မာ့က်စ်နဲ့ အမြဲဆွေးနွေးတိုင်ပင်တတ်တဲ့ လီနင်

By | June 21, 2016

လီနင်…ဗလာဒီမီယာလီနင်

၂ဝရာစု၏ ထင်ရှားကျော်ကြားသော နိုင်ငံရေး ခေါင်းဆောင်၊ ပစ္စည်းမဲ့တော်လှန်ရေး အတွေးအခေါ် ပညာရှင် ဗလာဒီမီယာလီနင်အကြောင်း လေ့လာမည်ဆိုလျှင် လေ့လာစရာ၊ သင်ယူစရာတွေက သမုဒ္ဒရာရေ မခန်းနိုင်သလို သင်၍မကုန် ယူ၍မခန်း ဖြစ်ချေမည်။

လူတိုင်းလူတိုင်း သာတူညီမျှရေးဆီ၊ ဘယ်လို နည်းနှင့်မျှ၊ ဘယ်လိုအကြောင်းကြောင့်နှင့်မျှ ဖိနှိပ်မှုမရှိသည့် လူ့ဘောင်ဆီရောက်အောင် လျှောက်လှမ်းနေသည့့် ကျွန်တော်တို့ဆိုသော ယနေ့ခေတ်လူများအတွက် လီနင်သည် စံပြပုဂ္ဂိုလ်တဦးဖြစ်သည်။ ဖတ်စာတအုပ်ဖြစ်သည်။ သင်ရိုးညွှန်းတမ်းတခု ဖြစ်သည်။

ပညာတတ်လူလတ်တန်းစားမိသားစုတွင် လီနင် မွေးဖွားကြီးးပြင်းခဲ့သည်။ ပြင်သစ်၊ ဂျာမန်၊ အင်္ဂလိပ်၊ ရုရှား ဘာသာစကားများ တတ်ကျွမ်းသည့် ကျောင်းဆရာ သားသမီးများ ပီသစွာ လီနင်တို့ မောင်နှမများသည် ငယ်စဉ်ကပင် ဘာသာစကား ၄ မျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောနိုင်၊ ရေးနိုင်၊ ဖတ်နိုင်သူတွေ ဖြစ်နေသည်။

လီနင်သည် ဂျာမန်ဘာသာ၊ ပြင်သစ်ဘာသာဖြင့် ရေးထားသော ကားလ်မာ့က်စ်နှင့် အိန်ဂယ်တို့၏ စာတွေကို ကောင်းကောင်း တူးဆွခံစားဖတ်ရှုနိုင်သည်။ ကားလ်မာ့က်စ် ဂျာမန်လို ရေးထားသော The Poverty of Philosophy ကို လီနင်သည် သူ့ညီမ အိုလ်ဂါနှင့်အတူဖတ်ကြောင်း လီနင့်အစ်မ အန်နာ က ပြောပြသည်။

လီနင့်အစ်ကို ဆရှာ (SaSha) သည် ဇာဘုရင်ကို ဆန့်ကျင်သော တော်လှန်ရေးသမား တဦးပင်။ ဇာဘုရင် လက်ထက် တားမြစ်ထားသော လက်ဝဲစာပေများကို လေ့လာသူ ဖြစ်သည်။ ၁၈၈၇ ခုနှစ်မှာ ဇာဘုရင်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုတွင် မအောင်မြင်ဘဲ ကြိုးပေးကွပ်မျက်ခြင်း ခံရသူ ဖြစ်သည်။ လီနင် ၁၇ နှစ် အရွယ်တွင် ဖြစ်သည်။ အစ်ကို ကွပ်မျက်မခံရမီ ၁၈၈၆ ခုနှစ်တွင် လီနင့် အဖေသည် ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးပါးခဲ့သည်။ အဖေနှင့်အစ်ကို ရှေ့ဆင့်နောက်ဆင့် ဆုံးရှုံးရသည့် သောကဝေဒနာကို ခံစားရသော်ငြား လီနင်သည် စာဆက်လက်သင်ကြားပြီး ခဇန်တက္ကသိုလ်မှာ ဥပဒေဘာသာရပ်ယူရန် ဆုံးဖြတ်ခဲ့သည်။ အစ်ကိုဖြစ်သူ၏ တော်လှန်ရေးအတွေးအခေါ်ကို စိတ်ဝင်စားပြီး တော်လှန်ရေး ကလာပ်စည်းများနှင့် ဆက်သွယ်ခဲ့သည်။

ခဇန်တက္ကသိုလ်မှာ တက်ရောက်နေစဉ် ကျောင်းသားအသင်းအဖွဲ့များကို ပိတ်ပင်သည့် အစိုးရ၏ ကန့်သတ်ချက်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ခေါင်းဆောင်ခဲ့သည်။ ရဲ ဖမ်းမိပြီး ကျောင်းမှ ထုတ်ခံရသည့်အပြင် ကိုကုရှ်ခင်နာ့ ဒေသဆီ နယ်နှင်ခံရသည်။ ကျောင်းထုတ်ခြင်းခံရသော်လည်း အပြင်ဖြေအဖြစ်နှင့် ၁၈၉၁ တွင် ဥပဒေဘွဲ့ကို ရယူခဲ့သည်။ ထိုကာလများတွင် လီနင်သည် စာကို လောဘတကြီး ဖတ်နေခဲ့သည်။ နိကိုလိုင် ဖီဒက်ဆီ တော်လှန်ရေးအသိုင်းအဝိုင်းသို့ ဝင်ရောက်ပြီး ထိုကာလများတွင် ကားလ်မာ့က်စ်၏ အရင်းကျမ်းကို တွေ့ရှိဖတ်ရှုမိသည်။ ၎င်းမှတဆင့် မာ့စ်က်ဝါဒကို လီနင် စိတ်ဝင်စားလာသည်။

လီနင့်အမေ မာရီယာသည် သား၏ ပြင်းပြသော တော်လှန်ရေးစိတ်ဓာတ်ကို စိုးရိမ်ပူပန်ပြီး ဆမာရာမှာ လယ်ယာမြေတွေ ဝယ်ကာ လီနင့်ကို စိုက်ပျိုးရေးဘက် စိတ်ဝင်စားအောင် ဆွယ်ခဲ့သည်။ သို့သော် ဆမာရာမှာ လီနင်သည် စကီလရန်ကာ့၏ ဆိုရှယ်လစ်ဆွေးနွေးဝိုင်းထဲ ဝင်ရောက်ခဲ့သည်။ သူစိတ်ဝင်စားသည့် မာ့က်စ်နှင့် အိန်ဂယ်တို့၏ အဖိုးထိုက်တန်သော လုပ်ဆောင်ချက်များကို ဂျာမန်ဘာသာမှ ရုရှားဘာသာသို့ ပြန်ဆိုခဲ့သည်။ ၁၈၈၉ တွင် လီနင်သည် ကွန်မြူနစ်ကြေညာစာတမ်းကို ရုရှားဘာသာသို့ ပြန်ဆိုခဲ့သည်။ စကီလရန်ကာ့အဖွဲ့နှင့် ရုရှားတွင် မာ့က်စ်ဝါဒကို ဘယ်လိုကျင့်သုံးကြမလဲ ဆိုသည်ကို ဆွေးနွေးကြသည်။

၁၈၉၃ တွင် ကျောင်းဆက်တက်ရန် စိန့်ပီတာစဘတ်သို့ လီနင် ရောက်ရှိသည့်အချိန်တွင် မာ့က်စ်ဝါဒနှင့် မာ့က်စ်နှင့်အိန်ဂယ်တို့်၏ လုပ်ငန်းရပ်များအပေါ် လီနင်၏ သိမြင်နှံ့စပ်မှုက စိန့်ပီတာစဘတ်မှ မာ့က်စ်ဝါဒီများကို အံအားသင့်စေသည်။ ချီးကျူးစရာ ဖြစ်ခဲ့သည်။ စိန့်ပီတာစဘတ်မှ မာ့က်စ်ဝါဒီ အတော်များများသည် မာက့်စ်၏ အရင်းကျမ်းကိုသာ လေ့လာရန် အားထုတ်လေ့ရှိပြီး မာက့်စ်၏ တခြား လုပ်ဆောင်ချက်တွေကို အလေးထားမှု လျော့နည်းသည်။

စိန့်ပီတာစဘတ်ကို ပြောင်းရွှေ့လာပြီးနောက် လီနင်၏ ပထမဦးဆုံးအလုပ်သည် မာ့က်စ်ရေးသည့် ကွန်မြူနစ် ကြေညာစာတမ်း (The Communist Manifesto)၊ နိုင်ငံရေးဘောဂဗေဒကို ဆန်းစစ်ဝေဖန်မှု (The Critique of Political Economy)၊ အဘိဓမ္မာ ခေါင်းပါးခြင်း (The Poverty of Philosophy)၊ ဂျာမန်အတွေးအခေါ် (German Ideology ၊ မာ့က်စ်မှရုချ်သို့ ပေးစာများ (Letters from Marx to Ruge)၊ အိန်ဂယ်ရေးသည့် ဒူရင်းကိုဆန့်ကျင်ခြင်း (Anti-Duhring)၊ မိသားစု၊ ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့် နိုင်ငံတော်တို့၏မူလအစ (The Origin of the Family, Private Property and the State) စသည့် စာအုပ်များမှ အဆီအနှစ်များကို ကိုးကားထားသည့် ပြည်သူ့မိတ်ဆွေဆိုတာ ဘာလဲ၊ ဆိုရှယ်ဒီမိုကရက်တွေကို သူတို့ဘယ်လို တိုက်ကြသလဲ (What the friends of the people are and How they fight the social-democrats) ကို ရေးသားပြီး တရားမဝင် ထုတ်ဝေခဲ့သည်။

လီနင်၏ မာ့က်စ်ဝါဒကို လေ့လာအသုံးချနိုင်မှုသည် ရင်သပ်ရှုမော အံမခန်းပင်။ မာ့က်စ်ဝါဒကို လီနင် သင်ယူလေ့လာရာမှာ ကောက်နုတ်ချက်တွေကို ထုတ်ယူလေ့ရှိသည်။ မာ့က်စ်ကို အခေါက်ခေါက်အခါခါ ဖတ်ပြီး မှတ်စုများကို အထပ်ထပ်အခါခါ ထုတ်သည်။ ထိုထုတ်ထားသည့် ကောက်နုတ်ချက်များကို သူ့အလုပ်မှာ ပြန်လည်အသုံးချသည်။

လီနင်သည် မာ့က်စ်ကို သိရုံတင်မက သိသမျှကို နက်နက်ရှိုင်းရှိုင်း တွေးလေ့ရှိသည်။ ၎င်းအပြင် မာ့က်စ်ကို ဝေဖန်ရှုံ့ချမှု၊ ဆန့်ကျင်တိုက်ခိုက်မှုများကိုလည်း လေ့လာဆန်းစစ်ပြီး အရေးပါမှု၊ မပါမှုကို ခွဲခြမ်းစိတ်ဖြာလေ့ရှိသည်။

၁၉၂၀ ခုနှစ် ကွန်မြူနစ်လူငယ်များအဖွဲ့၏ တတိယအကြိမ်မြောက် ကွန်ဂရက်တွင် လီနင်က “ကွန်မြူနစ်ဝါဒသည် အလွတ်ကျက်မှတ်ရမည့်အရာမဟုတ်။ ဖတ်ရုံနှင့်လည်း မပြီး၊ ကိုယ်တိုင်တွေးခေါ်ပြီး ခေတ်နှင့်လျှော်ညီသည့် သုံးသပ်ချက် ကောက်နုတ်ချက်များ ထုတ်ယူလေ့လာရမည့်အရာ ဖြစ်သည်။ အချက်အလက်များကို ကိုယ်တိုင် ဆန်းစစ်ဝေဖန်နိုင်သည့် အနေအထားမရှိဘဲ၊ အကုန်အစင် နားလည်အောင် လေးလေးနက်နက် ခက်ခက်ခဲခဲ ကြိုးပမ်းအားထုတ်မှု မရှိဘဲ ကြွားဝါဖို့သက်သက်အတွက် အသင့်ရှိနေသည့် သုံးသပ်ချက်များကို ရွတ်နေသည့် ကွန်မြူနစ်များသည် ညံဖျင်းသည့် ကွန်မြူနစ်များသာ ဖြစ်သည်” ဟု ထည့်သွင်းပြောကြားသွားသည်။

လီနင့်မှာ အများနှင့်မတူသည့် မာက့်စ်ကို လေ့လာသည့် ဟန်တခု ရှိသည်။ မာ့က်စ်နှင့် အမြဲဲဆွေးနွေးတိုင်ပင်ခြင်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ လက်တွေ့ အဖြစ်အပျက်များကို မာ့က်စ်၏ သဘောတရားများနှင့် အမြဲနှိုင်းယှဉ် ဆန်းစစ်သုံးသပ်လေ့ရှိသည်ကို ဆိုလိုသည်။ တော်လှန်ရေးကာလအတွင်း ခက်ခဲသည့်အလှည့်အပြောင်းများနှင့် ကြုံရသည့် အခါတိုင်းတွင် လီနင်သည် မာ့က်စ်ကို ပြန်ဖတ်ပြီး အားကိုးအားထား ယူလေ့ရှိသည်။ လက်ရှိဖြစ်ပျက်နေသည်များကို မာ့က်စ်လမ်းညွှန်ချက်များနှင့် အသေးစိတ် နှိုင်းယှဉ်လေ့လာပြီး တူသည့်အချက်၊ ကွဲလွဲသည့်အချက်များကို သိအောင် လုပ်သည်။

