“ဆိုင်းငံ့ရေး” စိတ်ကူး တကယ်ဖြစ်နိုင်/ မဖြစ်နိုင်

By | February 8, 2016

(ဇော်လတ်)
(၂၀၁၆ ဖေဖေါ်ဝါရီ ၅ )

(ဒီချုပ်ပါတီ) က ဦးစီးတဲ့ လွှတ်တော်နှစ်ရပ်တော့ ပေါ်လာခဲ့ပြီ။ မတ်လကုန်ရင် “အစိုးရသစ်” ပေါ်လာပါတော့မယ်။
ပေါ်လာတဲ့ “လွှတ်တော်နဲ့အစိုးရ” ဘယ်လိုလွှတ်တော်နဲ့ဘယ်လိုအစိုးရ ဖြစ်သလဲဆိုတာကို သူတို့ ဘာတွေဘယ်လောက်လုပ် ဆောင်နိုင်သလဲဆိုတဲ့ (မူ၊ပေါ်လစီနဲ့အကောင်ထည်ဖော်မှု) လက်တွေ့ကိုကြည့်ပြီး အကဲဖြတ်ရမှာပါ။ ဘာတွေကိုအမှန်တကယ် ပြောင်းလဲ နိုင်သလဲ။ ပေးထားတဲ့ ရွေးကောက်ပွဲကတိတွေ (တရားဥပေဒစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေး) ကို ဘယ်လောက်ထိ အကောင်အထည်ဖော်နိုင်သလဲ။ ဒါတွေဟာ အကဲဖြတ်ရမယ့် နယ်ပယ်တွေ ဖြစ်ပါလိမ့်မယ်။

တနည်းအားဖြင့် စစ်အုပ်စု စိတ်ကြိုက်ရေးဆွဲထားပြီး အဓမ္မအတည်ပြုထားတဲ့ “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲက နိုင်ငံရေး ပါတီတစ်ရပ်၊ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုအနိုင်ရပြီး ပေါ်ပေါက်လာတဲ့ လွှတ်တော်နဲ့အစိုးရဟာ တသွေးတသံတမိန့်အုပ်ချုပ်တဲ့ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ပြောင်းလဲနိုင်/မပြောင်းနိုင်ဆိုတာကို မျက်ဝါးထင်ထင်တွေ့ကြမယ့် ခေတ်ပြိုင် လှုပ်ရှားမှုတစ်ခုလည်း ဖြစ်တယ်။ စမ်းသပ်မှုတစ်ခုလည်း ဖြစ်တယ်။ အဲဒီလို လက်တွေ့စမ်းသပ်မှုတွေ အပေါ်ကနေ ပြည်သူတွေ၊ဒီမိုကရေစီ နို်င်ငံရေးပါတီတွေနဲ့ ဒီမိုကရေစီနိုင်ငံရေးသမားတွေကို အတွေ့အကြုံသစ်နဲ့ သင်ခန်းစာသစ်တွေ ရရှိလာစေမှာလည်း ဖြစ်ပါတယ်။

လွှတ်တော်တွေ စတင်ချိန်ကနေစပြီး ခပ်စိပ်စိပ် ကြားလာနေရတဲ့ ဝေါဟာရက “ သိမ်သိမ်မွေ့မွေ့လုပ်ကိုင် နေရတယ်” ဆိုတဲ့ စကားပဲ ဖြစ်တယ်။ အဲဒီစကားက “စိုးရိမ်ကြောင့်ကျမှု (ဝါ) ကြောက်ရွံ့ခြင်း” ကို သံတမန်ဆန်ဆန် ဖော်ပြနေတာ ဖြစ်တယ်။ အဓိက အကျဆုံး စိုးရိမ်ကြောင့်ကျမှုက ဘာလဲဆိုတော့။ “နောက်ပြန်ဆုတ်သွားမယ့်ကိစ္စ” ပဲ ဖြစ်တယ်။ ဒီစကားကလည်း “စစ်တပ်က အာဏာ ပြန်သိမ်းလိမ့်မယ်” ဆိုတဲ့စကားကို ယဉ်ယဉ်ကျေးကျေးပြောတာပဲ ဖြစ်တယ်။

အရင်းစစ်လိုက်ရင် နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲတွေ ၊ လွှတ်တော်နဲ့ အစိုးရတွေဟာ “၂၀၀၈ အခြေခံဥပဒေ” အရ အာဏာကို စစ်အုပ်စုက ထာဝရသိမ်းပိုက်ထားတဲ့ အခြေခံပေါ်မှာ “၂၀၀၈အခြေခံဥပဒေ” ကို “လေးစားလိုက်နာထိန်းသိိမ်း ကာကွယ် စောင့်ရှောက်ပါ့မယ်” ဆိုတဲ့ ကျမ်းသစ္စာပြုချက်နဲ့အတူ ပေါ်ပေါက်လာရတဲ့ အရာတွေသာ ဖြစ်ပါတယ်။

ပုဒ်မ ၆(စ) ဟာ စစ်အုပ်စုက အာဏာကို ထာဝရသိမ်းပိုက်ထားတာကို စာချောအောင်၊ အဆင်ပြေအောင် ရေးထားတဲ့ ပြဋ္ဌာန်းချက်ဖြစ်တယ်။ အာဏာ ထပ်ပြီးသိမ်းစရာ မလိုတော့ဘူး။ အာဏာကို ထာဝရသိမ်းထားပြီး ဖြစ်တယ် ၊ အခြေအနေ(ကာလအပိုင်းအခြား) အရ အာဏာသိမ်းဖို့ လိုအပ်လာခဲ့ရင်လည်း ဥပဒေနဲ့အညီ အာဏာသိမ်းနိုင်အောင် အသင့်ဖန်တီးရေးဆွဲပြဋ္ဌာန်းထားပြီးသားဖြစ်တယ်။

ချုပ်လိုက်တော့ တောင်ပြိုကမ်းပြိုအနိုင်ရသော်လည်း စိုးရိမ်စရာ၊ ထိတ်လန့်ကြောက်ရွံ့စရာကတော့ ရှိမြဲရှိနေတယ်။ အရိပ်မိုး ထားဆဲ၊ ခြိမ်းခြောက်နေဆဲဖြစ်တယ်ဆိုတာကို လက်တွေ့သာဓက ဆောင်တာပဲဖြစ်တယ်။ လက်တွေ့မှာ ပိုပြီးဗြောင်ကျကျ ခြိမ်းခြောက်လိုက်တာကလည်း လောလောလတ်လတ်ရှိနေတယ်မဟုတ်လား။

ဒါကတော့ လွှတ်တော်စတင်တဲ့ ပထမနေ့မှာပဲ စစ်တပ်ပိုင်မြဝတီသတင်းစာကနေ အချိန်ကိုက်ဖော်ပြလိုက််တဲ့ စိုင်းဝေဠု (မဟာဥပဒေ) ရဲ့ “နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ကို အမိနို်င်ငံတော် အကျိုးစီးပွားအတွက် ထာဝရ မပြောင်းမလဲတည်ရှိစေလို” ဆိုတဲ့ ဆောင်းပါးအာဘော်ဖြစ်တယ်။ အနှစ်သာရက “ ပုဒ်မ ၅၉(စ) ကို မပြောင်းနဲ့” လို့ စစ်တပ်က ဗြောင်ထွက်ပြောတာပဲဖြစ်တယ်။ “ဖြစ် – ပျက်”သင်္ခါဓမ္မကို သင်ကြားခံယူထားပါတယ် ဆိုသူတွေရဲ့ ထာဝရတည်မြဲလိုတဲ့ အစွန်းရောက်အတ္တကြီးမှုလို့ ပြောရမှာဖြစ်ပါတယ်။

ပုဒ်မ ၅၉ (စ) ထာဝရမပြင်နဲ့ လို့ စစ်တပ်က ပြောလာချိန်မှာ “ပုဒ်မ ၅၉ (စ) ကို ဆိုင်းငံ့ရေး” ဆိုတဲ့ အသံကလည်း ကျယ်လာပါတယ်။ ပုဒ်မ ၅၉ (စ) ကို ဆိုင်းငံ့ဖို့ စတင်ပြောသူဟာ ဗိုလ်အောင်ကို ဖြစ်တယ်။ အခုတော့ ဒီချုပ်နာယကကလည်း ပြောလာတယ်။ ဒီချုပ်အီးစီး ဦးထွန်းထွန်းဟိန် (ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ပူပူနွေးနွေးဖြစ်လာသူ) ကလည်း ပြောလာတယ်။ ရှေ့နေဦးကိုနီရဲ့ အဆိုကတော့ “၂၀၀၈ အခြေခံဥပဒေ” ထဲမှာ အခြေခံဥပဒေပုဒ်မတစ်ခုကို မဆိုင်းငံ့ရဘူးလို့ တားမြစ်ထားတဲ့ စကားရပ် မပါတဲ့အတွက် ဆိုင်းငံ့လို့ရတယ်ဆိုတဲ့ လောဂျစ်နဲ့ပြောနေတာပါ။ ဒီလိုဆိုရင် တစ်ဖက်ကလည်း အခြေခံဥပဒေပြင်ဆင်တာကို ၂၀၀၈ အခြေခံဥပဒေ၊အခန်း ၁၂ မှာ ပြဋ္ဌာန်းထားတဲ့ ပုဒ်မများ (ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆) နဲ့အညီသာ ပြင်ဆင်ကြရမယ်လို့ ချေပပါလိမ့်မယ်။

လက်တွေ့မှာ ဘယ်လို “ဆိုင်းငံ့နိုင်/မနိုင်” မသိနိုင်သေးသော်လည်း ၂၀၀၈ အခြေခံဥပဒေ၊ အခန်း ၁၁ ပါ ပုဒ်မများ( ပုဒ်မ ၄၁၀ မှ ၄၃၂ အထိကြည့်ပါ) အရတော့ အခြေခံဥပဒေပါ ပုဒ်မတွေကို ကာလပိုင်းခြားပြီး စိတ်ကြိုက်ကန့်သတ်နိုင်/ဆိုင်းငံ့နိုင််တဲ့ အခွင့်အာဏာဟာ “ကာလုံနဲ့ ကာချုပ်” လက်ထဲ ပေးအပ်ထားတာကို တွေ့ရပါလိမ့်မယ်။ “ပုဒ်မ ၄၁၈(ခ)” မှာ ဘယ်လောက်ထိဖော်ပြထားသလဲ ဆိုတော့ “ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ” လို့ပြဋ္ဌာန်းထားပါတယ်။ ဒီစကားရပ်က စစ်တပ်နဲ့ကာချုပ်က အာဏာသိမ်းတဲ့အခါမှာ ဘာကိုမဆို ကြိုက်သလို လုပ်နိုင်တယ်လို့ ရေးထားတာပါ။ ကမ်းကို ကုန်ရော မဟုတ်ပါလား။

“ဆိုင်းငံ့”လို့ ရတယ်ဆိုတာကို ကိုးကားပြဖို့ အားလုံးက သမိုင်းကို လှန်လှောကြပါတယ်။
၁၉၄၇ အခြေခံဥပဒေ ၊ ပုဒ်မ ၁၁၆ ကို ဦးနုက “ဆိုင်းငံ့” ပေးတာကို သမိုင်းလက်တွေ့အဖြစ်ပြောနေကြတယ်။ ဒီဖြစ်ရပ်က စစ်အုပ်စုက အကြပ်(ကျပ်)ကိုင်တာကိုခံရတဲ့ ဦးနုရဲ့ တစ်ချက်ခုတ်နှစ်ချက်ပြတ် လူပေါ်လူဆော်လုပ်ပြီး တုန့်(တုံ့) ပြန်တဲ့ လုပ်ရပ်ပဲဖြစ်တယ်။

“ပုဒ်မ ၁၁၆”ကို ဆိုင်းငံ့ပြီး ဗိုလ်နေဝင်း ကို အိမ်စောင့်အစိုးရအဖြစ် (ဝန်ကြီးချုပ်အဖြစ်) အခြေခံဥပဒေဘောင်ထဲကနေ အာဏာပေးလိုက်နိုင်ရင် ပြည်တွင်းစစ်ကို အရှိန်မြှင့်နိုင်မယ်၊ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေကို ဖိနှိပ်နိုင်မယ်၊ အာဏာသိမ်းဖို့ အကျပ်ကိုင်လာတဲ့ စစ်အုပ်စုရန်ကနေလည်း ယာယီအားဖြင့် ရှောင်လွှဲနိုင်မယ်ဆိုတဲ့ လုပ်နည်းဖြစ်တယ်။ ဦးနုရဲ့ ဒီလုပ်နည်းဟာ ၁၉၆၂ စစ်တပ်က အာဏာသိမ်းတဲ့အခါမှာတော့ “လောက်ကောင်ကို မိထားပြီ” လို့ အပြောခံရတဲ့ဘဝနဲ့ အဆုံးသတ်သွားပါတယ်။

ဒီလို ပုဒ်မ ၁၁၆ ကို ဆိုင်းငံ့တာဟာ အခြေခံဥပဒေရဲ့အသည်းနှလုံး (ရွေးကောက်ခံရသူသာ အစိုးရဝန်ကြီး လုပ်ရမယ်ဆိုတဲ့ အချက်) ကို ထုတ်ပစ်တာဖြစ်တယ်လို့ သခင်ချစ်မောင်က လွှတ်တော်ထဲမှာ ဝိဓူရဇာတ်ခင်းပါတယ်။

အဲဒီလို အခြေခံဥပဒေထဲက “ပုဒ်မတစ်ခု” ကို ယာယီဆိုင်းငံ့တာကို ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့တဲ့ (ဝိဓူရဇာတ်ခင်းသူ) သခင်ချစ်မောင်ဟာ “၁၉၄၇ အခြေခံဥပဒေတစ်ခုလုံး” ကို စက္ကူစုတ်လုပ်ပစ်ပြီး အာဏာသိမ်းတဲ့ တော်လှန်ရေးကောင်စီ (စစ်အစိုးရ) ကို ထောက်ခံကြိုဆိုသူ ဖြစ်သွားခဲ့ပါတယ်။နောက်တော့ သူဟာ ဗိုလ်နေဝင်းရဲ့“ဆိုရှယ်လိမ်ဖိနပ်ချွတ်”မှာ ဝမ်းလျားထိုးသူ ဖြစ်သွားရှာပါတယ်။ သမိုင်းရဲ့ လှောင်ပြောင်သရော်ချက်လို့ ဆိုရပါလိမ့်မယ်။

အခု “ပုဒ်မ ၅၉ (စ) ကို ဆိုင်းငံ့မယ်” လို့ဆိုနေတာကို သမိုင်းတပတ်လည်တာလို့ အလွယ်ပြောရမလားမသိပါ။
ဟိုတုန်းက “ဆိုင်းငံ့” ရတဲ့ရည်ရွယ်ချက်က စစ်အုပ်စုက အကျပ်ကိုင်တာကိုခံရတဲ့ ပါလီမန်အစိုးရက ကာချုပ်ကို “ဝန်ကြီးချုပ် အာဏာ” ပေးပြီး လာဘ်ထိုးရတာဖြစ်ပါတယ်။
ဒီတခါ ဆိုင်းငံ့ရမယ့်ရည်ရွယ်ချက်က စစ်အုပ်စုက နိုင်ငံရေးအဆင့်နေရာမပေးချင်လို့ တမင်ညစ်ထားတာကို ဆိုင်းငံ့ ပေးဖို့ ဖြစ်ပါတယ်။ဟိုတချိန်တုန်းကလည်း ပါလီမန်အစိုးရခမျာ စစ်အုပ်စုကို အကြိုက်ပေး ချော့မြှူခဲ့ရပါတယ်။ ဒီတခါ ကြားရတာတော့ “သိမ်သိမ် မွေ့မွေ့ဆောင်ရွက်နေတယ်”ဆိုတဲ့ စကားဖြစ်ပါတယ်။

