စစ်ကိုင်း အလုပ်သမားသပိတ်အရေး ပြည်သူသို့ အစီရင်ခံစာ အပိုင်း(၁)

By | May 30, 2016

နိဒါန်း

စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုံ Myanmar Veneer & Plywood Private Ltd; မှာ အလုပ်လုပ်တဲ့ ဆင်းရဲသား အလုပ်သမား ၁၆၁ ယောက်ကို မတရား အလုပ်ဖြုတ်၊ ဖမ်းဆီးချုပ်နှောင်တဲ့ အဖြစ်အပျက်ဟာ ထိုစက်ရုံတရုံနှင့်သာမက တနိုင်ငံလုံးက စက်မှုလုပ်ငန်း အလုပ်သမားများ၏အနာဂတ်နှင့်ပါ သက်ဆိုင်ပေသည်။

ထို့ကြောင့် စစ်ကိုင်း သစ်ချောထည်စက်ရုံ အလုပ်သမားများ၏ ဘဝကိုသိရှိနားလည်နိုင်ရန်၊ ဖြစ်ပွားခဲ့သော ပဋိပက္ခ၏ အကြောင်းရင်းနှင့် ဖြစ်ပေါ်လာပုံ အဆင့်ဆင့်ကို နားလည်နိုင်ရန်၊ အလုပ်သမားတွေကို မည်သူကမည်သို့ ဖိနှိပ်ချုပ်ချယ်ကာ ကျဉ်းထဲကြပ်ထဲရောက်အောင် ချောင်ပိတ်ပို့ဆောင်ခဲ့သည် ဆိုသောအချက်များကို သိရှိနိုင်ရန် အလုပ်သမား အရေးကို အနီးကပ်လေ့လာနေသူ ရဲဘော်တဦးက အများပြည်သူသို့ အစီရင်ခံတင်ပြအပ်ပါသည်။

အလုပ်ပတ်ဝန်းကျင်

MyanmarVeneer စက်ရုံသည် သစ်ပါးလွှာနှင့် ခွဲသားများ ထုတ်လုပ်သော စက်ရုံဖြစ်သည်။ လုပ်ငန်းရှင်မှာ အိန္ဒိယ နိုင်ငံသားဖြစ်ကာ ဗမာနိုင်ငံသို့ အရင်းအနှီးငွေထုပ်ပိုက် ရောက်လာပြီး ဗမာနိုင်ငံက သစ်ကိုသုံး၊ ဗမာနိုင်ငံက အလုပ်သမားကိုခိုင်း၊ ဗမာနိုင်ငံတွင်းမှာပင် သစ်ပါးလွှာနှင့် ခွဲသားများ ထုတ်လုပ်၍ ရန်ကုန်ရုံးချုပ်မှတဆင့် အိန္ဒိယသို့ ပြန်လည်တင်ပို့ရောင်းချသော ကုမ္ပဏီဖြစ်သည်။

စက်ရုံတွင် သစ်သားလွှာသောစက်၊ သစ်ပါးလွှာအခြောက်ခံစက်၊ သစ်ခွဲစက်၊ အခြောက်ခံစက်အတွက် ရေနွေးငွေ့ထုတ်ပေးသော ဘွိုင်လာ၊ မော်တော်ကား၊ ကရိန်းစသော စက်ယန္တရားအမျိုးမျိုးကို အသုံးပြုသည်။ သစ်ပါးလွှာ အရွက် ငါးဆယ်လိပ်၊ အရွက်တရာလိပ် အစရှိသော ပိဿာချိန် ၅၀-၆၀ လေးလံသည့် ဝန်ထုပ်ဝန်ပိုး များအား ပခုံးဖြင့် ထမ်းပိုးရသော အလုပ်မျိုးလည်း လုပ်ကြရသည်။ အချို့အလုပ်ဌာနများတွင် သံချောင်းများကို ထမ်းပိုး၍ အမြင့်သို့တင်ရသော အလုပ်မျိုးလည်းရှိသည်။

စက်ရုံသည် ၂၄ နာရီ မရပ်မနားလည်ပတ် အလုပ်လုပ်သောစက်ရုံဖြစ်သည်။ စင်စစ် ၂၄ နာရီ မနားတမ်း လည်ပတ်သောလုပ်ငန်းကို အလုပ်ဆိုင်း ၃ ဆိုင်းဖြင့် ဖွဲ့စည်းထားသင့်သည်။ သို့သော် စက်ရုံစတင်တည်ထောင်ချိန်မှစ၍ ယနေ့တိုင် အလုပ်ဆိုင်း ၂ ဆိုင်းသာ ရှိခဲ့သည်။ နေ့ဆိုင်းသည် မနက် ၇ နာရီမှ ည ၇ နာရီဖြစ်၍ ညဆိုင်းသည် ည ၇ နာရီမှာ မနက် ၇ နာရီဖြစ်သည်။ ထို့ကြောင့် အလုပ်သမားတယောက်၏ တနေ့အလုပ်ချိန်မှာ ၁၂ နာရီဖြစ်သည်။ ကမ္ဘာတွင် တနေ့အလုပ်ချိန် ၈ နာရီသတ်မှတ်ခဲ့သည်မှာ ၁၈၈၆ ခုနှစ်မေလ ၁ ရက် မေဒေးလှုပ်ရှားမှုကြီး ပြီးစကတည်းက စတင်ခဲ့သောကြောင့် ယခုဆိုလျှင် နှစ်ပေါင်း ၁၃၀ ကျော်ခဲ့ပေပြီ။ ကမ္ဘာတွင် စံသတ်မှတ်ထားသော တပတ်အလုပ်ချိန်မှာ ၃၅ နာရီဖြစ်သည်။ ယခု Myanmar Veneer ကုမ္ပဏီအလုပ်သမားများသည် တနေ့ ၁၂ နာရီနှုန်းဖြင့် တပတ်လျှင် ၅ ရက်ခွဲ အလုပ်လုပ်ကြရသောကြောင့် စုစုပေါင်း အလုပ်ချိန်မှာ တပတ်လျှင် ၆၆ နာရီဖြစ်သည်။ ကမ္ဘာ့အလုပ်သမားများထက် နှစ်ဆနီးပါး အလုပ်လုပ်နေကြရသည်။ ပင်ပန်းသော ကာယအလုပ်ဖြစ်ပြီး အန္တရာယ်ရှိသော စက်ယန္တရားများအကြားတွင် အလုပ်လုပ်နေရသော်လည်း ရသည့်လခမှာ ယောကျ်ား တဦးလျှင် ပျမ်းမျှ ကျပ်တသိန်းနှစ်သောင်း (၁၂၀၀၀၀ိ)၊ အမျိုးသမီးတဦးလျှင် ပျမ်းမျှ ကျပ်ကိုးသောင်း (၉၀၀၀၀ိ) မျှသာဖြစ်သည်။ ထိုက်သင့်သော အချိန်ပိုကြေးမရရှိခဲ့ကြပေ။ အချိန်ပိုကြေးကို ထိုက်သင့်သော နှုန်းထားအတိုင်းရရှိရေး တောင်းဆိုမှုသည်ပင် အလုပ်ရှင်အလုပ်သမား ပဋိပက္ခ၏ အဓိကကျသော အချက်တချက် ဖြစ်ခဲ့လေသည်။

