(သခင်ဘဟိန်းကွယ်လွန်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်)

By | December 5, 2021

(သခင်ဘဟိန်းကွယ်လွန်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်)မော်ကွန်းတိုက်သုတေသီတဦး(၁)”တော်လှန်ရေး မဆုံးမီ ကွယ်လွန်ရရှာသည့် – အယ်ဒီတာချုပ်- ရဲဘော်ဘဟိန်း” ဆိုတဲ့ ခေါင်းစီးနဲ့ သခင်ဘဟိန်းကွယ်လွန်မှု ဝမ်းနည်းအထိမ်းအမှတ် စာတမ်းကို “ပြည်သူ့အာဏာ” အတွဲ ၂၊ အမှတ် ၂၀။ (၂၃-၁၁-၄၆) မှာ ဖော်ပြခဲ့တယ်။ငါတို့ ပြည်သူ့အာဏာ အယ်ဒီတာချုပ် ဖြစ်သော ရဲဘော်ဘဟိန်းသည် ၂၀ -၁၁-၄၆ ရက်နေ့နံနက် ၆ နာရီ အချိန်တွင် မန္တလေးမြို့ဆေးရုံကြီး၌ ကွယ်လွန်အနိစ္စရောက်ခဲ့လေပြီ။ရဲဘော်ဘဟိန်းသည် ငါတို့ဆရာဖြစ်သည်။ရဲဘော်ဘဟိန်းသည် ငါတို့ခေါင်းဆောင်ဖြစ်သည်။ထို့ကြောင့်ငါတို့သည် ယူကြုံးမရ တသဝမ်းနည်းခြင်းဖြစ်ကြရသည်။ ရဲဘော်ဘဟိန်းကွယ်လွန်ခြင်းသည် ငါတို့အဘို့ ကြီးစွားသော ဆုံးရှုံးခြင်းပင် ဖြစ်သည်။ငါတို့အဘို့သာလျှင်မဟုတ်သေး ဗမာပြည်အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားနင်းပြားလူထုကြီးအ ဘို့ရာတွင်လည်း ဆုံးရှုံးခြင်းဖြစ်ပေသည်။ ရဲဘော်ဘဟိန်း ရှိစဉ်အခါက အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသား၊ နင်းပြားလူထုကြီး၏ အကျိုးကို ကျောင်းသားဘဝကတည်းကပင် ရဲရဲကြီးရှေ့ဆောင်ခဲ့ သည်။၁၃၀၀ ပြည့်အထွေထွေသပိတ်ကြီးပေါ်ခဲ့ရာ ရဲဘော်ဘဟိန်းသည် ရေနံမြေသို့ သွားရောက်ခါ ရေနံမြေ အလုပ်သမားတို့၏ သပိတ်ကြီးကိုခေါင်းဆောင်လုပ်ခဲ့၍ ပထမဦးစွာနယ်ချဲ့သမား၏ အကျဉ်းထောင်အ တွင်း၌ ကျရောက်သက်ဆင်းခဲ့ရသည်။ ထောင်တွင်းမှာ ဓနရှင်လောကဟူသော စာအုပ်ကိုရေးသားခြင်း ဖြင့် ပစ္စည်းမဲ့လူတန်းစားတို့၏ မှန်သောဘဝကို ဖော်ပြလျက် အလင်းရောင်ပေးခဲ့လေသည်။ ကျောင်းမှ ထွက်ပြီးသည့်နောက်တွင်လည်း သခင်ဘဝဖြင့် တိုင်းပြည်ကို ခေါင်းဆောင်ခဲ့ပြန်သည်။ သခင်ဘဝနှင့် အလုပ်သမား၊ လယ်သမားတို့၏ တပ်ဦးအစစ်ဖြစ်သော ကွန်မြူနစ်ပါတီကို ထူထောင်ရန်ကြိုးစားရာ တွင် ပါဝင်ခဲ့သူဖြစ်သည်။ ထိုအခါက ရဲဘော်ဘဟိန်းသည် အရေးတော်ပုံစာတမ်း၊ မီးပွားစသော စာစောင်စာ တမ်းများကို လျှို့ဝှက်စွာထုတ်ဝေခဲ့သည်။သခင်ဘဝဖြင့် ဒုတိယအကြိမ်မြောက် နယ်ချဲ့သမားတို့၏ ထောင်သွင်းအကျဉ်းချထားခြင်းကို ခံရပြန် သည်။ အင်္ဂလိပ်အစိုးရထွက်ပြေးမှ လွတ်တော့သည်။ ဂျပန်ခေတ်အတွင်းသို့ ရောက်သည့်အခါတွင် လည်း ရဲဘော်ဘဟိန်းသည် ဂျပန်တော်လှန်ရေးအတွက် မနေမနားကြိုးစားခဲ့သည်။ နောက်ဆုံး ၌ တောင်ငူနယ်တွင် ပြောက်ကျားတပ်များကို စည်းရုံးကာ ကြီးမားသော အင်အားဖြင့် ကိုယ်တိုင်ပါဝင် တိုက်ခိုက်ခဲ့သည်။ ဂျပန်များအား မောင်းထုတ်ပြီးသည့်နောက် ရဲဘော်ဘဟိန်းသည် ဗမာပြည်လုံးဆိုင် ရာ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌအဖြစ်၎င်း၊ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုလူကြီးအဖြစ်၎င်း၊ ပစ္စည်းမဲ့အရေး ကို ရှေ့ဆောင်ခဲ့ပေသည်။ရဲဘော်ဘဟိန်းသည်ကြီးလေးသော တာဝန်များကို ဆက်တိုက်ထမ်းဆောင်ခဲ့ရာတွင် ခရီးမဆုံးမီ ကွယ် လွန်အနိစ္စရောက်ခဲ့ရပြီတကား။ ရဲဘော်ဘဟိန်းရည်မှန်းသော ခရီးမဆုံးမီ ကွယ်လွန်ခဲ့ရ၍ ငါတို့တွင် ကြီးစွာ ပူပင်သောကဖြစ်ရသော်လည်း ငါတို့သည် ရဲဘော်ဘဟိန်း၏ တော်လှန်ရေးဝိဉာဉ်ကို ဆက်ခံကာ အပြီးသတ်အောင်ပွဲဆင်သည်အထိ ခရီးလမ်းဆုံးအောင် ဆက်လက်ဆင်နွဲသွားမည်ဟု အဓိဋ္ဌာန်ပြု လိုက်ပါ၏။နိုဝင်ဘာ ၂၇ ရက်နေ့တွင် (ရဲဘော်ဘဟိန်းချီးကြူးပွဲ) များ ဗမာပြည်လုံးကျင်းပကြလော့။ရဲဘော်ဘဟိန်းအား အလေးနီပြုပါ၏။ (မူရင်း သတ်ပုံအတိုင်း) (၂)သခင်ဗဟိန်းကွယ်လွန်သွားပြီးနောက် ရက်သတ္တတပတ်ပြည့်မြောက်တဲ့ နိုဝင်ဘာ ၂၇ ရက်နံနက် ၈ နာရီ အချိန်၊ ရန်ကုန်မြို့နေသူရိန်ရုံကြီးမှာ သခင်ဘဟိန်းချီးကျူးပွဲကျင်းပရာ အဖွဲ့အသီးသီးနဲ့ မြို့သူမြို့သား များ ရုံပြည့်လျှံသွားအောင် တက်ရောက်လာခဲ့ကြတယ်။ အဲဒီနောက်ပန်းခွေချကြတယ်။သခင်ဘဟိန်းချီးကျူးပွဲကို သခင်ဘသိန်းတင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး သဘာပတိမိန့် ခွန်းပြောရာမှာ “သခင်ဘဟိန်းသည် ကျောင်းသားခေါင်းဆောင်ဘဝနှင့်လည်းကောင်း၊ ပါတီခေါင်း ဆောင်ဘဝနှင့်လည်းကောင်း၊ အမျိုးသားခေါင်းဆောင်ဘဝနှင့်လည်းကောင်း သေဆုံးသည်အထိ သစ္စာ မဖောက် အပြစ်အနာအဆာမရှိ သန့်သန့်ရှင်းရှင်းဆောင်ရွက်သွားခဲ့သူဖြစ်၍ ချီးကျူးဖွယ်ပင်ဖြစ် ကြောင်း” အစချီပြောကြားတယ်။အဲဒီနောက် “ငယ်ရွယ်သူဖြစ်သော်လည်း နိုင်ငံရေးအယူအဆမှန်ကြောင်း၊ စွန့်စားစိတ်ရှိကြောင်း၊ မိတ် ဆွေအဖြစ်ဖြင့် ဆက်ဆံရာတွင် အားနာညှာတာသလောက် နိုင်ငံရေးအယူအဆတွင် အားမနာမညှာတာ ဘဲ ဝေဖန်ပြောဆိုတတ်သူဖြစ်ကြောင်း” ပြောကြားပြီး အောက်ပါအတိုင်း တိုင်တန်းမှာကြားသန္နိဋ္ဌာန်ချ လိုက်ပါတယ်။”ရဲဘော်ဘဟိန်း ငါတို့သည် ပါတီ၏တည်မြဲရေးအတွက် အပြင်းအထန်တိုက်နေရပြီ။ ရဲဘော်မရှိ၍ များစွာဝမ်းနည်းသည်။ သို့ရာတွင် ရဲဘော်ယုံကြည်ခဲ့သော ငါတို့ပါတီတည်တံ့ရေးအတွက် အသက်နှင့် လဲ၍ ဆောင်ရွက်သွားမည်”။”ရဲဘော်ဘဟိန်း ရဲဘော်၏ အလုပ်သမားလူတန်းစားကို ရန်သူဝိုင်း၍နေချိန်တွင် ရဲဘော်၏ ခေါင်းဆောင် မှုဆုံးရှုံး၍ ငါတို့ယူကျုံးမရဖြစ်ရပြီ။ သို့ရာတွင် ငါတို့သည် အလုပ်သမားအရေးကို ပြင်းပြင်းထန်ထန် ဆက်လက်၍ တိုက်သွားပါအံ့”။”ရဲဘော်ဘဟိန်း ရဲဘော်သာ အသက်ရှင်လျက်ရှိပါမူ နယ်ချဲ့သမားအား အရှုံးမပေး။ ငါတို့နှင့်အတူ ဆက် လက်၍ ပြတ်ပြတ်သတ်သတ် တိုက်သွားမည်ဟု ယုံကြည်သည်။ ငါတို့ကား ဆက်လက်၍ တိုက်သွား မည်။ ယခုဖြစ်ပေါ်နေသော ညီအစ်ကိုအချင်းချင်း တိုက်ပွဲများကို အဆုံးသတ်ရန် ငါတို့ဆောင်ရွက်သွား ပါမည်”။ရဲဘော်ဘဟိန်းအား အဖွဲ့အစည်းအသီးသီးက ဝစီကံအားဖြင့် ချီးကျူးခြင်းထက် ရဲဘော်ဘဟိန်းယုံ ကြည်သော ဆင်းရဲသားနင်းပြားတို့၏ တိုက်ပွဲကို ကာယကံမြောက် အောင်မြင်ရန် ကူညီဆောင်ရွက်ခြင်း က ပိုမို၍ ရောက်မည်ဖြစ်ကြောင်း နိဂုံးချုပ်ပြောကြားလိုက်တယ်။ ဖဆပလအဖွဲ့ချုပ်မှ သခင်နုက သခင်ဘဟိန်းအားသူရဲ့ လုပ်ငန်းများအား ကာယကံမြောက် ဆက်လက် ဆောင်ရွက်ခြင်းဖြင့် သူ့ကို ချီးကျူးသွားကြဖို့ သဘာပတိရဲ့ ပြောဆိုချက်ကို သဘောတူကြောင်း၊ သခင်ဘဟိန်းဟာ ရဲရင့်တဲ့ သတ္တိိရှိတဲ့ တော်လှန်ရေးပြောက်ကျား ခေါင်းဆောင်းဖြစ်ပြီး၊ ဂျပန်တော်လှန် ရေးမှာ တောင်ငူဒေသကို ခေါင်းဆောင်အဖြစ်ဖြင့် နေပူမိုးရွာမရှောင်၊ အစားဆင်းရဲအနေဆင်းရဲ၊ ချို့ချို့ တဲ့တဲ့နဲ့ လုပ်ငန်းတွေကို ကြိုးပမ်းအားထုတ်လုပ်ဆောင်ခဲ့ရလို့ အသက်တိုခဲ့ရကြောင်း ပြောကြားခဲ့တယ်။ ဆက်လက်ပြီး အဖွဲ့အသီးသီးကလည်း ချီးကျူးစကားများ ပြောကြတယ်။ အဲဒီနောက်သခင်သန်းထွန်းက လွန်ခဲ့တဲ့တနှစ်ခန့်ကစပြီး မမာမကျန်းဖြစ်လျက်နဲ့ နိုင်ငံရေးကို ဆောင် ရွက်ခဲ့ပုံ၊ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ နိုင်ငံရေးအခြေအနေမပြောဘဲ သတင်းစာဖတ်ခွင့်မပေးဘဲ မုန့်ထုပ်လာတဲ့ သတင်းစာစက္ကူအပိုင်းအစမှ သိရှိစိတ်မကောင်းဖြစ်ကာ ကွယ်လွန်သွားရပုံစတဲ့ သခင် ဘဟိန်းရဲ့ ကြေကွဲဖွယ်အဖြစ်အပျက်များကို ပြောကြားခဲ့တယ်။နောက်ဆုံးသခင်ချစ်က ရဲဘော်သခင်ဘဟိန်းအား ချီးကျူး၍ ရဲဘော်ဘဟိန်းရဲ့ အလိုဆန္ဒအတိုင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန် အဓိဋ္ဌာန်စာတမ်းကို ဖတ်ကြားကာ အခမ်းအနားကို ရုပ် သိမ်းလိုက်တယ်။ (၃)ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ကြွေးကြော်သံဖြစ်တဲ့ ပြည်သူ့အာဏာဂျာနယ်၊ ၁၃၀၉ ခုနှစ်၊ နတ်တော်လ ဆန်း (၈) ရက်၊(၂၀-၁၁-၄၇) ကြာသပတေးနေ့ထုတ်၊ အတွဲ (၃) အမှတ် (၂၈) မှာ “ဗမာ့လွတ်လပ်ရေး ၏ သူရဲကောင်းတဦးဖြစ်သော ရဲဘော်ဘဟိန်း ကွယ်လွန်အနိစ္စရောက်ခဲ့သည်မှာ ယနေ့ တနှစ်မြောက် လေပြီ” ခေါင်းစဉ်တပ်ပြီး တနှစ်စေ့ အထိမ်းအမှတ် စာစောင်ခေါင်းကြီးမှာ အောက်ပါ အတိုင်းရေးသား ထား တယ်။ရဲဘော်ဘဟိန်း ကွယ်လွန်ခဲ့သည်မှာ တနှစ်စေ့ပြီ။ ငါတို့သည် ရဲဘော်ဘဟိန်းအား အလေးနီပြုပါ၏။ဤနေ့သည် မသာယာသောနေ့၊ ဤနေ့သည်မင်္ဂလာမရှိသောနေ့၊ ဤနေ့သည် စိတ်နှလုံးမရွှင်ပြုံးနိုင် သောနေ့၊ ဤနေ့သည် ငါတို့၏ အချစ်ဆုံးသော ရဲဘော်၊ ငါတို့၏ အမြတ်နိုးဆုံးသောရဲဘော်၊ ငါတို့၏ အလေးစားဆုံးခံရသော ခေါင်းဆောင်၊ ငါတို့၏ အခင်မင်ဆုံးသောဆရာ၊ ငါတို့၏ အရင်းနှီးဆုံးသောမိတ် ဆွေ လူ့ဘောင်လောကမှ စွန့်ခွာ၍ တနှစ်စေ့သောနေ့ပင်ဖြစ်သည်။ …. ဟုအစချီကာ ….စစ်ပွဲတွင် ရန်သူနှင့် အပြင်းအထန်တိုက်ခိုက်နေစဉ် မိမိကိုင်ဆောင်သော လက်နက်သည် ချွတ်ယွင်း ပျက်စီး ပျောက်ဆုံးဘိသကဲ့သို့ ရဲဘော်ဘဟိန်း ဆုံးရှုံးလိုက်ရခြင်းသည် ဗမာပြည်လူထုအဖို့ နယ်ချဲ့စနစ် နဲ့ ရင်ဆိုက်တိုက်ခိုက်နေရာတွင် အကောင်းဆုံးသော လက်နက်ကြီးတခု ချွတ်ယွင်းပျက်စီး ပျောက်ဆုံး သကဲ့သို့ပင် ရှိချေတော့သည်။ ……. ……. …….. ၁၃၀၀ ပြည့်နှစ်တွင် ကိုဘဟိန်း၏ နာမည်သည် ဗမာပြည်တပြည်လုံးတွင် ဟိန်းခဲ့လေသည်။ ဗမာ ပြည်ကျောင်းသားအားလုံး၏ ခေါင်းဆောင်အဖြစ်နှင့် ရေနံမြေအလုပ်သမားတို့၏ အရေးတွင် သွား ရောက် ခေါင်းဆောင်ခဲ့ရာတွင် “မြင်းခွာတချက်ပေါက်ရင် မီးတချက်တောက်ရမည်” ဟု ကြုံးဝါးသည့် အတိုင်း ဗမာတပြည်လုံး သပိတ်မီး ဟုန်းဟုန်းတောက်ခဲ့လေသည်။သူ့အားနယ်ချဲ့သမားက ထောင်သွင်းအကျဉ်းထားခဲ့သည့်တိုင်အောင် ထောင်အမိုးပေါ်တက်၍ သပိတ် မှောက်အလုပ်သမားတို့အား တရားဟောခဲ့သေးသည်။ ……… …….. ……..ထိုစဉ်က တို့ဗမာအစည်းအရုံးမှာလည်း အုတ်အရောရော ကျောက်အရောရော ဖြစ်နေသည့်အတွက် သခင်ဗဟိန်းသည် အလုပ်သမား လယ်သမားပြည်သူတို့၏အကျိုးကို ရှေးရှုသော တကယ်တမ်း ရွပ်ရွပ်ချွံချွံတိုက် ခိုက်မည့် လက်ရွေးစင်များပါဝင်ရာ ကွန်မြူနစ်ပါတီကို လျှို့ဝှက်စွာ ကြီးမားလာအောင် ကြိုးစားခဲ့လေသည်။ အရေးတော်ပုံစာတမ်း၊ မီးပွား၊ ဗမာ့တော်လှန်မှုစသော လျှို့ဝှက်သည့် သတင်း စဉ်စာတမ်းများကို လည်း လျှို့ဝှက်စွာ ဦးစီးရေးသား ရိုက်နှိပ်ဖြန့်ချိခဲ့လေသည်။……. ……. …….ဂျပန်ဖက်ဆစ်ခေတ်အတွင်းသို့ ရောက်လာသည့်အခါတွင်လည်း ရဲဘော်ဘဟိန်းသည် ဗမာတမျိုးသား လုံးအား မိုက်ရိုင်းစွာ နှိပ်စက်စော်ကားကြသည့် ဂျပန်တို့အား ဗမာပြည်မှ မောင်းထုတ်ရန်အတွက် မနေ မနား အားစိုက်ကြိုးပမ်းလေသည်။ နောက်ဆုံး၌ တောင်ငူနယ်တွင် ပြောက်ကျားတပ်များကို စည်းရုံး လျက် ဂျပန်တို့ကို တိုက်ခိုက်ခဲ့လေရာ ဗမာပြည်တွင် ဂျပန်အကျအဆုံးအများဆုံး ပထမစွဲသော နေရာ ဖြစ်ခဲ့ပေသည်။ဂျပန်လူယုတ်မာတို့အား အင်တိုက်အားတိုက် မောင်းနှင်တိုက်ခိုက်ပြီးနောက်တွင် အင်္ဂလိပ်နယ်ချဲ့သမား သည် နောက်ပိုင်းမှ အလစ်ဝင်၍ အုပ်ခဲ့ပြန်ရာ ရဲဘော်ဘဟိန်းသည် ပြန်လာသည့် အင်္ဂလိပ်နယ်ချဲ့စနစ် ကို အမြစ်ပါလှန်ရန် ကြိုးစားအားထုတ်ပြန်လေသည်။ရဲဘော်ဘဟိန်းသည် ဖရိုဖရဲပြိုကွဲနေသော အလုပ်သမားလူတန်းစားကို ပြန်လည်စည်းရုံးခဲ့သည်။ ဗမာ ပြည်လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ၏ ဥက္ကဋ္ဌအဖြစ်နှင့်လည်းကောင်း၊ ကွန်မြူနစ်ပါတီ၏ ပေါလစ်ဗျူရို လူကြီးအဖြစ်လည်းကောင်း ပစ္စည်းမဲ့အရေးကို ရှေ့ဆောင်ဦးစီးခြင်းပြုခဲ့လေသည်။အထူးသဖြင့် ပြည်သူလူထုအာဏာရရေးကို ရည်မှန်းကာ တကယ့်မှန်ကန်သော ဝေဖန်ချက်များဖြင့် ပြွန်း တီးလျက် မီးရှူးတန်ဆောင်ကဲ့သို့တိုင်းပြည်ကို အလင်းရောင်ပေးသည့် တခုတည်းသော နိုင်ငံရေးဂျာ နယ် “ပြည်သူ့အာဏာ”ကို စတင်ဦးစီးခေါင်းဆောင်ကာ ပုံနှိပ်ထုတ်ဝေဖြန့်ချိခဲ့လေသည်။ရဲဘော်ဘဟိန်းသည် အတုအယောင်မဟုတ်သော လုံးဝလွတ်လပ်ရေးအတွက် နယ်ချဲ့သမားအား အပြုတ်တိုက်ခိုက်ရေးမှာ ဗမာတမျိုးသားလုံး၏ ညီညွတ်ရေးတပ်ပေါင်းစုသာ ဖြစ်ကြောင်း ကောင်းစွာ ယုံ ကြည်ခဲ့လေသည်။ ဖဆပလကို အုတ်မြစ်ချစဉ်က ရဲဘော်ဘဟိန်းသည် အစွမ်းကုန် အားထုတ်ခဲ့လေ သည်။ထို့ကြောင့် ကျောင်းသားဘဝကပင် ငတ်ငတ်ပြတ်ပြတ်ဖြင့် ဆင်းရဲဒုက္ခခံလျက် နိုင်ငံရေးတာဝန်ကို ထမ်းဆောင်၍ ပင်ပန်းနွမ်းနယ်ကာ အားနည်းသောရောဂါ ကပ်ရောက်၍ လာရာတွင် ဖဆပလနှင့် ကွန် မြူနစ်ကွဲပြီဆိုသော သတင်းကို ကြားလိုက်သည်နှင့် စိတ်ကိုအထူးထိခိုက်ပြီး ကွယ်လွန်အနိစ္စ ရောက် ရပေတော့သည်။သို့သော်ရဲဘော်ဘဟိန်းရည်မှန်းသော ပန်းတိုင်သို့ကား မရောက်သေး ခရီးတာမှာ ကွာလှမ်းသေး၏။မည်သို့ပင်ဖြစ်စေ၊ ငါတို့သည် ရဲဘော်ဘဟိန်း၏ သစ္စာကို စောင့်ထိန်းသောအားဖြင့် ………. …….. ……ရဲဘော်ဘဟိန်းကွယ်လွန်ပြီး၍ တနှစ်မြောက်သည့် ဤနေ့တွင် ငါတို့သည် အဓိဋ္ဌာန်ပြုကာ ရဲဘော်ဘ ဟိန်းအား အလေးနီပြုလိုက်ပါသတည်း။ (၄)သခင်ဘဟိန်းကွယ်လွန်သွားပြီးနောက် ဖဆဆိုရှယ်လက်ယာဂိုဏ်းက ပါတီကို လက်နက်ဖြင့်နှိပ်ကွပ် လာလို့ ပါတီဟာရရာ လက်နက်ကိုင်စွဲကာ မိမိကိုယ်ကိုယ် ခုခံကာကွယ်ရေး ပြည်သူ့ဒီမိုကရေစီလက် နက်ကိုင်တော်လှန်ရေးကို ၁၉၄၈ မတ်လ ၂၈ ရက်မှာ စတင်ဆင်နွှဲခဲ့ရတယ်။ ပါတီဟာ လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲနေတဲ့ ပါတီဖြစ်သွားပြီး ကျေးလက်ဆင်းခဲ့ရတယ်။ သခင်ဘဟိန်းကွယ်လွန်သွားပြီး ၃ နှစ်မြောက်၊ အထိမ်းအမှတ်နေ့ကို လက်နက်ကိုင်တော်လှန်ရး ဒေ သ၊ ဗဟိုစခန်းကကြီးမှူးကျင်းပတဲ့ လူထုတရားပွဲတခုမှာ ဥက္ကဋ္ဌသခင်သန်းထွန်းက သဘာပတိအဖြစ် ဆောင်ရွက်တယ်။ ဥက္ကဋ္ဌရဲ့ သဘာပတိမိန့်ခွန်းထဲမှာ “ရဲဘော်ဘဟိန်းမသေဘူး၊ သူဟာ ငါတို့နဲ့ အတူရှိ တယ်။ သူဦးဆောင်ချမှတ်ခဲ့တဲ့ ပစ္စည်းမဲ့တော်လှန်ရေး ဆက်လက်ကြီးထွား လာပြီ” လို့ ဆိုတယ်။ရဲဘော်သခင်ဗသိန်းတင်ကလည်း “ယခုပြည်သူ့လွတ်မြောက်ရေး စစ်ပွဲမှာခေါင်းဆောင်နေကြတဲ့ ရဲ ဘော်တွေထဲမှာ ကိုဘဟိန်းရဲ့ သွန်သင်မှုကို ခံယူခဲ့ကြရတဲ့ ရဲဘော်တွေ များများပါတယ်” လို့ ဆိုခဲ့ဲပြန် ပါတယ်။အခွင့်သာတိုင်း ပါတီဟာ ပါတီကစဦးအုတ်မြစ်ချခဲ့သူဖြစ်ခဲ့တဲ့ ရဲဘော်ဘဟိန်း သတိရအောက်မေ့တဲ့ သစ္စာစောင့်သိမှုအခမ်းအနား ကျင်းပခဲ့တယ်။ (၅)၁၉၈၉ နှစ်ဆန်းတရက်မှာ အရှေ့မြောက်စစ်ဒေသဌာနချုပ်နဲ့ ပါတီဗဟိုဌာနချုပ်ရှိရာ ပန်ဆန်းမှာ ဝအမျိုးသားများရဲ့ ခွဲထွက်မှုအရေးအခင်းဖြစ်ပေါ်တယ်။ ပါတီဟာ တဖက်နိုင်ငံသို့ဝင်ရောက် ခိုလှုံခဲ့ရ တယ်။ အဲဒီနောက် ၁၉၉၂- ၉၃ ပထမအကြိမ် အထူးကွန်ဖရင့်ကျင်းပပြီး ပါတီဟာ မြေအောက်ပါတီဖြစ် သွားရတယ်။ အဲဒီကာလမှာ လူငယ်သွေးသစ်ရဲဘော်များရဲ့ တောင်းဆိုချက်အရ သခင်ဘဟိန်း အကြောင်း စာတမ်းငယ်တစောင်ကို ၁၉၉၄ ဖေဖော်ဝါရီမှာ ဗဟိုဝါဒဖြန့်ချိရေးနဲ့ သုတေသနဌာနက လက်ရေးနဲ့ရေးပြီး ကော်ပီယာကူးကာ သခင်ဘဟိန်းအကြောင်းထုတ်ဝေ ဝါဒဖြန့်ခဲ့တယ်။ ဒါ့အပြင် မြေအောက်ကာလမှာ ဗမာပြည်ကွန်မြူနစ်ပါတီ စိန်ရတုကာလကို ဖြတ်သန်းကြရလို့ ပါတီဟာ စိန်ရတု အထိမ်းအမှတ် “ပြည်သူ့အာဏာ” အထူးထုတ် ထုတ်တဲ့အခါမှာ ဒီစာတမ်းအစမှာ ဖော်ပြခဲ့တဲ့ သခင်ဘဟိန်းကွယ်လွန်စဉ်ထုတ်ဝေခဲ့တဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် သဝဏ်လွှာကို ထပ်မံထည့်သွင်း ဖော် ပြ ကာ သခင်ဘဟိန်းကို အစဉ်အမြဲသတိရနေမှုကို ဖော်ပြခဲ့ပါတယ်။ (၆)ဒီနှစ် ၂၀၂၁ နိုဝင်ဘာ ၂၀ ရက်ဟာ သခင်ဘဟိန်းကွယ်လွန်ခြင်းရဲ့ ၇၅ နှစ်ပြည့်မြောက်တဲ့အခါ သမယ နဲ့ ကြုံရပြန်တယ်။ အထက်တနေရာမှာ ဖော်ပြခဲ့သလို ရဲဘော်သခင်ဘဟိန်း ဖက်ဆစ်ဂျပန်တော်လှန် ရေးမှာ တောင်ငူဒေသကို ဖက်ဆစ်တော်လှန်ရေးမတိုင်မီ ရဲခေါင်ပြောက်ကျားများကို စွမ်းစွမ်းတမံစည်း ရုံးဖွဲ့စည်း ပညာပေးနိုင်ဖို့ ၁၉၄၄ စက်တင်ဘာလမှာ မြေအောက်လျှိုးသွားတယ်။ သခင်သန်းဖေရဲ့ ခေါ်ဆောင်မှုဖြင့် မောင်လမြိုင်က ကုန်သည် ကိုထွန်းလှိုင်နဲ့ မသန်းမြင့် ဇနီးမောင်နှံအသွင်ဖြင့် ဖြူးကို ရောက်ရှိသွားတယ်။ အဲဒီမှာ သခင်သန်းဖေတို့ စည်းရုံးပြင်ဆင်ထားတဲ့ ကေဒါများကို စတင်သင် တန်းပေးတယ်။ သင်တန်းကို တနေရာမှာ ၂၀-၂၅ ရက်လောက် နေထိုင်သင်တန်းပို့ချရတယ်။ နောက် တနေရာရောက်သွားရင် မန္တလေးက ဆေးကုလာသူ-သူဌးသာတဦးစသဖြင့် ဟန်ဆောင်ပြောင်းလဲကာ လျှို့ဝှက် နိုင်ငံရေး စစ်ရေးသင်တန်းများပေးပါတယ်။ ပို့ချပေးတဲ့ ဘာသာရပ်များမှာ (၁) လွတ်လပ်ရေးကြေညာစာတမ်း အမှတ် (၁) (၂)၊ (၂) ဖက်ဆစ်ဂျပန် ကို တော်လှန်ရန်ပြင်ဆင်ကြစို့၊ (၃) ကရင်-ဗမာသွေးစည်းရေး၊ (၄) စစ်နည်းသစ်များ၊ ပြောက်ကျားစစ် တိုက်နည်းနဲ့ ပြည်သူ့စစ်ပွဲ၊ (၅) လျှို့ဝှက်ကျင့်သုံးရေးနည်းတို့ ဖြစ်တယ်။သင်တန်းကိုမနက် ၇ နာရီမှ ၁၁ နာရီ၊ မွန်းတည့် ၁၂ နာရီမှ ၄ နာရီ၊ ည ၇ နာရီမှ ၁၁ နာရီအထိ ၁ ရက် ၁၂ နာရီ သင်တန်းပို့ချတယ်။ သင်တန်းပို့ချရာမှာ သူ့မှာရှိတဲ့ ဣန္ဒြေသိက္ခာကို မထိပါးစေဘဲ ဟာသရှိစွာ ပို့ချနိုင်သူ ဖြစ်တယ်။ ဒါပေမဲ့ ဓမ္မတာအတိုင်းပဲ ရဲဘော်အချို့ဟာ သင်တန်းပေးချိန်မှာ ငိုက်တတ်တယ်။ တယောက်စနှစ်ယောက်စကတော့ အိပ်ပျော်သွားတတ်တယ်။ အဲဒီအခါမှာလည်း “ရဲဘော်သိပ်သဘော ပေါက်နေပြီထင်တယ်” လို့ အပြုံးလေး နဲ့နောက်တတ်လို့ အားလုံးအိပ်ချင်စိတ်ပျောက်ကုန်တတ်တယ်။ ငိုက်လွန်းမက ငိုက်လာရင်တော့ ပုံတိုပတ်စပြောပြီး စိတ်ရွှင်လာအောင်လုပ်ကာ သင်တန်းကို ဆွဲခေါ် နိုင်တဲ့ ဟာသရှိသူ သင်တန်းဆရာ နိုင်ငံရေး ခေါင်းဆောင်ဖြစ်တယ်။ အဲဒီကာလက ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးလုပ်ငန်းတိုင်းဟာ လျှို့ဝှက်လုပ်ကိုင်ရတာဖြစ်တယ်။ တနေ့ တနေ့ ၁၂ နာရီလုံးလုံး၊ ကြမ်းပေါ်ထိုင်ရင်း သင်တန်းတက်ရတာဖြစ်လို့ မလွယ်ကူလှဘူး၊ ပင်ပန်းလွန်း လှတယ်။ ကျန်းမာရေးကိုလည်း ထိခိုက်တယ်။ ဒါကြောင့် တနေ့ ၂ ကြိမ် အဆောက်အအုံတွင်းမှာ ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်ရတယ်။ သင်တန်းများမှာ ကျန်းမာရေးတာဝန်ခံ၊ သန့်ရှင်းရေးတာဝန်ခံ၊ လုံခြုံရေးတာဝန်ခံစသဖြင့် ကိုယ်ထူကိုယ်ထ ဥစ္စာရင်လိုဥစ္စာရင်ခဲပြီး သင်တန်းဖွင့်လှစ်ကြရတာဖြစ်တယ်။ လုံခြုံရေးအတွက် ဘီအိုင်အေခေတ်က တော်မီဂန်း ၂ လက်ကို၊ မမျှော်လင့်ဘဲ ရန်သူနဲ့ ရင်ဆိုင်ရရင် အသုံးချနိုင်ဖို့ လျှို့ဝှက်ကိုင်ဆောင်ဖို့ စီစဉ်ထားရတယ်။ သင်တန်းကို တနေရာပြီးတနေ ရာပြောင်းနိုင်ဖို့ သင်တန်းနေရာကိုလည်း ကြိုတင်ပြင်ဆင်၊ လုံခြုံရေးအတွက် သတင်းများလည်း စု ဆောင်း ရပါတယ်။သခင်ဘဟိန်းက သင်တန်းပို့ချရင်း တဖက်မှာ ဒူးရင်းအားချေပချက်၊ လူးဒွစ် ဖြူးဝါးဘက်ကျမ်းများကို ဘာသာပြန်ပါတယ်။ အဲဒီကျမ်းများကို အခြေခံကာ ပြည်သူ့စစ်သဘောတရားများကို မြန်မာ့ရေမြေနဲ့ ကိုက်ညီတဲ့ ပြောက်ကျားစစ်နည်းများကို ပြုစုခဲ့ခြင်းဖြစ်တယ်။ သခင်ဘဟိန်း ပို့ချတဲ့ ပြောက်ကျားစစ် နည်းသစ်များမှာ -(၁) အင်အားကြီးတဲ့ ရန်သူကို ချေမှုန်းရာမှာ ပြည်သူ့ပြောက်ကျားမပါရင် မဖြစ်နိုင်။(၂) ပြောက်ကျားစစ်ဆိုတာ လူထုစစ်ပွဲဖြစ်တယ်။(၃) ပြည်သူ့ပြောက်ကျားစစ်ကို ဆင်နွှဲနိုင်ဖို့ ကျေးလက်ကို အခြေခံရမယ်။(၄) အတိအကျပြောရရင် လယ်သမားထုနဲ့ လူမျိုးစုများကို အခြေခံဖော်ထုတ်ရမယ်။(၅) ပြောက်ကျားစစ် တွဲဘက်မှုမရှိဘဲ မြန်မာ့တပ်မတော်က အောင်ပွဲမဆင်နိုင်ဘူး။(၆) ပြည်သူလူထုကို စစ်ရေးအမြင်အရ စည်းရုံးလေ့ကျင့်တိုက်ပွဲ သွင်းရမယ်။(၇) ပြည်သူကို လက်နက်တပ်ဆင်ရမယ်။ (ရန်သူ့လက်နက် တို့လက်နက်)(တိုက်ရဲသူလက်နက် ကိုင်စေရမယ်။)(၈) တိုက်ပွဲအတွင်းတပ်ကို စည်းရုံးဖွဲ့စည်း။ (တပ်ခွဲ စည်းရုံးနိုင်ရင် တပ်ခွဲမှူးဖြစ်လာမယ်။)(၉) ပြည်သူလူထုစွမ်းရည်ချွန်းဖွင့်ပေးရမယ်။(၁၀) ဂျပန်ချေမှုန်းရေး ပြောက်ကျားစစ်ပွဲကို လူထုပွဲတော်အဖြစ် ဆင်နွှဲရင် မုချအောင်မယ်-ဆိုတာတို့ ဖြစ်တယ်။ သခင်ဘဟိန်းရဲ့ ပြောက်ကျားစစ်နည်းသစ်များဟာ အရင်းရှင်စစ်ရေးနည်းများနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့် ကျင်ကာ ပြည်သူ့စစ်အခြေခံသဘောတရားများ၊ ပြောက်ကျားစစ်ဆင်နည်းများဖြစ်တယ်။ လာရောက် သင်တန်းတက်ကြသူများအတွက် တခါမှ မကြားဖူးသေးတဲ့ စစ်ရေးသဘောတရားသစ်များလို့ ဆိုကြ ပါတယ်။ ဖက်ဆစ်ဂျပန်တော်လှန်ရေး တောင်ငူဒေသရဲ့ အောင်ပွဲရလဒ်များမှာ ရဲဘော်သခင်ဘဟိန်းရဲ့ စစ်နည်းသစ်များရဲ့ အကျိုးဆက်လို့ ဆိုကြပါတယ်။ ဂျပန်တော်လှန်ရေးပြီးသွားတဲ့ အခါ ဗမာစစ်မြေပြင် မှာ ဂျပန် ၂ သိန်းကျော် သုတ်သင်ချေမှုန်းခံရပြီး ၎င်းအနက် ၆၀ ရာခိုင်နှုန်းကျော်ဟာ တောင်ငူ ရဲ ခေါင်ပြောက်ကျားများရဲ့ လက်ချက်လို့ဆိုကြပါတယ်။သခင်ဘဟိန်းပြုစု ပို့ချပေးခဲ့တဲ့ ကရင်-ဗမာချစ်ကြည်ရေးစာတမ်းကလည်း သမိုင်းဝင်စာတမ်းတခုဖြစ် တယ်။ ဖက်ဆစ်ဂျပန်ဝင်လာပြီးနောက် ဖြစ်ပေါ်ခဲ့တဲ့ ကရင်ဗမာသွေးချောင်းစီးမှု ရပ်တန့်သွားစေပြီး၊ ပြန် လည်ညီညွတ်ရေးအတွက် အခြေခံအုတ်မြစ်ကို ချပေးခဲ့ပြီး နောင်ပဲခူးရိုးမမှာ ကရင်-ဗမာချစ်ကြည်မှုကို ခိုင်မြဲစေခဲ့တယ်။ သခင်ဘဟိန်း တောင်ငူခရိုင်ကို ရောက်လာပြီး သင်တန်းပို့ချလိုက်တဲ့အတွက် တောင်ငူခရိုင်အတွင်း ရှိ တော်လှန်ရေး အင်အားစုကြီးကို ခွန်အားသစ်များ တိုးပွားလာစေခဲ့တယ်။ ဖက်ဆစ်ဂျပန်ရဲ့ ဖိနှိပ်မှု အောက်မှာ ပြားပြားမှောက်ကျရောက်ကာ မျက်စိကန်း၊ နားကန်းဖြစ်နေကြရတဲ့ လူငယ်ခေါင်းဆောင် များကို အခြေအနေအရ ဆုပ်ကိုနားလည်ထားရမယ့် သဘောတရားသစ် သဘောတရားမှန်များနဲ့ စည်းရုံးရေးလုပ်နည်းကိုင်နည်းများကို နားလည်တတ်ကျွမ်းစေတယ်။ ဒါကြောင့် သင်တန်းပြီးသွားတဲ့ အခါ တခရိုင်လုံးမှာ လူငယ်ခေါင်းဆောင် ၁၀၀ နဲ့ ပြောက်ကျားအင်အား ၇၀၀ အဆင်သင့်ဖြစ်လာ ခဲ့တယ်။တော်လှန်ရေးသဘောတရားက လူထုကို ချုပ်ကိုင်မိတာနဲ့ တော်လှန်ရေးအင်အားကြီး တရပ်ဖြစ်ပေါ် လာတော့တယ်။ ဒီယုံကြည်ချက်အရ သခင်ဘဟိန်းဟာ ဖက်ဆစ်ဆန့်ကျင်ရေးသဘောတရားများ ကို တောင်ငူတခရိုင်းလုံး အနှံ့မရပ်မနား ဟောပြောပို့ချခဲ့တယ်။တောင်ငူခရိုင်ရောက်လာတဲ့ အချိန်မှစပြီး ၁၉၄၅ မတ်လ ၂၇ ရက် ဖက်ဆစ်ဂျပန်တော်လှန်ရေးစတင်တဲ့ အထိ တခရိုင်လုံး လှည်းနဲ့တခါ ခြေကျင်တဖုံ နေရာအနှံ့လှည့်လည်ကာ သခင်ဘဟိန်းဟာ သူ့ခန္ဓာကိုယ် နဲ့ မလိုက်အောင် အဆင်းရဲအပင်ပန်းခံလုပ်ဆောင်ခဲ့တယ်။ တော်လှန်ရေးကာလအတွင်း ကျန်းမာရေး အခြေအနေဆိုးဝါးလာတယ်။ အဲဒီလိုဆိုးဝါးလာပေမယ့် ဂျပန်နဲ့ ရင်ဆိုင်ယှဉ်ပြိုင်တိုက်ပွဲဝင်ဖို့ ဖြူး အနောက်ဘက် ၄ မိုင်ကွာ၊ ပဲခူးရိုးမတောင်ခြေရှိ တဖက်ကမ်းမှာ ဗဟိုဌာချုပ်အဖြစ်စခန်းချတယ်။ အင်္ဂ လိပ်ပြန်ဝင်လာတဲ့အခါ ရန်ကုန်ပြန်ရောက်လာတယ်။ ရန်ကုန်ပြန်ရောက်တဲလည်း ဖဆပလလုပ်ငန်း များ၊ အလုပ်သမားသမဂ္ဂလုပ်ငန်းများ၊ ကွန်မြူနစ်ပါတီလုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြန်တယ်။ ဒီလိုနဲ့ သူ့ ကျန်းမာရေးအခြေအနေ တစတစဆိုးလာပြီး နောက်ဆုံးပါတီရဲ့ခွင့်ပြုချက်နဲ့ မန္တလေးပြန် ဆေးကုသ ရင်း ၁၉၄၆ ခု၊ နိုဝင်ဘာ ၂၀ ရက်၊ အသက် ၂၉ နှစ်အရွယ်မှာ သခင်ဘဟိန်းကွယ်လွန်သွားပါတယ်။အခုအခါ ရဲဘော်သခင်ဘဟိန်း ကွယ်လွန်တာ ၇၅ နှစ်ရှိသွားပါပြီ။ အလုပ်သမား၊ လယ်သမား၊ အဖိနှိပ်ခံ နင်းပြားပြည်သူများကတော့ ပြည်တွင်းဖက်စစ်ဖြစ်တဲ့ မင်းအောင်လှိုင် စစ်အာဏာရှင်အောက်က လွတ် မြောက်ရေးကို တိုက်ပွဲဝင်နေရဆဲဖြစ်ပါတယ်။ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်” “သွေးကြွေးမှာ ဆွေးနွေးစ ရာမရှိ” “သေနတ်တချက်ဖောက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်” ဆိုတဲ့အတိုင်း တပြည်လုံးတော် လှန်ရေးမီးများ တဟုန်းဟုန်းတောက်လောင်ပြီး မင်းအောင်လှိုင် စစ်အုပ်စုကို လောင်တိုက်သွင်း ကာ အလုပ်သမား၊ လယ်သမားနဲ့ အဖိနှိပ်ပြည်သူများရဲ့ လွတ်မြောက်ရေးအောင်ပွဲကို တက်လှမ်းသွားရင်း နဲ့ သခင်ဗဟိန်းကို အထိမ်းအမှတ်ပြုသွားကြပါစို့။ သုတေသီတဦး ဗဟိုမော်ကွန်းတိုက်။ ၁၉ ရက်၊ နိုဝင်ဘာ၊ ၂၀၂၁ ခု။

Leave a Reply

Your email address will not be published. Required fields are marked *