၃၂၈ စိတ်ဓာတ်နဲ့ တဟုန်တည်း ချီတက်တိုက်ခိုက်ကြ

By | March 26, 2024

၃၂၈ စိတ်ဓာတ်နဲ့ တဟုန်တည်း ချီတက်တိုက်ခိုက်ကြ

လှဝင်း

၁၉၄၈ မတ်လ ၂၈ ရက်။ ဗမာပြည်ကွန်မြူနစ်ပါတီက ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေး စတင်ဆင်နွှဲခဲ့တဲ့ နေ့။

(ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေး ဘာကြောင့် ပေါ်လာခဲ့ရသလဲ။)

ရန်သူ ဖောက်ပြန်တဲ့ဖဆပလအစိုးရက ပြည်သူလူထုရဲ့ ပြည်သူ့ဒီမိုကရေစီကိုရိုက်ချိုးပြီး လက်နက်ကိုင်ဖိနှိပ်မှုတွေ လုပ်လာလို့ ခေါင်းငုံ့မခံနိုင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အဖိနှိပ်ခံပြည်သူလူထုကြီးက လက်နက်ကိုင်ခုခံတုံ့ပြန်ကာ တော်လှန်ရေးဆင်နွှဲခဲ့ရတာ ဖြစ်တယ်။

အဲဒီအချိန်(လွတ်လပ်ရေးရယူပြီးခါစ) က ဖောက်ပြန်တဲ့ဖဆပလအစိုးရဟာ နယ်ချဲ့သမားတွေကို မှီခို၊ ပဒေသရာဇ်မြေရှင်စနစ်ကို ထိန်းသိမ်း၊ ဗျူရိုကရက် အရင်းရှင်စနစ်ကို ကြီးထွားအောင်လုပ်နေတဲ့အစိုးရဖြစ်တယ်။ နယ်ချဲ့သမားအားကိုးနဲ့ ပြည်သူလူထုကို အဓမ္မဖိနှိပ်သွေးစုပ်နေတဲ့ အစိုးရဖြစ်တယ်။ ဒါကို မခံမရပ်နိုင်တဲ့အနယ်နယ်အရပ်ရပ်မှ လယ်သမားထုက လယ်လုပ်သူလယ်ပိုင်ရေးအပါအဝင် လယ်သမားအခွင့်အရေးတွေအတွက် တိုက်ပွဲဝင်တယ်။ ရန်ကုန်မြို့ပေါ်က စက်ရုံအလုပ်ရုံကအလုပ်သမားတွေနဲ့ ကုန်တင်ကုန်ချအလုပ်သမားတွေက အလုပ်သမားထုရဲ့ အခွင့်အရေးအတွက်တိုက်ပွဲဝင်တယ်။ မြို့နေဆင်းရဲသားတွေနဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုဆန္ဒပြတိုက်ပွဲဝင်မှုတွေဖြစ်ပေါ်လာတဲ့အခြေအနေ ဖြစ်တယ်။

ထိုစဉ်က အဖိနှိပ်ခံ ပြည်သူလူထုအားလုံးဟာ ဒီမိုကရေစီဘောင်အတွင်းက သပိတ်တိုက်ပွဲတွေ၊ ဆန္ဒပြပွဲတွေနဲ့ တိုက်ပွဲဝင်ခဲ့တာပဲ။ ပြည်သူလူထုရဲ့ဆန့်ကျင်အုံကြွမှုဟာ တစတစ ပိုမိုကြီးမားလာနေတယ်။

ဖောက်ပြန်တဲ့ဖဆပလအစိုးရဟာ ပြည်သူလူထုကြီးရဲ့ ဆန့်ကျင်အုံကြွလာမှုကို ကြောက်လန့်လာတယ်။ နှိမ်နင်းဖို့ ကြံစည်လာတယ်။

ဒီလိုကြံစည်ရာမှာ ရှေးဦးစွာ ပြည်သူလူထုနဲ့ထိပ်တိုက်ရင်မဆိုင်ပဲ အဖိနှိပ်ခံပြည်သူလူထုနဲ့ တသားတည်း မားမားမတ်မတ်ရပ်တည်ပြီး ခေါင်းဆောင်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကိုအရင်ဖြိုဖို့ ကြိုးပမ်းလာတယ်။ ဒါဟာ ပြည်သူလူထုရဲ့တိုက်ပွဲဝင်မှုကို ဖိနှိပ်မှုကျင့်သုံးရာမှာ ဂေါင်(ခေါင်) အရင်ဖြိုရေး ပေါ်လစီပဲ။ ဗမာပြည်ကွန်မြူနစ်ပါတီကိုဖြိုခွဲရေးနဲ့ အတူ သတင်းစာ၊ ဂျာနယ်တိုက် စတဲ့ မီဒီယာတွေရဲ့ဒီမိုကရေစီကို ပိတ်ပင်ဟန့်တားရေး၊ လွတ်လပ်စွာအဖွဲ့အစည်းအသင်းအပင်းဖွဲ့စည်းခွင့်ကို ဟန့်တားပိတ်ပင်ရေး၊ ပြည်သူလူထုရဲ့ လွတ်လပ်စွာစုဝေးခွင့် ဆန္ဒပြခွင့် စတဲ့ ဒီမိုကရေစီကို သင်းသတ်ရိုက်ချိုးရေးခြေလှမ်းတွေကို စတင်ကြံစည်လုပ်ဆောင်လာတဲ့ အခြေအနေ ဖြစ်တယ်။

ချုပ်လိုက်ရင် ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရတာဟာ ရန်သူက ပြည်သူ့လူထုရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို လက်နက်ကိုင်အကြမ်းဖက်ဖိနှိပ်ဖြိုခွဲလို့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အဖိနှိပ်ခံပြည်သူလူထုကြီးက လက်နက်ကိုင်ခုခံပြီး တုံ့ပြန်ဆင်နွှဲရတဲ့တော်လှန်ရေးဖြစ်တယ်။ ဖောက်ပြန်တဲ့ ဖဆပလ ဖောက်ပြန်ရေးအစိုးရနဲ့ အဖိနှိပ်ခံပြည်သူလူထုကြီးကြားက လူတန်းစားပဋိပက္ခဟာ လူတန်းစားတိုက်ပွဲအဆင့်သို့ တက်လှမ်းသွားခြင်း ဖြစ်တယ်။ တနည်းအားဖြင့် ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက် ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေးဟာ ဗမာပြည်က ဖောက်ပြန်တဲ့ဖဆပလအစိုးရရဲ့ လက်နက်ကိုင်ဖိနှိပ်မှုကို ဆန့်ကျင်တိုက်ပွဲဝင်တဲ့ ပြည်သူလူထုရဲ့ အုံကြွမှုအတွင်းမှ ပေါက်ဖွား ပေါ်ထွက်လာခဲ့ခြင်း ဖြစ်တယ်။

(လတ်တလော အကြောင်းရင်း)

ဖဆပလအစိုးရရဲ့ ဝန်ကြီးတဦးဖြစ်သူ သခင်တင်ဟာ နယ်လှည့်စည်းရုံးရေးဆင်းရင်း အရပ်သူ မကြင်စိန်ဆိုသူနဲ့ ဖောက်ပြန်မှားယွင်းတယ်။ ဒါဟာ ဝန်ကြီးရဲ့ မီးခွက်မှုတ်သတင်းဆိုပြီး သတင်းပေါက်ထွက်လာတယ်။ ဖဆပလ အစိုးရထဲက လက်ယာဆိုရှယ်လစ်အုပ်စုက ဒီသတင်းကို သတင်းစာ ဂျာနယ်တွေမှာ ထည့်ရဲထည့်ကြည့်လို့ ခြိမ်းခြောက်လာတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ကွန်မြူနစ်နေ့စဉ်သတင်းစာ၊ ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ ဇနီး ဂျာနယ်ကျော်မမလေးတို့ရဲ့ သတင်းစာဂျာနယ်တိုက်နဲ့ အခြား ရဲဝံ့တဲ့သတင်းစာတိုက်တွေက ထည့်မယ်လို့ သတ္တိရှိရှိ ဆုံးဖြတ်တယ်။ အဲဒီသတင်းကိုထည့်လိုက်တဲ့ ဂျာနယ်ကျော်ပုံနှိပ်တိုက်ကို ဖဆပလအစိုးရရဲ့ လက်ယာဆိုရှယ်လစ် ဂိုဏ်းသားတွေခေါင်းဆောင်တဲ့လူမိုက်တွေက တုတ်၊ ဓား၊ ပုဆိန် လက်နက်တွေကိုင်စွဲပြီး သတင်းစာတိုက်ကို ဖျက်၊ ပုံနှိပ်စက်တွေ ရိုက်ချိုး၊ ခဲစာလုံးတွေကို လမ်းပေါ်သွန်ချ ထုချေဖျက်ဆီးတာတွေကို အကြမ်းဖက်လုပ်ဆောင်ခဲ့တယ်။