ဒီတခါဆိုင်းငံ့ရမယ့် “ပုဒ်မ” က စစ်အုပ်စုစိတ်ကြိုက် ရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေထဲက ပုဒ်မဖြစ်နေပါတယ်။ ပုဒ်မ ၅၉(စ)က လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်တည်း (ဒေါ်အောင်ဆန်းစုကြည်)ကို တမင်ရည်ရွယ်ပြီး ထည့်သွင်းရေးဆွဲထားတဲ့ ပုဒ်မ ဖြစ်ပါတယ်။

ဒီ “ပုဒ်မ” ကို ပေါ်ပေါက်နေပြီဖြစ်တဲ့ “လွှတ်တော်သစ်”က တကယ်ပဲ ဆန္ဒရှိနေကြသလို “ဆိုင်းငံ့” နိုင်မလား၊ ဒီဆိုင်းငံ့မှုကို ကာချုပ်နဲ့စစ်တပ်ရဲ့ ၂၅% စစ်သားအမတ်ဆိုသူတွေက လွှတ်တော်ထဲမှာ ဘယ်လိုတားဆီးကာကွယ်ကြမှာလဲ။ မြဝတီသတင်းစာကနေတော့ “ထာဝရမပြင်နဲ့” လို့ ဗြောင်ထုတ်ပြောထားပြီးပြီ။

မကြာခင် ပုဒ်မ ၅၉ (စ) “ဆိုင်းငံ့ရေး စမ်းသပ်မှု” ကို ငွေရောင်ပိတ်ကားပေါ်မှာရှုစားကြရပါတော့မယ်။

ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေးကိစ္စဟာ လွှတ်တော်သစ်၊အစိုးရသစ်တို့က တစ်ဖက်၊ စစ်အုပ်စု(ကာချုပ်၊ စစ်တပ်၊ ကြံ့ဖွံ့ပါတီ) က တစ်ဖက် ထိပ်တိုက်ရင်ဆိုင်ကြရတော့မယ့်အနေအထားတစ်ခု ဖြစ်ပါတယ်။
ဒီချုပ်ပါတီဘက်က လွှတ်တော်ထဲမှာ ပုဒ်မ ၅၉(စ)ဆိုင်းငံ့ ရေး “အရေးကြီးအဆို” တင်သွင်းမယ်လို့ဆိုတဲ့ (အတည်မပြုနိုင်တဲ့ သတင်း) ကြားသိရပါတယ်။ ဒါကြောင့် ဒီကိစ္စဟာ စိတ်ဝင်စားဖွယ် အရေးအခင်းတစ်ခု ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကနေလည်း “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ရဲ့အနှစ်သာရ ဘာလဲ ဆိုတာနဲ့ ဘယ်သူ့ကို အကျိုးပြုသလဲဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး ပြည်သူတွေ၊ ဒီိမိုကရေစီ နိုင်ငံရေးပါတီတွေနဲ့ ဒီမိုကရေစီနိုင်ငံရေးသမား တွေကို အတွေ့အကြုံနဲ့သင်ခန်းစာတွေ ပေးအပ်မြဲပေးအပ်မှာဖြစ်ပါတယ်။

ဒါကြောင့် “၂၀၀၈ အခြေခံဥပဒေ” တစ်ခုလုံးကို မပြင်ဆင်နိုင်သေးမီ၊ ၂၀၀၈ အခြေခံဥပဒေထဲက “ပုဒ်မ တစ်ခု” ကို ဆိုင်းငံ့နိုင် /မနိုင် လွှတ်တာ်သစ်နဲ့အစိုးရသစ်အနေနဲ့အစမ်းစာမေးပွဲတစ်ခုဖြေကြည့်ကြရတဲ့ စမ်းသပ်ပွဲကို စောင့်ကြည့်လေ့လာကြပါစို့။
(မကြာခင်ထွက်မည့် အရေးတော်ပုံ အတွဲ (၂) အမှတ် (၄) မှ ဆောင်းပါး ဖြစ်ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *