ဗမာပြည်က တောနဲ့မြို့ကြားမှာ ချောက်ကမ်းပါးကြီးခြားနေတယ်။ အဲဒီချောက်ကမ်းပါးကြီးက ချမ်းသာ၊ ဆင်းရဲ ကွာဟချက် ချောက်ကမ်းပါးကြီး။ တောနဲ့မြို့ဟာ ကမ္ဘာတခုစီက လူတွေလို ဖြစ်နေတယ်။ တောကလူတွေ ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်လိုစား၊ ဘယ်လိုသောက်၊ ဘယ်လိုတွေး၊ ဘယ်လိုခေါ်သလဲဆိုတာကို မြို့ကလူတွေ နားမလည်နိုင်ဘူး။ မြို့ကလူတွေနဲ့ ပတ်သက်ရင်လည်း တောကလူတွေရဲ့ စိတ်ထဲမှာ အလားတူ။ တပြည်တည်းနေ၊ တရေတည်း သောက်၊ တမြေတည်းမှာ ကြီးပြီး လူလူချင်း အဆင့်အတန်း ကွဲပြားကွာဟနေတာဟာ ရင်နာစရာလည်း ကောင်းတယ်။ အဲသလို အဆင့်အတန်းကွာဟ ကွဲပြားတဲ့စနစ်ကို သိသိနဲ့ လျစ်လျူရှု မသိဟန်ဆောင်နေကြတာဟာလည်း ရှက်စရာ ကောင်းတယ်။
ဘဝချင်းသိပ်ကွာတယ်။ ဘာ့ကြောင့်ကွာသလဲလို့ မေးရင် မွေးတဲ့နေရာမှားလို့ ကွာတယ်လို့ ဆိုရတော့မလိုဖြစ်နေတယ်။ အင်္ဂလိပ်စကားလုံးမှာတော့ အဲသလို မွေးရပ်ကလေး ကွာသွားတာနဲ့ ဖြစ်ပေါ်လာမယ့် ဘဝတခုလုံး၊ အနာဂတ်တခုလုံး၊ ကံကြမ္မာတခုလုံး အစစအရာရာ ကွဲပြားသွားတာကို Accident of Birth ကြောင့် ဘဝချင်းခြားနားသွားရတယ်လို့ ပြောလေ့ရှိကြတယ်။ သူမွေးချင်ရာ မွေးတဲ့သဘောကြောင့် ဘဝချင်းကွာ ခြားသွားရတယ်ဆိုတဲ့ သဘောပေါ့။
တောဟာ အမှောင်ကျနေတယ်။ ဒါဟာ တင်စားပြောတဲ့စကား မဟုတ်ဘူးဆိုတာ တောမှာ နေဖူးရင် သိနိုင်ပါတယ်။ တောမှာ လျှပ်စစ်မီးမရှိဘူး။ နေဝင်တာနဲ့ အမှောင်ကျတော့တာပဲ။ အရင်ခေတ်တုန်းက ရေနံဆီ မီးခွက်။ နောက်တော့ ဖယောင်းတိုင်။ အခုတော့ ဘက္ထရီနဲ့ ဖယောင်းတိုင် တွဲသုံးတဲ့ ခေတ်ဆိုပါတော့။ ဒါပေမဲ့ ဘယ်ခေတ်တုန်းကမှာ ညအတွက် လောင်စာဟာ လုံလုံလောက်လောက် မရခဲ့ဘူး။ အမှောင်ကိုခွင်း အလင်းကို ဆောင်ဖို့ရာ ငွေကိုမီးရှို့ ထွန်းညှိရမလို ဖြစ်နေတယ်။ မြို့ကလူတွေ တောကိုလာရင် မနေတတ်မထိုင်တတ်ကြဘူး။ တောဆိုတာ အမှောင်တကယ်ကျနေပါလားဆိုတာကို သူတို့ ရင်ထဲအသည်းထဲကနေ စွဲစွဲမြဲမြဲ သိသွားတတ်ကြတယ်။
တလောက လွှတ်တော်မှာ အငြင်းပွားမှုတခု ဖြစ်သွားတယ်။ နေပြည်တော်လျှပ်စစ်မီးအတွက် သန်း (၁၀၀၀) အသုံးပြုဖို့ ဘတ်ဂျက်တင်တာကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွှတ်တော် အမတ်တယောက်က တဝက်လောက် ဖြတ်တောက်ပြီး ကျေးရွာမီးလင်းရေး ဆောင်ရွက်ဖို့ ကန့်ကွက်တဲ့ သတင်းပါ။ စစ်အာဏာရှင်တွေရဲ့ တကိုယ်ကောင်းဆန်မှုနဲ့ မတော်လောဘကတော့ အလွန့်ကို မသိသားဆိုးဝါးလွန်းလှပါတယ်။ သူတို့အတွက် မီးထိန်ထိန်လင်းနေတာကိုတောင် အားမရနိုင်ဘဲ သူတို့နေပြည်တော်လျှပ်စစ်မီးအတွက် ငွေသန်းပေါင်းများစွာကို မတန်တဆ တောင်းထားလိုက်ပြန်ပါသေးတယ်။ လောဘဟာ အတောမသပ်နိုင်လောက်အောင် ဖြစ်နေပါတယ်။ ဒီအချိန်မှာ တောကလူတွေ ဘယ်လိုနေနေကြသလဲဆိုတာကို သူတို့လုံးဝ ထည့်မစဉ်းစားပါဘူး။
လျှပ်စစ်ရှိတဲ့ဘဝနဲ့ လျှပ်စစ်မရှိတဲ့ဘဝဟာ သိပ်ခြားနားပါတယ်။ လျှပ်စစ်မရှိရင် အလင်းရောင်မရှိဘူး။ လျှပ်စစ်မီးမရှိရင် ရေခဲသေတ္တာမရှိဘူး။ လျှပ်စစ်မီးမရှိရင် လျှပ်စစ်မီးပူ မရှိဘူး။ လျှပ်စစ်မီးမရှိရင် လျှပ်စစ်မီးဖို မရှိဘူး။ ဒါက သိပ်ထင်ရှားတဲ့ အချက်လောက်ကိုသာ ပြောပြတာပါ။ နောက်ထပ်အများကြီး ရှိသေးတယ်ဆိုတာကို မြို့နေလူတန်းစားတွေ သိကြပါတယ်။
အာဏာရှင်ဆိုသူတွေက လျှပ်စစ်မီးတွေကို အလျှံပယ် အလွန်အကျူး ဖောချင်းသောချင်း အသုံးပြုနေချိန်မှာ တောကလူတွေကတော့ ငါတို့ဘဏ္ဍာငွေတွေကိုသုံးပြီး သူတို့ ပျော်ပါးနေကြပါလား၊ သူတို့ အပျော်ကြူးနေကြပါလားလို့တောင် စောဒက တက်ရကောင်းမှန်း မသိကြရှာဘူး။ သို့မဟုတ် စောဒကတက်ချင်သူ ရှိရင်လည်း သူတို့အသံကို မြန်မာပြည်သူအများကရော၊ ကမ္ဘာကရော မကြားကြဘူး။ တောကလူတွေ အပါအဝင် တနိုင်ငံလုံးပြည်သူတွေနဲ့ ဆိုင်တဲ့ဘဏ္ဍာငွေကို သူတို့နေပြည်တော်အတွက် ခြုံပုတ်ကအစ လင်းအောင် အလျှံပယ် အသုံးပြုနေချိန်မှာ ငါတို့ကိုတော့ မီးနဲ့ မထိုက်တန်တဲ့ ကျောက်ခေတ်ဂူအောင်းလူသား တွေလိုများ သဘောထားနေကြသလားဆိုတာကို တောကလူတွေ စောဒကတတ်ကြတာမျိုးကို ဘယ်မှာမှ မကြားရဘူး။ ဒီနေ့လို လူမှုကွန်ရက်မှာ အရပ်သားဂျာနယ်လစ်ဇင် citizen journalism ထွန်းကားပေါ်ပေါက်နေပါတယ်ဆိုတဲ့ ခေတ်ကြီးမှာတောင် အဲသလို စောဒက တက်သံမျိုး စိုးစဉ်းမှ မကြားရဘူး။
ဒါပဲ ကွာသလားဆိုတော့ မဟုတ်ဘူး။ အများကြီး ကွာခြားသေးတယ်။ တောဆိုရာမှာလည်း တောအကြီး အသေး ရှိသေးတယ်။ အကြီးအသေးကိုလိုက်ပြီး ထပ်ပြီး အဆင့်အတန်း ကွဲပြားကွာခြားတယ်။
တောမှာ ဆေးရုံမရှိဘူး။ ဆေးပေးခန်းမရှိဘူး။ ဒီ့ထက်ပိုပြီး ကံမကောင်းအကြောင်းမလှတာက တောအရပ်တော်တော်များများမှာ မြွေဆိုးတွေကလည်း ရှိနေတတ်ကြတယ်။ မြွေကိုက်ခံရပြီး ဆေးအချိန်မမီလို့ သေကြရတဲ့သူတွေဟာ တောအရပ်မှာ ဒီနေ့အထိ ဒုနဲ့ဒေး။ မြန်မာနိုင်ငံမှာ မြွေကိုက်ပြီး ဆေးမကုနိုင်လို့ လူတွေ သေနေတာကို နိုင်ငံရပ်ခြားက သာမန်အရပ်သား တယောက်ကြားရင် သိရင် သိပ်အံ့သြမယ်။ မြန်မာပြည်ဆိုတာ ကျောက်ခေတ်ထဲက ရွာတရွာ ပါလားလို့ ထင်သွားမယ်။
တောမှာ ရဲစခန်းမရှိဘူး။ တောမှာစာတိုက်ပုံးမရှိဘူး။ တောကို စာပို့သမားမလာဘူး။ တောကို သတင်းစာ ပို့တဲ့လ ူမလာဘူး။ တောကို ဂျာနယ်ရောင်းတဲ့သူ မလာဘူး။ တောမှာ လက်ဘက်ရည်ဆိုင် မရှိတဲ့ရွာတွေ ကနေ့အထိ ဒုနဲ့ဒေး။ တောမှာ စျေးမရှိတဲ့ရွာတွေ ဒီနေ့အထိ အနတဂ္ဂမ။ တောမှာပိုက်ဆံရှိရင်တောင် အသားဝယ်စားလို့ မရတဲ့တောတွေအများကြီး။
တောမှာရုပ်ရှင်ရုံမရှိဘူး။ ဗီဒီယိုရုံတောင် အနိုင်နိုင်။ တောမှာ ကာရာအိုကေမရှိဘူး။ တောမှာ ဗြူတီပါလာ မရှိဘူး။ တောမှာ ဖာလူဒါနဲ့ရေခဲမုန့်မရှိဘူး။
အဲသလိုတောဟာ တောကြီးမျက်မည်းနဲ့ မတူပေဘူးလား။
နိုင်ငံရေးသမားတွေဟာ တောကို ယောင်လို့တောင် လှည့်မကြည့်ခဲ့ကြဘူး။ ရွေးကောက် ပွဲနီးလို့ မဲလိုချင်မှသာ မလွဲသာမရှောင်သာ တောကိုဆင်းလာကြတယ်။ ကြံ့ခိုင်ရေးအမတ် ဦးလှဆွေကဆိုရင် တောမှာ သူတို့ခေတ်ကျမှ ဆိုင်ကယ်တွေရှိလာပြီ၊ မိုဘိုင်းဖုန်းတွေရှိလာပြီ၊ တောသူတွေ ခေါင်းလျှော်ရည်သုံးနိုင်လို့ သန်းမရှိတော့ဘူးဆိုပြီး မရှက်မကြောက် ပြောသွားလိုက်ပြန်သေးတယ်။ ဆိုင်ကယ်တို့ မိုဘိုင်းဖုန်းတို့ဆိုတာ တကမ္ဘာလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှု တွေဟာ ထိန်းမနိုင်သိမ်းမရ ပြည့်လျှံလာလို့ မလွဲမရှောင်သာ တောအထိ စီးကျလာတယ်ဆိုတာ လူတိုင်းသိတယ်။ သူတို့အစိုးရသာ မတန်တဆစျေးတင်ပြီးမထားရင်၊ မြန်မာ့ဆက်သွယ်ရေးက မတန်တဆ အမြတ်ထုတ် ဂုတ်(ကုပ်)သွေးစုပ်မထားခဲ့ရင် လွန်ခဲ့တဲ့ ၁၅ နှစ် အနှစ် ၂၀ ကတည်းက တောသူ တောင်သားတွေ တယ်လီဖုန်းကိုင်နိုင်တယ်ဆိုတာ လူတိုင်းသိပါတယ်။
ဘာ့ကြောင့် တောနဲ့မြို့ဒီလောက်တောင် ကွာခြားရသလဲ။
အချက်နှစ်ချက်ရှိတယ်။ တခုက လူရဲ့ပယောဂ။ တခုက ရုပ်ပတ်ဝန်းကျင်ရဲ့သဘာဝ။ တနည်းအားဖြင့် ပြောရရင်တော့ အတ္တဘာဝနဲ့ ပကတိဘာဝ။
လူရဲ့ပယောဂဆိုတာကတော့ အားမနာတမ်းမညှာတမ်းပြောရရင် အာဏာရှင်တွေ အသုံးမကျလို့ပဲ။ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်အောက်မှာ စစ်အစိုးရတွေဟာ ဗမာပြည်ရဲ့ လူဦးရေ အများစုဖြစ်တဲ့ လယ်သမားပြည်သူတွေဘက်က ရပ်တည်တာ၊ အကျိုးပြုတာ၊ ကာကွယ်စောင့်ရှောက်တာ၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးတာတွေ မရှိလို့ပဲ။ လူကို လူလို မမြင်တတ်လို့ပဲ။ နေချင်သလိုနေ၊ သေချင်သလိုသေဆိုပြီး ဂရုမစိုက်ဘဲ ပစ်ထားလို့ပဲ။ တကယ်ဆို တောကို တိုးတက်အောင် လမ်းဖောက်ပေးလို့ရတယ်။ တကယ်ဆို တောကိုတိုးတက်အောင် ကျောင်းဆောက်ပေးလို့ရတယ်။ တကယ်ဆို တောကို တိုးတက်အောင် ဆေးခန်းဖွင့်ပေးလို့ရတယ်။ တကယ်ဆို တောကို တိုးတက်အောင် စာကြည့်တိုက် ထောင်ပေးလို့ရတယ်။ တကယ်ဆို တောကိုတိုးတက်အောင် စာတိုက်ပုံး ထောင်ပေးလို့ရတယ်။ တကယ်ဆို တောကိုတိုးတက်အောင် သတင်းစာပို့ပေးလို့ရတယ်။ တကယ်ဆို တောကိုတိုးတက်အောင် ရုပ်ရှင်ရုံတွေ ဆောက်ပေးလို့ရတယ်။ တကယ်ဆို တောကိုလုံခြုံအောင် ရဲစခန်းတွေ ထားပေးလို့ရတယ်။ အာဏာရှင်အစိုးရဟာ ဒါတွေကို တခုမှ လုပ် မပေးဘူး။ လုပ်မပေးတဲ့အပြင် တောက လူတွေရဲ့ လယ်ယာမြေတွေကို စစ်အုပ်စုနဲ့ ခရိုနီတွေ၊ အစိုးရအာဏာပိုင်တွေက မြေနိမ့်ရာ လှံစိုက် အဓမ္မလုယက်သိမ်းပိုက်တာ တပြည်လုံး ဧက သိန်းသန်းချီ ရှိနေတော့ တောကလူတွေရဲ့ အခြေအနေဟာ ဆိုးသထက်ဆိုးရွားသွားတယ်။ ဒီလူတွေဆီကတောင်းထားတဲ့ အခွန်အတုတ်တွေကို သူတို့နေတဲ့နေရာတွေမှာပဲဖို့တယ်။ ဒီလူတွေဆီက တောင်းထားတဲ့ အခွန်အတုတ်တွေကို သူတို့ပါးစပ်ပေါက်ထဲပဲ ဖြည့်ပစ်တယ်။ ဒီလူတွေဆီက ရတဲ့အခွန် အတုတ်တွေကို သူတို့သားသမီးအတွက်ပဲ သုံးတယ်။ ဒါ့ကြောင့် အလုပ်တကယ်လုပ်ရတဲ့ တောသူတောင်သား လယ်သမားတွေဟာ ဆင်းရဲသားနင်းပြားဘဝက မတက်နိုင်ကြဘူး။
တောနဲ့မြို့ ခြားနားကွာခြားရခြင်းရဲ့ နောက်ထပ် အကြောင်းရင်းတခုကတော့ စီးပွားရေးပဲ။ ဒါက လူ့ပယောဂကြောင့် မဟုတ်တဲ့ ပကတိဘာဝ။ တောရဲ့ စီးပွားရေးက မြို့စီးပွားရေးရဲ့ လက်အောက်ခံဖြစ်နေလို့ပဲ။ တောဟာ မြို့ရဲ့ လက်အောက်ခံဖြစ်နေလို့ပဲ။ တောကကုန်ဟာ မြို့ကနေတဆင့် ကုန်သွယ်ရောင်းဝယ်နေရလို့ပဲ။ တောက ကုန်ထုတ်လုပ်သူတွေကို မြို့နေအရင်းရှင်လူတန်းစားက သွေးစုပ်ခေါင်းပုံဖြတ်မှု ရှိနေလို့ပဲ။ တောက ထွက်တဲ့သီးနှံဟာ စိုက်ပျိုးသူထုတ်လုပ်သူ တောင်သူလယ်သမားနဲ့ဝေးသွားလေလေ စျေးမြင့်သွားလေလေ၊ အဖိုးတန်လေလေ ဖြစ်သွားတယ်။ တောသူတောင်သားတွေဟာ လုပ်လိုက်ကြရတာက သေကောင် ပေါင်းလဲ။ ရောင်းချရငွေက တပြားနှစ်ပြား။ စားရသောက်ရပြန်တော့ မဝရေစာပဲ။
တောရဲ့စီးပွားရေးနိမ့်ကျရခြင်းအကြောင်းဟာ ပကတိဘာဝ ဒါမှမဟုတ်ရုပ်ပတ်ဝန်းကျင်ရဲ့ ဖြစ်တည်မှုလို့ဆိုပေမယ့် ဒီနေရာမှာလည်း လူရဲ့ ပယောဂကတော့ အများကြီး ပါပြန်တယ်။ တောကလူတွေအတွက် အစိုးရ အာဏာပိုင်တွေက လုံလောက်တဲ့ စောင့်ရှောက်မှု၊ ကူညီမှု မပေးတာဟာ အဓိကအကြောင်းရင်းကြီးတခုပဲ။ စပါးစျေး၊ သီးနှံစျေး ထိန်းညှိပေးရမယ့် တာဝန်တွေကို အစိုးရအာဏာရှင်တွေ ပျက်ကွက်ခဲ့ကြတယ်။ အမတော်ကြေး အကူအညီတွေ လုံလုံလောက် လောက်ပေးဖို့ ပျက်ကွက်ခဲ့ကြတယ်။ မြေသြဇာတွေ ပိုးသတ်ဆေးတွေပေးဖို့ ပျက်ကွက်ခဲ့ကြတယ်။ နည်းပညာတွေပေးဖို့ ပျက်ကွက်ခဲ့ကြတယ်။ စက်မှုလယ်ယာဖြစ်အောင် ကူညီတည်ဆောက်ပေးဖို့ ပျက်ကွက်ခဲ့ကြတယ်။ သူတပါး တိုင်းပြည်တွေမှာ လယ်ကို နွားနဲ့ မထွန်၊ စက်နဲ့ထွန်ခဲ့ကြတာ နှစ်ပေါင်းရာနဲ့ချီ ကြာခဲ့ပြီ။ လက်နဲ့မရိတ်၊ စက်နဲ့ရိတ်နေကြတာ နှစ်ပေါင်းရာနဲ့ချီကြာခဲ့ပြီ။ လက်နဲ့မလှေ့ စက်နဲ့လှေ့နေကြတာ နှစ်ပေါင်းရာနဲ့ချီကြာခဲ့ပြီ။ ဒါတွေ ဗမာပြည်မှာ ဘာလို့ မရှိသလဲ။ ဆင်းရဲလို့ဆိုတာ လုံလောက်တဲ့ အကြောင်းပြချက်လား။ သဘာဝဓာတ်ငွေ့တွေ၊ ရေနံတွေ ရောင်းလို့ရတဲ့ငွေတွေ ဘယ်ရောက်ကုန်သလဲ။ ကျောက်စိမ်းတွေ၊ ပတ္တမြားတွေရောင်းလို့ရတဲ့ငွေတွေ ဘယ်ရောက်ကုန်သလဲ။ သစ်တွေ ရောင်းလို့ရတဲ့ငွေတွေ ဘယ်ရောက်ကုန်သလဲ။ ငါးတွေ ပုစွန်တွေ ရောင်းလို့ရတဲ့ငွေတွေ ဘယ်ရောက်ကုန်သလဲ။ ကမ္ဘာမှာ ကျောက်စိမ်းထွက်တဲ ့တခုတည်းသောနိုင်ငံ၊ ကမ္ဘာမှာ အကောင်းဆုံးပတ္တမြား ထွက်တဲ့နိုင်ငံ၊ ကမ္ဘာမှာ အကောင်းဆုံးကျွန်းသစ်၊ တမလန်း၊ ပိတောက် ထွက်တဲ့နိုင်ငံမှာ တိုင်းပြည်ဆင်းရဲလွန်းလို့ လယ်သမားတွေက အခုထိ လယ်ထွန်စက်မသုံးနိုင်ကြသေးဘူးဆိုတာ ရင်နာစရာအဖြစ်အပျက်ကြီး မဟုတ်လား။
တောဆိုရာမှာ ကျေးလက်ဆိုရာမှာ ဗမာကျေးလက်ကိုသာ ဆိုလိုနေတာမဟုတ်ဘူး။ တနိုင်ငံလုံးက ကျေးလက်တွေကို ပြောနေတာ။ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ ကျေးလက်ကို ဆိုလိုတာ ဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့ ဒေသမှာဆိုရင် ပိုပြီး ဆိုးဝါး၊ ပိုပြီး အနိုင်ကျင့်ခံရပါသေးတယ်။
ဒါပေမဲ့ လယ်သမားတွေရဲ့ ဘဝဟာ နှစ်ပေါင်းများစွာ အဖိနှိပ်ခံရလွန်းလို့ လယ်သမားအချင်းချင်း စုပေါင်းသင်းဖွဲ့ပြီး ခုခံကာကွယ်ရမယ်ဆိုတဲ့ အသိစိတ်ဓာတ်နိုးကြားတဲ့ အခြေအနေကိုတောင် ပြည့်ပြည့်ဝဝ မရောက်လာကြသေးဘူး။ ဗမာပြည်မှာ လယ်သမားစစ်စစ်တွေက ကိုယ်တိုင်ဖွဲ့ထားတဲ့ လယ်သမားသမဂ ္ဂဘယ်နှခုရှိနေပါပြီလဲ။
လယ်သမားသမဂ္ဂဘယ်နှခုက ကိုယ့်လိုလားချက်အတွက် တောင်းဆိုဆန္ဒပြနိုင်ကြပြီလဲ။ လယ်သမားသမဂ္ဂဟာ အလုပ်သမားသမဂ္ဂလက်အောက်ခံမဟုတ်ဘဲ လယ်သမားသမဂ္ဂစစ်စစ်ဖြစ်ရမယ်လို့များ တောင်းဆိုအော်ဟစ်တာကို ကျွန်တော်တို့ ကြားကြရပါပြီလား။ မြို့နယ်လုံးဆိုင်ရာ လယ်သမားသမဂ္ဂ ဘယ်နှခုရှိပြီလဲ။ လယ်သမားစစ်စစ်တွေကိုယ်တိုင်နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံလုံးဆိုင်ရာ လယ်သမားသမဂ္ဂ ဘယ်တော့များကျမှ ပေါ်လာမှာပါလဲ။ မြန်မာပြည်မှာ လယ်သမားလူတန်းစား ပါတီဆိုတာမျိုးရော တရားဝင် ရပ်တည်ဖွဲ့စည်းထားတာ ရှိပါပြီလား။
ဒါဟာ တောအတွက် တောင်သူလယ်သမားတွေအတွက် အသက်တမျှ အရေးကြီးတဲ့ မေးခွန်းပုစ္ဆာတွေပါပဲ။ ဘယ်လူတန်းစားမဆိုဟာ ကိုယ့်လွတ်မြောက်မှုအတွက် ကိုယ်တိုင်မလုပ်ဘဲ ရမှာမဟုတ်ဘူး။ ကိုယ်နဲ့ဘဝတူချင်း စုစည်းခုခံတာ၊ စုစည်းတောင်းဆိုတာ၊ စုစည်းတိုက်ပွဲဝင်တာ မရှိရင် ဘာတခုမှ ရမှာမဟုတ်ဘူး။
အခုခေတ်ပြောင်းပြီလို့ ဆိုသူတွေကဆိုနေကြတယ်။ အရင်းရှင်စနစ်ဟာ တံခါးခေါက်နေပြီ။ Cargill လို Monsanto လို နိုင်ငံတကာကော်ပိုရေးရှင်းကြီးတွေက လယ်သမားတွေကို လည်လှီးဖို့ ဓားသွေးနေကြပြီ။ အင်ဒိုနီးရှားမှာတုန်းကလည်း ဒီလိုပဲ အမဲဖျက်ခဲ့ဖူးပြီ။ ဗမာလယ်သမားတွေဘက်ကတော့ ဘာမှ မပြင်ဆင်ရသေး ဘူး။
ဗမာပြည်ဟာ လယ်သမားအများစုရှိတဲ့ နိုင်ငံပါ။ ဗမာပြည်ဟာ ကျေးလက်နေလူဦးရေက အများစုရှိတဲ့နိုင်ငံပါ။ လယ်သမားမလွတ်မြောက်ရင် ဗမာပြည်မလွတ်မြောက်နိုင်ပါဘူး။
ရဲဘော်အောင်သော်
(မကြာခင်ထွက်မည့် အရေးတော်ပုံ အတွဲ (၂) အမှတ် (၄) မှ ဆောင်းပါး ဖြစ်ပါသည်။)