လုပ်သား ၃၀၀ ကျော်ရှိသည့်အနက် ၂၀၀ ကျော်မှာ နယ်အလုပ်သမားဖြစ်ပြီး ကျန် ၁၀၀ ခန့်ကသာ ဒေသခံလုပ်သားဖြစ်ကြသည်။ နယ်အလုပ်သမားများသည် အိမ်ငှားခ၊ မီးဖိုး၊ ရေဖိုးစသည်တို့အတွက် တလလျှင် ကျပ်သုံးသောင်း (၃၀၀၀၀ိ) မျှ သုံးစွဲရသည်။ စားစရိတ်၊ အဝတ်အစားဖိုးနှင့် အခြားတကိုယ်ရေ အသုံးစရိတ်များကို နုတ်လိုက်သောအခါ နယ်ရှိမိသားစုအတွက် ငွေပြန်ပို့ရန်ပင် ခက်ခဲရှားပါးလွန်းသော အခြေအနေဖြစ်သည်။ မိသားစုအတွက် မထောက်ပံ့နိုင်၊ ငွေကြေးစုဆောင်းခြင်းလည်း မလုပ်နိုင်ဘဲ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး လူတကိုယ်စာ ထမင်းစားလောက်ရုံသာဝင်ငွေရသော အလုပ်မှာ ထမင်းစားကျွန်ခံ အလုပ်မျိုးဟုသာ ခေါ်ဆိုထိုက်သည်။ အလုပ်သမားများ အလုပ်လုပ်နေကြရသည်မှာ သူတို့ဘဝအတွက် မဟုတ်ဘဲ၊ အလုပ်ရှင်ကြီးပွားချမ်းသာရုံသက်သက်အတွက်ပမာ ဖြစ်နေသည်။ အလုပ်သမား၊ အလုပ်ရှင် အကျိုးခံစားရပုံမှာ မမျှတချေ။

စီးပွားရေးသည် အဓိကပြဿနာဖြစ်သည်။ လောက်ငထိုက်သင့်သော ဝင်ငွေလစာ မရခြင်းသည် ပဋိပက္ခ၏ အကြောင်းရင်းဖြစ်သည်။ စစ်ကိုင်း အလုပ်သမားပြဿနာသည် နိုင်ငံခြားသားအရင်းရှင်နှင့် ဆင်းရဲသား ဗမာအလုပ်သမားများကြားတွင် ဖြစ်ပွားသော လူတန်းစားပဋိပက္ခဖြစ်သည်။ နိုင်ငံတကာ အရင်းအနှီးများကို ဆာလောင်မွတ်သိပ်စွာ ဖိတ်ခေါ်နေသောဗမာနိုင်ငံအတွက် သိပ်မဝေးကွာလှသော အနာဂတ်၌ ထပ်မံတိုးပွား ပေါ်ပေါက်လာဖွယ်ရှိသော ပဋိပက္ခများ၏ ရှေ့ပြေးလှုပ်ရှားမှုလည်း ဖြစ်ပေသည်။

ထိခိုက်ဒဏ်ရာရနစ်နာမှုများ

Myanmar Veneer သစ်အချောထည်လုပ်ငန်းသည် စက်များနှင့်လုပ်ရသော လုပ်ငန်းဖြစ်သည်။ လုပ်ငန်းခွင်လုံခြုံရေးမှာလည်း ပေါ့လျော့သည်။ ထို့ကြောင့် အလုပ်ခွင်အတွင်း၌ မထိခိုက်သင့်ဘဲ ထိခိုက်ဒဏ်ရာရခြင်းမျိုးများ ရှိခဲ့သည်။

အလုပ်သမားခေါင်းဆောင် ကိုခိုင်မင်းသည် ဘွိုင်လာတွင် ပစ္စည်းကိရိယာ တပ်ဆင်ရန် ငြမ်းဆင် အလုပ်လုပ်နေရင်း အမြင့်မှ လိမ့်ကျပြီး မျက်စိဒဏ်ရာရခဲ့သည်။ မျက်စိဒဏ်ရာကို ဆေးကုသပေးသော်လည်း မျက်စိမှာ မိမွေးတိုင်းဖမွေးတိုင်းအကောင်းပတိပြန်မဖြစ်ခဲ့။

အလုပ်သမားကိုနှင်းအောင်သည်လည်း စက်ရုံဝင်းအတွင်းမှာပင် လုပ်ငန်းက ကားနှင့်တိုက်မိကာ လက်တွင် ဒဏ်ရာရသောကြောင့် ခြောက်ချက်ချုပ်ခဲ့ရသည်။ ကိုနှင်းအောင်သည် ထိုဒဏ်ရာရပြီး နောက်ပိုင်းတွင်မှ အလုပ်က ထွက်ခဲ့ခြင်းဖြစ်သည်။ ကျောင်းသားကိုနှင်းအောင်ဟု အများပြောနေကြသော ထိုသူမှာ ထိုစက်ရုံမှ အလုပ်သမားဟောင်းတယောက်ပင်ဖြစ်သည်။

မသင်းသင်းဆိုသည့် အလုပ်သမားမှာ စက်ဓားနှင့် ခုတ်မိသောကြောင့် လက်မတချောင်း လုံးဝပြတ်သွားခဲ့သည်။ ပြန်လည်အစားထိုးမရရှိနိုင်တော့သော ဆုံးရှုံးမှုဖြစ်သည်။

