ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ တတိယအကြိမ် တွေ့ဆုံခဲ့ကြသည့်သတင်းနှင့် ဒီသတင်းရဲ့ နောက်ဆက်တွဲအဖြစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ရေးအလားအလာ၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ချေရှိမရှိတို့နှင့် ပတ်သက်သည့် ခန့်မှန်းခြေသတင်းများ ပြည်တွင်းရော ပြည်ပမှပါ ဆက်တိုက်ထွက်လာခဲ့ပါသည်။ မကြာခင် ဖွဲ့စည်းတော့မည့် အစိုးရသစ်ကိစ္စနှင့် ဒီအစိုးရသစ်ခေတ်မှာ လုပ်ဖို့လိုမည့်အရေးကြီးကိစ္စများအတွက် အပြန်အလှန်ထိန်းညှိ စေ့စပ်ဆွေးနွေးကြခြင်း ဖြစ်နိုင်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောင်းလဲချိန်တန်ပြီဟု ကြွေးကြော်ပြီးတက်လာတာကြောင့် ပြည်သူလူထုများရဲ့ဘဝကို တိုးတက်ပြောင်းလဲပေးလိုတဲ့ ဆန္ဒနှင့် ပြင်းပြစွာပြင်ဆင်မှုလုပ်နေတာ ဖြစ်နိုင်ပါသည်။ ဒါကြောင့် ဒီချုပ်ပါတီကဖွဲ့မည့် အစိုးရသစ် အဆင်ပြေစွာဖွဲ့နိုင်ပြီး ချောမောစွာ အာဏာလွှဲပြောင်းပေးနိုင်ရေးအတွက် စစ်အုပ်စုဘက်က အရေးပါတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အကြိမ်ကြိမ် တွေ့ဆုံညှိနှိုင်းနေရခြင်းဖြစ်ကြောင်း သိသာထင်ရှားပါသည်။
သို့သော် ဤတတိယအကြိမ်တွေ့ဆုံပွဲ မတိုင်မီမှာပင် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုကာကွယ်ရေး ဦးစီးချုပ်တို့ရဲ့ သက်တမ်းကို (၆၅) နှစ်ထိ တိုးပေးလိုက်ကြောင်း သတင်းထွက်လာပါသည်။ ဤသတင်းဆိုးမှာ ဖြစ်နိုင်ချေများကြောင်း နောက်ထပ် အခိုင်အမာသတင်းများ ထွက်မလာမီကတည်းက ကြိုတင်တွက်ဆ၍ ရပါသည်။ အကြောင်းရင်းမှာ ကာချုပ်မူ (၆) ချက် ထုတ်ပြန်ပြီး စစ်အုပ်စုတစ်ခုလုံးရဲ့ အကျိုးစီးပွားကို ပြတ်ပြတ်သားသား ရပ်ခံကာကွယ်ပေးသော ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို စစ်အုပ်စုက ယုံကြည်စိတ်ချမှု အပြည့်အဝရှိကြောင်း အစောပိုင်းကပင် သိသာထင်ရှားခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်ပါသည်။ စစ်အုပ်စုက ယုံကြည်ရသူမှာ ပြည်သူလူထုနဲ့အတိုက်အခံ အင်အားစုများရဲ့ အကျိုးစီးပွားကို ဆောင်ကြဉ်းပေးသူ ဖြစ်လာနိုင်လိမ့်မည် မဟုတ်ပါ။ ကာချုပ်မူ (၆) ချက်ကို ကိုင်ဆွဲထားပြီး ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည့်သူမှာ ဒီမိုကရေစီအင်အားစုများ လိုလားသောအချက်များကို ပြင်ပေးဖို့ လိုက်လျောမည့်သူ ဖြစ်နိုင်ချေ မရှိလောက်အောင် နည်းပါးမှာ သေချာပါသည်။ ကာချုပ်မူ (၆) ချက်မှာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများကိုသာမက ဥပဒေတွင်းနဲ့ ဥပဒေပက ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်လိုသူနဲ့ ဖျက်သိမ်းပြီး အသစ်ရေးဆွဲလိုသူများကိုပါ ထိပ်တိုက်ရင်ဆိုင်ပြီး စိန်ခေါ်ထားတဲ့သဘော သက်ရောက်တယ်ဆိုတာ အားလုံးက သိရှိနားလည်ကြပြီး ဖြစ်ပါသည်။
စစ်အုပ်စုရဲ့ ကြံ့ဖွံပါတီ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ပေါ်ပေါ်လွင်လွင် ပွဲတက်နည်းသွားတဲ့ သမ္မတဦးသိန်းစိန် နေရာမှာ စစ်တပ်ကိုင်ထားတဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ပေါ်ပေါ်လွင်လွင် ပွဲထွက်ပြီး မိန်ခွန်းတွေပြောခဲ့တာ ၂၀၁၆ နှစ်စ (၆၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့ကတည်းက ဖြစ်ပါသည်။ ဒီနောက် ဆက်တိုက်ဆိုသလို ကလောစစ်ဦးစီးတက္ကသိုလ်မှာ၊ ဗထူးဗိုလ်သင်တန်းကျောင်းမှာ၊ ဟိုင်းကြီးကျွန်း ရေတပ်စခန်းမှာ စစ်အုပ်စုရဲ့ အခြေခံနိုင်ငံရေးသဘောထားတွေကို ဆက်တိုက်မိန့်ခွန်းတွေ ပြောခဲ့ပါသည်။ အသစ်အဆန်း လုံးဝမပါပါ။ စစ်အာဏာရှင်ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ ဆုပ်ကိုင်ခဲ့၊ ပြောဆိုခဲ့တဲ့ အချက်တွေသာ ပြန်ပြောနေခြင်း ဖြစ်နေပါသည်။
ဗိုလ်နေဝင်းဟာ သူအာဏာသိမ်းချိန်မှာ တိုင်းပြည်ပြိုကွဲတော့မယ့် အန္တရာယ်ကို ကာကွယ်ခဲ့ရတာပါလို့ ပြောခဲ့ပြီး စစ်အင်အား တိုးချဲ့တည်ဆောက်ကာ သူ အာဏာမြဲရေးကို တစ်သက်လုံးလုပ်ပြီး သူနဲ့သူ့အသိုင်းအဝိုင်း ကောင်းစားဖို့ တိုင်းပြည်ရဲ့ သယံဇာတအရင်းအမြစ်များကို ကိုယ်ပိုင်လိုသဘောထားပြီး သုံးဖြုန်းခဲ့ရာ နောက်ဆုံးမှာ တိုင်းပြည် ကမ္ဘာ့အဆင်းရဲအမွဲတေဆုံးအဆင့်ထိ ရောက်သွားခဲ့တယ် မဟုတ်ပါလား။ အမှန်က တိုင်းပြည်မပြိုကွဲဖို့၊ စည်းလုံးညီညွတ်ဖို့ဆိုတာ ပြည်တွင်းစစ် (၆၈) နှစ် ကြာ ကာလအတွင်း သဘောထားကွဲနေတဲ့ နိုင်ငံရေးအင်အားစုများ၊ အခွင့်အရေးတန်းတူညီမျှမှုမရှိဘဲ ဗိုလ်ကျလွှမ်းမိုးခံရလို့ ခုခံတိုက်ခိုက်နေကြရတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးဝေဖန်တာ၊ တောင်းဆိုတာ၊ ကန့်ကွက်၊ ငြင်းခုန်တာတွေလုပ်ပြီး တရားအမျှတဆုံး၊ အများစု အကျေနပ်ဆုံး ရလဒ်တခု ပေါ်ထွက်လာသည်အထိ ညှိနှိုင်းရယူဖို့ လိုပါသည်။ ဒီဆွေးနွေးပွဲမှာ စစ်တပ်က ဘာမှ ဝင်အာဏာပြစရာ၊ ဩဇာပေးစရာ၊ နိုင်ငံရေးအရ ဝင်ရောက် ဦးဆောင်မှုပေးစရာ မလိုအပ်ပါ။ စစ်တပ်ဟာ စစ်တန်းလျားမှာနေပြီး နိုင်ငံဝန်ထမ်းအဖြစ် ကျင့်ကြံနေထိုင်ဖို့သာ လိုပါသည်။ စစ်တပ်ဟာ နိုင်ငံကို ပြည်ပရန်က ကာကွယ်ဖို့ ပြည်သူလူထုမှာ သဘာဝဘေးအန္တ ရာယ်တွေ ကျရောက်ရင် ကူညီကယ်ဆယ်ပေးသည့် တာဝန်များယူဖို့သာ လိုပါသည်။ ဒီလို ပုံမှန်စစ်တပ်တခု လုပ်ဆောင်ရမယ့်လုပ်ငန်းတာဝန်ထက် ပိုပြီး တိုင်းပြည်မှာ နိုင်ငံရေးအရ ဦးဆောင်မှုအခန်းကပါဝင်ဖို့ လိုတယ်လို့ ယူဆမှုကို အာဏာမက်တဲ့ ဗိုလ်နေဝင်းက စခဲ့ပြီး သူ့အကွက်အတိုင်း လိုက်ကခဲ့တဲ့ ဗိုလ်သန်းရွှေက ဆက်တီထွင်ခဲ့တာ ဖြစ်ပါသည်။ အာဏာကို ထာဝရဆုပ်ကိုင်ထားနိုင်ဖို့ မကျေနပ်လို့ ဆန့်ကျင်တိုက်ခိုက်တဲ့ ပြည်သူလူထုကို သတ်ဖြတ်ချေမှုန်းပြီး အကြိမ်ကြိမ် အာဏာသိမ်းနေရတဲ့ ဘဝက လွတ်မြောက်ဖို့၊ သူ့ခေတ်မှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုပြီး ရေးဆွဲပြဌာန်းခဲ့ရာက ပေါ်လာခြင်း ဖြစ်သည်။ ဗိုလ်နေဝင်းက ထုတ်မပြောခဲ့ဘဲ တစ်သက်လုံးလုပ်ခဲ့တဲ့ တပ်မတော်က အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်မှုအခန်းက ပါဝင်ခြင်းကို ဗိုလ်သန်းရွှေက ဗြောင်ထုတ်ပြောလာတာသာ ပိုလာခြင်း ဖြစ်ပါသည်။ ခုတော့ ဗမာပြည်မှာ စစ်အုပ်စု ကာလရှည်ကြာစွာ လွှမ်းမိုးအုပ်ချုပ်ခံနေရမှုနှင့်အတူ စစ်တပ်ရဲ့ နိုင်ငံရေးအရ ဗိုလ်ကျလွှမ်းမိုးခံရမှုမှာ ပုံမှန်ဖြစ်မှန်းမသိ ဖြစ်လာနေပါသည်။
ကမ္ဘာကြီးက ဖြစ်ပေါ်တိုးတက်နေပါသည်။ တရားမျှတမှုအတွက် တောင်းဆိုတိုက်ပွဲဝင်ကြတဲ့ တိုက်ပွဲအရှိန်ကလည်း ခေတ်ကြီးတိုးတက်ပြောင်းလဲလာမှုနဲ့အတူ ဖြစ်ပေါ်တိုးတက် လာနေပါသည်။ ဖောက်ပြန်တဲ့ အုပ်စိုးသူများ လိမ်ညာမှိုင်းတိုက်တိုင်း ယုံနေကြတဲ့ခေတ် မဟုတ်တော့ပါ။ ဒါကြောင့်လည်း ကာချုပ်မင်းအောင်လှိုင်ဟာ (၆၈) နှစ်မြောက်လွတ်လပ်ရေးနေ့က သူတာဝန်ပေးလို့ တိုက်ပွဲဝင်ရင်း သေဆုံးဒဏ်ရာရခဲ့ကြတဲ့ တပ်မှုးတပ်သားတွေကို ချွေးသိပ်ဆုပေးတဲ့ပွဲမှာ သူအပါအဝင် တပ်မှုးတပ်သားတွေက တိုင်းပြည်ကို ကာကွယ်ဖို့ ဂတိသစ္စာပြုနေကြပါတယ်လို့ ဝင်ပြီ မာန်တင်းပေးနေရတာ ဖြစ်ပါတယ်။ အထူးသဖြင့် သမ္မတဦးသိန်းစိန် လက်ထက်မှာ စစ်အုပ်စုထိပ်သီးတွေနဲ့ ခရိုနီတွေ တစ်ပြည်လုံးက မြေတွေလိုက်သိမ်းပြီး စီးပွားရေးလုပ်ငန်းကြီးတွေလုပ်၊ သယံဇာတတွေ ထုတ်ရောင်း၊ နိုင်ငံခြားတိုင်းပြည်များနဲ့ ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံမှုတွေလုပ်ကာ ကျိကျိတက်ချမ်းသာကြွယ်ဝနေကြချိန်မှာ အောက်ခြေတပ်မှုးတပ်သားတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မလိုအပ်ဘဲ တိုက်ခိုက်ဖို့ တာဝန်ပေးစေလွှတ်ခံကြရရင်း အသက်ခန္ဓာပေးဆပ်နေကြရတာရဲ့ အဓိပ္ပာယ်မဲ့မှုကို ပိုမိုသဘောပေါက်နေကြပြီ ဖြစ်ပါတယ်။ ကာချုပ်မင်းအောင်လှိုင် အပါအဝင် စစ်အုပ်စု ထိပ်သီးတွေ ချမ်းသာသထက်ချမ်းသာဖို့၊သူတို့ရဲ့စည်းစိမ်ဥစ္စာများ လုံခြုံအောင်ကာကွယ်ဖို့ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်ရေးအတွက် ရှေ့ဆက်ပြီး စစ်တိုက်ခိုင်းတာခံရဦးမယ့် အလားအလာကလည်း ကာချုပ်မင်းအောင်လှိုင် ဆက်တိုက်ပြောနေတဲ့ မိန့်ခွန်းတွေအရ မြင်သာနေပြီ ဖြစ်ပါတယ်။ ဒီလို မလိုအပ်ဘဲ စစ်တိုက်နေကြရတဲ့ ဘဝက လွတ်မြောက်နိုင်တဲ့ နည်းလမ်းကတော့ စစ်တပ်က စစ်တန်းလျားပြန်ပြီး ပုံမှန်တပ်မတော်တခုရဲ့ တာဝန်ကို ထမ်းဆောင်ပြီး နိုင်ငံရေးအင်အားစု အသီးသီးနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုအသီးသီးက အားလုံးလက်ခံနိုင်တဲ့ အဖြေတစ်ခု ထွက်လာအောင် ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းသာ ရှိပါလိမ့်မည်။ ကာချုပ်မင်းအောင်လှိုင်က ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ရဲ့ ခြေရာအတိုင်း လိုက်နင်းရင်း စစ်အုပ်စု အကျိုးအတွက်သာ ဆက်လက်ပြီး ခေါင်းမာစွာ ရပ်တည်နေမည်ဆိုပါက ပြည်တွင်းစစ်မီး ပြန်လည်ကြီးမားကျယ်ပြန့်စွာ တောက်လောင်လာမည်သာ ဖြစ်ပါသည်။
ကိုထွေး
၁ – ၃ – ၁၆
အရေးတော်ပုံ အတွဲ (၂) အမှတ် (၄) မှ ဆောင်းပါး ဖြစ်ပါသည်။
