အာဏာကိုလက်မလွှတ်ဘူးလို့ စစ်အုပ်စုကကြေညာပြန်တဲ့ဥပဒေ

By | February 21, 2024

အာဏာကိုလက်မလွှတ်ဘူးလို့ စစ်အုပ်စုကကြေညာပြန်တဲ့ဥပဒေ

ရဲဘော်ဖိုးသံချောင်း

တပြည်လုံးအနှံ့ဖြစ်ပွားနေတဲ့ စစ်မြေပြင်တွေမှာ အရှုံးနဲ့ချည့်ရင်ဆိုင်နေရတဲ့ မအလတို့ရဲ့စစ်အုပ်စုဟာ သူတို့တတွေနှာခေါင်းကျည်ပွေ့တွေ့နေတာတွေ သက်သာလိုသက်သာငြား အကောက်ကြံလိုက်ပြန်ပါပြီ။ အဲဒါကတော့ သူတိုစစ်အာဏာရှင်တွေကထုတ်ပြန်မယ်လုပ်ပြီးမှ ပြည်သူလူထုရဲ့တခဲနက်ဆန့်ကျင်မှုကြောင့်ပြန်သိမ်းထားရပြီး တနေ့ကမှကြေညာလိုက်တဲ့ “စစ်မှု မထမ်းမနေရဥပဒေ” ဆိုတာကြီးပါပဲ။ သူတို့အာဏာတည်မြဲရေးမှာ အဓိကအကျဆုံးလက်နက်လည်းဖြစ်၊ ဓနစုဆောင်းရာလမ်းလည်းဖြစ်တဲ့ပြည်တွင်းစစ်မှာ အိမ်ကြက်ချင်းအိုးမည်းသုတ်ခွပ်ခိုင်းတဲ့၊ အကောက်ဉာဏ်တမျိုး ထပ်ဆင်လိုက်တာသာဖြစ်ပါတယ်။ ဗိုလ်သန်းရွှေနာမည်နဲ့ထုတ်ခဲ့တဲ့ ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ၊ ၄ရက် နေ့ နေ့စွဲတပ်ထားတဲ့ အဲဒီအမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၁၀ဆိုတာကြီးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၁၀ရက်နေ့မှာပဲ စတင်အာဏာတည်စေရမယ်လို့ ဗိုလ်မင်းအောင်လှိုင်က အာဏာရှင်လေသံ အပြည့်နဲ့ ပြန်အသက်သွင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီလို အာဏာရှင်လေသံနဲ့ ထုတ်ပြန်လိုက်ပေမယ့် ဒီနေ့လို တော်လှန်ခေတ်မှာ ဒီဥပဒေရဲ့အာဏာစက်ဟာ သူတို့မျှော်မှန်းသလို အပြည့်အဝသက်ရောက်မှာ မဟုတ်ဘူးဆိုတဲ့အချက်ကလည်း အတော်သေချာနေပါတယ်။ ဘာလို့လဲဆိုတော့ မျက်မှောက်မှာ ဗိုလ်မင်းအောင်လှိုင်နဲ့သူတို့စစ်အုပ်စုရဲ့ အာဏာစက်ဖြန့်ကျက်ရာနေရာ အတော်များများဟာ အာဏာစက်ပျက်တဲ့နေရာပျက် ပြယ်တဲ့နေရာပြယ်ဖြစ်နေလို့ပါပဲ။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းသိမ်းအုပ်ချုပ်ထားရာနေရာတွေမှာ ဒီဥပဒေဟာ ဘယ်လိုမှ အာဏာတည်စရာအကြောင်းမရှိတဲ့အပြင် အဲဒီဒေသက တိုင်းရင်းသားပြည်သူတွေအနေနဲ့ကတော့ ဒီဥပဒေကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် သဘောထားနေကြမှာ မဟုတ်ပါဘူး။ စစ်ကောင်စီ ဆက်လက်လွှမ်းမိုးချုပ်ကိုင်ထားနိုင်သေးတဲ့ နေရာဒေသတွေက ပြည်သူတွေကလည်း ဒီဖက်ဆစ် စစ်မှုထမ်းဥပဒေကို နည်းလမ်းမျိုးစုံရှာပြီး ဆန့်ကျင်တိုက်ပွဲဝင်သွားကြလိမ့်မယ်ဆိုတာကလည်း မြေကြီးလက်ခတ် မလွဲပါ။

မအလတို့စစ်ကောင်စီအကြောင်း နောကျေနေတဲ့ ဗမာပြည်သားတဦးအနေနဲ့ဆိုရင် မင်းအောင်လှိုင်တို့ရဲ့တပ်တွေ တိုင်းပြည်တခွင် စစ်မြေပြင်တွေမှာ အရှုံးနဲ့ချည့်ရင်ဆိုင်နေရပြီး စစ်သားမလုံလောက်တော့လို့ ဂဠုန်ဆားချက်လိုက်တာပဲလို့ တန်းခနဲသဘောပေါက်နားလည်ကြပါတယ်။ နဖူးကွဲဒူးပြဲနဲ့ သွေးစိမ်းရှင်ရှင် တသွင်သွင်စီးထွက်နေတဲ့ကြေးစားစစ်သားတွေ၊ လက်နက်ချပြီးရင်းချနေကြတဲ့ စစ်သားစစ်ဗိုလ်တွေကိုကြည့်ပြီး ဒီတိုင်းပြည်ကလူတွေ စစ်ထဲမဝင်ချင်ကြတာ ဘာဆန်းတာမှတ်လို့။ ဒါကိုဥပဒေနဲ့၊ ပြစ်ဒဏ်နဲ့ ဖိအားပေးမောင်းသွင်းကြတာကတော့ စစ်အာဏာရှင်ပီပလေတယ်လို့ ဆိုရယုံမှတပါး အခြားမရှိပါပဲ။

နောင်ဆိုရင် စစ်မြေပြင်မှာ သေနတ်မောင်းဆွဲမယ်လို့ကြံလိုက်တိုင်း တဖက်တပ်ဖွဲ့မှာ ငါ့ညီ၊ ငါ့သားများပါနေလေမလားလို့ အတွေးပေါ်ကြတော့မှာပါ။ ကျွန်တော်တက္ကသိုလ်ကျောင်းသားဘ၀တုန်းက ကျက်ဖူးတဲ့၊ အလွတ်ရဖူးတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေထဲက ပြည်တွင်းငြိမ်းချမ်းရေးသီချင်းတပုဒ်မှာပါတဲ့ “ညီနောင်ချင်းခင်းတဲ့ စစ်တလင်းမြေ၊ ကျည်ဆန်ယမ်းငွေ့တလူလူဝေ”ဆိုတဲ့အချပိုင်းကို ပြန်သတိရ၊ ကြားယောင်နေမိပါတယ်။ (တပါတည်းမှာအဲဒီလိုသီချင်းတွေကိုဆိုခဲ့၊ သီခဲ့ကြတဲ့ ဒေါ် မာမာအေးတို့တတွေကိုလည်းပြန်သတိရမိပါတယ်)

တဖက်မှာ ငြိမ်းချမ်းရေးလေသံတွေလွှင့်နေပြီး တဖက်မှာတော့ တပ်အင်အားဖြည့်တင်းဖို့ အကြံပုပ်၊ ဉာဏ်ယုတ်တွေထုတ်နေတာဟာ စစ်အုပ်စုရဲ့သဘာဝကိုဖော်ပြတာပဲဖြစ်ပါတယ်။ ဒါဟာ သူတို့တတွေ သူတို့အာဏာတည်မြဲရေးတွက်ဆိုရင် ဘယ်သူ့ကို မဆို စတေးမှာပဲဆိုတာ ပို-ပိုထင်ရှားလာစေတဲ့သာဓကတခုသာ ဖြစ်ပါတယ်။ ဒီခေတ်စကား နဲ့ အလွယ်ဆုံးပြောရရင်တော့ ဒါဟာလူသားဒိုင်းတမျိုးသာဖြစ်ပါတယ်။ စစ်အုပ်စုအဖို့ပြောရရင် ဒီဥပဒေပြဋ္ဌာန်းလိုက်တဲ့အတွက် သူတို့အဖို့ကြေးစားစစ်သား ရေသောက်မြစ်ကြီးတခု ပိုင်ပိုင်နိုင်နိုင်ရသွားတယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ဒီနေ့လိုစစ်အုပ်စုရဲ့ဗိုလ်ချုပ်တွေတောင် အုံနဲ့ကျင်းနဲ့လက်နက်ချနေကြတဲ့ စစ်ပွဲတွေမှာ ဒီမတတ်သာလို့စစ်ထဲလိုက်ရတဲ့ တပ်သားသစ်တွေဟာ တစ်ဘက်က သူတို့ရဲ့ညီနောင်သွေးချင်းတွေဆီကို လက်နက်ပေးပြီးကူးပြောင်းတာမျိုးတွေ ပိုများမလာနိုင်ဘူးလားဆိုတာကော စစ်အုပ်စုထိပ်သီးတွေတွေးမိပါရဲ့လား။ ကိုယ့်အတွက်အငှားဗိုက်နဲ့ဓားထိုးခံဖို့ သာစဉ်းစားထားတဲ့ စစ်အုပ်စုထိပ်သီးတွေအနေနဲ့ အခုတပ်ဆင်ပေးလိုက်ရမယ့် သေနတ်ပြောင်းတွေဟာ သူတို့ဘက်ကိုပြန်လှည့်လာမှာလည်း တွေးထားကြသင့်ပါတယ်။ ကနေ့ခါမှာ သူတို့တတွေစစ်သားစုဆောင်းလို့မရ၊ လက်နက်ချတာတွေ တားဆီးလို့မရဖြစ်နေတာရဲ့ အကြောင်းရင်းကိုသူတို့ သဘောမပေါက်နိုင်ဘူးဆိုတာရှင်းနေပါတယ်။

ဗမာပြည်သမိုင်းမှာ ဘယ်ခါကနဲ့မှမတူအောင် စီဒီအမ်(CDM) တွေ၊ စစ်အုပ်စုနဲ့စစ်တပ်ကို နာကြည်းမုန်းတီးကြ စွန့်ခွာကြ ခုခံတော်လှန်ကြသူတွေများနေတဲ့ခေတ်မှာ ဒီလိုဥပဒေထုတ်ဆွဲခေါ်ထားတဲ့ ဒီတပ်သားသစ်တွေဟာ စစ်အုပ်စုထိပ်သီးနဲ့ဆွေမျိုးတွေ၊ ခရိုနီတွေအတွက် အသေခံတိုက်ကြပါ့မလာ။ အဲဒီလောက်ဘယ်သူမှ မညံ့ဘူးထင်ပါတယ်။

မအလတို့ဒီလိုလုပ်ကြတာရဲ့ ဖြစ်နိုင်ချေအကြောင်းရင်းတွေထဲမှာ သူတို့တပ်တွေထဲကို သာမန်နိုင်ငံသားတွေရဲ့သားသမီးတွေပါလာမှာမို့ သာမန်ပြည်သူမိဘရဲ့ထောက်ခံမှုတွေ ပိုရလိမ့်မယ်လို့တွက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ကိုယ့်လင်ကိုယ့်သားတွေအသတ် ခံရ၊ အိမ်တွေမီးရှို့ခံရ၊ အိုးပစ်အိမ်ပစ်ထွက်ပြေးနေကြရတဲ့လူတွေရဲ့ရင်ထဲက စစ်အစိုးရ၊ စစ်အုပ်စုအပေါ် နာကြည်းချက်ဟာ သူတို့သေတပန်သက်တဆုံး တည်ရှိနေတော့မယ်ဆိုတာကို စစ်အာဏာရှင်တွေ မစဉ်းစားတတ်တာ ဆန်းတော့မဆန်းပါဘူး။ စစ်အုပ်စုရဲ့အခြေအနေမှန်ကိုသိနေတဲ့ တကမ္ဘာလုံးကို အခုလို မျက်နှာပြောင်တိုက် စစ်သားဆွဲနေရတဲ့ဘ၀က စစ်အုပ်စုတွေလွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အိမ်နီးနားချင်းများအပါ၊ ပြည်ပအစိုးရတွေက နားချတာတွေကို ပေယျလကန်ပြုတာ သူတို့ဘယ်လောက်ကြာကြာလုပ်နိုင်ကြမှာလဲ။ ဗိုလ်မင်းအောင်လှိုင်တို့ဟာ နောင်ပေါ်လာကောင်းပေါ်လာဦးမယ့် စစ်အာဏာရှင်အဆက်ဆက်ကို သင်ခန်းစာတွေပေးကြလိမ့်မယ်လို့ပဲ စောင့်ကြည့်ရတော့မှာပါပဲ။

ရဲဘော်ဖိုးသံချောင်း

——

Leave a Reply

Your email address will not be published. Required fields are marked *