(၁၉၄၈ မတ်လ ၂၈ ရက် ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကြီးရဲ့ လတ်တလောအကြောင်းရင်းနဲ့ အရင်းခံ အကြောင်းရင်း)

By | August 12, 2024

(၁၉၄၈ မတ်လ ၂၈ ရက် ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကြီးရဲ့ လတ်တလောအကြောင်းရင်းနဲ့ အရင်းခံ အကြောင်းရင်း)

ဥဩချို

(ဗမာပြည် ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် အရေးတော်ပုံဂျာနယ်မှာ ဖော်ပြမယ့်ဆောင်းပါး)

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့သမိုင်းမှာ အရေးကြီးတဲ့အခန်းက ပါဝင်ခဲ့တဲ့ ၁၉၄၈ မတ်လ ၂၈ ရက် ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးဟာ ဘယ်လိုဖြစ်ပေါ်လာခဲ့သလဲ။ ဒါဟာ ဗမာပြည် ပြည်တွင်းစစ်ဘယ်လို ပေါက်ဖွားလာသလဲဆိုတာနဲ့ သဘောချင်းအတူတူပဲ။

တချို့က လွတ်လပ်ရေးအပေါ် အာဏာရ ဖဆပလအစိုးရနဲ့ ကွန်မြူနစ်ပါတီ သဘောကွဲလွဲပြီးမသင့်မြတ်လို့ လက်နက်ကိုင်တိုက်ကြပြီး ပြည်တွင်းစစ်ဖြစ်တယ်လို့ အပေါ်ယံရှုမြင်ရေးသားပြောဆိုနေကြတာ ရှိပါတယ်။ တချို့ကလည်း ဖဆပလ ဝန်ကြီးသခင်တင်ရဲ့မီးခွက်မှုတ်သတင်းကို သတင်းစာတွေထဲမှာထည့်ရာက အစ သခင်သန်းထွန်းက ကွန်မြူနစ်သတင်းစာတိုက်ကို လာဖျက်ဆီးရဲဖျက်ဆီးကြည့်၊ ဗားကရာချောက်ကို ဆိုရှယ်လစ်အရိုးတွေနဲ့ ဖို့ပစ်မယ်လို့ ကြိမ်းဝါးတာကြောင့် ပြည်တွင်းစစ်ဖြစ်တာလို့ ရေးသူကရေးကြပါတယ်။

ဒီလိုပြောဆိုရေးသားချက်တွေဟာ ၁၉၄၈ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကြီးရဲ့ နက်ရှိုင်းတဲ့အဓိပ္ပာယ်ရှိမှုကို ပေါ့တန်စေခဲ့တယ်။

၁၉၄၈ ခုနှစ် လက်နက်ကိုင်တော်လှန်ရေးဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းရင်းဟာ အလုပ်သမား၊ လယ်သမား အဖိနှိပ်ခံ ပြည်သူလူထုကြီးနဲ့ အုပ်စိုးသူ ဖဆလပအစိုးရတို့အကြားဖြစ်ပွားနေတဲ့ လူတန်းစားပဋိပက္ခကို အုပ်စိုးသူလူတန်းစားဘက်က လက်နက်နဲ့ စတင်ဖိနှိပ်လာလို့ အုပ်စိုးခံတွေဘက်က ရရာလက်နက်နဲ့ ခုခံတုံ့ပြန် တော်လှန်တိုက်ပွဲဝင်ရတဲ့ လက်နက်ကိုင်တော်လှန်ရေးကြီး ဖြစ်ပါတယ်။ ဒါကို လတ်တလောအကြောင်းရင်းနဲ့ အရင်းခံအကြောင်းရင်းဆိုပြီး ၂ ပိုင်းခွဲခြားကြည့်ရပါလိမ့်မယ်။

(လတ်တလော အကြောင်းရင်း)

ဖဆပလအစိုးရရဲ့ ဝန်ကြီးတဦးဖြစ်သူ သခင်တင်ဟာ နယ်လှည့်စည်းရုံးရေးဆင်းရင်း အရပ်သူ မကြင်စိန်ဆိုသူနဲ့ ဖောက်ပြန်မှားယွင်းတယ်။ ဒါဟာ ဝန်ကြီးရဲ့ မီးခွက်မှုတ်သတင်းဆိုပြီး သတင်းပေါက်ထွက်လာတယ်။ ဖဆပလ အစိုးရထဲက လက်ယာဆိုရှယ်လစ်ဂုဏ်းအုပ်စုက ဒီသတင်းကို ထည့်ရဲ့ထည့်ကြည့်လို့ ခြိမ်းခြောက်လာတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ကွန်မြူနစ်နေ့စဉ်သတင်းစာတိုက်က ထည့်မယ်လို့ ရဲဝံ့ပြတ်သားစွာဆုံးဖြတ်လိုက်တဲ့နောက်မှာ ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ဇနီး ဂျာနယ်ကျော်မမလေးရဲ့ သတင်းစာ-ဂျာနယ်တိုက်နဲ့ အခြား ထည့်ရဲတဲ့ သတင်းစာတိုက်တွေက ထည့်မယ်လို့သတ္တိရှိရှိ ဆုံးဖြတ်တယ်။ အဲဒီသတင်းကို ထည့်လိုက်တဲ့ ဂျာနယ်ကျော် ပုံနှိပ်တိုက်နဲ့ အခြားပုံနှိပ်တိုက်တချို့ကို ဖဆပလအစိုးရရဲ့ လက်ယာဆိုရှယ်လစ်ဂိုဏ်သားလူမိုက်တွေနဲ့ အရပ်ဝတ် စစ်သားပုလိပ်သားတွေက တုတ်၊ ဓား၊ ပုဆိန် လက်နက်တွေကိုင်စွဲပြီး သတင်းစာတိုက်ကို ဖျက်၊ ပုံနှိပ်စက်တွေ ရိုက်ချိုး၊ ခဲစာလုံးတွေကို လမ်းပေါ်သွန်ချ ထုချေဖျက်ဆီးတာတွေကို အကြမ်းဖက်လုပ်ဆောင်ခဲ့တယ်။ (သတင်းစာတိုက်များရဲ့ လွတ်လပ်ခွင့် ဒီမိုကရေစီအခွင့်အရေးကို အကြမ်းဖက်ဖိနှိပ်ခြင်း)

ဒီအခါ လယ်သမားတသိန်းကျော်တက်ရောက်တဲ့ ပျဉ်းမနားလယ်သမားညီလာခံကြီးအတွင်း ဥက္ကဋ္ဌ သခင်သန်းထွန်းက မိန့်ခွန်းပြောကြားရာမှာ “ကွန်မြူနစ်နေ့စဉ်သတင်းစာပုံနှိပ်တိုက်ကို ဆိုရှယ်လစ်လူမိုက်တွေ ဖျက်ဆီးရဲရင် လာကြည့်၊ ဗားကရာ ချောက်ကြီးကို ဆိုရှယ်လစ်အရိုးတွေနဲ့ ဖို့ပစ်မယ်” လို့ တုံ့ပြန်လိုက်တယ်။ ဒါဟာ လက်နက်နဲ့ အဓမ္မ ဖိနှိပ်လာရင် တုံ့ပြန်တိုက်ပွဲဝင်မယ်ဆိုတာ အတိအလင်းဖော်ပြလိုက်ခြင်း ဖြစ်တယ်။

ဖောက်ပြန်တဲ့ ဖဆပလအစိုးရဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ကွန်မြူနစ်နေ့စဉ်သတင်းစာနဲ့ ပြည်သူ့အာဏာ ဂျာနယ်ရဲ့ပုံနှိပ်တိုက်ကို လာရောက်ဖျက်ဆီးတာ မလုပ်ရဲတော့ပေမယ့် တမျိုးအကောက်ကြံကာ ဗမာပြည်ကွန်မြူနစ်ပါတီက လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ချမှတ်ထားတယ်ဆိုပြီး တကယ်အစစ်အမှန်မရှိတဲ့ ဂိုရှယ်စစ်တမ်းဆိုတာမျိုးနဲ့ စွပ်စွဲတိုက်ခိုက်တာ၊ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပါတီဌာနချုပ်ရုံးမှာ ကွန်မြူနစ်ပါတီရဲ့ တပ်ရင်းတရင်း လက်နက်အပြည့်အစုံနဲ့ခိုအောင်းနေတယ်လို့ မဟုတ်မမှန်စွပ်စွဲကာ ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်ရုံးနဲ့ အနယ်နယ်အရပ်ရပ်ကပါတီရုံးများကို လက်နက်ကိုင်တပ်သားများနဲ့ ဝင်ရောက်စီးနင်း၊ ကွန်မြူနစ်ပါတီဝင်တွေကို ဖမ််းဆီးသတ်ဖြတ်မှုတွေ ၁၉၄၈ မတ်လ ၂၈ ရက်နေ့မှာ စတင်ပြုလုပ်လာခဲ့တယ်။ ဒါဟာ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက် ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေးပေါက်ဖွားလာစေတဲ့ လတ်တလောအကြောင်းရင်းပါပဲ။ (လူထုအစည်းအဝေးများ ကျင်းပခွင့် ၊ လူထုငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ၊ ပါတီအသင်းအဖွဲ့များ လွတ်လပ်ခွင့် စသော ပြည်သူ့ဒီမိုကရေစီကို လက်နက်ကိုင်အကြမ်းဖက်မှုနဲ့ နှိမ်နင်းလာခြင်း။)

(ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးရဲ့ အရင်းခံအကြောင်းရင်း)

လွတ်လပ်ရေးတိုက်ပွဲ လမ်းခုလတ်မှာ ဗိုလ်အောင်ဆန်း လုပ်ကြံခံရတယ်။ ကွန်မြူနစ်ပါတီနဲ့ ဗိုလ်အောင်ဆန်းဦးစီးတဲ့ ဖဆပလ ပြန်လည်ညီညွတ်ရေး အတော်ခရီးပေါက်နေချိန် ဗိုလ်အောင်ဆန်း လုပ်ကြံခံလိုက်ရခြင်းဖြစ်တယ်။ ဗမာပြည်လွတ်လပ်ရေးကို နု-အက်တလီ နိုင်ငံရေးစာချုပ်၊ လက်ယာ – ဖရီးမင်း စစ်ရေးစာချုပ်၊ မြ – ခရွန်ဘီ စီးပွားရေးစာချုပ်ဆိုတဲ့ စာချုပ်သုံးရပ်နဲ့တုတ်နှောင်ပြီး ပေးခဲ့တာဖြစ်တယ်။ ဒါကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီက နိုင်ငံရေးအရလွတ်လပ်သော်ငြား စီးပွားရေးအရ မလွတ်လပ်ကြောင်း လွှတ်တော်ထဲအထိ အတိအလင်း ဝေဘန်ထောက်ပြနေတာ ဖြစ်တယ်။

နောက်တက်လာတဲ့ ဖဆဆိုရှယ်အစိုးရက (ဖဆပလ အမည်ဆက်ခံထားသော်လည်း ဦးကျော်ငြိမ်းဆိုရှယ်လစ်များက အုပ်စီးထားလို့) လိပ်-ကန် နယ်ချဲ့သမားအလိုကျ လုပ်ကြံဇာတ်လမ်းများဖန်တီးကာ ကွန်မြူနစ်ချေမှုန်းရေးကို အတိအလင်းလုပ်လာတယ်။ ဘုရားတကာ ဝန်ကြီးချုပ်ဦးနုကလည်း လူထုအောင်သံလို ဇာတ်လမ်းရုပ်ရှင်များ ဖန်တီးပြီး ဝန်းရံတယ်။

အဲဒီအချိန်(လွတ်လပ်ရေးရပြီးကာစ) က ဖောက်ပြန်တဲ့တဲ့ ဖဆပလအစိုးရဟာ နယ်ချဲ့ကို မှီခို၊ ပ‌ဒသေရာဇ်မြေရှင်စနစ်ကို ထိန်းသိမ်း၊ ဗြူရိုကရက် အရင်းရှင်စနစ်ကို ကြီးထွားအောင်လုပ်နေတဲ့ အစိုးရဖြစ်တယ်။ နယ်ချဲ့သမားအားကိုးနဲ့ ပြည်သူသူလူထုကို အဓမ္မ ဖိနှိပ်သွေးစုပ်ပြီး ကွန်မြူနစ်ဆန့်ကျင်ရေးနဲ့အတူ ပြည်သူ့ဆန့်ကျင်ရေးပါ လုပ်နေတဲ့ အစိုးရဖြစ်တယ်။ ဒါကို ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများတိုက်ရင်း ဖက်ဆစ်ဂျပန်တော်လှန်ရေးရေးဆင်နွှဲရင်းက နိုင်ငံရေးအသိစိတ်ဓာတ်တွေ မြင့်မားလာခဲ့တဲ့ ဗမာပြည်အဖိနှိပ်ခံပြည်သူလူထုတွေက မခံမရပ်နိုင်ဖြစ်လာကြတယ်။ မခံမရပ်နိုင်တဲ့ အနယ်နယ်အရပ်ရပ်မှလယ်သမားထုက လယ်လုပ်သူလယ်ပိုင်ရေးအပါအဝင် လယ်သမားအခွင့်အရေးတွေအတွက် တိုက်ပွဲဝင်တယ်။ ဖြူး၊ ပျဉ်းမနားစတဲ့ လယ်သမားအစည်းအဝေးများမှာ တက်ရောက်သူ သောင်းသိန်းချီ ရှိတယ်။ နုအက်တလီစာချုပ်ဖွင့်ချပွဲအစည်းအဝေးဟာ ရန်ကုန်မှာပင် လူထု နှစ်သောင်းလောက်တက်တယ်။ ရန်ကုန်မြို့ပေါ်က စက်ရုံအလုပ်ရုံက အလုပ်သမားတွေနဲ့ ကုန်တင်ကုန်ချအလုပ်သမားတွေက အလုပ်သမားထုရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်တယ်။ မြို့နေဆင်းရဲသားတွေနဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုဆန္ဒပြမှု၊ အမှုထမ်းတွေရဲ့တိုက်ပွဲဟာ ပိုမိုပြင်းထန်လာတယ်။ ထိုစဉ်က အဖိနှိပ်ခံပြည်သူလူထုအားလုံးဟာ ဒီမိုကရေစီဘောင်အတွင်းကက သပိတ်တိုက်ပွဲတွေ၊ ဆန္ဒပြပွဲတွေနဲ့ ဆက်တိုက်ခဲ့ တိုက်ပွဲဝင်ခဲ့တာပဲ။ ဦးနု ဖဆပလအစိုးရက ပြင်းပြင်းထန်ထန်နှိပ်ကွပ်ပေမယ့်လူထုတိုက်ပွဲများဟာ ငြိမ်သွားတယ်လို့မရှိ၊ တိုးတိုးပြီး တိုက်ပွဲဆင်လာကြတဲ့အခြေအနေဖြစ်တယ်။

ဒီလို ကြီးထွားလာနေတဲ့ အဖိနှိပ်ခံပြည်သူလူထုရဲ့အုံကြွမှုဟာ လွတ်လပ်ရေးမရခင်က ၄၆ ခုနှစ်တုန်းက ကိုလိုနီအုပ်စိုးသူတွေ ထိတ်လန့်သွားစေခဲ့တဲ့ အထွေထွေသပိတ်ကြီးလို ပေါက်ကွဲဖြစ်ပေါ်လာတော့မယ့်အလားအလာကို မြင်တွေ့လာရတယ်။

(၁၉၄၆ ခုနှစ် လူထုအုံကြွမှု ဒီရေမြင့်သစ်ဟာ ကိုလိုနီအစိုးရရဲ့ပုလိပ်တွေကအစ အလုပ်သမား လယ်သမား၊ ကျောင်းသားနဲ့ အမှုထမ်းစတဲ့ လူတန်းစားပေါင်းစုံ လူမျိုးပေါင်းစုံ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်တဲ့ အထွေထွေသပိတ်ကြီးပါ။ နယ်ချဲ့အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကြီးတခုလုံး သွက်ချာပါဒလိုက်သွားစေတဲ့ ဒီသပိတ်ကြီးကို ထိပ်တိုက်ရင်ဆိုင်ရတဲ့ ကိုလိုနီအုပ်စိုးသူတွေနဲ့ နယ်ချဲ့အလိုတော်ရိတွေဟာ သူတို့ရင်ဆိုင်ရတဲ့ အဖိနှိပ်ခံပြည်သူလူထုကြီးရဲ့ အင်အားနဲ့စွမ်းအားကို မျက်မြင်တွေ့ရှိရတဲ့အခါမှာ မျက်လုံးပြူးပြီး ထိတ်လန့်စိုးရိမ်မှု ဖြစ်ကြပါတယ်။ ကိုလိုနီနယ်ချဲ့သမားတွေကို ဗမာပြည်လွတ်လပ်ရေးအတွက်တောင်းဆိုရာမှာ ဗိုလ်ချုပ်အောင်ဆန်းက “ရရင်ရ မရရင်ချ”လို့ ကြွေးကြော်ရဲတာကလည်း ဒီလူထုအင်အားအရှိန်အဟုန်ကြီးမားမှုကိုအားကိုးပြီးပြောခဲ့တာ ဖြစ်ပါတယ်။ ဒီလူထုအရှိန်အဟုန်ကြီးမားပြီး နိုင်ငံရေးအသိစိတ်ဓာတ်၊ ကိုလိုနီဆန့်ကျင်ရေးအသိစိတ်ဓာတ်နဲ့ လုံးဝလွတ်လပ်ရေးအသိစိတ်ဓာတ်မြင့်မားနေခြင်းဟာလည်း ဖဆပလထဲမှာ ဦးဆောင်မှုအခန်းမှာရှိနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ စည်းရုံးနိုင်စွမ်းနဲ့ နိုင်ငံရေးဩဇာမြင့်မားနေလို့ ဖြစ်ပါတယ်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးအောင်ပွဲအရှိန်နဲ့ ပါတီရဲ့ ဂုဏ်သိက္ခာမြင့်မားနေသလို လူထုကြီးဟာလည်း ဂျပန်တော်လှန်ရေးအောင်ပွဲခံစိတ်နဲ့ စိတ်ဓာတ်တွေတက်ကြွမြင့်မားနေလို့လည်း ဖြစ်ပါတယ်။)

လွတ်လပ်ရေးရပြီးစ ၁၉၄၈ မှာ အုပ်စိုးသူနေရာရောက်နေတဲ့ ဖောက်ပြန်တဲ့ ဖဆပလအစိုးရဟာလည်း ၄၆ အထွေထွေအုံကြွမှုကြီးကဲ့သို့ ပေါက်ကွဲလုနီးနီးဖြစ်ပွားနေတဲ့ ပြည်သူလူထုကြီးရဲ့ ဆန့်ကျင်အုံကြွလာမှုကို ကြောက်လန့်လာတယ်။ နှိမ်နင်းဖို့ ကြံစည်လာတယ်။

ရှေးဦးစွာ ငြိမ်းချမ်းစွာတိုက်ပွဲဝင်နေတဲ့ အဖိနှိပ်ခံပြည်သူ့လှုပ်ရှားမှုကိုဖြိုခွဲရာမှာ ပြည်သူလူထုနဲ့ တသားတည်း မားမားမတ်မတ်ရပ်တည်ပြီး ရှေ့တန်းကနေခေါင်းဆောင်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို အရင်ဆုံးစတင်ဖြိုခွဲဖို့ ပဲ။ ဒါဟာ ပြည်သူလူထုရဲ့တိုက်ပွဲဝင်မှုကို ဖိနှိပ်မှုကျင့်သုံးရာမှာ ဂေါင်(ခေါင်) အရင်ဖြိုရေး ပေါ်လစီပဲ။ ဒါကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီကိုဖြိုခွဲရေးနဲ့အတူ သတင်းစာ၊ ဂျာနယ်တိုက် စတဲ့ မီဒီယာတွေရဲ့ ဒီမိုကရေစီကို ပိတ်ပင်ဟန့်တားရေး၊ လွတ်လပ်စွာ အဖွဲ့အစည်းအသင်းအပင်းဖွဲ့စည်းခွင့်ကို ဟန့်တားပိတ်ပင်ရေး၊ ပြည်သူလူထုရဲ့ လွတ်လပ်စွာစုဝေးခွင့် ဆန္ဒပြခွင့် စတဲ့ ဒီမိုကရေစီကို သင်းသတ်ရိုက်ချိုးရေးခြေလှမ်းတွေကို စတင်ကြံစည်လုပ်ဆောင်လာတဲ့အခြေအနေ ဖြစ်တယ်။

ချုပ်လိုက်ရင် ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရတာဟာ ရန်သူက ပြည်သူ့လူထုရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို လက်နက်ကိုင်အကြမ်းဖက်ဖိနှိပ်ဖြိုခွဲလို့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အဖိနှိပ်ခံပြည်သူလူထုကြီးက လက်နက်ကိုင်ခုခံပြီး တုံ့ပြန်ဆင်နွှဲရတဲ့တော်လှန်ရေးဖြစ်တယ်။ ဖောက်ပြန်တဲ့ ဖဆပလ ဖောက်ပြန်ရေးအစိုးရနဲ့ အဖိနှိပ်ခံပြည်သူလူထုကြီးကြားက လူတန်းစားပဋိပက္ခဟာ လူတန်းစားတိုက်ပွဲရဲ့အမြင့်ဆုံးအဆင့် လက်နက်ကိုင်တိုက်ပွဲအဆင့်သို့ တက်လှမ်းသွားခြင်း ဖြစ်တယ်။ တနည်းအားဖြင့် ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက် ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးဟာ ဗမာပြည်က ဖောက်ပြန်တဲ့ ဖဆပလအစိုးရရဲ့ မတရားဖိနှိပ်မှုကို ဆန့်ကျင်တိုက်ပွဲဝင်တဲ့ ပြည်သူလူထုရဲ့ အုံကြွမှုအတွင်းမှ ပေါက်ဖွား ပေါ်ထွက်လာခဲ့ခြင်းသာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *