သိက္ခာမဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် – ညစ်ပတ်တဲ့ရွေးကောက်ပွဲ

By | October 31, 2015

သိက္ခာမဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် – ညစ်ပတ်တဲ့ရွေးကောက်ပွဲ

(၃၀-၁၀-၂၀၁၅)

“၂၀၁၅ ရွေးကောက်ပွဲ ”မကြာခင်ကျင်းပတော့မယ်။ ရက်ပိုင်းသာ လိုပါတော့တယ်။

ရွေးကောက်ပွဲကို အောက်ပါအချက်တွေကြောင့် စိတ်ဝင်စားပါတယ်။

ရွေးကောက်ပွဲဖြစ်စဉ် အစအဆုံးမှာ အာဏာရကြံ့ဖွံ့ပါတီအစိုးရ၊ စစ်တပ်၊ ရွေးကောက်ပွဲကော်မရှင်တို့ ဘယ်လိုနည်းတွေသုံးပြီး ညစ်ပတ်ကြသလဲ။

ညစ်ပတ်မှုမျိုးစုံကို အတိုက်အခံပါတီတွေ ဘယ်လိုရင်ဆိုင်ဖြတ်သန်းသွားကြသလဲ။

ရွေးကောက်ပွဲက ပြည်သူများအတွက် ဘယ်လိုအတွေ့အကြုံနဲ့ သင်ခန်းစာတွေရရှိနိုင်သလဲ စတဲ့အချက်တွေနဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားပါတယ်။

တကယ်တော့ အတိုက်အခံပါတီများအဖို့ “၂၀၁၅ ရွေးကောက်ပွဲ”ဟာ ရွေးကောက်ပွဲဆိုတာထက် ရွေးကောက်ပွဲကော်မရှင်၊ အစိုးရ၊ စစ်တပ်တို့ရဲ့ညစ်ပတ်မှုမှန်သမျှကို ရင်စည်းခံပြီး ယှဉ်ပြိုင်နေတဲ့ပွဲသာ ဖြစ်တယ်လို့ဆိုရင် အဖြစ်မှန်နဲ့ အတော်နီးစပ်ပါလိမ့်မယ်။

ဒါကြောင့် “၂၀၁၅ရွေးကောက်ပွဲ”ကို အစိုးရနဲ့ အတိုက်အခံတို့က ကိုယ့်အမြင်နဲ့ကိုယ်၊ ကိုယ့်အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ကိုယ် “အပြောင်းအလဲ” ဖြစ်တယ်တို့၊“သမိုုင်းဝင်တယ်”တို့ စသဖြင့် ဘယ်လိုပဲ အမြီးတပ်အမွှမ်းတင်ကာ ပြောဆိုနေပါစေ “၂၀၁၅ ရွေးကောက်ပွဲ” ဟာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့မတရားမှု၊ သိက္ခာမဲ့မှုနဲ့ညစ်ပတ်မှုမျိုးစုံကို မှတ်တမ်းတင်ရမယ့်ပွဲဖြစ်သလို၊ အတိုက်အခံပါတီများ လည်စင်းခံရတဲ့ အတွေ့အကြုံတွေနဲ့ သင်ခန်းစာတွေကို မှတ်သားထားရမယ့်ပွဲလည်း ဖြစ်ပါတယ်။

“၂၀၁၅ ရွေးကောက်ပွဲ” ကို “၂၀၁၀ ရွေးကောက်ပွဲ” နဲ့ နှိုင်းယှဉ်ကြည့်ရင် အစိုးရ၊ စစ်တပ်နဲ့ ရွေးကောက်ပွဲကော်မရှင်တို့ရဲ့ မတရားမှု၊ သိက္ခာမဲ့မှုနဲ့ ညစ်ပတ်ယုတ်မာမှုမျိုးစုံကို အတိုင်းသားတွေ့မြင်နိုင်ပါလိမ့်မယ်။

“၂၀၁၅ ရွေးကောက်ပွဲ” နဲ့ “၂၀၁၀ ရွေးကောက်ပွဲ” မတူတဲ့အချက်က “ အာဏာလွှဲပြောင်းပေးရမယ့်ကိစ္စ”မှာ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ အာဏာလွှဲတာက ဗိုလ်သန်းရွှေက သူစိတ်ကြိုက်အချိန်ယူရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့အညီ သူ မီးသေတဲ့ တပည့်သားမြေးတွေလက်ထဲ “အာဏာအမွေ” လက်ဆင့်ကမ်းတာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြိုင်ဘက်ပါတီကသာ အနိုင်ရသွားရင် ဒီလိုနည်းနဲ့ လွယ်လွယ်ကူကူအာဏာလွှဲမပေးချင်ဘူး။ ဒါကြောင့် မီးကုန်ယမ်းကုန်ညစ်နေတာ ဖြစ်တယ်။ ညစ်ပတ် ယုတ်မာမှုမျိုးစုံဟာ ဒီအချက်ကနေ ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။

“၂၀၁၀ ရွေးကောက်ပွဲ” ရဲ့အဓိကရည်ရွယ်ချက်က ၂ ခုပဲ။

ပထမတစ်ခုက “၂၀၀၈ အခြေခံဥပဒေ” ကို အသက်သွင်းပေးဖို့ဖြစ်ပြီး၊ ဒုတိယတစ်ခုက “စစ်ဘောင်းဘီချွတ်ပြီး ချိတ်ထဘီ ပြောင်းဝတ်ခိုင်းထားတဲ့ စစ်ဗိုလ်ဟောင်းတွေ” ကို အာဏာလွှဲပေးဖို့သာ ဖြစ်တယ်။ ဒါဟာ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတာရဲ့အဓိက ရည်ရွယ်ချက်ပါပဲ။ ဒီတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကြံ့ဖွံ့ပါတီကို (နဝတ-နအဖ) စစ်ကောင်စီဥက္ကဋ္ဌက အသာတကြည် အာဏာလွှဲပေးတာကို“မြန်မာ့နွေဦး”ဆိုပြီးလေရူးထမနေကြပါနဲ့၊ ဒါဟာ ဘာမှမဆန်းပါဘူး။ သူတို့အကွက်ချ ခင်းကျင်းထားတဲ့ ဇာတ်လမ်း ဇာတ်ကွက်အတိုင်း ဝတ်စုံပြည့် ကပြသွားခြင်းသာ ဖြစ်ပါတယ်။

ဒီလိုနည်းနဲ့ သူတို့ဟာ သူတို့ကိုယ် သူတို့ “ ပြည်သူက ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ အစိုးရ ” ဖြစ်လာစေခဲ့တယ်။

၂၀၁၀ ရွေးကောက်ပွဲ မှာ အဓိကဇာတ်လိုက်ကျော်က “ကြိုတင်မဲ” ဖြစ််တယ်။ ကြံ့ဖွံ့အစိုးရဟာ ကြိုတင်မဲတွေနဲ့ ဖြစ်လာတဲ့ “ရွေးချယ်ခံအစိုးရ” ပဲ။

“၂၀၁၅ ရွေးကောက်ပွဲ” က “ ၂၀၁၀ ရွေးကောက်ပွဲ” မှာ လို ကြံ့ဖွံ့ပါတီ တကောင်တည်းပြေးပြီး ပန်းဝင်ရမယ့်ပွဲ မဟုတ်တော့ဘူး။ ပြိုင်ဘက်ပါတီတွေဖြစ်တဲ့ (NLD) နဲ့ (SNLD) တို့လို ပါတီတွေ ရှိနေပြီ။ ၂၀၁၀ မှာလို “ကြိုတင်မဲ” ကို ပုံပြီး အားကိုးလို့ မဖြစ်တော့ဘူး။ “ ကြိုတင်မဲ” ဆိုတာ တတိုင်းတပြည်လုံးသိသွားတဲ့ ညစ်နည်း၊ မဲခိုးနည်းဖြစ်တယ်။

အကြိတ်အနယ်ပြိုင်ရမယ်ဆိုတာကိုလည်း “၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ” မှာ ကတည်းက သူတို့ သိထားခဲ့ကြပြီးပါပြီ။ ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ထောင့်စုံဘက်စုံ အကြံထုတ်ပြီး ပြင်ဆင်ခဲ့ကြတယ်။

ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲကို ၂၀၁၀ ရွေးကောက်ပွဲမှာလို လူတိုင်းမဲလာပေးအောင်၊ မဲပေးသူ မများ များအောင်လုပ်လို့ မဖြစ်တော့ဘူးဆိုတာ သူတို့တွက်မိတယ်။ ဒါကြောင့် ပထမခြေလှမ်းအနေနဲ့ ကြိုတင်မဲနဲ့ အပုတ်နံ့တထောင်းထောင်းထွက်နေတဲ့ “သိန်းစိုး ရွေးကောက်ပွဲကော်မရှင်” ကို ဖျက်သိ်မ်းပစ်လိုက်ပြီး ရွေးကောက်ပွဲကော်မရှင် အသစ်ပြန်ဖွဲ့တယ်။ ဒီမှာ (ဗိုလ်) ဦးတင်အေး ဥက္ကဋ္ဌဖြစ်လာတာပဲ။ ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့ အဓိကကျင့်သုံးရမယ့် ဗျူဟာက မဲပေးခွင့်ရှိတဲ့ ပြည်သူတွေ အုံနဲ့ကျင်းနဲ့ မဲလာပေးလို့ မရအောင် “ဥပဒေဘောင်” ထဲကနေ နည်းမျိုးစုံနဲ့ ညစ်ပတ်ဖို့ပဲ ဖြစ်တယ်။ ဒါ့အပြင် လက်ယဉ်နေတဲ့ စွမ်းအားရှင်တွေကို သုံးပြီး အကြမ်းဖက်မယ့်နည်းကိုလည်း အရန်အဖြစ်ထားတယ်။

ဒီတော့ ပထမခြေလှမ်းအဖြစ် “၂၀၁ဝရွေးကောက်ပွဲ” မှာ မဲပေးခွင့်ရရှိခဲ့ကြတဲ့ “ဝှိုက်ကဒ်” ကိုင်ဆောင်သူတွေ မဲပေးခွင့် မရအောင် လုပ်ပစ်လိုက်တယ်။ ဒီလိုလုပ်ရာမှာ“အမျိုးသားရေး”ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ပြီး ယုတ်ယုတ်မာမာလုပ်ခဲ့ကြတာ ဖြစ်တယ်။

ဒါကြောင့်ရှင်းနေတဲ့အချက်က “၂၀၁ဝရွေးကောက်ပွဲ” မှာ “ဝှိုက်ကဒ်”ကိုင်ဆောင်ထားသူတွေရဲ့မဲတွေကို သဲ့ယူသွားသူဟာ ကြံ့ဖွံ့ပါတီပဲဖြစ်ပြီး အခုအခါမှာ ခါတော်မှီ “အမျိုးသားရေး” ဆိုင်းဘုတ်ချိတ်ပြီး “ဝှိုက်ကဒ်”ကိုင်သူတွေရဲ့မဲပေးခွင့်ကို ရုပ်သိမ်းပစ်တဲ့ သူဟာလည်း အဲဒီကြံ့ဖွံ့အစိုးရပဲ ဖြစ်ပါတယ်။

ဘယ်လောက်ညစ်ပတ် ကောက်ကျစ်တဲ့လုပ်ရပ်ဖြစ်ပါသလဲ။ ၂၀၁၅ ရွေးကောက်ပွဲမှာ “ဝှိုက်ကဒ်” ကိုင်ဆောင်သူတွေကို မဲပေးခွင့် ရုပ်သိမ်းလိုက်တာလောက်နဲ့ သူတို့ အရေးမသာနိုင်သေးဘူး။ ဘယ်ဗျူဟာသုံးရင် အရေးသာနိုင်မလဲ။

အဲဒီဗျူဟာကတော့ မဲစာရင်းကို ဗဟိုပြုထားတဲ့ ဗျူဟာဖြစ်တယ်။

ဒီလိုနဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ မဲစာရင်းမှာ အမှားအယွင်းတွေ တမင်လုပ်ကြံထည့်သွင်းပြီး အကြိမ်ကြိမ် ထုတ်ပြန်စေတယ်။ ပထမအကြိမ်မှားတယ်။ ဒုတိယအကြိမ် ပိုမှားတယ်။ အခုတတိယ အကြိမ်ထုတ်ပြန်ဦးမယ်။ မှားဦးမှာပဲ။ မဲစာရင်း မပါတဲ့သူ မဲပေးခွင့် မရှိဘူး။ မဲစာရင်းပါ/မပါ ပြည်သူတွေ လာစစ်ရမယ့် တာဝန် ရှိတယ်။ လာမစစ်ရင် ပြည်သူတွေရဲ့တာဝန်ပဲဆိုပြီး ပြည်သူတွေပေါ် တဖက်ကလွှဲချထားပြီး ကော်မရှင်ဘက်မှာ တာဝန်မရှိဘူးလို့ ကိုယ်လွတ်ရုန်းထားတယ်။ ဆင်ခြေကန်ထားတယ်။

မဲစာရင်းတွေမှာ အမည်တွေကို ယခင်က မရှိဘူးတဲ့ အစီအစဉ်ဖြစ််တဲ့ အက္ခရာစဉ်နဲ့လုပ်ထားတယ်။ ဒီတော့ မိသားစုတစ်စုထဲက လူတွေဟာ ဟိုတခြားဒီတခြား တကွဲတပြားဖြစ်ကုန်တယ်။ မဲစာရင်းမှာ ကိုယ့်အမည်ကိုယ် ရှာဖွေဖို့ မလွယ်တော့ဘူး။ ဒီညစ်ကွက်က မဲပေးတဲ့သူတွေ မဲပေးရခက်ခဲအောင်၊ မဲပေးချင်စိတ်ကုန်အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်တာ ဖြစ်တယ်။

ဒီလိုတစ်ဖက်က လုပ်နေချိန်မှာ အလစ်အငိုက်ယူပြီး နောက်တနည်းလုပ်လာပြန်တာတော့ မဲစာရင်းထဲမှာ သောင်းဂဏန်းအရေအတွက်ရှိတဲ့ “လူပိုစာရင်းကိစ္စ”ဖြစ်ပါတယ်။ ဒီလိုပိုနေတာတွေက အချို့နေရာတွေမှာ ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းထိ များပြားနေတာ တွေ့ရတယ်။ ပထမအကြိမ် မဲစာရင်းထုတ်တယ်၊ မှားတယ်၊ ထပ်ပြီးထုတ်တဲ့ မဲစာရင်းမှာလည်း အရင်အမှားတွေကို မပြင်နိုင်တဲ့အပြင် နောက်ထပ်အမှားသစ်တွေ ထပ်မှားလာတာ တွေ့ရတယ်။ ဒီမှာ ထူးခြားတဲ့အချက်က ဒီလို လူပိုနေတဲ့ စာရင်းတွေဟာ စစ်တပ်ကနေ ပူပူနွေးနွေးအငြိမ်းစားယူထားတဲ့ စစ်အရာရှိဟောင်းကြီးတွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြိုနယ်တွေမှာ တွေ့ရတာပဲ ဖြစ်ပါတယ်။

နောက်တနည်းက နယ်မြေလုံခြုံရေးအကြောင်းပြပြီး မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်စုတွေမှာတွေမှာ ရွေးကောက်ပွဲ ဖျက်သိမ်းပစ်တဲ့နည်းဖြစ်တယ်။ မကြာခင်ကပဲ ရှမ်းပြည်နယ်ထဲက မိုင်းရှူး၊ ကျေးသီး၊ တန့်ယန်းမြို့နယ်တွေနဲ့ ရပ်ကွက် ကျေးရွာအုပ်စုတွေကို ရွေးကောက်ပွဲကျင်းပခြင်းမပြုကြောင်း ကြေညာခဲ့ပါတယ်။

ဒီလို ကြေညာနိုင်ဖို့ စစ်တပ်က တိုက်ပွဲတွေ ဖော်ပေးခဲ့တယ်။ လက်နက်ကြီးနဲ့ ခြောက်လှန့်ပစ်ခတ်ပေးတယ်။ သက်ဆိုင်ရာ ပြည်နယ်အစိုးရ၊ ကြံ့ဖွံ့သြဇာခံ တိုင်းရင်းသားပါတီတစ်ခုတို့က ရွေးကောက်ပွဲ မကျင်းပဖို့ ကော်မရှင်ထံ တင်ပြတယ်။ ကော်မရှင်ကလည်း တင်ပြချက်အတိုင်း ထုတ်ပြန်ကြေညာပေးတယ်။ ဒါဟာ စစ်တပ်၊ ပြည်နယ်အစိုးရ၊ ကြံ့ဖွံ့သြဇာခံပါတီနဲ့ ကော်မရှင်တို့ရဲ့ ပူးပေါင်းကြံစည်တဲ့ ဗြောင်အကျဆုံး ညစ်ပတ်မှုတစ်ခုဖြစ်ပါတယ်။ ရွေးကောက်ပွဲအတွက် မဲဆွယ်ရက် ကာလတွေမှာလည်း မသမာတဲ့ မဲဆွယ်မှုတွေ၊ အမှုဖွင့်မယ်ဆိုရင် ရာဂဏန်းကျော်အောင် အမှုဖွင့်နိုင်မယ့် ကြ့ံဖွံ့ပါတီက ပြိုင်ဘက်ပါတီတွေအပေါ် ခြိမ်းခြောက်နှောင့်ယှက်မှုတွေ ရှိခဲ့ရုံသာမက အခု နောက်ဆုံး သူတို့လက်သပ်မွေးထားတဲ့ စွမ်းအားရှင်တွေက ပြိုင်ဘက်ပါတီအပေါ် ယုတ်မာစွာ ဓားခုတ်မှုပါ ကျူးးလွန်လိုက်ပြန်ပါပြီ။

(NLD) ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီတခုတည်းနဲ့တင် ယှဉ်ပြိုင်ရတာမဟုတ်ဘဲ၊ (ဗိုလ်)ဦးတင်အေးရဲ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ပါ အဓိကယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။ ဒါတွေဟာ ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲမတိုင်မီ ညစ်နည်းညစ်ကွက်တွေ ဖြစ်ပြီး ပြည်သူတွေ မဲပေးရတဲ့ ရွေးကောက်ပွဲနေ့မှာလည်း ညစ်ကွက်အသစ်တွေ ထပ်မံ ပေါ်ထွက်လာစရာ ရှိနေပါတယ်။ ညစ်နည်းညစ်ကွက်တွေ ဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီးတဲ့နောက် ပေါ်ပေါက်လာဦးမယ့် ညစ်ကွက်တွေကတော့ (ဗိုလ်)ဦးတင်အေးစိတ်ကြိုက် ထင်သလိုစီရင် ဆုံးဖြတ်နိုင်တဲ့ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ အမှုအခင်းဆိုတာတွေပဲ ဖြစ်ပါတယ်။ ဒီအချက်ဟာလည်း အတိုက်အခံပါတီကို ထိုးနှက်ဖို့အတွက် လက်နက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလက်နက်ဟာ ရွေးကောက်ပြီးနောက် ၁၅ ရက်အတွင်း သူမတူအောင် အစွမ်းပြလာပါလိမ့်ဦးမယ်။

“၂၀၀၈ အခြေခံဥပဒေ” ဖျက်သိမ်းနိုင်ခြင်းမရှိဘဲ လွတ်လပ်တဲ့၊ တရားမျှတတဲ့၊ ရွေးကောက်ပွဲ ဆိုတာတွေကို ဘယ်လိုမှ မမျှော်မှန်းနိုင်ပါဘူး။

“၂၀၁၅ ရွေးကောက်ပွဲ” ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ သိက္ခာမဲ့တဲ့ ကော်မရှင်က ကျင်းပပေးတဲ့ ညစ်ပတ်တဲ့ရွေးကောက်ပွဲ တစ်ခုအဖြစ် မှတ်တမ်းတင်ကြရမှာကတော့ အသေအချာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *