အဓိကရန်သူကို ဦးတည်တိုက်ရင်း
အမှောင်ထဲက သူ့စစ်သည်တော်တွေကိုလည်း မျက်ခြည်မပြတ်ကြနဲ့
နီအောင်ဝေ
လူထုပန်းလာတဲ့အချိန် ရန်သူကစောင့်လိမ့်မယ်။ အချိန်ကိုက် အကြမ်းဖက်ဖြိုခွဲလိမ့်မယ်ဆိုတာကို တိုက်ပွဲအစကတည်းက သတိပေးသူတွေရှိတယ်။ တက်ကြွလွန်နေရင် ရေရှည်တိုက်ပွဲ၊ ရက်ရှည်တိုက်ပွဲတိုက်ကြရမှာကို သတိမထားမိတတ်ဘူး။ နေ့ချင်းညချင်း အောင်ပွဲရမလိုလို အထင်ရှိတတ်ကြတယ်။ မအိပ်မစား တိုက်ရတဲ့အခါမျိုးရှိတတ်ပေမယ့် အအိပ်အစားမှန်ဖို့လည်း လိုပါတယ်။ မကျန်းမာရင် အားမရှိရင် ဘယ်လိုတိုက်ကြမလဲ။ ပြည်သူတွေက အတွေ့အကြုံအရ ထိပ်တိုက်မတွေ့အောင် ရှောင်တတ်လာတာဟာ အင်မတန်အားရစရာကောင်းတယ်။ မရှောင်တဲ့နေရာတွေမှာ မရှောင်နိုင်တဲ့အခါ သွေးထွက်သံယိုဖြစ်တာတွေလည်း တွေ့ကြရတယ်။
လက်နက်ကိုင်တိုက်နေတဲ့ သူတွေမှာတောင် ရန်သူနဲ့တွေ့တိုင်း တိုက်နေတာမဟုတ်ပါဘူး။ ရှောင်ပေးလိုက်တာမျိုးရှိတယ်။ တိုက်ဖို့လိုတဲ့ပွဲကိုပဲ တိုက်တယ်။ စစ်တပ်က သူတို့တရားဝင် အကြမ်းဖက်နိုင်မယ့် အခြေအနေ၊ အခင်းအကျင်းကို လိုချင်တယ်။ ထောင်ခါပြီး လူမိုက်တွေကို ဆေးတိုက်လွှတ်တယ်။ အရက်ကိုးမောင်းတိုက်ပြီး လွှတ်တယ် စသဖြင့် အစုံလုပ်မှာပဲ။ နေ့ခင်းဘက် လူထုတိုက်ပွဲတွေမှာလည်း လူအုပ်ထဲမှာ သူတို့လူတွေ ရောမြုပ်ပြီး အကြမ်းဖက်တာ၊ လုယက်တာတွေ ၊ ရေဘူးထဲ အဆိပ်ထည့်ဝေတာတွေ၊ ရောဂါဖြန့်တာတွေ စသဖြင့် ဖြစ်အောင် လုပ်မှာပဲ။ လူထုဒေါသကို ဆွပေးဖို့၊ လူထုကြားဝင်ပြီး ရဲတွေ၊ လုံထိန်းတွေ၊ စစ်သားတွေကို ခဲနဲ့ပေါက်တာ၊ အကြမ်းဖက်တာ စတာတွေလုပ်ဖို့လွှတ်ထားလိမ့်မယ်။ ရုန်းရင်းဆန်ခတ် ဖြစ်ကြလို့လူထုက ရရာလက်နက်နဲ့ပြန်တိုက်ခိုက်တာ ခုခံတာမျိုးနဲ့မတူပါဘူး။
ထောင်ထွက်လူမိုက်တွေကို သုံးတဲ့အပြင် ရဲတွေ၊ စစ်သားတွေ၊ စစ်ဗိုလ်တွေပါ အဖျက်အမှောင့် အလုပ်တွေ လုပ်တဲ့အထဲမှာ ပါပါတယ်။ ပြည်သူတွေအနေနဲ့ဒေါသကိုထိန်းပြီး လက်လွန်ခြေလွန်တွေ မဖြစ်အောင် ဂရုစိုက်ကြရမှာပါ။
ပြည်သူတွေဟာ ပြည်သူ့ညီညွတ်မှုစွမ်းအားနဲ့ မိမိကိုယ်ကို (မိမိလုံခြုံရေးကို) ကာကွယ်ရတော့မယ့် အခြေအနေပါပဲ။ ခေါင်းဆောင်မှုအဖွဲ့၊ ကင်းအဖွဲ့၊ လှုပ်ရှားမှုအဖွဲ့၊ မိမိရပ်ကျေးအရံအတား—စသဖြင့် လိုအပ်တာမှန်သမျှ ပြည်သူတွေ ကိုယ်တိုင် စီမံခန့်ခွဲရပြီး အခြေအနေအရ ကျင့်သုံးတာ၊ တိုးချဲ့ကျင့်သုံးတာတွေ လုပ်ကြရပါတော့မယ်။ ပြည်သူတွေမှာ တီထွင်ဖန်တီးနိုင်စွမ်းလည်း ရှိမယ်လို့ ယုံကြည်ပါတယ်။ ဖမ်းမိသူတွေကို ဗီဒီယိုရိုက်ပြီး စစ်ဆေးမယ်၊ သံရုံးတွေရှေ့ခေါ်သွားပြီး ကမ္ဘာသိအောင်လုပ်မယ် ဆိုတာတွေဟာ သိပ်ကောင်းတဲ့ အကြံတွေပဲ။ ကမ္ဘာသိအောင် ဖွင့်ချတာ၊ သက်သေအထောက်အထား တင်ပြနိုင်တာတွေဟာ ထိရောက် အသုံးဝင်လိမ့်မယ်။ ဖမ်းဆီးထိန်းသိမ်းပုံ၊ စစ်မေးပုံတွေမှာလည်း ရက်ရက်စက်စက်တွေ မလုပ်မိစေနဲ့။ လက်နက်ကိုင် တိုက်သူတွေမှာတောင် စစ်သုံ့ပန်း စည်းကမ်းတွေ ထားကြရတယ်။ ရန်သူက ဆေးထိုးဆေးတိုက် လွှတ်လိုက်တဲ့ကိစ္စက ဆရာဝန်တွေ၊ ဆေးမှူးတွေ၊ ဓာတ်ခွဲပညာရှင်တွေနဲ့စစ်ဆေးလို့ရတယ်။ သွေးစစ်ကြည့်လို့ရတယ်။ လူထုသောက်သုံးတဲ့ ရေကန်တွေ၊ ရေအရင်းအမြစ်တွေမှာ အဆိပ်ခပ်တဲ့ ကိစ္စကလည်း ဓာတ်ခွဲကြည့်လို့ရတယ်။ ပြည်သူတွေဟာ မှန်ကန်တဲ့ ပန်းတိုင်အပျောက်မခံဘ ဲမိမိတို့ကျွမ်းကျင်လိမ္မာရာ ပညာအလိုက်၊ အတွေ့အကြုံအလိုက် ပြည်သူ့အရေးတော်ပုံကြီးမှာ ပါဝင် အလုပ်အကျွေးပြုကြရင်ဖြင့် တော်လှန်ရေးအောင်ပွဲကို မုချဆွတ်ခူးနိုင်ပါလိမ့်မယ်။
ဆန္ဒပြတဲ့နေရာမှာ မိမိဘဝ ဖြတ်သန်းမှုအရ ပါဝင်လှုပ်ရှားပုံတွေ၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တုံ့ပြန်ပုံတွေ ကွဲပြားနေတာ ရှိနိုင်ပါတယ်။ ညီညွတ်ရေး၊ ဝေဖန်ရေး၊ ညီညွတ်ရေးနဲ့ရှေ့ဆက်ရမှာပါ။
ဗမာပြည်အခြေအနေကို ကမ္ဘာက စောင့်ကြည့်နေတယ်။ ရပ်ကွက်ထဲမှာ ရန်ပွဲရှိတဲ့အခါ လူတွေ ဝိုင်းကြည့်နေသလိုမျိုးပဲ။ ဒေါသမထိန်းနိုင်လို့ပုဆိုးလှန်ပြ၊ ထဘီလှန်ပြတာမျိုး ဖြစ်လို့တော့ မကောင်းဘူး (တမင်ပြချင်လို့ပြတာမျိုးလည်း မလုပ်ပါနဲ့)။ ဗမာပြည်အခြေအနေက ဘယ်လောက်အရေးကြီးသလဲ။ လူထုတိုက်ပွဲက ဘယ်လောက်လေးနက်သလဲ တကမ္ဘာလုံး မျက်စိဒေါက်ထောက် ကြည့်နေတယ်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဘုံရည်မှန်းချက်အောက်မှာ လူထုလူတန်းစား အလွှာစုံ ချစ်ကြည်ရိုင်းပင်းဖို့လိုပါတယ်။ အားလုံးဟာ ရဲဘော်ရဲဘက်တွေပဲ။ ရဲဘော်ရဲဘက်စိတ် မွေးကြရမယ်။ ကိုယ့်ပညာ၊ အတွေ့အကြုံနဲ့ကိုက်ညီမယ့်၊ ကိုယ်နဲ့သင့်တော်မယ့် အလုပ်တာဝန်တွေကို ယူကြရမယ်။
ဆန္ဒပြကြ၊ သပိတ်မှောက်ကြရင် ရှေ့ကနေ ကြွေးကြော်သံတိုင်သူက တိုင်ပေးတယ်။ နောက်ကနေ အများစုက လိုက်ပြီး ကြွေးကြော်ကြတယ်။ ကြွေးကြော်သံတိုင်သူက ခေါင်းဆောင်။ နောက်က လိုက်အော်ရသူတွေက နောက်လိုက် ဆိုတာမျိုး မဟုတ်ပါဘူး။ လူထုတိုက်ပွဲထဲက အာဇာနည်တွေ ပေါ်ထွက်တယ်။ လူထုကို ကျည်ကာပြီးအကာအကွယ်ပေးတဲ့ သူရဲကောင်းတွေ ပေါ်ထွက်သလို ထက်ထက်မြက်မြက် လှုံ့ဆော်ဟောပြောနိုင်စွမ်းရှိသူတွေ ပေါ်ထွက်လာတာလည်း တွေ့ရတယ်။
ကြွေးကြော်သံတိုင်တဲ့အလုပ်ကို အသံသြဇာရှိသူ၊ အားနဲ့မာန်နဲ့ကြွေးကြော်နိုင်သူ၊ အော်နိုင်သူတွေ လုပ်ရပါတယ်။ တော်လှန်ရေးမှာ ကိုယ်နဲ့သင့်တော်ရာ တာဝန်ကို ထမ်းကြပြီး ကိုယ့်တာဝန်ကို အကောင်းဆုံး ထမ်းရွက်နိုင်ကြဖို့အရေးကြီးပါတယ်။ အမှိုက်သိမ်းသူကအစ အရေးတော်ပုံအတွင်း တာဝန်ယူနေကြသူအားလုံးကို တန်ဖိုးထားကြရပါမယ်။
အဓိကရန်သူကို ဦးတည်တိုက်ရင်း
အမှောင်ထဲက သူ့စစ်သည်တော်တွေကိုလည်း မျက်ခြည်မပြတ်ကြနဲ့။
လူထုကြီးရဲ့ အကြမ်းမဖက် စည်းကမ်းရှိ စည်းလုံးညီညွတ် နိုးကြားတက်ကြွ နိုင်ငံရေးအသိမြင့်မားမှုဟာ (စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး- ၂၀၀၈ ဖျက်သိမ်းရေး – လူထုအစိုးရပေါ်ထွန်းရေး) လူထုတိုက်ပွဲအရေးတော်ပုံကြီးအတွက် မကုန်ခန်းနိုင်တဲ့ အင်အားရေသောက်မြစ်ပဲ ဖြစ်ပါတယ်။
အရေးတော်ပုံ မုချ အောင်ရမယ်။