၁၉၀၂ ခုနှစ်မှှှှှှှှှာ ရေးသားထုတ်ဝေခဲ့သည့် ဘာလုပ်ကြမလဲ (What is to be done ) တွင် “ပစ္စည်းမဲ့များ၏ လုပ်ငန်းတာဝန်ဖြစ်သည့် တော်လှန်ရေးတရပ်ကို ဆင်နွှဲရန် သမိုင်းက ဖန်တီးပေးနေပြီ။ ဒီလုပ်ငန်းတာဝန်ကို ရုရှား ပစ္စည်းမဲ့များက ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတကာပစ္စည်းမဲ့ တော်လှန်ရေး၏တပ်ဦးတွင် ရှိမည်”ဟု ရေးသားထားသည်။

အမှန်တကယ်ပင် ၁၉၀၅ ခုနှစ်တော်လှန်ရေးက ရုရှား အလုပ်သမားလူတန်းစား၏ အခန်းကဏ္ဍကို မြှင့်တင်ပေးလိုက်ပြီး ၁၉၁၇ ခုနှစ် ဇာဘုရင်ကို ဖြုတ်ချသည့် တော်လှန်ရေးတွင် ရုရှပစ္စည်းမဲ့များသည် နိုင်ငံတကာပစ္စည်းမဲ့ တော်လှန်ရေး၏ တပ်ဦးသို့ ရောက်ရှိသွားသည်။

၁၉၀၅ ခုနှစ် ဇန္နဝါရီ ၉ ရက်နေ့ တွင် အလုပ်သမားများ သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် တော်လှန်ရေးအရှိန် မြင့်သထက် မြင့်လာချိန်တွင် ပါတီက လူထုကို အဘယ်နေရာကနေ၍ ဦးဆောင်မည်နည်း၊ အဘယ်မူဝါဒကို ကျင့်သုံးမည်နည်းဆိုသော မေးခွန်းများ ပေါ်ထွက်လာသည်။ ဒီမှာလည်း လီနင်သည် မာ့က်စ်နှင့် ဆွေးနွေးတိုင်ပင်သည်။

၁၉၀၅ ခုနှစ် ဂျွန် ဂျူလိုင်တွင် ဇာဘုရင်နှင့် ရင်ကြားစေ့လိုသည့် မင်ရှီဗစ်များ၏ နည်းဗျူဟာနှင့် ဇာဘုရင်နှင့် မစေ့စပ်စတမ်း တိုက်ပွဲဝင်ရန် ပိုင်းဖြတ်ထားသည့် ဘော်ရှီဗစ်များ၏ နည်းဗျူဟာတို့ မည်သို့မည်ပုံ ဆန့်ကျင်ကွဲလွဲကြောင်း ဖော်ပြသော နည်းဗျူဟာ ၂ ခု (Two Tactics) ကို ရေးသားခဲ့သည်။ Two Tactics တွင် “ဇာဘုရင်စနစ်ကို အဆုံးသတ်ရန် လိုအပ်သည်” ဟုရေးသည်။ အစ္စကရာ သတင်းစာ ကွန်ဖရင့်တွင် “ဇာဘုရင်လက်ထဲမှာ အာဏာရှိနေသေးတာကို မေ့ထားသရွေ့ သဘောထားတွေ၊ ဆုံးဖြတ်ချက်တွေမှန်သမျှ ဖရန့်ခ်ဖို့ ပါလီမန် ဆုံးဖြတ်ချက်တွေလို သေးနုပ် နုံချာနေမှာပဲ” ဟု ပြောကြားသည်။ (ဖရန့်ခ်ဖို့ ပါလီမန် ဆိုသည်မှာ ဂျာမနီပြည်တွင် ၁၈၄၈ ဂျာမန်တော်လှန်ရေး ကာလအတွင်း ဘုရင်နှင့် ရင်ကြားစေ့ပြီး ပေါ်လာသော လွှတ်တော်ကို ဆိုလိုသည်)

မာ့က်စ် ဦးစီးထုတ်ဝေသည့် ၁၈၄၈ ခုနှစ် နော်ရာ ဂျာမန်သတင်းစာမှာ မာက့်စ်က “အကြွင်းမဲ့အာဏာပိုင်စိုးထားသည့် ရန်သူနှင့် စေ့စပ်ကျေအေးခြင်းသည် အောက်တန်းကျသည့် အပြုအမူမှတပါး တခြားမရှိ” ဟု ရေးခဲ့သည် ။ ၎င်းကို ကိုးကား၍ လီနင်သည် ဇာဘုရင်နှင့် စေ့စပ်ကျေအေးခြင်းသည် ဇာဘုရင်ကို ပျက်စီးစေမှာလား၊ ရုရှား တော်လှန်ရေးကို ပျက်စီးစေမှာလား။ ပြတ်ပြတ်သားသား တော်လှန်ရေးအောင်နိုင်မှ ဇာဘုရင်နှင့် စာရင်းရှင်းမလား။ မာ့က်စ် ပြောသလို အောက်တန်းကျသူ အဖြစ်ခံမလားစသည့် မေးခွန်းများကို လူထုကြား ဖော်ထုတ်ခဲ့သည်။ နောက်ဆုံးတွင် ဇာဘုရင်နှင့် ရင်ကြားမစေ့ဘဲ ဇာဘုရင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရန် လမ်းညွှန်မှုပေးခဲ့သည်။ ဦးဆောင်မှု ပေးခဲ့သည်။ ထို့ကြောင့် ဇာဘုရင်ကို ဖြုတ်ချသော ၁၉၁၇ ခုနှစ် အောက် တိုဘာတော်လှန်ရေးသည် သမိုင်းတွင် မဟာအောက်တိုဘာ တော်လှန်ရေးဟူ၍ ကမ္ဗည်းတင်ခံရပေသည်။

၁၉၀၅ တော်လှန်ရေးသည် လူ့သမိုင်း၏ ပဓာနကျသော ပြဿနာအသစ်များကို ရှေ့တန်းသို့ ပို့ဆောင်ခဲ့သည်။ မာ့က်စ်ကို ဆန်းစစ်လေ့လာသုံးသပ်ထားသော လီနင်၏ မာ့က်စ်ဝါဒစစ်စစ် နည်းလမ်းသည်လည်း တော်လှန်ရေးမှာ မှတ်ကျောက်တင် ခံနိုင်ခဲ့သည်။ လီနင်ဝါဒ၊ လီနင်ဝါဒီများ ဟူ၍လည်း မှတ်တိုင်များ ပေါ်ထွန်းလာသည်။

၁၉၁၇ ခုနှစ်တွင် ရေးခဲ့သော နိုင်ငံတော်နှင့်တော်လှန်ရေး (The State and Revolution ) သည် အောက် တိုဘာတော်လှန်ရေးကို စနစ်တကျ စည်းရုံးလှုံ့ဆော်နိုင်လောက်အောင်၊ ပစ္စည်းမဲ့လူတန်းစား၏ အာဏာကို စုစည်း နိုင်လောက်အောင် အရေးပါခဲ့သည်။ မာ့က်စ်၏ နိုင်ငံတော်အကြောင်း သင်ကြားမှုကို နက်နက်ရှိုင်းရှိုင်း လေ့လာပြီး ကောက်နုတ်ရေးသားထားခြင်းပင် ဖြစ်သည်။
လီနင်သည် မာ့က်စ်ဝါဒကို ဖွံ့ဖြိုးတိုးတက်အောင် ပြန်လည်တည်ဆောက်ရာတွင် မာ့က်စ်နှင့်အိန်ဂယ်တို့၏ နည်းဗျူဟာဆိုင်ရာ သဘောတရားများထဲတွင် သူ့ကိုယ်သူ ပိတ်လှောင်မထားပေ။ သဘောတရားအသစ်များကို ဖြည့်စွက်၍ ပို၍ခို်င်ခံ့အောင် ပြုလုပ်ခဲ့သည်။ ပစ္စည်းမဲ့တို့၏ လူတန်းစားတိုက်ပွဲကို ဦးစီးဦးဆောင် လမ်းပြနိုင်ရန်အတွက် အဓိကကျသည့်မူများ၊ နည်းလမ်း စည်းမျဉ်းစည်းကမ်းများကို ကြံဆဖန်တီးခြင်း ပြုလုပ်ခဲ့သည်။

ဤသို့ဖြင့် လီနင်သည် ရုရှားပစ္စည်းမဲ့များကိုသာမက ကမ္ဘာ့ပစ္စည်းမဲ့များ၏ လူတန်းစားတိုက်ပွဲများအတွက် မာ့က်စ်ဝါဒ မီးရှုးတန်ဆောင်ကို မြင့်မြင့်မားမား ထွန်းညှိ၍ အလင်းပေးခဲ့လေသည်။

Leave a Reply

Your email address will not be published. Required fields are marked *