နောက်ထပ်အမျိုးသမီးတယောက်မှာ ကရိန်းစက်အသုံးပြု၍ သစ်တုံးလှိမ့်သောအချိန်တွင် သစ်တုံးကြား ညှပ်မိပြီးသားအိမ်ကွဲသွားခဲ့သည်။ စက်ရပ်ထားသည်ဟုထင်ပြီး သစ်လုံးကြားသို့ ထိုအမျိုးသမီး ဝင်သွားချိန်မှာပင် စက်အသုံးပြုနေကြောင်းကို အလုပ်ကြပ်နိုင်ငံခြားသားက အင်္ဂလိပ်ဘာသာစကားဖြင့် အော်ဟစ်သတိပေးခဲ့သည်။ အင်္ဂလိပ်စကား နားမလည်သောကြောင့် ထိုအမျိုးသမီး သစ်လုံးညပ်ခံလိုက်ရခြင်း ဖြစ်သည်။ နိုင်ငံခြားသား တိုက်ရိုက်အုပ်ချုပ်မှုကို ပယ်ဖျက်ပေးရန် အလုပ်သမားများက တောင်းဆိုကြသည်မှာ ထိုသို့သောဖြစ်ရပ်မျိုးလည်း ပေါ်ပေါက်ခဲ့ဖူးသောကြောင့် ဖြစ်သည်။ ထိုအမျိုးသမီး သားအိမ်ကွဲသည်ကို ဆေးကုသမှုခံယူခဲ့သော်လည်း အလုပ်ဆက်လုပ်နိုင်လောက်အောင် မကျန်းမာတော့သည့်အတွက် အလုပ်ထွက်ခဲ့ရသည်။ အလုပ်ဆုံးရှုံးခဲ့ရသလို မိခင်ဘဝလည်းဆုံးရှုံးခဲ့ရသည်။

နောက်ထပ် အလုပ်သမားတယောက်မှာလည်း ဒရိုင်ရာစက် (အခြောက်ခံစက်)၏ ဘတ်ကြိုးထဲ လက်ညပ်ပါသွားသောကြောင့် ဆေးရုံတက်ခဲ့ရသည်။

ထိုကဲ့သို့ အလားတူအဖြစ်အပျက်မျိုးများ နိုင်ငံခြားမှာသာဖြစ်ခဲ့မည်ဆိုလျှင် ထိုသူအားလုံးမှာ လျော်ကြေးငွေ ဒေါ်လာသိန်းချီရနိုင်လောက်အောင် နစ်နာခဲ့သူတွေချည်းသာဖြစ်သည်။ လက်မ-ပြတ်သူ၊ သားအိမ်ကွဲသူတို့မှာ ဘဝတသက်လုံးစာ ထိခိုက်နစ်နာ ဆုံးရှုံးရသူများဖြစ်သည်။ ဗမာနိုင်ငံတွင်းမှာ တရားစွဲလျှင်တောင် ကျပ်သိန်းရာဂဏန်း သို့မဟုတ် ဆယ်ဂဏန်းတော်တော်များများ လျော်ကြေးရထိုက်သူတွေ ဖြစ်သည်။ သို့သော် ထိုထိခိုက်ဒဏ်ရာရသူအားလုံး တယောက်မျှ လျော်ကြေးတပြားမှ မရခဲ့ကြ။

သမဂ္ဂကို ပစ်မှတ်ထားခြင်း

Myanmar Veneer လုပ်ငန်းရှင်သည် သမဂ္ဂကို ပစ်မှတ်ထား တိုက်ခိုက်ထိုးနှက်ခဲ့သည်။ ၂၀၁၅ ခုနှစ် မတ်လတွင် သမဂ္ဂအတွင်းရေးမှူး ကိုအေးချမ်းကို အလုပ်ထုတ်ခဲ့သည်။ ထို ၂၀၁၅ အလုပ်ထုတ်မှုသည် ဒုတိယအကြိမ်နှင့် အပြီးပိုင်ထုတ်ပယ်မှုဖြစ်သည်။ ထိုဖြစ်စဉ်မတိုင်ခင် ယခင်တကြိမ်ကလည်း ကိုအေးချမ်း သမဂ္ဂအမှုဆောင်ဖြစ်စဉ်က အလုပ်မှ ထုတ်ပယ်ခဲ့ဖူးသည်။ ထိုပထမအကြိမ် အလုပ်ဖြုတ်ရခြင်း၏ တကယ့်အကြောင်းရင်းမှန်မှာ သူသည် အလုပ်သမားသမဂ္ဂခေါင်းဆောင်တယောက် ဖြစ်သောကြောင့်ဖြစ်သည်။ အလုပ်သမားများ၏ စုစည်းညီညွတ်မှုကို ဖြိုခွဲလိုခြင်းသည် အဓိကအကြောင်းရင်းပင်။ သို့သော် အလုပ်သမားသမဂ္ဂကို ဖြိုခွဲခြင်းသည် ဥပဒေနှင့် ဆန့်ကျင်သည်။ အလုပ်သမားအဖွဲ့အစည်း ဥပဒေ ပုဒ်မ ၄၄ (ဃ) နှင့် ပုဒ်မ၅၁ တို့အရ ထောင်ဒဏ် တနှစ်အထိ ကျစေနိုင်သော ပြစ်မှုဖြစ်သည်။ ထို့ကြောင့် အလုပ်သမားသမဂ္ဂအမှုဆောင်များကို ထုတ်ရန် အလုပ်ရှင်သည် အခွင့်အခါကို စောင့်ဆိုင်းပြီး အကြောင်းပြချက်ကောင်းရအောင် ရှာဖွေလေသည်။ သူတို့ပြသော အကြောင်းပြချက်မှာ အလုပ်ထဲက အထက်ဆင့်ဝန်ထမ်းတယောက်နှင့် ရန်ဖြစ်သောကြောင့်ဟူသော အကြောင်းပြချက်ဖြစ်သည်။ အကြောင်းရှာအကွက်ဆင် အလုပ်ဖြုတ်ခြင်းသာ ဖြစ်သည်ဟု အလုပ်သမားတို့က ယုံကြည်သောကြောင့် ကန့်ကွက်ဆန့်ကျင်ဆန္ဒပြခဲ့သည်။ ထိုသို့ကန့်ကွက် ဆန့်ကျင်ဆန္ဒပြသောအခါ နောက်ထပ် အလုပ်သမားခေါင်းဆောင်တယောက်ဖြစ်သော ကိုခိုင်မင်းကိုပါ အလုပ်ထုတ်ခဲ့သည်။ အလုပ်သမားများဘက်က အလုပ်သမားသမဂ္ဂ အမှုဆောင်များကို အလုပ်ပြန်လည်ခန့်ထားရေး အပါအဝင် တခြားနစ်နာချက်များအတွက်ပါ တောင်းဆိုခဲ့သည်။ ထိုအမှုသည် မြို့နယ်ဖျန်ဖြေညှိနှိုင်းရေးသို့ ရောက်ခဲ့သည်။ စစ်ကိုင်းတိုင်း ခုံသမာဓိအဖွဲ့သို့ ရောက်ခဲ့သည်။ နောက်ဆုံး၌ အလုပ်သမားခေါင်းဆောင်များကို အလုပ်ပြန်ခန့်ခဲ့သည်။

သို့သော် အလုပ်ရှင်သည် အလုပ်သမားသမဂ္ဂ အတွင်းရေးမှူးဖြစ်လာသော ကိုအေးချမ်းကို နောက်တကြိမ် ထပ်မံအပြစ်ရှာ အလုပ်ဖြုတ်ခဲ့ပြန်သည်။ စက်ရုံတွင် အလုပ်သမားများ အလုပ်ဆင်း၊ အလုပ်ပြန်ချိန်ကို မှတ်တမ်းတင်သော လက်ဗွေစက်ပျက်နေသောကြောင့် လျှပ်စစ်ပိုင်းဆိုင်ရာ ပြင်ဆင်ထိန်းသိမ်းရေးဌာန ဝန်ထမ်းဖြစ်သော ကိုအေးချမ်းက ဖြုတ်ပြင်ခဲ့သည်။ကိုအေးချမ်းပြင်သောအချိန်မှာ ညဆိုင်း အလုပ်လုပ်ချိန်တွင် ပြင်ခဲ့ခြင်းဖြစ်သည်။ နောက်တနေ့မနက်တွင် လက်ဗွေစက်ကိုထားနေကျနေရာ၌ မတွေ့သောကြောင့် စက်ရုံတွင် ပြဿနာတက်သောအခါ ကိုအေးချမ်းမှာ ရုံးတွင်မရှိ။ ကိုအေးချမ်းက “သူဖြုတ်ပြင်ပြီး နေရာတကျပြန်တပ်ဆင်ဖို့မေ့ခဲ့ကြောင်း စက်ရုံဝန်းအတွင်းရှိ မီးစက်အဖုံးပေါ်တွင် တင်ခဲ့ကြောင်း” ရုံးသို့ ဖုန်းဆက် ပြောကြားခဲ့သည်။ သို့သော် လုပ်ငန်းရှင်က ကိုအေးချမ်းကို လက်ဗွေစက်ခိုးယူမှုနှင့်စွပ်စွဲပြီး အလုပ်မှ ထုတ်ပယ်ခဲ့သည်။ ကိုအေးချမ်းက စက်ရုံမှ ထွက်ခွာအိမ်ပြန်သွားပြီ ဖြစ်သော်လည်း လက်ဗွေစက်မှာ စက်ရုံးဝင်း အတွင်းမှ တလက်မမျှပြင်ပသို့ မရောက်ခဲ့။ ဒါကိုသိလျက်နှင့် ခိုးမှုစွပ်စွဲအလုပ်ဖြုတ်ခြင်းမှာ အလုပ်သမား သမဂ္ဂကို အငြိုးအတေးထားသော လုပ်ရပ်သာဖြစ်ကြောင်း ထင်ရှားသည်။ သို့သော် ခုံသမာဓိကောင်စီ ခုံအဖွဲ့က ထိုအချက်ကို သူတို့သုံးသပ်ချက်များတွင် ထည့်သွင်းမဖော်ပြခဲ့ချေ။ နောက်ဆုံးအလုပ်ဖြုတ်သော အသုတ်တွင်လည်း စက်ရုံတွင်းရှိ အလုပ်သမားသမဂ္ဂနှစ်ခုစလုံး၏ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများ အားလုံး အလုပ်ဖြုတ်ခံရသည့်အထဲတွင် ပါဝင်ကြောင်း အလုပ်သမားများဘက်က တိုင်ကြားခဲ့သည့်တိုင် တိုင်းခုံသမာဓိ အဖွဲ့က “အလုပ်သမားအဖွဲ့အစည်းကို ဖြိုခွဲရန်ကြံစည်သည့် အထောက်အထားမတွေ့ရ” ဟုဆုံးဖြတ်ခဲ့သည်။ ဗဟိုခုံသမာဓိကောင်စီ ခုံအဖွဲ့ကတော့ ထိုကိစ္စကို သူတို့ဆုံးဖြတ်ခွင့်မရှိဟု ငြင်းပယ်လက်ရှောင်ခဲ့သည်။

တိုင်ကြေးတောင်းဆိုခြင်း

အလုပ်သမားများက သူတို့လိုလားချက်များကို တောင်းဆိုခဲ့ရာ ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် စစ်ကိုင်းမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက်၌ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့သည်။ ထိုသဘောတူစာချုပ်တွင် ထည့်သွင်းချုပ်ဆိုခဲ့သော အချက်များမှာ ၁။ အိုဗာတိုင်ကြေးကို အလုပ်သမား ဥပဒေနှင့်အညီ အလုပ်ရှင်က ပေးချေသွားမည်။ ၂။ အလုပ်သမားများ တောင်းဆိုသည့် (စာတိုင်ကြေး သို့မဟုတ် တိုင်ကြေးဟုခေါ်ကြသည့်) ရှားပါးစရိတ်၊ ရက်မှန်ကြေး၊ ဖယ်ရီကြေး၊ နှစ်တိုးကြေး၊ ကျွမ်းကျင်ကြေး၊ နေထိုင်မှုစရိတ်များကို အလုပ်ရှင်က ဇန်နဝါရီလ နောက်ဆုံးထား ညှိနှိုင်းပြီး ဖေဖော်ဝါရီလတွင် စတင် ခံစားခွင့်ရအောင် ဆောင်ရွက်ပေးမည်။ (ယနေ့အချိန်အထိ တကြိမ်မျှမရရှိခဲ့။) ၃။ ဆွေးနွေးညှိနှိုင်းနေစဉ်ကာလအတွင်း အလုပ်ရှင်သတ်မှတ်ပေးသော အလုပ်ချိန်အတိုင်း အလုပ်သမားများဘက်က အလုပ်ဆင်းသွားမည်။ ၄။ စာချုပ်ချုပ်ဆိုသဘောတူပြီးချိန်မှ စတင်ကာ နောက် ၆ လ အတွင်းတွင် ယခုသဘောတူပြီး အချက်များနှင့်ပတ်သက်၍ ထပ်မံတိုးမြှင့်ပြင်ဆင်တောင်းဆိုခြင်း မပြုရ။ ၅။ အလုပ်သမားများဘက်က ခြောက်လအတွင်း ကုန်ထုတ်လုပ်မှုတိုးတက်အောင် လုပ်ဆောင်ပေးရမည်။ ၆။ ယခုအငြင်းပွားခဲ့မှုနှင့် ဆက်စပ်အကြောင်းပြုပြီး မည်သည့် အလုပ်သမားကိုမျှ အလုပ်ရှင်က အလုပ်မထုတ်ပါဆိုသော သဘောတူညီချက်များဖြစ်သည်။ ထိုအချက်များအနက် တိုင်ကြေးများကို ညှိနှိုင်းပြီးပေးမည်ဆိုသော အချက်နှင့် အလုပ်သမားများကို အလုပ်မထုတ်ပါ ဆိုသောအချက်နှစ်ချက်ကို အလုပ်ရှင်ဘက်က ချိုးဖောက်ခဲ့သည်။ ထိုအချက်နှစ်ချက် အရေးကြီးပါသည်။ ထိုအချက်နှစ်ချက်မှာ ဤပြဿနာ၏ စနက်တံနှစ်ချောင်း ဖြစ်သည်။ အလုပ်ရှင်က ထိုနှစ်ချက်ကို ချိုးဖောက်ခဲ့သောကြောင့် အလုပ်သမားသပိတ်များ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ အလုပ်ရှင်ဘက်က ထိုသို့ချိုးဖောက်ကြောင်းကို နောက်ပိုင်းတွင်ထုတ်မည့် ခုံသမာဓိကောင်စီခုံအဖွဲ့၏ သုံးသပ်ချက်၊ ဆုံးဖြတ်ချက်များတွင် လုံးဝဖော်ပြစဉ်းစားထားခြင်းမရှိချေ။

တကျော့ပြန်အငြင်းပွားမှုမှသည် လုပ်ငန်းခွင်တွင်း အခြေအနေတင်းမာမှုသို့

အလုပ်ရှင်သည် ပေးထားသော ကတိက မတည်ခဲ့။ ဇန်နဝါရီလ ရောက်သည့်တိုင် အလုပ်သမားများက တိုင်ကြေးသို့မဟုတ် စာတိုင်ကြေးဟုခေါ်သည့် ရှားပါးစရိတ်၊ ရက်မှန်ကြေး၊ ဖယ်ရီကြေး၊ နှစ်တိုးကြေး၊ ကျွမ်းကျင်ကြေး၊ နေထိုင်စရိတ်များနှင့် ပတ်သက်၍ မညှိနှိုင်းခဲ့။ ပေးထားသည့် ကတိအတိုင်း ညှိနှိုင်းစီစဉ်ပေးရန် ဇန်နဝါရီလကုန်တွင် အလုပ်သမားများက မြို့နယ်ဖျန်ဖြေညှိနှိုင်းရေး အဖွဲ့သို့ တိုင်ကြားခဲ့သည်။ ဇန်နဝါရီလ ၂၉ ရက်တွင် အလုပ်ရှင် – အလုပ်သမား တွေ့ဆုံခဲ့သော်လည်းအလုပ်ရှင်က မညှိနှိုင်းဘဲ ဖေဖော်ဝါရီလ ၁၀ ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုခဲ့သည်။ ဖေဖော်ဝါရီ ၁၀ ရက်ရောက်သောအခါ ဖေဖော်ဝါရီ ၂၅ ရက်သို့ ထပ်မံပြောင်းရွှေ့ချိန်းဆိုပြန်သည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်မူ အလုပ်ရှင်ဘက်က ကမ်းလှမ်းချက်ထွက်ပေါ်လာသည်။ အလုပ်သမားများ လိုချင်သည့် တိုင်ကြေးတမျိုး ၁ သောင်းကို သဘောမတူနိုင်။ ရက်မှန်ကြေး ၅ ထောင်နှင့် ကျန်တောင်းဆိုချက်များအတွက် တမျိုးတထောင် စုစုပေါင်း ၁ သောင်းပဲပေးမည်ဟု အလုပ်ရှင်ဘက်က ကမ်းလှမ်းသည်။ သို့သော် မည်သို့မျှ လက်ခံနိုင်ဖွယ်မရှိသည့် မတရားသော တောင်းဆိုချက်များကို စည်းကမ်းချက်အဖြစ် ဖြည့်စွက်ကန့်သတ်ထားသည်။ ထိုစည်းကမ်းချက်များမှာ စည်းကမ်းချက် ၁။ တနေ့ကို သစ်ပါးလွှာ အချပ်ရေ ငါးသောင်းပြည့်အောင် ထုတ်ပေးရမည်။ ထိုအရေအတွက်ပြည့်မှ တိုင်ကြေးတသောင်းကိုလည်း ပေးနိုင်မည်။ ဆိုးလှပါသည်။ အလုပ်သမားများကို တကျပ်ပိုပေးပြီး နှစ်ကျပ်ဖိုးပိုခိုင်းသော အကွက်ဖြစ်သည်။ “မင်းကငါ့ကို နှစ်ကျပ်ဖိုး ပိုလုပ်ပေးရင် မင်းကိုလုပ်ခ တကျပ်တိုးပေးမယ်”ဟု ဆိုလိုခြင်း ဖြစ်သည်။ ရက်စက်လှပါပေသည်။ ထို့အပြင် စည်းကမ်းချက် ၂။ နိုင်ငံခြားသား တိုက်ရိုက်အုပ်ချုပ်ခြင်းသည် ဥပဒေနှင့်မညီသောကြောင့် ပယ်ဖျက်ပေးရန်တောင်းဆိုထားသော အလုပ်သမားများဘက်က တောင်းဆိုချက်ကို ရုပ်သိမ်းပေးရမည်။ အိန္ဒိယနိုင်ငံသား အလုပ်ကြပ်များကို ဆက်လက်ခန့်ထားမည်။ စည်းကမ်းချက် ၃။ ထိုအလုပ်ကြပ်များ၏ ခိုင်းစေမှုကို မနာခံလျှင် “ကြည်ဖြူစွာအလုပ်ထုတ်ခံရမည်” ဟုလည်း ဖြည့်စွက်စည်းကမ်းသတ်မှတ်ထားသည်။ ဤကား ငွေတသောင်းရရေးအတွက် ပြန်လည်ပေးဆပ်ရမည့် ကတိကဝတ်များ ဖြစ်သည်။ အလုပ်ရှင်သည် အလုပ်သမားများကို ကြံရိုးသဖွယ် သဘောထားကာ အချိုရည်မကုန်မချင်း စက်ထဲထည့်ကြိတ်နေသည်နှင့် တူလှသည်။

အလုပ်သမား၏ ခွန်အားကို မတန်တဆ ညှစ်ထုတ်ယူနိုင်ရန်အတွက် ကုန်ထွက်ရည်မှန်းချက် (Target) ကို မြင့်မြင့်မားမား လျာထားထုတ်လုပ်ခိုင်းခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခိုင်းစေမှုဖြစ်ကြောင်း နိုင်ငံတကာဥပဒေများက ပြဋ္ဌာန်းထားသည်။ စက်ပတ္တားကြိုးပေါ်တွင် အလုပ်ကိုတင်ပြီး ပတ္တားကြိုးလည်ပတ်ချိန်အတွင်း ပြီးစီးအောင်လုပ်ရန် ခိုင်းစေမှုကို ကမ္ဘာ့အလုပ်သမားများက အပြင်းအထန်ကန့်ကွက်ခဲ့ချိန်မှစ၍ ကုန်ထွက်ရည်မှန်းချက်ထား ခိုင်းစေခြင်း၊ ဖိအားပေးခိုင်းစေခြင်းများကို လူမဆန်သော နှိပ်စက်ညှင်းပန်းမှု အမျိုးအစားတွင် ထည့်သွင်းသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ဗမာပြည်တွင် ထိုကဲ့သို့ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးကို ကာကွယ်သော ဥပဒေမရှိပေ။

အလုပ်ရှင်၏ အထက်ပါကမ်းလှမ်းချက်ကို အလုပ်သမားများဘက်က သဘောမတူသောအခါ အလုပ်ရှင်က ညှိနှိုင်းမှုကို မတ်လ ၄ ရက်နေ့သို့ နောက်တကြိမ်ချိန်းဆိုပြန်သည်။

ထိုကဲ့သို့ အလုပ်ရှင်ဘက်က အကြိမ်ကြိမ်ရွှေ့ပြောင်းချိန်းဆိုနေသော ကာလများအတွင်းတွင် အလုပ်ရှင်သည် အလုပ်ခွင် စည်းကမ်းများ တိုးမြှင့်တင်းကြပ်ခဲ့သည်။ ကွမ်းမစား၊ ဆေးလိပ်မသောက်ရ အမိန့်ထုတ်ခဲ့သည်။ အလုပ်သမားများ တိုင်ပင်ဆွေးနွေးမှု မလုပ်နိုင်ရန် တဌာနနှင့် တဌာန မသွားလာရ၊ မကူးသန်းရ အမိန့်ထုတ်ခဲ့သည်။ အဆိုးဆုံးကား အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ချုပ်ချယ်လာခြင်း ဖြစ်သည်။ အလုပ်သမားတယောက် တနေ့လျှင် ဘယ်နှကြိမ် အိမ်သာတက်သည်၊ ဘယ်လောက်ကြာအောင် အိမ်သာတက်သည်ကို အိမ်သာရှေ့တွင် နိုင်ငံခြားသား ဆူပါဗိုက်ဇာက စောင့်ဆိုင်း မှတ်တမ်းတင်သည်။အမျိုးသမီးအိမ်သာရှေ့တွင်ပင် နိုင်ငံခြားသား ယောကျ်ား ဆူပါဗိုက်ဇာက စောင့်ကြည့်မှတ်တမ်းတင်ခဲ့သည်။ အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုများအနက်မှ တခုဖြစ်သည်။ အထည်ချုပ်စက်ရုံများတွင် အိမ်သာတက်ခြင်းကို ကန့်သတ်ချုပ်ချယ်ခြင်းမှာ အဆိုးဝါးဆုံး လူ့အခွင့်အရေးဖောက်ဖျက်မှုဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးသမားများက အကြိမ်ကြိမ်ကန့်ကွက် ပြောဆိုခဲ့ကြဖူးသည်။ ယခုလုပ်ရပ်နှင့် ထပ်တူပင် ဖြစ်သည်။

အလုပ်သမားများအား အလုပ်ရှင်က သတိပေးစာ၊ နို့တစ်စာများ ထုတ်ပြန်ခဲ့သည်။ အီးစီစာချုပ်ဟု ခေါ်သော အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်တွင် အလုပ်ရှင်က သုံးကြိမ်နို့တစ်ထုတ်ပြီးလျှင် အလုပ်ထုတ်နိုင်သည်ဟု ထည့်သွင်းရေးဆွဲထားသောကြောင့် အီးစီစာချုပ်ကို လက်နက်သဖွယ် အသုံးပြုပြီး အလုပ်သမားများကို အလုပ်ထုတ်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။ တိုင်ကြေးကို သဘောတူညီချက် မရအောင် အချိန်ဆွဲထားပြီး တပြိုင်နက်တည်းတွင် အခြားတဖက်မှ အလုပ်သမားများကို အလုပ်ဖြုတ်နိုင်ရန် စည်းကမ်းတင်းကြပ်သတ်မှတ်ကာ ပြဿနာရှာခြင်းဖြစ်သည်။ အလုပ်ခွင်တွင်း အခြေအနေမှာ မည်မျှတင်းမာခဲ့သနည်းဆိုသော် ကျောက်ထုစခန်း၊ ချွေးတပ်စခန်းများတွင် အလုပ်သမားများကို ရဲများထောင်ဝါဒါများက လက်နက်ကိုင် အုပ်ချုပ်ခိုင်းစေနေသည့်ပမာ ဖြစ်လာသည်။

တိုင်ကြေးရရေးအတွက် နောက်ဆုံးအကြိမ်ဆွေးနွေးမှုနှင့် အလုပ်သမားသပိတ်

အလုပ်ခွင်တွင်း အခြေအနေတင်းမာလာပြီး နို့တစ်စာတွေ တကြိမ်ပြီးတကြိမ် ထုတ်ခဲ့သည်။ အလုပ်သမားများသည် အိုဗာတိုင်ကြေးလည်း မရတော့။ တိုင်ကြေးများလည်း မရသေး။ အလုပ်ရှင်ဘက်က ကတိကဝတ်ဖျက်ခဲ့သောကြောင့် အိပ်ရေးပျက်ပင်ပန်းပြီး လူမှုရေး၊ ကျန်းမာရေးကို ထိခိုက်သည့် ညအလုပ်ဆိုင်းကို သာမန်နေ့ဆိုင်းလုပ်ခကြေးနှင့် မလုပ်နိုင်ဟုဆိုကာ အလုပ်သမားများက တဖန်ပြန်လည် အကြပ်ကိုင်ပြီး အလုပ်နှစ်ဆိုင်း ပေါင်းဆင်းခဲ့သည်။ ညဆိုင်းအလုပ်ကို ဖျက်ခဲ့သည်။ နှစ်ဆိုင်းပေါင်းပြီး တရက်နှစ်ရက် အလုပ်ဆင်းပြီးနောက် အလုပ်ရှင်က အလုပ်လုပ်ခွင့်မပေးဘဲ ရပ်ဆိုင်းထားခဲ့သည်။ အလုပ်သမားများ အလုပ်မလုပ်ဘဲ ထိုင်နေသည်ဟု ခုံသမာဓိကောင်စီခုံအဖွဲ့က သုံးသပ်ထားသည်များမှာ ခုံသမာဓိကောင်စီက အလုပ်ရှင်ပြောစကားသက်သက်ကိုသာ နားထောင်သုံးသပ်ခြင်း ဖြစ်သည်။ အမှန်တကယ် အလုပ်မလုပ်ခြင်းမှာ အလုပ်ရှင်က အလုပ်ချမပေးသောကြောင့် မလုပ်ရခြင်း ဖြစ်သည်။

ထိုသို့ လုပ်ငန်းရပ်ဆိုင်းထားရသည်အထိ အခြေအနေ တင်းမာလာသောကြောင့် မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက်သို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ထပ်မံတွေ့ဆုံခဲ့ရခြင်းဖြစ်သည်။ အလုပ်ရှင်က ထိုတကြိမ်တွင်လည်း တိုင်ကြေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်မပေးသေးဘဲ အိန္ဒိယတွင် နေထိုင်သော အလုပ်ရှင်ဘက်မှ အကြောင်းပြန်ကြားချက်ကို ထပ်မံစောင့်ဆိုင်းပေးရန် ပြောခဲ့ပြန်သည်။ အလုပ်သမားများဘက်က ဆက်လက်မစောင့်ဆိုင်းဘဲ သပိတ်မှောက်ချင်ကြသည်။ သို့သော် မြို့နယ်ဖျန်ဖြေညှိနှိုင်းရေး အဖွဲ့က “ဒီလောက် လနဲ့ချီစောင့်လာပြီးမှ နောက်ထပ် တပတ်ကျော်ကျော်လောက် စောင့်လိုက်ပါကွာ”ဟု ဖျန်ဖြေသောကြောင့် အလုပ်သမားများဘက်မှ စည်းကမ်းချက်ထားပြီး သဘောတူစောင့်ဆိုင်းခဲ့သည်။ အလုပ်သမားများဘက်က စည်းကမ်းချက်မှာ အလုပ်ရှင်များ အလိုရှိသည့်အတိုင်း ညဆိုင်းပြန်ဆင်းပေးမည်၊ သို့သော် အလုပ်ရှင်ဘက်က ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည့်ကာလအတွင်းတွင် အလုပ်ရှင်ဘက်မှ နို့တစ်သတိပေးချက်များ ထုတ်ပြန်ခြင်း မပြုရ၊ ခံဝန်ချက်လက်မှတ်မထိုးခိုင်းရဟူသော တောင်းဆိုချက်ဖြစ်သည်။ အလုပ်ရှင်ဘက်က ထိုအချက်ကို မြို့နယ်ဖျန်ဖြေညှိနှိုင်းရေးအဖွဲ့ရှေ့တွင် သဘောတူခဲ့သည်။

ညှိနှိုင်းသူအလုပ်သမားများ စက်ရုံပြန်ရောက်သောအခါ စက်ရုံတွင်ကျန်ခဲ့သည့် အလုပ်သမားများကို စုဝေး၍ သူတို့ထိုအချက်များကို သဘောတူခဲ့ကြောင်း အလုပ်သမားများကို ပြန်ရှင်းပြခဲ့သည်။ ညဆိုင်းပြန်ဆင်းရန် သဘောတူခဲ့သောကြောင့် ကျန်အလုပ်သမားများလက်ခံလျှင် ပြန်စရန်ရှင်းပြခဲ့သည်။ ကျန်အလုပ်သမားများက လက်ခံခဲ့ကြသည်။ သို့သော် ထိုအစည်းအဝေး ပြီးပြီးချင်းမှာပင် စက်ရုံအတွင်း၌ နောက်နောင် လူစုဝေးတိုင်ပင်လျှင် ချက်ချင်းအလုပ်ထုတ်မည်ဟူသော အလုပ်ရှင်၏ နောက်ဆုံးသတိပေးကြေညာချက် ထွက်ပေါ်လာသည်။ အလုပ်သမားများက ဖျန်ဖြေညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်ဆီသို့ ချက်ချင်းဖုန်းဆက်သည်။ “နို့တစ်စာ မကပ်ဘူး၊ ခံဝန်လက်မှတ် မထိုးခိုင်းဘူးလို့ ပြီးခဲ့တဲ့နာရီပိုင်းအတွင်းကပဲ သဘောတူခဲ့တယ်။ အခု နောက်ဆုံးအကြိမ် သတိပေးချက် ကပ်တာဟာ ဘာသဘောလဲ”ဟု အလုပ်သမားများက မေးမြန်းခဲ့သည်။ ဖျန်ဖြေညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်က “စာထုတ်တာပဲကွာ၊ အသားပဲ့ပါတာမှတ်လို့ ထားလိုက်ပါ” ဟုပြောခဲ့သည်။ ထိုစကားအရေးကြီးပါသည်။ နောက်ပိုင်းတွင် ထိုနို့တစ်စာများကြောင့် အသားတွင်မက၊ ဘဝပါ ပဲ့ခဲ့ရသည်ကို မြင်ကြရတော့မည် ဖြစ်သောကြောင့်ပင်။

မတ်လ ၄ ရက်ကို အလုပ်သမားများဘက်က သည်းခံစောင့်ဆိုင်းခဲ့သော်လည်း ထိုသည်းခံစိတ်ရှည်ခြင်း၏ အကျိုးကျေးဇူးမှာ ဖေဖော်ဝါရီလ ၂၉ ရက် တနင်းလာနေ့ မနက်ခင်းမှာပင် ထွက်ပေါ်လာခဲ့သည်။ အလုပ်သမား ၁၂၈ ယောက်ကို အလုပ်က ထုတ်ပယ်လိုက်ပြီဟူသော ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အလုပ်သမားများတွင် သပိတ်လက်နက်မှတပါး အခြားလုပ်စရာနည်းလမ်း မရှိတော့ပေ။ အစိုးရသစ် ပေါ်ကာစ ကာလတွင် သပိတ်မှောက်ရကောင်းလားဟု အလုပ်သမားများကို အပြစ်တင်ဝေဖန်သူများ တော်တော်များများရှိကြသည်။ ယခုတင်ပြခဲ့သော အခြေအနေအရပ်ရပ်ကိုကြည့်လျှင် အလုပ်သမားများ သပိတ်မှောက်ခဲ့ရခြင်းမှာ မလွှဲမရှောင်သာသောကြောင့် တခြားရွေးစရာလမ်း မရှိတော့သောကြောင့် ဆိုသော အချက်ကို ရှင်းလင်းစွာမြင်နိုင်ပြီဖြစ်သည်။

အလုပ်သမားများသည် စက်ရုံဂိတ်တံခါးတွင် ဝါးလုံးချည်နှောင်ပြီး တာလပတ်စကို တဖက်ရပ်ဆွဲကာ သပိတ်စခန်းဖွင့်ခဲ့ကြသည်။ နေပူပူမိုးရွာရွာ ထိုနေရာမှာပင်စား၊ ထိုနေရာမှာပင် ဖြစ်သလို အိပ်ခဲ့ကြရသည်မှာ ရက်ပေါင်း ၆၀ ကြာသည်။ နှစ်ပေါင်း ၃၀ အတွင်း အပူဒဏ် အပြင်းထန်ဆုံး အယ်လ်နီညိုလှိုင်း ဖြတ်သန်းချိန်တွင် အလုပ်သမားများမှာ တာလပတ်စတခုတည်းကိုသာ အမိုးအကာလုပ်နေထိုင်ခဲ့ရသည်။ အပူချိန် ၄၆ ဒီဂရီ စင်တီဂရိတ်ရှိသောကြောင့် လမ်းပေါ်လူမထွက်ရဲသော အချိန်မှာပင် အလုပ်သမားများ လမ်းပေါ်တွင် ထိုင်သပိတ်မှောက်ခဲ့ကြရသည်။ ထိုအချိန်က အလုပ်သမားသပိတ်၏ ဆိုးဝါးခက်ခဲသော အခြေအနေများကို အများပြည်သူ မသိသေးသောကြောင့် လှူသူတန်းသူလည်း မရှိခဲ့ကြ။ ထို့ကြောင့် အစားအသောက်ကို အဟာရ မျှတအောင် ဝဝလင်လင် မစားခဲ့ကြရ။ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရသည့်အပြင် ရာသီဥတု ဒဏ်ကိုပြင်းထန်စွာခံစားခဲ့ကြရသောကြောင့် ကိုယ်ဝန်ဆောင် အလုပ်သမား အမျိုးသမီး လေးဦး မီးဖွားခဲ့ရာတွင် ကလေးငယ် ၃ ဦး သေကြေပျက်စီးခဲ့ရသည်။ တဦးမှာ အမြွှာကလေးနှစ်ဦး မွေးဖွားပြီး နှစ်ဦးစလုံး အသက်ဆုံးရှုံးခဲ့ရသည်။ အသက်မသေသော ကလေးမှာလည်း လမစေ့ဘဲ မွေးဖွားသောကြောင့် မကျန်းမာခဲ့။ ယူကရိန်းတွင် ပစ်အချခံခဲ့ရသော လေယာဉ်တွင် ပါဝင်သည့် ခရီးသည်များအတွက် တယောက်လျှင် လျော်ကြေးငွေ ဒေါ်လာ ၇ သန်း ရလိုကြောင်း တရားစွဲဆိုသောအမှု ယခုလောလောဆယ်မှာပင် ဖြစ်ပွားနေသည်။ သေဆုံးခဲ့ရသော အလုပ်သမားတို့၏ ကလေးငယ်များ အသက်ကိုရော မည်မျှတန်သည်ဟု ပြည်သူများ ထင်ပါသနည်း။

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဟူသော စာဆိုစကားမှန်ခဲ့သည်။ အလုပ်သမားများ ဒုက္ခကြီးစွာရောက် နေချိန်တွင် ရာသီဥတုဖောက်ပြန်ကာ မိုးအကြီးအကျယ်ရွာခဲ့သည်။ ကြက်ဥလုံးလောက်ရှိသော မိုးသီးများ ကျခဲ့သည်။ အမိုးအကာမရှိ ဟင်းလင်းပြင်တွင်နေခဲ့ရသော အလုပ်သမားများ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ မိန်းကလေးငယ်များသည် လူမပြရဲသော နေရာများမှာပင် ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ကြသည်။ မိန်းကလေး တယောက်ကို ဆေးရုံတင်ခဲ့ရသည်။

အလုပ်ဖြုတ်ခံရသော အလုပ်သမားမှာ ပထမ ၁၂၈ ယောက်ရှိသည်။ အလုပ်ဖြုတ်မခံရသော နောက်ထပ် အလုပ်သမား ၃၃ ယောက်ကပါ အတူတကွ ဆန္ဒပြခဲ့ကြသည်။ ထို ၃၃ ယောက်ကိုပါ အလုပ်ရှင်က အလုပ်မှ ထပ်မံထုတ်ပယ်ခဲ့သောကြောင့် စုစုပေါင်း အလုပ်ဖြုတ်ခံရသော အလုပ်သမားအရေ အတွက်မှာ ၁၆၁ ယောက် ဖြစ်သည်။

ဗမာနိုင်ငံအလုပ်သမားလှုပ်ရှားမှုသမိုင်းတွင် သမိုင်းဝင်မည့် စစ်ကိုင်းအလုပ်သမားသပိတ်ကြီး ဖြစ်ပေါ်ခဲ့လေပြီ။ ထိုသမိုင်းဝင် အဖြစ်အပျက်ကြီး ဖြစ်နေစဉ်တွင် ကျန်သူအားလုံးသည်လည်း ကျရာနေရာမှ ကိုယ့်သမိုင်း ကိုယ်ရေးနေကြသည့်အဖြစ်ကိုမူ မိမိတို့ကိုယ်တိုင်ပင် သတိမမူမိခဲ့ကြချေတကား။

(ဆက်လက်ဖော်ပြပါမည်။)

(အရေးတော်ပုံဂျာနယ် အတွဲ ၂ အမှတ် ၅ တွင် ဖော်ပြမည့် ရဲဘော်တဦး၏ အစီရင်ခံစာ ဖြစ်ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *