အမှီအခိုကင်းတဲ့ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေးလမ်း

By | September 27, 2021

အမှီအခိုကင်းတဲ့ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေးလမ်း ညီဌေးကျော်

ယခုအခါ ဗမာပြည်ဟာ ကိုယ့်ပြည်တွင်းရေးပြဿနာနဲ့ကိုယ် ရှုပ်နေတဲ့အပြင် မကြုံစဖူး နိုင်ငံကြီးများရဲ့ အာရုံစိုက်မှုကို ခံနေရတယ်။ နိုင်ငံကြီးများက ပြောင်းလဲလာတဲ့ ၂၁ ရာစု ကမ္ဘာမှုအခင်းအကျင်းအရ ဗမာပြည်ရဲ့ ပထဝီနိုင်ငံရေးကို မျက်စိကျတာပါ။ ၂၀၀၈-၂၀၁၀ အရင်းရှင်စီးပွားရေးကပ် ရှည်ကြာလာ၊ စတုတ္ထစက်မှုတော်လှန်ရေး၊ နည်းပညာပြိုင်ဆိုင်မှု၊ စည်းစနစ်ဟောင်းတွေ အလုပ်မဖြစ်၊ ကိုဗစ်ကမ္ဘာနာ ကပ်ရောဂါ၊ အမေရိကန်အကျ တရုတ်အထ၊ မတည်ငြိမ်ရှုပ်ထွေး၊ အပြောင်းအလဲများမြန်တဲ့ ခေတ်ကာလတရပ်ကို ကျော်ဖြတ်နေရပါတယ်။

အာဖဂန်နဲ့ အီရတ်မှ အမေရိကန်တပ်တွေ ရုပ်သိမ်း၊ ဖြစ်ချင်ရာဖြစ် ပစ်ထားခဲ့ပြီး၊ အမေရိကန် နိုင်ငံခြားရေးပေါ်လစီအရွေ့ဟာ အင်ဒိုပစိဖိတ် ဒေသသို့ ရွေ့လာပါတယ်။ အိုဘားမားလက်ထက် ကတည်းကချထားတဲ့ အာရှမဏ္ဍိုင်ပြု စမတ်ပါဝါ Asia Pivot smart power ဆိုတဲ့ တရုတ်ထိန်းချုပ်ရေး နိုင်ငံခြားရေးပေါ်လစီကို ဂျိုးဘိုင်ဒင်က ပြန်ကိုင်လာတာပါ။

အာဖဂန်မှ အမေရိကန် ရှုံးနိမ့်မှုနဲ့ပတ်သက်လို့ အမေရိကန် နိုင်ငံရေးဂုရုကြီး ကစ်ဆင်းဂျား Henry Kissinger က ယခုလို သုံးသပ်ပါတယ်။ “အရေးကြီးပြီး အခြေခံကျတဲ့အချက်ကတော့ မဟာမိတ်တွေနဲ့ အနှစ်၂၀ စွန့်လွှတ် အနစ်နာခံခဲ့ကြတဲ့ ပြည်သူတွေကို သတိပေးတိုင်ပင်ခြင်းမပြုဘဲ ဆုတ်ခွာဖို့ဆုံးဖြတ်ချက် ဘယ်လိုချခဲ့သလဲ။ … ဘာကြောင့် အာဖဂန်ရဲ့ အခြေခံစိန်ခေါ်မှုများကို စဉ်းစားသုံးသပ်ပြီး အာဖဂန်ကို အပြည့်အဝထိန်းချုပ်မှုနဲ့ အပြီးအပြတ်ရုပ်သိမ်းမှုအကြား တခုခုကိုရွေးချယ်ဖို့ ပြည်သူကိုတင်ပြရသလဲ။ … အမေရိကန် ကသောကမျော ဆုတ်ခွာမှုက မဟာမိတ်တွေအတွင်း စိတ်ပျက်လက်ပျက်ဖြစ်စေတယ်။ ဆန့်ကျင်ဘက်တွေအတွက် အားဖြစ်စေတယ်။ အကဲခတ်တွေအကြား ရှုပ်ထွေးစေတယ်” (The future of American power. Why America failed in Afghanistan)

နိဂုံးဆရာကြီး ဖူကူရားမား Francis Fukuyama အမြင်က “ရီပတ်ဘလစ်ကင်ကော ဒီမိုကရက်ကပါ တရုတ်ဟာ ဒီမိုကရက်တစ်တန်ဖိုးများကို ချိုးဖောက်နေတယ်လို့ တညီတညွတ်တည်း မြင်ကြတယ်။ … အမေရိကန်ု နိုင်ငံခြားရေးပေါ်လစီအတွက် ပိုအရေးကြီးတဲ့ စမ်းသပ်မှုကတော့ ထိုင်ဝမ်ပဲဖြစ်တယ်။ … ပိုအရေးကြီးတဲ့ စိန်ခေါ်မှုဖြစ်တဲ့ ရုရှားနဲ့တရုတ်ကိုရင်ဆိုင်ဖို့အတွက် ဆုတ်ခွာဖို့လိုအပ်တယ်လို့ မစ္စတာဘိုင်ဒင်က တိုက်တွန်းတယ်။ … အိုဘားမားက အရှေ့အလယ်ပိုင်းကို အာရုံစိုက်နေလို့ အာရှမဏ္ဍိုင်ပြု ပေါ်လစီကို အောင်မြင်အောင် မလုပ်နိုင်ခဲ့ဘူး”။ (The end of American hegemony)

ဗြိတိသျှသမိုင်းဆရာ နေးလ်ဖာဂူဆန် Niall Fergusan အမြင်က “ပထမကမ္ဘာစစ်အပြီး ဗြိတိန်ရဲ့ကြွေးမြီဟာ ၁၉၁၈မှာ GDP ရဲ့ ၁၀၉%မှ ၁၉၃၈မှာ ၂၀၀%နီးပါး ဖြစ်လာတယ်။ အမေရိကန် ဖက်ဒရယ်ကြွေးမြီက (ပမာဏအရ နိုင်းယှဉ်ကြည့်ရင်) ယခုနှစ်(၂၀၂၁)မှာ GDP ရဲ့ ၁၁၀% နီးပါးဖြစ်ပြီး၊ ကွန်ဂရက်ဘတ်ဂျက်ဌာနက ၂၀၅၁ မှာ ၂၀၀% ကျော်မယ်လို့် ခန့်မှန်းတယ်။ … အမေရိကန် ကာကွယ်ရေးအသုံးစရိတ်ဟာလဲ ၂၀၂၀ မှာ GDP ရဲ့ ၃.၄% မှ ၂၀၃၁ မှာ GDP ရဲ့ ၂.၅% သို့ (လျှော့ချ)လျာထားတယ်။ … ယခုနှစ်(၂၀၂၁) ဒေါ်လာတန်ဖိုးအရ တရုတ် GDP ဟာ အမေရိကန် GDP ရဲ့ ၇၅% လောက်သာရှိရာမှ ၂၀၂၆ ကျရင် ၈၉% လောက်ဖြစ်လာမယ်။ တရုတ်ရဲ့ စိန်ခေါ်မှုဟာ ဆိုဗီယက်ယူနီယံထက်ကြီးတယ်ဆိုတာ လျှို့ဝှက်ချက်မဟုတ်ဘူး။ စစ်အေးခေတ်ကာလ ဆိုဗီယက်စီးပွားရေးပမာဏက အမေရိကန်ရဲ့ ၄၄%ထက် မပိုဘူး။ ဉာဏ်ရည်တုမှအစ ကွန်တမ်ကွန်ပျူတာအထိ အမျိုးသားလုံခြုံရေး လုပ်ဆောင်ချက်များတွင် တရုတ်ဟာ အမေရိကန်ရဲ့ နည်းပညာကြီးစိုးမှုကို အမီလိုက်နေပြီဆိုတာ ထိန်းသိမ်းထားတဲ့သတင်း မဟုတ်တော့ဘူး”။

သူဆက်ပြောတာက – “သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အာဖဂန်မှဆုတ်ခွာဖို့ဆိုတဲ့ နာမကျန်းဖြစ်နေတဲ့ ဆုံးဖြတ်ချက်ဟာ ပင်လယ်ရပ်ခြား အမေရိကန်စစ်ရေးဆောင်ရွက်ချက်များလျှော့ချဖို့ဆိုတဲ့ အမေရိကန်သမ္မတရဲ့ အဆုံးသတ်သဘောထားပဲဖြစ်တယ်။ … ၂၀၀၃ အီရတ်ကို ကျူးကျော်စဉ်အတည်းက The Rise and Fall of American Impire (Panguin, 2004) မှာ ကျနော်ထောက်ပြခဲ့သလိုပဲ၊ အမေရိကန်မှာ အားနည်းချက်လေးရပ်ရှိတယ်။ လူအင်အားချို့တဲ့မှု (ပြည်ပမှာအကြာကြီးထွက် စစ်တိုက်လိုတဲ့ အမေရိကန်ရှားသွားပြီ)၊ ဘတ်ဂျက်ချို့တဲ့မှု (အထက်မှာပြောခဲ့ပြီး)၊ စိတ်ဝင်စားမှုချို့တဲ့မှု (ကြီးမားတဲ့(စစ်ရေး)စွက်ဖက်မှုတွေကို မဲဆန္ဒရှင်များက စိတ်မဝင်စားတော့ဘူး)၊ သမိုင်းရေးချို့တဲ့မှု (ပေါ်လစီချမှတ်သူတွေဟာ ရှေ့လူတွေထံမှ သင်ခန်းစာယူမှုနဲ့ ပတ်သက်ရင် တခြားနိုင်ငံတွေနဲ့ ယှဉ်ရင်အားနည်းတယ်) “။(Why the end of Americas empire won’t be peaceful)

အမေရိကန် နိုင်ငံခြားရေးပေါ်လစီအရွေ့ဟာ အရှေ့အလယ်ပိုင်းမှ အင်ဒိုပစိဖိတ်သို့ ရွေ့လာတယ်။ တရုတ်ကိုထိန်းချုပ်ဖို့ ထိုင်ဝမ်၊ စင်ကျန်း-ဝေဂါ၊ ဟောင်ကောင် တို့နဲ့အတူ ဗမာပြည်ဟာလည်း မျက်စိကျစရာ ဖြစ်လာပါတယ်။ တရုတ်ရဲ့ ခါးပတ်လမ်း BRI စီမံကိန်းအရလည်း ဗမာပြည်ဟာ ပထဝီစီးပွားရေးအရ အချက်အချာကျနေတယ်။ ဒီလိုအခြေအနေမှာ စစ်တပ်ကအာဏာသိမ်းတာကို မခံမရပ်နိုင်လို့ လမ်းပေါ်ထွက် ဆန္ဒပြပြည်သူတွေကို သွေးချောင်းစီးသတ်ဖြတ်နှိမ်နင်းလာတဲ့အတွက် တိုင်းပြည်အနှံ့ လက်နက်ကိုင်ခုခံမှုတွေ ပေါ်ပေါက်လာတယ်။ တိုင်းပြည်ဟာ အကျပ်အတည်းဆိုက်ပြီး တကယ့်လမ်းဆုံလမ်းခွမှာ ရောက်နေတယ်။ စစ်အုပ်စုက ထင်တိုင်းကြဲနေတယ်။ လူထုကကျားကုတ်ကျားခဲ ခုခံနေရတယ်။ ပြည်ပနိုင်ငံကြီးများက ဆရာကြီးများကလည်း ဖော်နည်းကားမျိုးစုံနဲ့ ဆေးခါးတွေ တမျိုးပြီးတမျိုး တိုက်နေတယ်။ ဆရာများသားသေ ဖြစ်လိမ့်မယ်။ ဒုတိယကမ္ဘာစစ်တုန်းကလို ဝင်ရိုးတန်းဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ပေါင်းစုနဲ့ အမျိုးသားလွတ်မြောက်ရေး နိုင်ငံတကာစိတ်ဓာတ် မရှိတော့ဘဲ၊ ခေါင်းပါးနေတဲ့ ကာလဖြစ်တယ်။

ဒီအချိန်ဟာ ဗမာပြည် လွတ်လပ်ရေးနောက်ပိုင်း လူထုနိုင်ငံရေး အနိုးကြားဆုံးပဲ။ နိုင်ငံကြီးများရဲ့ မျက်စိကျခြင်းလည်း အခံရဆုံးအချိန်ပဲ။ လွဲမှားတဲ့အကြံဉာဏ် ဘယ်သူလာပေးပေး လက်ခံလို့မရ။ ဒေါ်စုကို အိုဘားမား-ဟီလာရီ လာပေးတဲ့ ရင်ကြားစေ့လမ်း ဘယ်လောက် ဒုက္ခရောက်ရပြီလဲ။ ကိုဗစ်ပဲအကြောင်းပြပြ လူသားချင်းစာနာမှုပဲ အကြောင်းပြပြ ဇာစ်မြစ်လက်သည်တရားခံက အာဏာသိမ်းစစ်ကောင်စီပဲ။ သူ့အနောက်က အားပေးအားမြှောက်ပြုနေတဲ့ ဗိုလ်ပြုတ်တွေပဲ။ စစ်ကောင်စီက တချို့EAO တွေအပေါ် အပစ်အခတ်ရပ်ထားပေမဲ့၊ မြို့ကောတောပါ၊ တောင်ပေါ်မြေပြန့်၊ စစ်အင်အားအလွန်အကျွံသုံးကာ ပစ်ခတ်သတ်ဖြတ် လုယက်ရမ်းကားနေတုန်းပဲ။ သူ့လူတွေကျ ထောင်ကပြန်လွှတ်၊ ပျူစောထီးဆိုပြီး လက်နက်တပ်ဆင်ပေး၊ အတိုက်အခံတွေ တက်ကြွလှုပ်ရှားသူတွေ သာမန်အရပ်သားတွေကျ ထင်သလိုဖမ်း ညှဉ်းပန်းသတ်ဖြတ် အလောင်းတောင်ပြန်မရ ငွေညှစ် ထင်တိုင်းကြဲနေတုန်းပဲ။

ဒီလိုအခြေအနေမှာ စစ်ရေးကိုအဓိကထားပြီး ကျားကုတ်ကျားခဲ မလုံးပန်းဘဲ တခြားကိစ္စတွေအပေါ် တဝဲလည်လည်လုပ်နေရင် မှားမယ်။ ဘယ်နိုင်ငံကြီးတွေကိုမှ အားကိုးမျှော်လင့် နေလို့မရ။ ကိုယ့်ခြေအစုံပေါ်မားမားရပ်ကာ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူများ တစည်းတလုံးတည်း ခုခံတော်လှန်ရုံမှအပ လွတ်မြောက်ရေးအတွက် တခြားလမ်းမရှိ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မှ နိုင်ငံတကာက မှန်မှန်ကန်ကန် အလေးထားခံရမှာ ဖြစ်ပါတယ်။ ညီဌေးကျော် (၁၂ စက်တင်ဘာ ၂၀၂၁)

Leave a Reply

Your email address will not be published. Required fields are marked *