ဒီအခါ လယ်သမား(၁၄၇၈၀၂) ဦး တက်ရောက်တဲ့ ပျဉ်းမနားလယ်သမားညီလာခံကြီးအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဥက္ကဋ္ဌ သခင်သန်းထွန်းက မိန့်ခွန်းပြောကြားရာမှာ “ကွန်မြူနစ်နေ့စဉ်သတင်းစာပုံနှိပ်တိုက်ကို ဆိုရှယ်လစ်လူမိုက်တွေ လာဖျက်ဆီးရဲရင် လာဖျက်ဆီးကြည့်၊ ဗားကရာချောက်ကြီးကို ဆိုရှယ်လစ်အရိုးတွေနဲ့ ဖို့ပစ်မယ်” လို့ တုံ့ပြန်လိုက်တယ်။ ဒါဟာ လက်နက်နဲ့ အဓမ္မဖိနှိပ်လာရင် ခေါင်းငုံ့မခံ တုံ့ပြန်တိုက်ပွဲဝင်မယ်ဆိုတာ အတိအလင်း ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်တယ်။

ဖောက်ပြန်တဲ့ ဖဆပလအစိုးရဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ကွန်မြူနစ်နေ့စဉ်သတင်းစာနဲ့ ပြည်သူ့အာဏာ ဂျာနယ်ရဲ့ ပုံနှိပ်တိုက်ကို လာရောက်ဖျက််ဆီးတာ မလုပ်ရဲတော့ပေမယ့် တမျိုးအကောက်ကြံကာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပါတီဌာနချုပ်ရုံးမှာ တပ်ရင်းတရင်းစာ လက်နက်တွေစုဆောင်းသိုလှောင်ထားတယ်လို့ မဟုတ်မမှန်စွပ်စွဲပြီး ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်ရုံးနဲ့ အနယ်နယ်အရပ်ရပ်ကပါတီရုံးများကို လက်နက်ကိုင်တပ်သားများနဲ့ ဝင်ရောက်စီးနင်း၊ ကွန်မြူနစ်ပါတီဝင်တွေကို ဖမ််းဆီးသတ်ဖြတ်မှုတွေ ၁၉၄၈ မတ်လ ၂၈ ရက်နေ့မှာ စတင်ပြုလုပ်လာခဲ့တယ်။ ဒါဟာ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက် ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေး ပေါက်ဖွားလာစေတဲ့ လတ်တလော အကြောင်းရင်းပါပဲ။

(၃၂၈ စိတ်ဓာတ်ဆိုတာ ဘာလဲ)

(၁၉၄၈ မတ်လ ၂၈ ရက် စိတ်ဓာတ်) ၃၂၈ စိတ်ဓာတ်မှာ အခြေခံအားဖြင့် အောက်ပါ စိတ်ဓာတ်များလို့ ဆိုနိုင်ပါတယ်။

– ဖိနှိပ်အုပ်စိုးထားတဲ့ ရန်သူက လက်နက်နှင့်အကြမ်းဖက်ဖိနှိပ်လာပါက အဖိနှိပ်ခံများဘက်က လက်နက်နဲ့ ခုခံတုံ့ပြန်တော်လှန်ခြင်းဟာတရားမျှတပြီး မှန်ကန်ရုံမက အဖိနှိပ်ခံများဘက်မှ မုချ လျှောက်လှမ်းရမယ့်လမ်းကြောင်း ဖြစ်တယ်။ ဒါဟာ မာ့က်စ်လီနင်ဝါဒသဘောတရားနဲ့လည်းကိုက်ညီပြီး ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗမာပြည် အဖိနှိပ်ခံပြည်သူလူထုနဲ့ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့ ၁၉၄၈ မတ်လ ၂၈ ရက်နေ့က စတင်လျှောက်လှမ်းခဲ့တဲ့လမ်းကြောင်း ဖြစ်ပါတယ်။

– ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကို ကိုယ့်အားကိုယ်ကိုး ကိုယ်ထူးကိုယ်ချွန် ကိုယ့်ပြည်သူကိုအားကိုးပြီး ဆင်နွှဲရေး။ ၁၉၄၈ မတ်လ ၂၈ ရက်နေ့က ရန်သူ့ရဲ့ ရှောင်တခင်လက်နက်ကိုင်အကြမ်းဖက်မှု လိုက်လံဖမ်းဆီးသတ်ဖြတ်မှု ခံရစဉ်က ဗမာပြည်ကွန်မြူနစ်ပါတီမှာ ကိုယ်ပိုင်လက်နက်ကိုင်တပ်မတော်တရပ် မရှိပါ။ ဘာလက်နက်ခဲယမ်းမှလည်း မရှိပါ။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဆိုတာလည်း မရှိသေးပါ။ ရရာလက်နက်ကိုင်စွဲပြီး မရှိရာမှ ရှိရာသို့ ဆိုတဲ့ဖြစ်စဉ်အတိုင်း လျှောက်လှမ်းလာရခြင်း ဖြစ်ပါတယ်။ လယ်သမားထုအများအပြားပါဝင်တဲ့ ပြည်သူတွေဟာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေ ဖြစ်လာကြတယ်။ ပြည်သူလူထုကို အားကိုးပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို ထူထောင်ခဲ့ရတယ်။ ထိုစဉ်က လယ်ဝေးလယ်သမားသူပုန်တပ်ထဲမှာ ရှိတဲ့ သေနတ်ခဲယမ်းများ၊ တော်လှန်တဲ့ ဗမာတပ်မတော်နဲ့ ပြည်သူ့ရဲဘော်များပါလာတဲ့ သေနတ်များ၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွင်း ပြည်သူလူထုက သိုဝှက်မြှုပ်နှံထားလို့ ကျန်ရှိနေတဲ့ လက်နက်များနဲ့ တော်လှန်ရေးကို ကိုယ်ထူးကိုယ်ချွန်စခဲ့ရတယ်။

– အမှီခိုကင်းရေးစိတ်ဓာတ်။ ၄၈ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးဟာ နယ်ချဲ့သမားများကိုဖြစ်စေ၊ မည်သည့်အင်အားကြီးတိုင်းပြည်များကိုဖြစ်စေ မှီခိုအားကိုးပြီး တော်လှန်ရေးဆင်နွှဲတာ မဟုတ်ခဲ့ပါ။ ၁၉၆၈ ပဲခူးရိုးမ ကျရှုံးသွားချိန်အထိ ဗမာပြည်ကွန်မြူနစ်ပါတီဟာ အမှီခိုကင်းရေးစိတ်ဓာတ်ကိုင်စွဲပြီး တော်လှန်ရေးကိုဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ သည့်နောက်ပိုင်း တော်လှန်ရေးအတွင်း အမှီခိုကင်းရေးစိတ်ဓာတ်နဲ့ပတ်သက်ပြီး သွေဖီမှု ယိမ်းယိုင်မှုများ ရှိခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ လေးလေးနက်နက်သင်ခန်းစာထုတ်ကာ အမှီခိုကင်းရေးနဲ့ပတ်သက်လို့ မှန်ကန်တဲ့စိတ်ဓာတ်ကိုင်စွဲနိုင်အောင် ကြိုးစားပြင်ဆင်လာနိုင်ခဲ့ပါတယ်။

– ထိုစဉ် မတ်လ တော်လှန်ရေးဆင်နွှဲခဲ့ရာမှာ ပြည်သူလူထုကိုဖိနှိပ်တဲ့ ဖောက်ပြန်တဲ့အစိုးရကို တိုက်ခိုက်ဖြိုဖျက်ကာ အမျိုးသားအသီးသီ တန်းတူညီမျှပြီး သွေးစည်းညီညွတ်စွာနဲ့ သာယာဝပြောစည်ပင်တဲ့ တိုင်းပြည်ထူထောင်နိုင်ရေးကိုအာမခံတဲ့ ပြည်သူ့ဒီမိုကရေစီအစိုးရတရပ် ထူထောင်ရေးဆိုတဲ့အချက်ဟာ ၃၂၈ စိတ်ဓတ်ဖြစ်သလို မျှော်မှန်းချက်အဖြစ်လည်း ပါဝင်ခဲ့ပါတယ်။

– နိုင်ငံတကာ စိတ်ဓာတ်

ရန်သူဖဆပလအစိုးရက သတင်းလွတ်လပ်ခွင့်ကိုရိုက်ချိုးပြီး သတင်းစာ ဂျာနယ် ပုံနှိပ်တိုက်များကို အကြမ်းဖက် ဖိနှိပ်နေစဉ်ကာလမှာ ပျဉ်းမနားညီလာခံကြီးကို ကျင်းပခဲ့ပါတယ်။ ဒီညီလာခံကြီးမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ အိမ်နီးနားချင်း ညီနောင်ကွန်မြူနစ်ပါတီများက ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။ ရန်သူက လက်နက်နဲ့ဖိနှိပ်ထားတဲ့အခြေအနေမှာကို လယ်သမားညီလာခံကြီးမှာ လယ်သမားထု သိန်းနဲ့ချီပြီး ညီလာခံကို တက်ရောက်လာကြတာမြင်ရတော့ ညီနောင်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်များက များစွာ ကျေနပ်အားရမှု ဖြစ်ကြပါတယ်။ ဒီလိုလူထုကို စည်းရုံးနိုင်စွမ်းရှိရင် အုပ်စိုးတဲ့ရန်သူက လက်နက်နဲ့ အကြမ်းဖက်ဖိနှိပ်လာတဲ့ အခြေအနေမှာ လက်နက်ကိုင်တုံ့ပြန်နိုင်တဲ့အခြေအနေရှိနေတယ်လို့ ညီနောင်ကွန်မြူနစ်ပါတီများက မှတ်ချက်ပြုကြပါတယ်။ တကယ်ပဲ ၄၈ ခုနှစ် လက်နက်ကိုင်တော်လှန်ရေးပေါ်ပေါက်လာတဲ့အခါမှာ ဗမာပြည်ကွန်မြူနစ်ပါတီဟာ နိုင်ငံတကာ အဖိနှိပ်ခံပစ္စည်းမဲ့ပြည််သူများ ပစ္စည်းမဲ့ပါတီများရဲ့ နိုင်ငံတကာစိတ်ဓာတ်အရ ထောက်ခံအားပေးမှုကို ရရှိခဲ့သလို မိမိကိုယ်တိုင်လည်း ပစ္စည်းမဲ့နိုင်ငံတကာဝါဒစိတ်ဓာတ်ကို ခံယူကျင့်သုံးခဲ့ပါတယ်။

– အရာရာ ပြည်သူ့အကျိုးစီးပွားဦးထိပ်ပန်ရေး။ ဗမာပြည် အဖိနှိပ်ခံပြည်သူတွေရဲ့ လွတ်လပ်စွာဆန္ဒပြတိုက်ပွဲဝင်မှုတွေကို လက်နက်နဲ့ အကြမ်းဖက်ဖိနှိပ်မှု အရင်းခံအကြောင်းတရားပေါ်က ၄၈ ခုနှစ် ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတော်လှန်ရေးရဲ့ ရည်မှန်းချက်ဟာ အဖိနှိပ်ခံ သွေးစုပ်ခံ ပြည်သူတွေရဲ့ ဘဝလွတ်မြောက်ရေး စနစ်ဆိုးအားလုံးမှ လွတ်မြောက်ရေး ပြည်သူတရပ်လုံး ပြည်သူ့ဒီမိုကရေစီကို အပြည့်အဝ ခံစားခွင့်ရှိရေး ရည်မှန်းချက်များနဲ့ တော်လှန်ရေးဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ၃၂၈ စိတ်ဓာတ်ဟာ အရာရာ ပြည်သူ့အကျိုး ဦးထိပ်ပန်ရေးနဲ့ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ရေးစိတ်ဓာတ် ဖြစ်ပါတယ်။

ဒါတွေဟာ ၃၂၈ လက်နက်ကိုင်တော်လှန်ရေးရဲ့ အခြေခံစိတ်ဓာတ်များလို့ ဆိုနိုင်ပါလိမ့်မယ်။

၃၂၈ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးဟာ ဒီအခြေခံစိတ်ဓာတ်များကို ကိုင်စွဲပြီး မဆုတ်မနစ်တိုက်ပွဲဝင်ရင်းက ရေရှည်စစ်ပွဲကို ဇွဲနဘဲနဲ့ ဆင်နွှဲတဲ့ စိတ်ဓာတ်ကို ထပ်မံစိုက်ထူခဲ့ရပါတယ်။ ဒါ့အပြင် တော်လှန်ရေးအတွင်း အရာအထောင်သော တော်လှန်ရေးရဲဘော်များ ရေရှည်တော်လှန်ရေးအတွက် အသက်သွေး စွန့်လွှတ်သွားတဲ့အခြေအနေမှာ တော်လှန်ရေးသူရဲကောင်းဝါဒစိတ်နဲ့ ရဲသုံးရဲ စိတ်ဓာတ်ကို ထူထောင်လာခဲ့ရပါတယ်။

(ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သား PLA ရဲဘော်များသို့)

ရဲဘော်တို့-

၂၀၂၁ ခုနှစ်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကို ပြန်လည်ထူထောင်လိုက်တဲ့ ရဲဘော်တို့ဟာ ၁၉၄၈ ခုနှစ် တော်လှန်ရေးအမွေကို မျိုးဆက်သစ်များအဖြစ် လွှဲပြောင်းခံယူသူနဲ့ ၁၉၄၈ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ တော်လှန်ရေးအလံတော်ကို လက်ဆင့်ကမ်းသယ်ဆောင်သူများ ဖြစ်ကြပါတယ်။

ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးအတွင်းမှာ အရာအထောင်သော တော်လှန်ရေးသူရဲကောင်းအာဇာနည်များဟာ ပြည်သူလူထုအတွက် မွန်မြတ်လှတဲ့ မိမိတို့ရဲ့ အသက်သွေးကို ပေးလှူသွားပြီး ဂုဏ်ရောင်ပြောင်တဲ့ စံနမူနာများကို စိုက်ထူသွားကြပါပြီ။ ရဲဘော်တို့ခေတ်မှာလည်း တော်လှန်ရေးသူရဲကောင်းဝါဒ စိုက်ထူထားတဲ့ PLA ရဲဘော်များဟာ မိမိတို့အသက်သွေးများကို စွန့်လွှတ်ပြီး ပြည်သူ့အကျိုးကို မွန်မြတ်စွာ သည်ပိုးထမ်းရွက်သွားကြပါပြီ။

တဟုန်တည်း ချီတက်ကြဆိုတဲ့ အဓိပ္ပယ်ဟာ သန္နိဋ္ဌာန်ချ၊ သက်စွန့်ရမှာမကြောက်၊ အခက်အခဲကျော်လွှား အောင်ပွဲအရယူရေးစိတ်ဓာတ်နဲ့ တွေဝေယိမ်းယိုင်မှုမရှိဘဲ တော်လှန်ရေးကို ဆုံးခန်းတိုင်သည်အထိ မမှိတ်မသုန် ယုံကြည်ချက်နဲ့ ရှေ့ဆက်ချီတက် တိုက်ပွဲဝင်သွားရေးကို ဆိုလိုတာ ဖြစ်ပါတယ်။

ရဲဘော်တို့-

၃၂၈ စိတ်ဓာတ်နဲ့ တဟုန်တည်း ချီတက်တိုက်ခိုက်ကြ။

Leave a Reply

Your email address will not be published. Required fields are marked *