အသက်(၁၀၀)ပြည့်သွားပြီးဖြစ်တဲ့ လေထီးဆင်းရဲဘော်ကြီး။လှကျော်ဇော
ဗမာပြည်လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲဖြစ်စဉ်အတွင်း နိုင်ငံခြားသို့ ထွက်ပြီး အကူအညီရှာဖွေတဲ့ လူငယ်အုပ်စု(၂)ဖွဲ့ရှိခဲ့ပါတယ်။ အမိ ဗမာပြည်ကြီးလွတ်လပ်ရေးရဖို့ဆိုတဲ့တခုတည်းသောရည်မှန်းချက်အောက်မှာ လှုပ်ရှားခဲ့ကြပြီး အရှေ့ထွက်သူများက ဂျပန်ရောက်သွားပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ရဲဘော်သုံးကျိပ်ဝင်များဖြစ်လာခဲ့ကြပါတယ်။ အနောက်ထွက်သူများကတော့ဦးသိန်းဖေမြင့်ဦးဆောင်တဲ့ လေးထီးဆင်းရဲဘော်များဖြစ်လာကာ ဗမာပြည်ရဲ့ခေတ်သစ်သမိုင်းမှာ သူရဲကောင်းများအဖြစ်ထင်ရှားခဲ့ကြပါတယ်။
အခု၂၀၂၁ မှာတော့ ရဲဘော်သုံးကျိပ်ဝင်အားလုံး မရှိကြတော့ပါဘူး။ ကွယ်လွန်ကုန်ကြပါပြီ။ လေထီးဆင်းတွေထဲမှာလည်း မကျန်သလောက်ပါ။ ဒီထဲကမှ ရှားရှားပါးပါး တရုတ်ပြည်မှာရောက်ရှိနေတဲ့ လေထီးဆင်းရဲဘော် (ဦး)ကိုကိုကြီးကိုတော့ အသက်(၁၀၀)ပြည့်မွေးနေ့ပွဲကို ကူမင်းမှာ ဗမာပြည်ပေါက်တရုတ်လူမျိုးများ(ဝှာချောင်အဖွဲ့)က၂၀၂၁ အောက်တိုဘာလ ၁၄ ရက်နေ့(တရုတ်ရိုးရာ သက်ကြီးရွယ်အိုများနေ့)က ခမ်းနားစွာ ကျင်းပပေးခဲ့ပါတယ်။
ဗမာပြည်မှာ ရဲဘော်သုံးကျိပ်အကြောင်းကတော့ တစုံတရာ လူသိများပုံရပေမယ့် လေထီးဆင်းရဲဘော်များအကြောင်းကတော့ နည်းနည်း တိမ်မြုပ်နေပါတယ်။ အားလုံးလောက်နီးနီးကလည်း ကွန်မြူနစ်တွေဖြစ်နေတာကိုး။ အဲဒီထဲကမှ ပုံဝတ္တုတွေထဲကထက် ထူးခြားဆန်းကျယ်တဲ့ တကယ့်အဖြစ်အပျက်တွေကလည်း ရှိနေပါတယ်။ ဖဆပလခေတ်မှာ သမ္မတမန်းဝင်းမောင်က သူနဲ့လေထီးဆင်းဖက် (သေဒဏ် အမိန့်ချမှတ်ခံထားရတဲ့ ဗကပဗဟိုကော်မတီဝင်) ဗိုလ်မှူးချစ်ကောင်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့ အဖြစ်အပျက်မျိုးပေါ့။ ဒါ့အပြင် လေထီးဆင်း ဗိုလ်အုန်းမောင်ရဲ့ ကိုယ်တွေ့အဖြစ်အပျက် ဆောင်းပါးဆက်တွေ၊ စတဲ့ သူရဲကောင်းပုံပြင်တွေလည်း တပိုင်းတစထွက်လာတာတွေလည်းတွေ့ရပါတယ်။
အဲဒီလေထီးရဲဘော်တွေကရေးသားခဲ့တဲ့ ဂန္ထဝင်စာအုပ်များ (ဗိုလ်မှူးချစ်ကောင်းရဲ့အနှစ်နှစ်ဆယ်၊ အောင်ထွန်း(ဗိုလ်မှူးချစ်ကောင်း) ရဲ့ သိန်းဖေစခန်းမှ သန်းထွန်းစခန်းသို့၊ ဗိုလ်အုန်းမောင်ရဲ့အနှစ်(၅၀)ကြာပြီးသောအခါ၊စတဲ့)၊ ရဲဘော်ဖေသောင်းရဲ့ (လျှောက်ခဲ့တဲ့ နိုင်ငံရေးခရီး- ပြန်ပြောင်းသတိရချက်) စာအုပ်တွေဟာလည်း ဗမာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအတွက် အဖိုးတန်စာအုပ်များအဖြစ်ဗမာပြည်သူလူထု(အထူးသဖြင့်လက်ဝဲယိမ်းသူများ)ကသတ်မှတ်ခဲ့ကြပါတယ်။ ကျန်နယ်ပယ်အသီးသီးကိုရောက်ရှိသွားကြတဲ့ လေထီးဆင်းရဲဘော်အုပ်များလည်းရှိပါသေးတယ်။ သူတို့တတွေရဲ့သမိုင်းကြောင်းများလည်း ဟိုတစသည်တစတွေ့ရပါတယ်။
အဲသလို ဗမာပြည်တွင်းတကွဲတပြားစီဖြစ်သွားကြတဲ့ သူများအနက်မှ ထူးထူးခြားခြား တရုတ်ပြည်ကို လေထီးဆင်းတယောက် ရောက်ရှိလာခဲ့ပါတယ်။ အဲဒီရဲဘော်က ကိုကိုကြီးတဲ့။ သူကဂျပန်တော်လှန်ရေးအပြီး (၁၉၄၅နောက်ပိုင်း) တရုတ်ပြည်ကွန်မြူနစ်ပါတီနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီတို့အဆက်အသွယ်ရရှိရေးအတွက် တရုတ်ပြည် ယူနန်ပြည်နယ် ကိုရောက်လာခဲ့တာပါ။ တရုတ်ပြည်မှာကလည်း အဲဒီ ကာလက ပြည်တွင်းစစ်အပြင်းအထန်ဖြစ်နေပြီး အခြေအနေကရှုပ်ထွေးနေပါတယ်။ ဒီမှာတင် အဆက်အသွယ်တွေပြတ်တောက်ပြီး ကူမင်းက နိုင်ငံရပ်ခြားတရုတ်လူမျိုးများအသင်း(ဝှာချောင်အသင်း)မှာသောင်တင်ပါတော့တယ်။ ဘယ်နိုင်ငံကမဆို ပြန်လာတဲ့တရုတ်လူမျိုးများကဒီအသင်းမှာ-ကိုယ်ရေးရာဇဝင်အပြည့်အစုံနဲ့ မှတ်ပုံတင်ရပါတယ်။ အသင်းက စာသင်ချင်တဲ့သူစာသင်ပေး၊ အလုပ်လုပ်နိုင်သူအလုပ်ရှာပေး၊ ဆွေမျိုးတွေကို တဆင့်ရှာချင်သူရှာပေး၊ စတဲ့ဝန်ဆောင်မှုတွေလုပ်ပေးပါတယ်။
ဒီလိုနဲ့ ယဉ်ကျေးမှုတော်လှန်ရေးကြီး ၁၉၆၆ မှာစပေါ်လာတော့ ရဲဘော်ကိုကိုကြီးတယောက်ဒုက္ခရောက်ပါတော့တယ်။ အိန္ဒိယသွားပီး အင်္ဂလိပ်တပ်ကိုဆက်သွယ်ရတာ၊ အဲဒီမှာပဲလေထီးသင်တန်းတက်ရတာ၊ ဗမာပြည်ကို လေထီးဆင်းပြန်လာရတာ၊–စတဲ့စတဲ့သမိုင်းကြောင်းတွေကြောင့် အင်္ဂလိပ်သူလျှိုဖြစ်နိုင်တယ်ဆိုတဲ့ပြစ်ချက်နဲ့ဖမ်းဆီးပြီး ထောင်ချထားပါတယ်။ ဒီသတင်းကို ဥက္ကဋ္ဌသခင်ဗသိန်းတင်ကြားတော့–မဟုတ်ပါဘူး။ ဂျပန်တော်လှန်ရေးအတွက် အင်္ဂလိပ်ဆီကလက်နက်ရဖို့သွားတာ၊ ကျွန်တော်တို့ပါတီကလွှတ်တာပါ-လို့အဲဒီအချိန်က တရုတ်ဝန်ကြီးချုပ်ချိုအင်လိုင်းကိုပြောပြီး အာမခံပေးမှလွတ်လာရုံမက၊ ကူမင်းကနိုင်ငံခြားရေးရုံးမှာပဲ အလုပ်ပြန်ရပါတယ်။ အငြိမ်းစားယူချိန်ရောက်တော့လည်း ဂျပန်တော်လှန်ရေးမှာပါခဲ့တဲ့ တပ်နီတော်ရဲဘော်ဟောင်းကြီးများကိုပေးတဲ့ အထူးပင်စင်ရရှိလိုက်ပါတော့တယ်။
