အားနည်းသူကို ဖေးကူမစေချင်

By | May 16, 2016

“လူတိုင်းမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ရှိတယ်” ဆိုတာဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်းမှာ ဖော်ပြထားတဲ့ အခြေခံလူ့အခွင့်အရေး ဖြစ်ပါတယ်။ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ဟာ လူတိုင်းလူတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ အခြေခံလူ့အခွင့်အရေးလို့ ဥပဒေမှာ သုံးပါတယ်။ အခြေခံလူ့အခွင့်အရေးဆိုတာဟာ အနိမ့်ဆုံးအဆင့်အနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ပြောတာပါ။

နိုင်ငံတနိုင်ငံ၊ အစိုးရတရပ်၊ စနစ်တခုဟာ ဒီမိုကရေစီအခွင့်အရေးကို စစ်စစ်မှန်မှန် မပေးဘူးဆိုရင်တောင်မှ ဒီမိုကရေစီ နာမည်ခံချင်ရင် အနိမ့်ဆုံးအခွင့်အရေး ဖြစ်တဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်လောက်တော့ မဖြစ်မနေ ပေးရတယ်။ ဒီလောက်ကလေးကိုမှ တွန့်တိုနေတဲ့အစိုးရကို ဘယ်သူကမှ ဒီမိုကရေစီ အစိုးရလို့ လက်ခံနိုင်မှာ မဟုတ်ဘူး။

ဒါ့ကြောင့်လည်း စစ်သားတမတ်သား အခြေခံဥပဒေမှာတောင် လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ကို ပုဒ်မ ၃၅၄ (ဂ) မှာ အာမခံချက်ပေးထားရတယ်။ အခု လက်ရှိအစိုးရဟာလည်း ဒီဥပဒေကို ကျမ်းကျိန်ထားတဲ့အစိုးရ ဖြစ်ပါတယ်။ ဒီ ၂၀၀၈ ဥပဒေဟာ ဒီမိုကရေစီမကျ၊ တရားမျှတမှု မရှိလွန်းလို့ လူအများပြင်ချင်နေကြတဲ့ ဥပဒေဆိုတာ လူတိုင်းသိပါတယ်။ အခု ဒီဥပဒေက မသထာရေစာပေးထားတဲ့ အခွင့်အရေးကလေးလောက်ကိုမှ လက်တွေ့ခံစားခွင့်ရပါရဲ့လား။

မြန်မာဗနီးယား သစ်ချောထည်စက်ရုံအလုပ်သမားတွေဟာ ၂၀၁၅ ခုနှစ်နှောင်းပိုင်းကာလတွေကတည်းက အလုပ်ရှင်နဲ့ အငြင်းပွားမှုတွေ မပြေလည်မှုတွေ အများကြီးရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ သစ်လုပ်ငန်း၊ သစ်အချောထည်လုပ်ငန်းတွေရဲ့ သဘောသဘာဝကိုလည်း ပြည်သူအများသိကြပါတယ်။ လုပ်ငန်းခွင်အန္တရာယ် ကင်းလုံခြုံရေး သိပ်နည်းတဲ့ လုပ်ငန်းအမျိုးအစားပါ။ အလုပ်ရှင်ဘက်က အကြိမ်ကြိမ် အလုပ်ထုတ်ခဲ့ရာမှာ အလုပ်သမား ၁၆၁ ယောက်အထိ အလုပ်ထုတ်ခံခဲ့ရပါတယ်။ အကြောင်းပြချက် မည်မည်ရရ မပေးပါဘူး။ ပေးလည်း မပေးနိုင်ပါဘူး။ ဘာ့ကြောင့်မပေးနိုင်ရသလဲဆိုတော့ အလုပ်ရှင်ရဲ့ တသွေးတသံတမိန့်ကို ရိုကျိုးပျပ်ဝပ် မနာခံတဲ့သူကို အလုပ်ကထုတ်တာဖြစ်တဲ့အတွက် ဆီလျော်တဲ့ အကြောင်းပြချက် ပေးစရာ မရှိပါဘူး။ အထူးသဖြင့်ကတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို စုပေါင်းကာကွယ်ဖို့အတွက် အလုပ်သမား သမဂ္ဂဖွဲ့စည်းကြသူ အလုပ်သမားတွေ အလုပ်သမားသမဂ္ဂဝင်တွေကို ပစ်မှတ်ထား အလုပ်ဖြုတ်တာ ဖြစ်တဲ့အတွက် သင့်တော်တဲ့ အကြောင်းပြချက် ပေးစရာမရှိပါဘူး။

အလုပ်သမားသမဂ္ဂဝင်တဲ့အတွက် ပစ်မှတ်ထား ထုတ်ပယ်တာလို့တော့ ဘယ်အလုပ်ရှင်မှ ဝန်ခံမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တခြားပြစ်မှု မပြနိုင်ရင် အလုပ်သမားတွေရဲ့ စွပ်စွဲချက်မှန်ကန်တယ်ဆိုတာ ထင်ရှားပါတယ်။ အလုပ်သမားသမဂ္ဂဝင်ကို ပစ်မှတ်ထား အလုပ်ဖြုတ်တာဟာ ရာဇဝတ်ပြစ်မှုဆိုတာ သူတို့လည်း သိမှာပါပဲ။ အလုပ်သမား သမဂ္ဂဝင်ကို ပစ်မှတ်ထား အလုပ်ဖြုတ်ရင် အလုပ်သမား အဖွဲ့အစည်းဥပဒေ ပုဒ်မ ၄၄ (ဂ) အရ ဒဏ်ငွေ ကျပ်တသိန်း ထောင်ဒဏ် တနှစ်အထိ ပြစ်ဒဏ်ကျခံစေရနိုင် ပါတယ်။ အခု အဲဒီပြစ်မှုကို ကျူးလွန်တဲ့ အလုပ်ရှင်ဟာ ဘာ့ကြောင့် သက်သာကင်းလွတ်ခွင့် (impunity) ရနေတာပါလဲ။

သပိတ်စခန်းမှာ သပိတ်မှောက်ရင်းနဲ့ ကိုယ်ဝန်ဆောင်မိခင် ၄ ယောက် ကလေးဖွားမြင်ခဲ့ရာမှာ ကလေး ၃ ယောက် သေဆုံးခဲ့ပါတယ်။ စဉ်းစားကြည့်ကြစမ်းပါ။ လုပ်ငန်းခွင်တွင်း အခက်အခဲကြောင့် ကိုးလ၊ ဆယ်လလွယ်ထားရတဲ့ ရင်သွေးငယ် သေကြေပျက်စီးရတဲ့ ဒုက္ခနဲ့သောကကို ကိုယ်ချင်းစာ ခံစားကြည့်ကြစမ်းပါ။ နိုင်ငံတော် အစိုးရလူကြီးမင်းများရော၊ အများပြည်သူလူထုကြီးရော ကိုယ့်ရင်သွေးလေးတွေရဲ့မျက်နှာကို စေ့စေ့ကြည့်ပြီး ငါ့သားလေးဆိုရင် ငါ့သမီးလေးဆိုရင်လို့ တွေးကြည့်ကြစမ်းပါ။ လူလိုတွေးကြည့်ကြစမ်းပါ။ ခင်ဗျားတို့သားသမီးဆိုရင် ဘယ်လိုခံစားကြရမလဲ။ ဘုရင်ရဲ့သားလည်းသား၊ ဆင်းရဲသားရဲ့သားလည်းသားပါ။ ကျောသားရင်သား မခွဲခြားတဲ့ သာတူညီမျှ စနစ်ကို လိုချင်လို့ ဒီမိုကရေစီကို ကျနော်တို့ တောင်းဆိုခဲ့ကြတာ မဟုတ်လား။

မီးလိုပူတဲ့ ကတ္တရာလမ်းပေါ်မှာ ခြေထောက်တွေ အလောင်ခံပြီး ချီတက်တယ်ဆိုတာ အကြောင်းမဲ့လုပ်နေတာ မဟုတ်ဘူးဆိုတာ လူတိုင်းသိနိုင်တဲ့အရာပါ။ ရင်ထဲမှာ မီးလိုပူနေတဲ့အရာ မရှိရင် မီးလိုပူတဲ့နေရောင်အောက်မှာ ဘယ်သူမှ လမ်းထလျှောက်မနေဘူးမှတ်ပါ။ အယ်လ်နီညိုရာသီကြီးမှာ ကတ္တရာလမ်းပေါ် လမ်းတက်လျှောက်တယ်ဆိုတာ လွယ်တဲ့အလုပ် မဟုတ်ပါဘူး။ ကတ္တရာစေးတွေဟာ အရည်ပျော်ပြီး စီးထားတဲ့ဖိနပ်ကို ဘလတ်ဘလတ်နဲ့ ကပ်နေတာပါ။ ခေါင်းပေါ်ကနေဟာ ၄၀ ဒီဂရီ ၄၅ ဒီဂရီ စင်တီဂရိတ် ရှိပါတယ်။ အရည်ပျော်ပူလောင်နေတဲ့ ကတ္တရာဟာ ကျိုက်ကျိုက်ဆူနေတဲ့ ရေနွေးလောက်ပူပါတယ်။ အဲဒီကတ္တရာလမ်းပေါ်မှာ ကြက်ဥကြော်ရင်ကျက်ပါတယ်။ မယုံရင် လက်တွေ့စမ်းကြည့်ပါ။ အခုချီတက်ဆန္ဒပြနေသူတွေထဲမှာ မိဘနှစ်ပါးစလုံး ချီတက်လိုက်ပါလာလို့ ၃ လသားကလေးကိုပါ မီးတောက်မီးလျှံကြီးထဲ ချီပိုးလာရတာကို ကိုယ်ချင်းမစာနိုင်လောက်အောင် အဝိဇ္ဇာမဖုံးလွှမ်းကြစေချင်ဘူး။ ရမည်းသင်းမှာ အလုပ်သမား ၄ ယောက် ဆေးရုံတက်ရပါတယ်။ အခက်အခဲ ဘယ်လောက်ကြီးမားတယ်ဆိုတာ စဉ်းစားကြည့်ကြပါ။ ဒီလိုအလုပ်သမားတွေကို ကွန်ပြူတာစာစီဖို့တောင် နေရာရှာမရအောင် ဖိအားပေး တားမြစ်ထားတာတွေက ရုပ်ဆိုးလွန်းလှပါတယ်။ နေစရာတည်းစရာ မရအောင် ဘုန်းတော်ကြီးကျောင်းတွေကို ဖိအားပေးတားမြစ်တယ်ဆိုတာ လူမဆန်တဲ့လုပ်ရပ်ပါ။ အကြင်နာကင်းမဲ့တဲ့ လုပ်ရပ်ပါ။ နှလုံးသားမရှိတဲ့ လုပ်ရပ်ပါ။ မေတ္တာ၊ စေတနာနဲ့ တိုင်းပြည်ကို အုပ်ချုပ်မယ်ဆိုတာ ပါးစပ်ကပြောရုံနဲ့ မလုံလောက်ပါဘူး။ လက်တွေ့ပြသဖို့က ပိုအရေးကြီးပါတယ်။ ပါးစပ်ကပြောတာကတော့ လူတိုင်းပြောလို့ ရပါတယ်။ စစ်အာဏာရှင် အစိုးရအဆက်ဆက်လည်း ပါးစပ်ကတော့ စကားချိုချိုလေးတွေ ပြောခဲ့တာပါပဲ။ အခု အလုပ်သမားပြဿနာဟာ ဦးသိန်းစိန်လက်ထက်ကတည်းက လောင်ခဲ့တဲ့မီးပါ။ အဲဒီမီးကို လက်ဆင့်ကမ်း မသယ်ယူကြစေချင်ပါ။ အဲဒီမီးဟာ အလုပ်ရှင်အတွက် လောဘမီးဖြစ်ပေမယ့် အလုပ်သမားတွေအတွက် ပရိဒေဝ သောကမီးပါ။ ဒီမီးကို ငြိှမ်းသတ်ဖို့ရာ အစိုးရအနေနဲ့ ဆန္ဒဘယာနဲ့ မစဉ်းစားမချဉ်းကပ်စေလိုပါ။ မေတ္တာနဲ့ကြည့်စေချင်ပါတယ်။ ဥပဒေနဲ့အညီ တိတိကျကျ ဆောင်ရွက်စေချင်ပါတယ်။ ရင်းနှီးမြှပ်နှံမှု အရေးကြီးတယ်။ အလုပ်ရှင်ကို ထိလို့ မဖြစ်ဘူးဆိုပြီး လစ်ဘရယ်အရင်းရှင်အမြင်ကို ဘုရားဟောဒေသနာလို အသေဆုပ်ကိုင် ဆုံးဖြတ်မယ်ဆိုရင်တော့ အဖိနှိပ်ခံ ဆင်းရဲသား လူမွဲတွေကို ရေနစ်သူ ဝါးကူထိုးတာနဲ့ တူပါလိမ့်မယ်။ မတရားမှုဟာ ဘယ်နေရာမှာပဲ ဖြစ်ပေါ်ဖြစ်ပေါ် အဲဒီမတရားမှုဟာ နေရာတိုင်းက တရားမျှတမှုအားလုံးကို ခြိမ်းခြောက်နေတဲ့ အရာသာ ဖြစ်တယ်ဆိုတဲ့ မာတင်လူသာကင်းရဲ့ စကားကို မမေ့သင့်ပါဘူး။ ကိုယ်နဲ့မဆိုင်ဘူး ငါ့အိမ်ကို မီးမကူးသေးဘူးဆိုပြီး လက်ပိုက်ကြည့်နေကြရင် ကိုယ့်အိမ်မီးကူးတဲ့အခါ မီးကူငြိှမ်းပေးမယ့်သူတောင် ရှိတော့မှာ မဟုတ်ပါဘူး။ မတရားမှုဟာ ဘယ်မှာပဲ ဖြစ်နေဖြစ်နေ၊ ဘယ်သူ့ဆီမှာပဲဖြစ်နေဖြစ်နေ လက်ပိုက်ကြည့်မနေကြပါနဲ့။ မတရားအပြုခံရသူကို ကူညီကြပါ။ မတရားအပြုခံရသူနဲ့ အတူလက်တွဲ တိုက်ပွဲဝင် ကြပါ။ တတ်နိုင်သမျှကူညီဖေးမကြပါ။

အလုပ်သမားသမဂ္ဂဖြိုခွဲခံရမှုကို ထိထိရောက်ရောက် အရေးယူပေးမယ်။ အလုပ်သမား ၆၀ အလုပ်ပြန်ရအောင် လုပ်ပေးမယ်။ ကျန်အလုပ်သမားတွေကို စစ်ကိုင်းနယ်ထဲမှာ အလုပ်ပြန်ရအောင် လုပ်ပေးမယ်။ ကြားကာလ နစ်နာကြေးရအောင် လုပ်ပေးမယ်။ သပိတ်အကြောင်းပြုပြီး အရေးမယူဘူးဆိုတဲ့အချက်တွေ ရအောင် ညှိနှိုင်းပေးမယ် ၅ ရက်စောင့်ပါဆိုလို့ အလုပ်သမားတွေဘက်က သပိတ်ရပ်ပြီး သဘောထားကြီးကြီး စောင့်ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် တကယ်တန်း ၅ ရက်ကျော်တော့ အဲဒီသဘောတူညီချက်တွေ မရခဲ့ပါဘူး။ အာဏာပိုင်တွေဘက်က ဆုံးဖြတ်ချက်ကို ဖတ်ပြပါတယ်။ စာရွက်တောင် မိတ္တူမပေးပါဘူး။ စာရွက်မိတ္တူ ဘာ့ကြောင့် မပေးရဲရတာပါလဲ။ အားလုံးသိပါတယ်။ လူအများသိအောင် ဖြန့်ဝေလိုက်မှာ စိုးလို့ပါ။ ဘာလို့သိမှာ စိုးတာလဲ။ အဝေဖန်မခံရဲလို့ ဆိုတာ ရှင်းပါတယ်။ ဒါဆိုရင် အဲဒီဆုံးဖြတ်ချက်မှာ ဝေဖန်စရာတွေပါနေပြီဆိုတာ သူတို့အာဏာပိုင်တွေ သိနေလို့ပဲ ဖြစ်မှာပါ။ ပြည်သူ့အစိုးရတရပ်ဟာ သူတို့ဆုံးဖြတ်ချက်ကို ပြည်သူ့ရှေ့မှောက်မှာ ချမပြရဲစရာ အကြောင်း မရှိပါဘူး။ အခုတော့ ဦးသိန်းစိန်အစိုးရထက်တောင် ပိုကြောက်တတ်နေပြီလားလို့ တွေးစရာ ဖြစ်နေပါပြီ။ မပြေးသော်ကန်ရာရှိခဲ့ပါပြီ။ ပွင့်လင်းမြင်သာမှုကို ကြွေးကြော်ခဲ့တဲ့ ဒီမိုကရေစီသမားများဟာ သူတို့ကိုယ်တိုင် အုပ်ချုပ်သူနေရာ ရောက်လာတဲ့အခါ ပွင့်လင်းမြင်သာမှုကို မလိုလားသူတွေ ဖြစ်လာကြပါပြီလား။

အစိုးရတရပ် ပြည်သူ့အစိုးရ ဟုတ်မဟုတ်ဆိုတာဟာ ဆင်းရဲသူ အဖိနှိပ်ခံပြည်သူတွေဘက်က အမှန်တကယ် ဘယ်လောက်ရပ်တည်သလဲ ဆိုတာနဲ့ပဲ တိုင်းတာရမှာပါပဲ။ ဆင်းရဲသားလူများစု ပြည်သူလူထုကြီး အပေါ်မှာ အမှန်တကယ် သူတို့ဘယ်လိုပြုမူသလဲဆိုတာနဲ့ တိုင်းတာရမှာပါပဲ။ သူတို့ရဲ့ ရွေးကောက်ပွဲကတိတွေ ၊ ရွေးကောက်ပွဲကြေညာစာတမ်းတွေနဲ့ တိုင်းတာလို့မရဘူး။

ဒီမိုကရေစီဆိုတာ နေအိမ်အတွင်း၊ ရပ်ကွက်အတွင်း၊ အလုပ်ခွင်တွင်းမှာ ဒီမိုကရေစီ အရသာ ခံစားရမှသာ တကယ့်ဒီမိုကရေစီ ဖြစ်ပါတယ်။ ရွေးကောက်ပွဲလုပ်ရုံနဲ့ ဒီမိုကရေစီမမည်ဘူး။ အများပြည်သူ သာမန်အရပ်သူ အရပ်သားတွေ တကယ်လက်တွေ့ခံစားရမှသာ တကယ့်ဒီမိုကရေစီ ဖြစ်ပါတယ်။ အပေါ်မှာ ဒီမိုကရေစီနိုင်ငံတော်ကြီးရယ်လို့ ဘယ်လိုကြွေးကြော်ပေမယ့်လည်း သာမန်လူတွေ လက်တွေ့မခံစားရရင်တော့ ဒီမိုကရေစီဆိုတာ အမြင်လှပြီး အရသာမရှိတဲ့ ကျီးအာသီးနဲ့ တူနေပါလိမ့်မယ်။

တချိန်က ယုန်နဲ့ အတူပြေးခဲ့ဖူးသူတွေဟာ ဒီနေ့ရာသီဥတုပြောင်းလဲသွားချိန်မှာ ခွေးနဲ့အတူလိုက်သူတွေ မဖြစ်စေချင်ပါ။

ဒီမိုကရေစီမိတ်ဟောင်းဆွေဟောင်းများအနေနဲ့ ဆင်းရဲသားနင်းပြားအလုပ်သမားတွေကို ဖေးမကူညီကြစေချင်ပါတယ်။

ရဲဘော်အောင်သော်

(အရေးတော်ပုံ အတွဲ ၂ အမှတ် ၅ ဆောင်းပါးကို ကြိုတင်ဖော်ပြခြင်း ဖြစ်ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *