အဓိကနဲ့ လက်အောက်ခံ ပြဿနာ (ဝင်းအောင်)

By | June 1, 2021

အဓိကနဲ့ လက်အောက်ခံ ပြဿနာ ဝင်းအောင်

တော်လှန်ရေး အင်အားစုများအနေနဲ့ ရန်သူ့ အစိတ်အပိုင်းများ မိမိတို့ အဝန်းအဝိုင်းအတွင်းသို့ မရောက်ရှိအောင် သတိထားကာကွယ်ခြင်း၊ ရောက်ရှိနေလျှင် သတိရှိရှိ စနစ်ရှိရှိ အရေးယူဖယ်ရှားခြင်းလုပ်ငန်းကို သာမန်ကာလ လတ်တလောတောင်းဆိုချက်များ အတွက်ဆင်နွှဲတဲ့ တိုက်ပွဲများအတွင်းမှာဖြစ်စေ၊ အရေးတော်ပုံကာလ (စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ဖျက်သိမ်းရေး ကဲ့သို့သော) နိုင်ငံရေး ကြွေးကြော်သံများအတွက်ဆင်နွှဲတဲ့ လူလုတိုက်ပွဲကြီးတွင်းမှာဖြစ်စေ လုပ်ကြရပါတယ်။

ဘယ်အခြေအနေမှာ ဖြစ်ပါစေ၊ ဒီအလုပ်ဟာ မိမိတို့ တိုက်ပွဲကို မှန်ကန်တဲ့ ဦးတည်ချက်လမ်းကြောင်း ပေါ် ရောက်ရှိအောင် ထိန်းသိမ်ထားနိုင်အောင် ကြိုးပမ်းမှု၊ လူထုလက္ခဏာဆောင်နေအောင် ကြိုးပမ်းမှု ရဲ့ လက်အောက်ခံအလုပ်ဖြစ်ပါတယ်။

သာမန်ကာလ အလုပ်သမားသပိတ်များမှာ အလုပ်ရှင်ရဲ့ (ဖြစ်နိုင်ဖွယ်ရာ) “ဒလန်” ကို သတိထား ရှောင်ကြဉ် လုပ်ကိုင်ရပါတယ်။ “သတိထား” တဲ့အထဲမှာ အလုပ်သမားချင်းသွေးမကွဲစေဖို့၊ မှားယွင်းစွာ အကဲဖြတ်တာမဖြစ်စေဖို့ ပါဝင်ပါတယ်။ “ဒလန်” ကို သတိထား လုပ်ကိုင်တာဖြစ်စေ၊ ခေတ္တယာယီ ထိန်းသိမ်းတာဖြစ်စေ မှန်ကန်စွာဆောင်ရွက်နိုင်ဖို့က တိုက်ပွဲခေါင်းဆောင်မှု အရည်အသွေး၊ တိုက်ပွဲဝင်သူများ၊ ဝန်းရံသူများရဲ့သွေးစည်းမှုအတိုင်းအတာ ပေါ်မူတည်ပါတယ်။ အလားတူ လူထုရဲ့ထောက်ခံအားပေးမှုနဲ့ ဝန်းရံမှုရယူရေးဟာလည်း အရေးကြီးပါတယ်။ အရေးတော်ပုံကာလ ပြင်းထန်သည်းသန် ရှုပ်ထွေးတဲ့အခြေအနေမှာတော့ “သတိထား”ရမယ့်အချက်များနဲ့ ရှေးဦးလိုအပ်ချက်များက ပိုမို ရှုပ်ထွေး များပြား တင်းကျပ်နေပါလိမ့်မယ်။ ဒါကတော့ ယေဘုယျမျှ သတိပေးတာပဲတတ်နိုင်ပါတယ်။ အခိုင်အမာတိုက်ပွဲဝင်နေသူများ စဉ်းစားကြနိုင်စေဖို့မျှသာ တတ်နိုင်ပါတယ်။

တရုတ်ပြည်တော်လှန်ရေးကာလ ကွန်မြူနစ်မြေအောက်များအတွင်း ဒလန်သုတ်သင်ရေးအတွက် အကန့်အသတ်ကြီးကြီးနဲ့ စုဖွဲ့ထားတဲ့ လက်နက်ကိုင်မြေအောက်အစု အနည်းအကျဉ်းရှိခဲ့တယ်လို့တော့ ကြားဖူးတယ်။ ဘယ်လိုစုဖွဲ့ လုပ်ကိုင်တယ်၊ ဘယ်လောက် ထိရောက်တယ်တော့ မသိပါ။ ဗမာပြည်မှာတော့ ကွန်မြူနစ်လက်နက်ကိုင်မြေအောက်အစု မရှိခဲ့ဘူးလို့ နားလည်ထားပါတယ်။ လက်နက်ကိုင် တိုက်ပွဲအတွင်းက သူလျှိုကွပ်မျက်မှုကိစ္စတွေကိုတော့ ကွန်မြူနစ်ပါတီဥက္ကဋ္ဌထံ တိုက်ရိုက်အစီအရင်ခံဖို့ သတ်မှတ်ချက်ရှိခဲ့ပါတယ်။ ပါတီတွင်းရောက်နေတဲ့ လူတန်းစားရန်သူများကို အရင်ဖယ်ရှားမှ တော်လှန်ရေးတက်လာမယ်ဆိုပြီးလုပ်တဲ့ “ပါတီတွင်းတော်လှန်ရေး” အတွေးအခေါ်အမှား လုပ်ရပ်အမှား ဟာ တော်လှန်ရေးကိုရော ပါတီကိုပါ အကြီးအကျယ်ထိခိုက်နစ်နာစေခဲ့တာကို သင်ခန်းစာအဖြစ် မျှဝေ ခံယူကြစေလိုပါတယ်။ ပါတီအတွက်ကတော့ (တခြားသင်ခန်းစာများ ဖော်ထုတ်ဖို့လိုအပ်သည့်တိုင်) ဒီသင်ခန်းစာဟာ အဖိုးတန်လှပါတယ်။ ဒါကြောင့် သစ္စာဖောက်အဖြစ်သတ်မှတ်တာပဲ ဖြစ်ဖြစ်၊ ကိုင်တွယ် ဖြေရှင်းတာပဲဖြစ်ဖြစ် ဒါဟာ လက်အောက်ခံပြဿနာ၊ အလွန့်အလွန် သတိထားဆောင်ရွက်ရမယ့် ပြဿနာ ဖြစ်ပါတယ်။

ဒါတွေဟာ သတိထားစရာတွေအဖြစ်သာ ရေးသားတင်ပြနေတာ ဖြစ်ပါတယ်။ ၂၀၂၁ အရေးတော်ပုံ သို့မဟုတ် လက်နက်ကိုင်တော်လှန်ရေးမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးဦးတည်ချက်အောက်မှာ အဲဒီဦးတည်ချက်ကို နည်းနည်းမှအမှေးမှိန်မခံဘဲ ကျန်ပြဿနာများကို လက်အောက်ခံပြဿနာများဖြေရှင်းရေးတင်ပြနေတာ ဖြစ်ပါတယ်။

သူလျှိုဒလန်ဖြေရင်းရေးမှာ လက္ခဏာမတူသလို ခွဲခြားကျင့်သုံးရမှာပါ။ မိမိအဖွဲ့အစည်းအတွင်း ဝင်ရောက်နေတဲ့ သူလျှိုဒလန်ကိုင်တွယ်ရေး၊ သစ္စာဖောက်များ ကိုင်တွယ်ရေး၊ လက်နက်ချအပေါ် သဘောထားစတာတွေနဲ့ လူထုအတွင်းရှိဒလျှိုဒလန်များ ဖြေရှင်းရေးတို့ဟာ တထပ်တည်း မတူညီနိုင်ပါ။ အတွေးအခေါ်မှားယွင်းတိမ်းစောင်းသူများအပေါ် ထားတဲ့သဘောထားနဲ့ သူလျှိုဒလန်အပေါ် ကိုင်တွယ်ပုံတို့လည်း မတူညီကြပါ။ သူလျှိုဒလန်များကို ရှင်းလင်းရေးဟာ သာမန်အချိန်အတွင်း ကိုင်တွယ်ဖြေရှင်းရေး၊ အရေးတော်ပုံကာလအတွင်း ဖြေရှင်းရေးနဲ့လက်နက်ကိုင်တောလှန်ရေးအတွင်း ဖြေရှင်းရေး စသည်တို့ဟာလည်း အချိန်ကာလအလိုက် ဖြေရှင်းပုံနည်းနာပိုင်းမှာ ကွဲလွဲမှုများရှိနေပါတယ်။ လူထုအရေးတော်ပုံအတွင်း ဒလျှိုဒလန်ဖြေရှင်းရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ပါတီက ရှစ်လေးလုံးအတွေ့အကြုံသင်ခန်းစာသုံးသပ်ချက်ထဲမှာ အလွန်ရှင်းလင်းစွာ ဖော်ထုတ်ထားပါတယ်။ (သူလျှိုဒလန်တွေ၊ သပိတ်ဖျက်ဆီးရေးသမားတွေကို မုချနှိပ်ကွပ်ရမှာပါ။ ဒါဟာ “လူထုအာဏာ” ကို ကျင့်သုံးနေတာ ဖြစ်ပါတယ်။

စစ်အစိုးရရဲ့ စစ်အာဏာရှင်စနစ် ပြိုပျက်သွားတဲ့နေရာမှာ “လူထုအာဏာ”နဲ့ အစားထိုးမပေးနိုင်ရင်သာ မင်းမဲ့ဝါဒ ဝင်လာမှာဖြစ်ပါတယ်။ စစ်အစိုးရနဲ့ သူလျှိုဒလန်တွေက လူထုတွင်း လူထုအာဏာကျင့်သုံးမှုကို “မင်းမဲ့စရိုက် ဝင်လာတယ်”လို့ စွပ်စွဲတတ်ကြပါတယ်။ ဒါပေမဲ့ လူထုအာဏာမှာ အလွန်အကျွံဖြေရှင်းမှုတွေမဖြစ်အောင် ပြည်သူလူထုနဲ့ ရပ်မိရပ်ဖတွေက ထိန်းပေးလေ့ရှိတတ်တာကိုလည်း သတိပြုရပါမယ်။ ဒလျှိုဒလန်ဖြေရှင်းရေးမှာ လူထုဆုံးဖြတ်ချက်အရ ဖြေရှင်းတာ၊ လူထုအကျိုးစီးပွား ကာကွယ်ရပ်တည်တာ၊ လူထုဆုံးဖြတ်ချက်ရယူတာမျိုးရှိရင် အမှားနည်းပါလိမ့်မယ်။ လူထုထောက်ခံမှုရရှိဖို့ အဓိက လိုအပ်ပါတယ်။ ရန်သူက သူ့လက်နက်ကိုင်တပ်တွေအဖြစ် စစ်တပ်နဲ့ ရဲတပ်တို့အပြင် ကြံ့ဖွံ့ပါတီအင်အားများ၊ မဘသ၊ စွမ်းအားရှင်၊ ပျူစောထီးသာမက သူလျှိုဒလန် များကိုလည်း စနစ်တကျ မွေးမြူထားတာဖြစ်ကြောင်းကိုလည်း သတိပြုပြီး၊ သူတို့အားလုံးက ပြည်သူလူထုတရပ်လုံးအပေါ် အချိန်မရွေး ရက်စက်ယုတ်မာနိုင်ကြောင်းလည်း မေ့ထားလို့မရပါဘူး။

ပြည်တွင်းပြည်ပ အုပ်စိုးသူများက လုပ်တဲ့ “အနီ နှိမ်နင်းရေး” (ဆိုဗီယက်အနွယ်၊ကွန်မြူနစ်အနွယ်များကို နှိမ်နင်းမှုများ)၊ “အကြမ်းဖက်သမားနှိမ်နင်းရေး” (အစ်စလမ် အနွယ်များကို ကန့်သတ်နှိမ်နင်းမှုများ)၊ “အမျိုးသားကာကွယ်ရေး” (လောလောဆယ် အမေရိကန်မှာ တာစူနေတဲ့ တရုတ် ရုရှားအနွယ်များ အပေါ်ကန့်သတ်မှုများ) ကတော့ တကယ်တန်းမှာ ဘက်စုံအခြေအနေအပေါ် မကျမနပ်ဖြစ်လာနေတဲ့ ပြည်သူလူထုရဲ့ လွတ်လပ်စွာနေထိုင်သွားလာခွင့်၊ ကိုယ်ရေးကိုတာအချက်အလက်ထိန်းသိမ်းခွင့်စတဲ့ ဒီမိုကရေစီအခွင့်အရေးများအပေါ် ထိုးနှက်မှုများ၊ စစ်ရေး ကျူးကျော်မှုအတွက် ပြင်ဆင်မှုများသာ ဖြစ်ပါတယ်။

အဓိကပြဿနာအကြောင်း ပြန်ကောက်ရရင် မိမိတို့တိုက်ပွဲကို မှန်ကန်တဲ့ဦးတည်ချက်လမ်းကြောင်းပေါ် ရောက်ရှိအောင် ထိန်းသိမ်းထားနိုင်အောင်ကြိုးပမ်းမှုဆိုတာဟာ ကာယဉာဏ အလုပ်သမား အဖိနှိပ်ခံပြည်သူများဆင်နွှဲတဲ့ စစ်အုပ်စုဖျက်သိမ်းရေးတိုက်ပွဲမှာ လူထုလက္ခဏာဆောင်နေအောင် ကြိုးပမ်းရေးနဲ့ ဆက်စပ်လုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်။ အဖိနှိပ်ခံပြည်သူတရပ်လုံးကို စစ်အာဏာရှင် စနစ် လုံးဝဖျက်သိမ်းရေးတိုက်ပွဲအတွင်းသို့ သိမ်းသွင်းနိုင်အောင်ကြိုးပမ်းမှုကို ဆိုလိုပါတယ်။ ဒီအချက်တွေ အောက်မှာ တိုက်ပွဲသဏ္ဌာန်မှန်ကန်ရေးအပါအဝင် တခြားပြဿနာများကို ဖြေရှင်းကြဖို့ဖြစ်ပါတယ်။ ဒီလိုဖြေရှင်းရင် တော်လှန်ရေးတိုက်ပွဲဟာ တိုးတက်မှု အောင်မြင်မှု မုချရရှိမှာဖြစ်ပါတယ်။

ဝင်းအောင် ၂၀၂၁ မေ ၃၀

Leave a Reply

Your email address will not be published. Required fields are marked *