ပြီးခဲ့တဲ့ရွေးကောက်ပွဲရဲ့ နောက်ဆက်တွဲတွေထဲက ကောင်းတာတခု ထပ်ထွက်လာပြန်ပါပြီ။ အဲဒါကတော့ ကြံ့ ဖွတ် ပါတီ ခေါင်းဆောင်မှုထဲက အက်ကွဲကြောင်းကြီးထင်ထင်ရှားရှားပေါ်ထွက်လာတာပဲဖြစ်ပါတယ်။ ဗိုလ်ရွှေမန်းအပါ ကြံ့ဖွတ်ထိပ်သီး ၁၇ ယောက် ကြီးများတောင် “အနားယူခွင့်”(ထုတ်ပစ်) ပေးလိုက်တာပါ။ သူတို့လည်းလေ လောကီသား ပေမို့လို့ ပြောရမလား၊ သူတို့လည်းလေ ဗိုလ်ချုပ်များပေမို့လို့ ပြောရမလားမသိ၊ ပုခုံးပေါ်မှာ ဘားတပြောင်ပြောင်၊ ကြယ်တဝင်းဝင်းနဲ့ ဗမာပြည်က စစ်အုပ်စုအဆက်အဆက်ဟာ အခုလို မြေပေါ်က ိုပစ်ချလိုက်တဲ့ အခါမှာ သင်းတို့ဟာ ကျီးအာသီး သာဖြစ်ကြောင်း၊ အတွင်းမှာ ပုပ်လိုက်နေတာသာဖြစ်ကြောင်း ကမ္ဘာက မြင်တွေ့ကြရပြန်ပါတယ်။
တခါမဟုတ်၊ နှစ်ခါမဟုတ်၊ မှတ်မှတ်ရရ ဒါပါနဲ့ဆိုရင် သုံး၊လေးခါ ရှိပါပြီ။ ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲမှာ ဦးနုရဲ့ သန့်ရှင်း ဖဆပလ က အပြတ်အသတ်နိုင်ပြီးတဲ့နောက် မိတ္ထိလာတပ်မှူးများညီလာခံမှာ ဗိုလ်နေဝင်းက သူတို့ထဲကလူတွေ ရွေးကောက်ပွဲမှာ တည်မြဲ ဖဆပလ ဘက်ကို ပင်းတယ်လို့ အပြစ်ပုံချပြပြီး ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်သိန်းတုတ် စတဲ့ သူနဲ့မတည့်သူတွေကို တပ်ကထွက်ခိုင်းခဲ့တာကို သတိရကြမယ်လို့ ထင်ပါတယ်။
နောက်တခါ မပြောမဖြစ် ပြောရမှာက ၁၉၇၇ ခုနှစ် မဆလ ပါတီ တတိယညီလာခံရဲ့ အရေးပေါ်ညီလာခံမှာတော့ ဗိုလ်နေဝင်းဟာ သူ့အောက်က ဦးထွန်းလင်း၊ ဦးသန်းစိန်၊ ဦးကျော်ဇောစတဲ့ ဗိုလ်ကနေ ဦးပြောင်းထားသူတွေကို ပြည်သူပိုင် ပစ္စည်းအလွဲသုံးစားလုပ်လို့ (အဲဒီအမှုဟာ နို့ဆီသကြားအမှုလို့ နာမည်ထွက်ခဲ့ပါတယ်) ဆိုပြီး ဗဟိုကော်မတီတွေအပါ ဂိုဏ်းအလိုက် အရေးယူတဲ့သဘောမျိုး ထုတ်ပစ်ခဲ့ပါတယ်။ ပြဿနာစတာက ဗိုလ်နေဝင်းထက် ဗိုလ်စန်းယုက မဲပိုရနေလို့ လို့ပြောကြပါတယ်။
