ဒေါ်ခင်စန်းလှိုင် တင်ပြတဲ့ အရေးကြီးအဆိုနဲ့ပတ်သက်ပြီး လွှတ်တော်ထဲက စစ်သားအမတ်အားလုံး မတ်တပ်ထရပ်တာဟာ လူအချို့ရေးသားပြောဆိုနေကြသလို “ဆန္ဒဖော်ထုတ်” တာမဟုတ်ပါဘူး။ သေနတ်ဆိုတာပစ်ရင် မိုးပေါ်ထောင်ဖောက်တာ မပါဘူး၊ တည့်တည့်မှန်အောင်ပစ်တယ်ဆိုတာလို လွှတ်တော်စင်မြင့်ပေါ်ကနေ “အာဏာပြ” လိုက်တာသာ ဖြစ်ပါတယ်။
“၂၀၀၈ အခြေခံဥပဒေ” ဆိုတာ ကာချုပ်နဲ့စစ်တပ်ကို တရားဝင်အာဏာပြခွင့်နဲ့ တရားဝင်အာဏာသိမ်းခွင့်ပေးထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်ထဲက ဒီလို “အာဏာပြမှု”ဟာ ကလောနဲ့ဗထူးစစ်ကျောင်းတွေမှာ ကာချုပ်ဗိုလ်မင်းအောင်လှိုင် ပြောခဲ့တာတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတာလည်း ဖြစ်ပါတယ်။
အလားတူပါပဲ။
လွှတ်တော်ရဲ့ဖိတ်ကြားမှုကို လက်ရှိအစိုးရဝန်ကြီးတွေ လာရောက်ဖြေဆိုခြင်းမရှိတာကလည်း အများသူငါ ထင်မြင်ယူဆနေကြသလို အခြေခံဥပဒေကိုု နားမလည်လို့ မဟုတ်ပါဘူး။ ဒီချုပ်အများစု လွှတ်တော်ကို ပမာမခန့်လုပ်ပြလိုက်တာပါ။
“ ကျွန်မတို့ လွှတ်တော်ဆိုတာဟာ ကိုယ်စားလှယ်တစ်ဦးချင်း၊ တစ်ဦးချင်း ကိုယ့်အတွက် အသုံးချဖို့ စင်မြင်လည်း မဟုတ်ပါဘူး။ ရာထူးနေရာရဖို့အတွက် ခုတုံးလှေကားထစ်လည်း မဟုတ်ပါဘူး။ သဘောထားမညီတဲ့ ပုဂ္ဂိုလ်များအကြားမှာ နပမ်းလုံးဖို့ ကြိုးဝိုင်းလည်း မဟုတ်ပါဘူး” ဆိုတဲ့ စကားပြောဆိုခဲ့တာ ဘယ်လောက်များ ကြာသေးလို့လဲ။
အခုတဖန် ဖြစ်လာတာကတော့ “၂၀၀၈ အခြေခံဥပဒေဘောင်” ထဲမှာ ၂၀၀၈ အခြေခံဥပဒေရဲ့သန္ဓေပါ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်နေတဲ့ စိတ်ကူးယဉ်မှုပဲ ဖြစ်ပါတယ်။ ဒီလို စိတ်ကူးယဉ်မှုကို လေပင့်ပေးနေတာကတော့ စစ်တပ်ဘက်က ပျော့လာအောင် ချော့ဖို့ ၊ တို့ဘက်က လျှော့ပေးကြရမယ်၊ သိမ်မွေ့ကြရမယ်ဆိုတဲ့ စဉ်းစားနည်းပါပဲ။
ကလောနဲ့ဗထူးစစ်ကျောင်းတွေမှာ ကာချုပ်ဗိုလ်မင်းအောင်လှိုင်ပြောခဲ့တာတွေက အာဏာကုန်ပြောတဲ့ စကားတွေဖြစ်ပါတယ်။
“၂၀၀၈ အခြေခံဥပဒေ”ကို ပုဒ်မ တခုချင်းကနေ ပုဒ်မများစွာအထိ ပြင်ဆင်နိုင်ရေးအတွက် အာဘော်မျိုးစုံလွှင့်နေတဲ့ စိတ်ကူးယဉ်ပူပေါင်းမှန်သမျှကို အညှာတာကင်းကင်း ထိုးဖောက်ပြလိုက်တာလည်း ဖြစ်ပါတယ်။ ကာချုပ်ရဲ့ အာဘော်အချုပ်က ၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လာရင် ဘယ်ပုဒ်မကိုမဆို စစ်တပ်သဘောတူမှသာ ပြင်ဆင်နိုင်မယ်ဆိုတာပါပဲ။ ပုဒ်မတွေတင်မကဘူး။ ဘယ်အချိ်န်ပြင်ဆင်ရမယ်ဆိုတဲ့ အချိန်ကာလသတ်မှတ်ချက်ကိုပါ စစ်တပ်က သဘောတူမှသာပြင်ဆင်လို့ရမယ်လို့ ပြောင်အတိအလင်း ပြောလိုက်တာပဲဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်ေးရးရရှိဖို့ ကိစ္စမှာလည်း အလားတူပါပဲ။
ဒီကနေ့ ရင်ဆိုင်နေရတာဟာ “ဥပဒေပြဿနာ” မဟုတ်ပါဘူး။ နိုင်ငံရေးပြဿနာဖြစ်ပါတယ်။ ဒီပစ်ကွင်းကနေ မျက်ခြည်ပြတ် မသွားဖို့ သိပ်အရေးကြီးပါတယ်။ နိုင်ငံရေးပြဿနာကို စစ်အုပ်စုက အခြေခံဥပဒေပြဿနာအဖြစ် တမင်လုံးထွေးပစ်နေပြီး ၊ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဘောင်”ထဲ မှာ ဖြေရှင်းကြဖို့ နည်းမျိုးစုံနဲ့ အတင်းမောင်းသွင်းနေတာ ဖြစ်ပါတယ်။
လျှော့တာတို့၊ သိမ်မွေ့တာတို့မှာ မူရှိရမှာပါ။ မူမဲ့တဲ့ အလျှော့ပေးမှုဟာ အညံ့ခံရေးတမျိုးသာ ဖြစ်ပါလိမ့်မယ်။ ပြုသမျှနုရတယ်ဆိုတာနဲ့ အားမတန်လို့ မာန်လျှော့ရတယ်ဆိုတာမှာ ရပ်တည်စဉ်းစားပုံနဲ့သဘောထားပုံခြင်း အင်မတန်မှ ခြားနားပါတယ်။ မူမရှိဘဲ သိမ်မွေ့နေပြန်ရင်လည်း နိုင်ငံရေးအရ အညွန့်ကျိုးတာပဲ အဖတ်တင်ပါလိမ့်မယ်။
ဒါကြောင့် “ ခွက်ထဲမှာရေ လုံးဝမရှိတာထက် တဝက်ရှိတာကောင်းတယ်၊ အခြေခံဥပဒေမရှိတာထက် အခြေခံဥပဒေရှိလာတာ ကောင်းတယ်” ဆိုတဲ့ တကြောင်းတိုက် လော့ဂျစ်နဲ့ စဉ်းစားခဲ့ကြသူတွေအဖို့ ရရှိစရာကတော့ ပုံစံမျိုးစုံနဲ့ သင်ခန်းစာတွေပဲ ဖြစ်ပါလိမ့်မယ်။ “စပေ့” ရှိမှ လှုပ်ရှားနိုင်မယ်ဆိုတဲ့အထင်နဲ့ ပါဝင်လုပ်ဆောင်ခဲ့ကြတာဟာ ထင်သလောက် ခရီးမပေါက်တဲ့အပြင် အချိန်ကြာလာတာနဲ့ အမျှ “ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်” ဆိုတဲ့ ကြိုးက လှုပ်လေ ရစ်ပတ်လေဖြစ်ကာ ကိုယ့်ရှူးကိုယ့်ပတ်တာပဲ ဖြစ်နေပါလိမ့်မယ်။
“၂၀၀၈ အခြေခံဥပဒေနဲ့လွှတ်တော်” ရဲ့ တကယ့်အနှစ်သာရဟာ စစ်အုပ်စုရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်တိုးချဲ့ပေးဖို့သာ ဖြစ်တယ်။ ဒီအနှစ်သာရကို ဖယ်ရှားဖို့ဆိုရင် “၂၀၀၈ အခြေခံဥပဒေ” ကို ဖျက်သိမ်းပစ်ရမှာပဲ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ “၂၀၀၈အခြေခံဥပဒေ” ကို ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကနေ ပြင်ဆင်ဖို့ လုံးပမ်းနေသမျှတော့ ရရှိလာနိုင်မယ့် ရလဒ်ဟာ အတွေ့ကြုံနဲ့သင်ခန်းစာတွေသာ ဖြစ်မြဲဖြစ်နေပါလိမ့်မယ်။
