ကွန်မြူနစ်တိုင်းပြည်မှာပဲဖြစ်ဖြစ်၊ အရင်းရှင်တိုင်းပြည်မှာပဲ ဖြစ်ဖြစ် စစ်တပ်ဟာ နိုင်ငံတော်အစိုးရရဲ့အမိန့်ကို နာခံရတာချည်းပဲ ဖြစ်တယ်။ ယုတ်စွအဆုံး ဘုရင့်နိုင်ငံတော်မှာလည်း စစ်တပ်ဟာ ဘုရင့်အမိန့်ကို နာခံရတာဖြစ်တယ်။ ဒါဟာ အစဉ်အလာတရပ်လို၊ လုပ်ထုံးလုပ်နည်းတစ်ရပ်လို ကမ္ဘာ့နိုင်ငံတွေမှာ ကျင့်သုံးကြတယ်။ စစ်တပ်နဲ့ကာချုပ်ဆိုတာ အစိုးရအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဌာန၊ ဝန်ကြီးရဲ့ လက်အောက်မှာရှိရတာဖြစ်တယ်။
၁၉၆၂ ခုနှစ်ကစပြီး ဗမာပြည်မှာတော့ ဒီအစဉ်အလာ ဗိုလ်နေဝင်းကစပြီး ချိုးဖောက်ခဲ့တယ်။ စစ်တပ်ဟာ တိုင်းပြည်အထက် မှာ အစိုးရရဲ့အထက်မှာအမြဲရှိမယ်ဆိုတာကို သဘောတရားတခုသဖွယ် ကျင့်သုံးခဲ့လာကြတယ်။ စစ်အုပ်စုက ဘယ်လောက်အထိ မိုက်မိုက်မဲမဲ ပြောကြဆိုကြသလဲဆိုတော့ “တပ်မတော်သာအမိ – တပ်မတော်သာအဖ” ဆိုတဲ့ အထိဖြစ်တယ်။ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်” လို့ ကပြောင်းကပြန် လုပ်ခဲ့ကြတယ်။
အဲဒီလိုအချက်တွေထဲမှာ အဆိုးတကာ့ အဆိုးဆုံးအချက်ကတော့ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည် ” ဆိုတဲ့ အချက်ပါပဲ။
ဒီအချက်နဲ့ အရာအားလုံးရဲ့အထက်မှာ၊ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းမှာ စစ်တပ်က ကန်ထရိုက်ယူထားပါတယ်။
စစ်တပ်ကို နိုင်ငံတော်အစိုးရနဲ့ လွှတ်တော်က ဘယ်လိုမှ အမိန့်ပေး၊ညွန်ကြား၊ ထိန်းချုပ်လို့မရပါဘူး။ စစ်တပ်ကို နိုင်ငံတော် အစိုးရနဲ့ လွှတ်တော်က အမိန့်ပေး၊ညွန်ကြား၊ထိန်းချုပ်လို့ မရပေမယ့် စစ်တပ်ကတော့ နိုင်ငံတော်အစိုးရနဲ့ လွှတ်တော်တို့အပေါ် စိတ်ကြိုက်ခြယ်လှယ်နိုင်ခွင့်တွေ ရယူထားပါတယ်။ ၂၀၀၈အခြေခံဥပဒေ ပုဒ်မ ၂၀ ပုဒ်မခွဲ (က မှ စ ) ထိကြည့်ပါ။
ကာချုပ်က စိတ်ကြိုက်ရွေးထားတဲ့ စစ်ဗိုလ် (၁၆၆) ဦးကို လွှတ်တော်သို့ စေလွှတ်နိုင်ခွင့်ရှိပြီး အချိန်မရွေး လဲလှယ် အစားထိုး နိုင်တယ်။( ပုဒ်မ ၁၇ ကိုကြည့်ပါ)။
အခြေခံဥပဒေပြင်ဆင်ရေးမှာ ကြည့်မလား စစ်တပ်ကသဘောမတူရင် ရွေးကောက်ပွဲမှာ ရာနှုန်းပြည့် အနိုင်ရရုံနဲ့ လွှတ်တော်တွင်းမှာ အနိုင်ရပါတီဟာ အခြေခံဥပဒေပြင်ဆင်လို့ မရနိုင်ပါဘူး။
အစိုးရအဖွဲ့မှာလည်း (ပြည်ထဲရေး၊ ကာကွယ် ရေး၊ နယ်စပ်ရေး) ဝန်ကြီးဌာန သုံးခုစလုံး (ကာချုပ်) စစ်တပ်က ချုပ်ကိုင်ထားတာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုးအချက်အလက်တွေ “၂၀၀၈ အခြေခံဥပဒေ” ထဲမှာ သိပ်ကို များလှပါတယ်။
ဒီအချက်တွေက (state within a state) ဆိုသလို စစ်တပ်ဟာ နိုင်ငံအတွင်းမှာ အားလုံးရဲ့အထက်မှာ ဘယ်သူမှ ထိလို့၊ တို့လို့ မရတဲ့ လွတ်လပ်တဲ့နိုင်ငံ တစ်ခုလို ပီပီပြင်ပြင်ကျင့်သုံးနေတဲ့ အချက်တွေ ဖြစ်ပါတယ်။
ဒါကြောင့် ဦးထင်ကျော်အစိုးရအဖွဲ့အနေနဲ့ ဦးစားပေးအစီအစဉ်တွေဖြစ်တဲ့ ငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွေမှာ (ကာချုပ်)နဲ့စစ်တပ်က ခွင့်ပြုသလောက်/ ခွင့်ပေးသလောက်သာ လုပ်ဆောင်နိုင်ခွင့်ရပါလိမ့်မယ်။ လက်တွေ့သာဓကတခုအဖြစ် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတဲ့ ကိစ္စမှာပဲကြည့်ပါ။
အားလုံးရဲ့အထက်က စစ်တပ်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဘယ်သူက ဘယ်သူ့ကို အတိုင်ပင်ခံအကြံပေးမလဲ – ဘယ်သူက ဘယ်သူ့ကို အမိန့်ပေးညွန်ကြားမလဲဆိုတာကလည်း “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစည်းဝိုင်း”ထဲမှာ အတွေ့အကြုံသစ်၊သင်ခန်းစာသစ်တခု ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။
လွန်ခဲ့တဲ့ မေလ ၄ ရက်နေ့က အမျိုးသားလွှတ်တော်ထဲမှာ တင်သွင်းတဲ့ “အရေးကြီးအဆို” နဲ့ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီး ဗိုလ်စိန်ဝင်းရဲ့ပြောဆိုချက်တွေကလည်း နိုင်ငံတော်(အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရေး) ကို ကာကွယ်နေတာ ဒို့စစ်တပ်ပဲ ဖြစ်တယ်ဆိုတဲ့ အချက်ကို သာသာနဲ့နာနာနှက်ပြီး အထက်စီးကနေ လွှတ်တော်နဲ့လွှတ်တော်ကိုယ်စားလှယ်တွေကို ခြိမ်းခြောက်သွားတာပါ။ လက်ချာပေးသွားတာ ဖြစ်ပါတယ်။ လွှတ်တော်ထဲမှာ ဗိုလ်စိန်ဝင်းက “အရေးကြီးအဆို” ကို ရုပ်သိမ်းခိုင်းတဲ့အထိ ရင့်သီးမောက်မာခဲ့တာ ဖြစ်ပါတယ်။နောက်ဆုံးမှာ“ဥက္ကဋ္ဌတဦးအနေဖြင့် မှတ်တမ်းတင်ထား ရှိသင့်သည်ဟုတွေ့ရှိရကြောင်း” လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက “မှတ်တမ်းတင်တယ်” ဆိုတာနဲ့ အခြေမပျက်အောင် စခန်းသိမ်းလိုက်ရတာပါ။
ကာကွယ်ရေးဝန်ကြီး ဗိုလ်စိန်ဝင်း ပြောတာတွေကိုကြည့်ပါ။ အထင်ရှားဆုံးအချက်က သူဟာ လက်ရှိဦးထင်ကျော် အရပ်သားတပိုင်း အစိုးရအဖွဲ့ထဲက ကာကွယ်ရေးဝန်ကြီးဖြစ်ပါတယ်လို့ ဘယ်လိုပဲဆိုနေကြပါစေ သူဟာ လက်ရှိအစိုးရကို နည်းနည်းလေးမှ ကိုယ်စားပြုပြီး ပြောမသွားတဲ့အချက်ပါပဲ။ သူ ပြောသမျှအချက်တွေဟာ စစ်တပ်နဲ့ ကာချုပ်ကိုပဲ ဗဟိုပြုပြီး ပြောသွားတာတွေချည်းပဲ ဖြစ်ပါတယ်။
“စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ သို့မဟုတ် စစ်အုပ်စုဒီမိုကရေစီ” ဆိုတာ ဒါပါပဲ။
ဒီလိုအတွေ့အကြုံနဲ့ သင်ခန်းစာတွေကို သမ္မတဦးထင်ကျော် အရပ်သားတပိုင်းအစိုးရနဲ့လွှတ်တော်တို့ အနေနဲ့“ပြည်တွင်းငြိမ်း ချမ်ရေး၊ ၂၁ရာစု ပင်လုံ၊ အခြေခံဥပဒေပြင်ဆင်ရေး ၊ ခေတ်စနစ်နဲ့မလျော်ညီတဲ့ ဥပဒေများဖျက်သိမ်းရေး” စတဲ့ ကိစ္စတွေ အကောင် အထည်ဖော်ဆောင်ရွက်တဲ့အခါမှာ စစ်အုပ်စုရဲ့ကတ္တီပါလက်အိတ်စွပ်ထားတဲ့ သံလက်သီးကို ဆက်လက်မြည်းစမ်း၊ တွေ့ကြုံနေကြရဦးမှာပါ။
အမှန်တကယ် ပြောင်းလဲပစ်ရမယ့် အရင်းခံကိစ္စနှစ်ခုက နိုင်ငံရေးအပေါ်၊ နိုင်ငံရေးပါတီများနဲ့ နိုင်ငံရေးသမားများအပေါ် ဗိုလ်ကျနေတဲ့ စစ်အုပ်စုအတွေးအခေါ်ကို ဖျက်သိမ်းပစ်ရေးနဲ့ စစ်တပ်ကို အစိုးရအဖွဲ့ရဲ့ဝန်ကြီးဌာနတစ်ခုဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက် ပြန်ပို့ရေးပဲဖြစ်ပါတယ်။
ဒီအရင်းခံနှစ်ခုကို ပီပီပြင်ပြင်ပြောင်းလဲသွားအောင် မလုပ်ဆောင်နိုင်သေးဘူးဆိုရင် ဖြစ်ပေါ်လာမယ့် အပြောင်းအလဲဆိုတာတွေဟာ “အပေါ်ယံအပြောင်းအလဲ (ဝါ) စစ်တပ်/စစ်အုပ်စုအလိုကျ အပြောင်းအလဲ” တွေသာ ဖြစ်မြဲဖြစ်နေပါလိမ့်မယ်။ ဒီလို “အပေါ်ယံ အပြောင်းအလဲ၊ စစ်တပ်အလိုကျ အပြောင်းအလဲ”တွေက ပြည်သူတွေရဲ့ နိုးကြားမှုနဲ့ စိတ်အားထက်သန်မှုကို တွေဝေထိုင်းမှိုင်းသွားစေဖို့တော့ မဖြစ်သင့်ပါဘူး။
စစ်အုပ်စုဟာ တိုင်းပြည်နဲ့လူထုအထက်ကနေ ဗိုလ်ကျစိုးမိုးခဲ့တာ ၁၉၆၂ ကနေ စပြီး ရေတွက်ရင် ရာစုနှစ်ဝက်ကျော်ခဲ့ပါပြီ၊ ဒီလောက်ရှည်ကြာပြင်းထန်တဲ့ ဖိနှိပ်မှုအောက်မှာ ရလဒ်သုံးခု အထင်အရှားပေါ်ထွက်လာပါတယ်။
ပထမတခုက ပြည်နယ်ပြည်မ မကျန် ပြည်သူလူထုတရပ်လုံးက ဒီစစ်တပ်ကို မုန်းတီးရွံ့ရှာနေတဲ့အချက်
ဒုတိယတခုက တိုင်းရင်းသားတိုင်းလိုလိုက လက်နက်စွဲကိုင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
တတိယတခုက စစ်အုပ်စု က ချမ်းသာသထက်ချမ်းသာကြွယ်ဝလာစေပြီး၊ တိုင်းပြည်နဲ့ပြည်သူလူထု ကတော့ ဆင်းရဲမွဲပြာကျ သထက် ကျလာခဲ့ရတယ်ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။
အတိုချုပ်ပြီးပြောရရင် တည့်တည့်တန်းတန်းထားရှိရမယ့် ပစ်ကွင်းဟာ စစ်အုပ်စုရဲ့ဗိုလ်ကျရေးအတွေးအခေါ်ကိုဖျက်သိမ်း၊ စစ်တပ်ကို နေရာမှန်ပြန်ပို့ရေးဖြစ်ပြီး အဓိကလုပ်ငန်းတာဝန်ကတော့ “ ၂၀၀၈ အခြေခံဥပဒေ” ဖျက်သိမ်းရေးသာဖြစ်ပါတယ်။