သူ့အပေါ် ပါတီက ဒီလိုရပ်ခံခဲ့သလို ဦးကိုကိုကြီးကလည်း ဥက္ကဋ္ဌကိုရော၊ ဗမာပြည်ကွန်မြူနစ်ပါတီကရဲဘော်များကိုရော သံယောဇဉ်လည်း ကြီးရှာပါတယ်။ ၁၉၉၀ ကျွန်မတို့တတွေ ကူမင်းရောက်လာတော့ သူပင်စင်ယူထားပါပြီ။ ရောက်တယ်ကြားတာနဲ့ ကျွန်မတိုဆီရောက်လာပြီး အားပေးစကား ပြော၊ သူကူညီနိုင်တာကူညီနဲ့ သိပ်အဆက်မပြတ်လှပါဘူး။ ဒါ့အပြင် ကျွန်မတို့ဆီမှာကလည်း လေထီးဆင်းတယောက်ရှိတယ်လေ။ ၈၁၅စစ်ဒေသ(အခုအထူးဒေသ(၄))က နိုင်ငံရေးမှူးရဲဘော်ဖေသောင်း(ဗမာပြည်ကွန်မြူနစ်ပါတီ- ပါတီဗဟိုကော်မတီဝင်နဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်)ပါ။ သူတို့နှစ်ယောက်ဆုံမိရင်ရှေးဟောင်းနှောင်းဖြစ်တွေပြောကြနဲ့၊ စကားဝိုင်းတွေက စည်ကားလှတယ်။ ကျွန်မကသခင်တင်မြရဲ့ဘုံဘဝမှာဖြင့်-ထဲက ဖတ်မိထားတာတခုရှိတယ်။လေထီးဆင်းတွေအကြောင်းဖော်ပြထားတာမှာ–မောင်သန်း(သခင်ဗိုလ်ရဲ့တူ၊ယခုတရုတ်ပြည်ရောက်) ဆိုတာတွေ့ထားပါတယ်။ ဒီတော့ အဲဒီမောင်သန်း ဆိုတာ ဦးကိုကိုကြီးလား လို့ ဦးကိုကိုကြီးကို ကျွန်မကမေးကြည့်တော့ ဟုတ်တယ်-တဲ့၊ သခင်ဗိုလ်နဲ့လည်း တူဝရီး တဲ့။ ဒါ့အပြင်သူဆက်ပြောတာရှိသေးတယ်။ သခင်ဗိုလ်လေယဉ်ပျက်ကျတာ အင်္ဂလိပ်လက်ချက်လို့သူတို့တတွေ အဲဒီတုန်းက သံသယရှိခဲ့တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သခင်ဗိုလ်က ဗမာပြည်ကွန်မြူနစ်ပါတီဖွဲ့စည်းစဉ်(၁၉၃၉သြဂုတ်(၁၅))ကတည်းက ပါတီတည်ထောင်သူ အဖွဲ့ဝင်တဦးအဖြစ် ပါခဲ့သူဖြစ်လို့- တဲ့။ ဦးကိုကိုကြီးက ကျန်းမာရေးအတော်ကောင်းပုံရပါတယ်။ ကျွန်မတို့ဆီက ရဲဘော်ကြီးတွေ နာရေးသတင်းကြားရင် သူ့စက်တပ်စက်ဘီးလေးနဲ့ ပေါက်ချလာတတ်ပါတယ်။ သူ့ဇနီးဆုံးပြီးသူကိုယ်တိုင်လည်း(၈၀)ကျော်(၉၀)နားနီးလာချိန်မှာတော့ သူ့သားတရားသူကြီးရဲ့အိမ်ကို ပြောင်းသွားပါတော့တယ်။ ကျွန်မတို့နဲ့ အဆက်အသွယ်ပြတ်သွားပါတော့တယ်။ အဲဒီတရားရေးဌာန ဝန်ထမ်းများနေရာက လျှို့ဝှက်နေရာဖြစ်ရုံမက အပြင်လူ လုံး၀၀င်ခွင့် မရှိပါ။ ထောင်တွေက ပြန်လွတ်လာတဲ့သူများက လက်စားချေတိုက်ခိုက်တတ်လို့။ ဒီလိုနဲ့ အရင်တပတ်ထဲမှာ ဝှါချောင်အသင်းက အသက်(၁၀၀) ပြည့်သွား တဲ့ဦးကိုကိုကြီးကို ဂါရဝပြုမွေးနေ့ပွဲလုပ်ပေးကြောင်း သတင်းတွေ တက်လာ ပါတယ်။ ဦးကိုကိုကြီးကလည်း ဝမ်းသာအားရဆုပေးနေတဲ့ပုံတွေ၊ ဗမာပြည်ပေါက်တရုတ်လူမျိုးတချို့က ဗမာအကတွေနဲ့ကပြနေတဲ့ပုံတွေလည်း တွေ့လိုက်ရပါတယ်။ သြော်-ဦးကိုကိုကြီးအတွက်တော့ ဝမ်းသာမိ၊ မုဒိတာပွားမိပေမယ့် ဗမာပြည်တွင်းက လေထီးဆင်းရဲဘော်အများအပြားကတော့ ပြည်တွင်းစစ်ကြီး အတွင်း သက်တမ်းစေ့မနေရရှာဘဲ၊ကြွေလွင့်ကုန်ကြရရှာတာတွေ သတိရနေမိပါတယ်။ လှကျော်ဇော။၂၁-၁၀-၂၀၂၁။