ဒါပြီးတော့ ၁၉၉၇ ခုနှစ်မှာ နဝတ ကနေ နအဖ ကို ပြောင်းတဲ့အခါမှာလည်း ဧရာမအရေးယူမှုကြီးတခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီအချီမှာ ဗိုလ်ကျော်ဘ၊ ဗိုလ်ထွန်းကြည်၊ ဗိုလ်ချစ်ဆွေ၊ ဗိုလ်ဖုန်းမြင့်၊ ဗိုလ်မြသင်း၊ ဗိုလ်မြင့်အောင်၊ ဗိုလ်မျိုးညွန့်၊ ဗိုလ်မောင်သင့်၊ ဗိုလ်အေးသောင်၊ ဗိုလ်မောင်မောင်ခင်၊ ဗိုလ်ကျော်မင်း၊ ဗိုလ်အောင်ရဲကျော်၊ ဗိုလ်မောင်မောင်ခင်၊ ဗိုလ်စိုးမြင့် ဆိုတဲ့ ဗိုလ်ချုပ်အဆင့် ထိပ်သီး ၁၄ ဦးကို အပြုံလိုက် အရေးယူဖယ်ရှားခဲ့ပါတယ်။
စစ်အုပ်စုအတွင်းမှာ ဒီလိုကျူပင်ခုတ် ကျူငုတ်ပါမကျန် လုပ်တာတွေအပြင် ဗိုလ်စောမောင်၊ ဗိုလ်တင်ဦးစသူတွေ၊ ဗိုလ်ခင်ညွန့်နဲ့သူ့တပည့် လက်ကိုင်တုတ်ထောက်လှမ်းရေးတွွေကို ဖြုတ်ပစ်တာလို တဦးချင်းအလိုက်၊ အစုလိုက် အရေးယူပစ်တာတွေလည်း မကြာခဏဆိုသလို အများအပြားရှိပါသေးတယ်။ ဒါတွေကိုကြည့်ပြီး လူတချို့က ဒါဟာ တခြားအဖွဲ့ အစည်းတွေကို အစဉ်တစိုက် သပ်လျှိုဖြိုခွဲသူနေခဲ့သူတွေ ဝဋ်လည်တာလို့ ဆိုချင်သူက ဆိုကြပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီလိုပြောရင် လွယ်လွန်းရာ ကျမယ်လို့ ထင်ပါတယ်။ တကယ်ကတော့ ကိုယ်ကျိုးသက်သက်အပေါ်မှာ အခြေခံ စုစည်းထားတဲ့ လူအစုအေဝေးတခုဟာ ကိုယ်ကျိုးကြောင့်ပဲ ကွဲအက်၊ ပဲ့ထွက်တာ မဆန်းဘူးလို့ မြင်မိပါတယ်။
ဒီလို အစိုးရအပြောင်းအလဲ၊ ကြံ့ဖွတ်ထိပ်ပိုင်းအပြောင်းအလဲတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ အကြားကပဲ ဗမာပြည်မှာ မပြောင်းမလဲ ဆက်တည်ရှိနေတဲ့ အနိဋ္ဌာရုံတွေက မနည်းပါဘူး။ အဲဒီဟာတွေအထဲက အဆိုးဝါးဆုံးတခုကတော့ ပြည်တွင်းစစ်ပဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်သာမက ရခို်င်ပြည်နယ်မှာပါ မပြတ်ပြုလုပ်နေတဲ့ ထိုးစစ်တွေဟာ အရေအတွက်ပိုများ၊ အတိုင်းအတာ ပိုကြီးလာနေပါတယ်။ ဒီနေ့အခါမှာ နိုင်ငံတော်အာဏာကို ကိုင်မထားနိုင်ပေမယ့် စစ်တပ်အာဏာကို ကိုင်ထားနိုင်တဲ့ ဗိုလ်နေဝင်းအမွေ ဆက်ခံသူ စစ်အုပ်စုက လုပ်ချင်တိုင်း လုပ်နေတာကို ၂ဝဝဂ ဖွဲ့စည်းပုံ ဥပဒေနဲ့ ခြေမန်းကွင်းစွပ်ခံထားရတဲ့၊ အသစ်တက်တဲ့ အစိုးရဟာ လက်ပိုက်ကြည့်ရသလို ဖြစ်နေတာ တွေ့ရပါတယ်။ အဓိပ္ပာယ်က ဒီနိုင်ငံမှာ လက်ထဲ သေနတ်ရှိနေရင် ကိုယ်ထင်တာ လုပ်လို့ရနေတယ်ဆိုတာ ဖြစ်ပါတယ်။
ပြည်တွင်းစစ်ကိစ္စဟာ ဗမာပြည်နိုင်ငံရေးရဲ့ ထိပ်ဆုံးထားရတဲ့ အရေးကိစ္စတခု ဖြစ်ပါတယ်။ ဗမာပြည်မှာ တက်လာတဲ့ အစိုးရတိုင်းဟာ အနည်းဆုံးလိမ်ညာလို့၊ ဟန်ဆောင်လို့ပဲဖြစ်ဖြစ် ပြည်တွင်းစစ်ကိစ္စကို ပြောကြရ၊ ကိုင်တွယ်ကြရပါတယ်။ ဒါဟာ ဗမာပြည်ပြည်သူတွေ အတောင့်တဆုံးအရာမို့ အာဏာရသူတိုင်း၊ နိုင်ငံရေးလုပ်သူတိုင်း လုံးဝနှာစေးနေလို့ မရတဲ့ပြဿနာ ဖြစ်ခဲ့တာ ဒီနေ့အထိပါပဲ။ ဒါပေမဲ့ ကာကွယ်ရေးဝန်ကြီးကိုလည်း မချုပ်ကိုင်နိုင်၊ စစ်တပ်ကိုလည်း အမိန့်မပေးနိုင်တဲ့ နိုင်ငံတော်အစိုးရဆိုတာရဲ့ စွမ်းရည်ကို ပြည်တွင်းစစ်ပြဿနာက စမ်းသပ်နေပါတယ်။ သူ့အဖို့ရှောင်လွှဲလို့မရတဲ့ မေးခွန်းဖြစ်နေပါတယ်။
သေချာတာကတော့ ပြည်သူလူထုမဲပေးတာဟာ ပြည်တွင်းစစ်ကို ဒီစစ်အုပ်စုနဲ့ စစ်တပ်က ထင်သလိုလုပ်ခွင့်ပေးဖို့ မဟုတ်ပါဘူး။ ဒါဖြင့် ဒီစစ်တပ်က ဘာလို့အခုအထိ စစ်တလင်းတွေ ဖန်တီးပြီး ထင်တိုင်း ကြဲနေသေးတာလဲ။ အသစ်တက်လာတဲ့ အစိုးရနဲ့ တိုင်းရင်းသားအင်အားစုတွေ အကြားမှာ သပ်လျှိုဖို့လား၊ အစိုးရသစ်အတွက် အခက်အခဲတွေ ဖန်တီးတာပဲလား၊ စဉ်းစားစရာတွေကတော့ အများကြီးပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အရင်းစစ်တော့ အမြစ်မြေကဆိုသလို ဒီလိုပြဿနာ တွေပေါ်နေရတာရဲ့ အဓိကအကြောင်းရင်းကတော့ ပြည်သူတွေက မဲမပေးဘဲ ပြည်သူတွေက မဲပေးအတည်ပြုတယ်လို့ လိမ်ညာအတည်ပြုခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကြောင့်ဆိုတာ တွေ့ရမှာပါ။ တည်မြဲ ဖဆပလ နဲ့ ဆိုရှယ်လစ်စစ်ဗိုလ်တွေဟာ ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲမှာ မနိုင်လည်းနိုင်ရမယ်၊ နိုင်လည်းနိုင်ရမယ်လို့ ကြွေးကြော်ခဲ့တာကို သင်ခန်းစာယူထားသလား အောက်မေ့ရပါတယ်။ ရွေးကောက်ပွဲမှာ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ဒီဖွဲ့စည်းပုံအရ တည်ရှိနေသရွေ့ကတော့ ဗမာပြည်က စစ်အုပ်စုနဲ့စစ်ဗိုလ်ချုပ်တွေ ဒူးနှန့်နေမှာသာ ဖြစ်ပါတယ်။
