လူထုဟာ သမိုင်းဖန်တီးသူ၊ လူထုဟာ သူရဲကောင်း

By | November 6, 2015

ရွေးကောက်ပွဲနား နီးလာတာနဲ ့အမျှ လူထုရဲ ့လှိုင်းတံပိုးထကြွသလို မြင့်မားလာတဲ့ နိုင်ငံရေး နိုးကြားမှုကို အထင်းသား မြင်တွေ ့လာရပါတယ်။ လူထုဟာ အပြောင်းအလဲကို အင်မတန် တောင့်တနေပြီ ဖိနှိပ်မှုတွေ လိမ်ညာသွေးစုပ်မှုတွေကို ထပ်ပြီးသည်းမခံနိုင်တော့ဘူး ဆိုတာကို ကြီးမားကျယ်ပြောလှတဲ့ “လူပင်လယ်” လူထုစုရုံးမှုကြီးတွေကနေ အထင်အရှား ထုတ်ဖော်ပြသနေပါတယ်။

သူတို ့ဟာ ‘ရွေးကောက်ပွဲ’ ဆိုတဲ့ အခွင့်အလမ်းတခုကို အမိအရဆုပ်ကိုင်ပြီး အာဏာ လက်မလွှတ်လိုသူ လူတစုကို အညင်သာဆုံး အငြိမ်းချမ်းဆုံး မောင်းထုတ်ဖို ့ကြိုးစားနေတာပါ။ သာသာပြောလို ့မရရင် နာနာနှက်ဖို ့လည်း ဝန်မလေးတဲ့ သူတွေပါ။ ကမ္ဘာ ့သမိုင်းမှာပဲဖြစ်ဖြစ် ဗမာပြည်သမိုင်းမှာပဲဖြစ်ဖြစ် အရေးကြီးတဲ့ သမိုင်းအချိုးအကွေ ့ အလှည့်အပြောင်းတွေကို အများတကာ့ အများစုကြီးဖြစ်တဲ့ အဖိနှိပ်ခံလူထုကြီးကသာ အဆုံးအဖြတ်ပေးခဲ့တာပါပဲ။ အခုလည်း သမိုင်းတွင်မယ့် အဆုံးအဖြတ်တခုကို ဆုံးဖြတ်ဖို ့သူတို ့အဆင်သင့် ဖြစ်နေပါပြီ။

လူထုဟာ တီထွင်ကြံဆနိုင်တဲ့၊ ဖန်တီးနိုင်စွမ်းရှိတဲ့၊ နိုင်ငံရေးတိုက်ပွဲတွေကို လက်ရုံးရည်၊ နှလုံးရည်ပြည့်စွာနဲ ့ တိုက်ပွဲဝင်နိုင်သူတွေ ဖြစ်ပါတယ်။ နအဖ စစ်ကောင်စီက အသာတကြည် အာဏာလွှဲပေးခဲ့တဲ့ ဦးသိန်းစိန် အစိုးရ သက်တမ်းတလျှောက်မှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားတွေရဲ ့တိုက်ပွဲတွေဟာ တခြိမ်းခြိမ်းပါ။ တိုက်ပွဲသဏ္ဌာန်တွေလည်း အစုံအလင်ပါပဲ။ လယ်သမားအရေး၊ အလုပ်သမားအရေး၊ ကျောင်းသားအရေး ကဏ္ဍအလိုက် တိုက်ပွဲကြီးငယ် အသွယ်သွယ်ကို ဆင်နွှဲခဲ့ကြပါတယ်။

အခုတော့ နယ်ပယ်အစုံမှာ ဗိုလ်ကျစိုးမိုးနေဆဲဖြစ်တဲ့ ဒီမိုကရေစီ မျက်နှာဖုံးစွပ် စစ်အာဏာရှင်စနစ်ကို ဆက်လက်သည်းမခံ လိုတော့ကြောင်း အတိအလင်း ဖွင့်အန်လာတဲ့ ရေချိန်အမှတ်တခုကို ရောက်လာပါပြီ။ ဒီမိုကရေစီစနစ်ကို ပြောင်းလဲခဲ့ပြီးပြီလို ့နားလှည့်ပါးချတာကို ဆက်ပြီးသည်းခံကြမှာ မဟုတ်တော့ပါဘူး။

အပြောင်းအလဲကို လိုလားတဲ့ “လူပင်လယ်” ထဲမှာ အလုပ်သမားတွေ၊ မြို ့နေဆင်းရဲသားနဲ ့ ကျောမွဲနင်းပြား လယ်သမားတွေပါတယ်၊ စာရေးစာချီ၊ ကျောင်းဆရာ၊ဆရာမစတဲ့ ဝန်ထမ်းတွေပါတယ်၊ ကျောင်းသူကျောင်းသားတွေ ပါတယ်။ လူထုလူတန်းစား အလွှာစုံက ပူးပေါင်းပါဝင် စုစည်းလာနေတယ်။ ဒီပယ်လယ်ကြီးဟာ တစတစ ကျယ်ပြန့်လာနေတယ်။

ဘယ်လိုပင် ခြိမ်းခြောက် တားမြစ်ထားပါစေ မရရတဲ့နည်းနဲ့ ပါဝင်လှုပ်ရှားနေကြတယ်။ ဒါဟာ မတရားအုပ်စိုးမှုကိို မလိုလားဘူး။ ပြောင်းလဲမှုကို လိုလားတယ်ဆိုတဲ့သဘောကို ဖော်ပြရုံသာမက ရှေ့လာမယ့် လှုပ်ရှားမှုတွေအတွက် အသင့်ရှိနေတယ်ဆိုတာ ဖော်ပြတဲ့သဘောလည်း ဖြစ်ပါတယ်။ ရဲသွေးရဲမာန် တက်ကြွနေတယ်၊ သူတို့ရဲ့စိတ်ဓာတ်တွေ နီမောင်းဝင်းလက်လာနေပါတယ်။ လိုချင်တာ ရကိုရရမယ်ဆိုတဲ့ သံန္နိဌာန်တွေလည်း တနေ ့တခြား ရင့်သန်လာနေတာ အထင်အရှားပါပဲ။

အုပ်စိုးသူ လူတစုကတော့ သူတို ့ထုံးစံအတိုင်း နောက်ဆုံးထွက်သက်တိုင် မီးကုန်ယမ်းကုန် ညစ်ပတ်ယုတ်မာဦးမယ်၊ ဖိနှိပ်ရက်စက်ဦးမယ်ဆိုပြီး တနေ ့တမျိုး မရိုးရအောင် လုပ်နေတယ်။ အတိုက်အခံပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေကို ထိုးနှက်တိုက်ခိုက်၊ ကိုယ်ထိလက်ရောက် အန္တရာယ်ပြုသလို ဝရမ်းပြေးနေတဲ့ ကျောင်းသားခေါင်းဆောင်တွေကိုလည်း တယောက်ပြီးတယောက် ဖမ်းဆီးရုံးတင်နေတယ်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုတိုက်ပွဲဝင်မှပဲ ပိုတိုးပြီးတော့ ဖမ်းပြ၊ ကြမ်းပြ၊ ရမ်းပြနေတယ်။ အစိုးရအာဏာ သက်တမ်းငါးနှစ် ကုန်ခါနီးမှ မီးထတောက်နေတယ်။ သူတို့ပြုနေကျအတိုင်း ဖမ်းဆီးအကြမ်းဖက် သတ်ဖြတ်ပြီး သမိုင်းရေစီးကို တားဆီးလို ့ရမယ် ထင်နေတယ်။

သမိုင်းသစ်ရေးဖို့ အချိန်တန်ရင်တော့ ဘယ်အရာမှ တားဆီးလို ့ရမှာ မဟုတ်ပါဘူး။ ခေါင်းဆောင်ဆိုသူတွေသာ ဖောက်ပြန်ရင်ဖောက်ပြန်မယ်၊ ဘယ်တော့မှ ဖောက်ပြန်လေ့မရှိတဲ့ လူထုကြီးကတော့ အလံမလှဲစတမ်း တိုက်ပွဲဝင်ပါလိမ့်မယ်။ လိုချင်တာကို ရသင့်ရထိုက်တာကို ငြိမ်းငြိမ်းချမ်းချမ်း အသာတကြည်နဲ ့တောင်းယူလို့မရရင် တိုက်ယူပါလိမ့်မယ်။

သူရဲကောင်းစစ်စစ်ဖြစ်တဲ့ လူထုကြီးဟာ သမိုင်းသစ်ကို ထုဆစ်ပါလိမ့်ဦးမယ်။

Leave a Reply

Your email address will not be published. Required fields are marked *