ပြန်ပဲ ဖြစ်ခဲ့ရပါတယ်။

အခုလည်းပဲ နိုင်ငံတကာကို အကြီးအကျယ်ဝါဒဖြန့် (လက်ဝါးဖြန့်ငွေတောင်းတဲ့) “စေ့စပ်ဆွေးနွေးပွဲ”တွေ လုပ်နေတာ နှစ်နဲ့ချီခဲ့ပါပြီ။ ဘာအဖြေမှ မထွက်သေးပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ညီညွတ်မှုကို ယိုင်နဲ့အောင် လုပ်ရာမှာတော့ ထိရောက်နေတယ်လို့ ဆိုရမှာပါ။ ၂ဝ၁၁ သြဂုတ်လက စခဲ့တဲ့ ဒီငါးနှစ်ကြာ“စေ့စပ်ဆွေးနွေးပွဲ”ကြီးဟာ ဘယ်သောင်ဘယ်ကမ်းဆိုက်မယ့် ဇာတ်မျောကြီးလဲဆိုတာ ဘယ်သူမှ အတိအကျမပြောနိုင်ပါဘူး။ ဒါပေမဲ့ အောက်ပါ သမိုင်းသာဓကတွေကို ဖတ်ကြည့်ရင်တော့ မှန်းနိုင်မယ်ထင်ပါတယ်။

တချက်ကတော့ ဗိုလ်ချုပ်ကြီးဟောင်းဦးတင်ဦးက အာရ်အက်ဖ်အေမှာ အပတ်စဉ် တင်ပြခဲ့တဲ့ “ပြည်သူ ချစ်သော ဗိုလ်ချုပ်ကြီး-”ကဏ္ဍမှာ ‘သူတိုင်းမှုးအဖြစ် ဆောင်ရွက်နေတုန်းက ပဲခူးရိုးမရှိ ဗကပ များကို အပြတ်ချေမှုန်းရေး စီမံကိန်းတခု ဗိုလ်ချုပ်ကြီးနေဝင်းဆီ တင်ပြခဲ့ဖူးတယ်၊ ဒါပေမဲ့ အဲဒီစီမံကိန်းတခုလုံးကို ဗိုလ်နေဝင်းက ချောင်ထိုးပစ်ခဲ့တယ်’လို့ ပြောသွားတာ ဖြစ်ပါတယ်။

အရင် မဆလ ခေတ်တုန်းက နိုင်ငံတော်ကောင်စီဝင်ဖြစ်ခဲ့တဲ့ ဗိုလ်မှုးကြီးမင်းသိမ်း မကွယ်လွန်မီတုန်းက သူနဲ့နီးစပ်သူ တချို့ကို သူ့အနေနဲ့ ပဲခူးရိုးမရှိ ဗကပ များ အပြတ်ချေမှုန်းရေး စီမံကိန်းတခု ဗိုလ်ချုပ်ကြီးနေဝင်းဆီကို သူတင်ပြဖူးကြောင်း၊ ဒါပေမဲ့ ဒါကို ဗိုလ်ချုပ်ကြီးနေဝင်းက“မင်းဘာသိလို့လဲ၊ ဒီ ဗကပ ကို ငါက တမင် မွေးထားတာ”လို့ ပြောဆိုကြိမ်းမောင်းဖူးကြောင်း ပြောပြခဲ့ပါတယ်။

ဗမာပြည်က စစ်အုပ်စုရဲ့ တော်လှန်ရေးသမားတွေကို အပြုတ်တိုက်ရေး၊ မွေးမြူရေးစတဲ့ပေါ်လစီတွေကြားကပဲ ဗမာနိုင်ငံမှာ အစိုးရကို၊ အထူးသဖြင့် စစ်အုပ်စုကို တော်လှန်တဲ့အင်အားစု အရေအတွက် များသထက်များလာနေတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။

ရဲဘော်ဖိုးသံချောင်း
(မကြာခင်ထွက်မည့် အရေးတော်ပုံ အတွဲ (၂) အမှတ် (၄) မှ ဆောင်းပါး ဖြစ်ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *