လူထုမှာ မကုန်ခန်းနိုင်တဲ့ အင်အားသတ္တိတွေရှိတယ် (မောင်သန်းမြရွှေ)
အာဏာသိမ်းစစ်ကောင်စီက PDF တွေ ပြောက်ကျားတပ်ဖွဲ့တွေကို လက်နက်ချအလင်းဝင်ရင် ကြိုဆိုမယ် လို့ ထုတ်ပြန်လာတယ်။ ဒီအရင်က (PDFတွေမပါ) လူမျိုးစုလက်နက်ကိုင် EAO များကိုပဲ မင်းအောင် လှိုင်ကိုယ်တိုင် ဆွေးနွေးမယ်လို့ ဖိတ်ခေါ်ပြီး သုံးရက်တဖွဲ့နှုန်းနဲ့ဆွေးနွေးပြနေပေမယ့် ၊ (လက်နက်ကိုင် တိုက်နေတဲ့) EAO အဖွဲ့ အများစုက မတက်ရောက်ပါဘူး။ အပစ်အခတ်ရပ်လက်စ အဖွဲ့အချို့နဲ့ သဏ္ဌာန်ဆောင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေပဲ လုပ်ပြနေပါတယ်။
ခုတလော မင်းအောင်လှိုင်ကိုယ်တိုင် ညောင်နှစ်ပင်ခန်းမ(ဟောင်း)ကို သွားကြည့်တဲ့ပုံနဲ့ ပြုပြင်မွမ်းမံဖို့ ညွှန်ကြားသွားကြောင်း သတင်းတွေဖော်ပြပြီး၊၂၀၀၈အောက်မှာ ၂၀၂၃ ရွေးကောက်ပွဲကို PR စနစ်နဲ့ ပြန်လုပ်ဖို့ ခြေလှမ်းတွေပြင်လာနေတယ်။ ပြည်တွင်းမှာ နိုင်ငံရေးသဘောထား ကွဲလွဲမှုကြောင့် ဆူပူအကြမ်းဖက်မှုတွေ ပေါ်ခဲ့ပေမယ့် အခုအခါ အေးချမ်းတဲ့အနေအထားကို ရောက်နေပြီလို့လည်း မင်းအောင်လှိုင်က ပြောပြန်တယ်။
ဒါတွေအားလုံးဟာ နိုင်ငံတကာဖိအား သံတမန်ဖိအားအောက်မှာ – ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါ တယ်လို့ လီဆယ်နိုင်ဖို့ မျက်နှာပြောင်တိုက် ထွက်ပြောလာတာပဲဖြစ်ပါတယ်။ တိုင်းပြည်မှာ တကယ်ဖြစ် ပျက်နေတာတွေက မင်းအောင်လှိုင်ပြောတာတွေနဲ့ တခြားစီပါ။
ဖက်ဆစ်ကြေးစားတပ်နဲ့ နောက်လိုက်ခွေးတသိုက်ရဲ့ (လုသတ်ရှို့)ပေါ်လစီကြောင့် မီးလောင်မြေ တစပြင်ဖြစ်သွားတဲ့ရွာတွေ၊ ကားနဲ့တိုက် သေနတ်နဲ့ ပစ်ဖမ်းပြီး ညှဉ်းပန်းနှိပ်စက် အလောင်းတောင်ပြန်မရတဲ့ ပြည်သူတွေ၊ သေဒဏ်နဲ့နှစ်ရှည်ထောင်ဒဏ်တွေ မတရားသဖြင့်ကျခံနေရတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ မင်းဆိုးမင်းညစ်အောက်မှာ ကပ်ကြီးသုံးပါးဆိုက်နေတဲ့တိုင်းပြည်မှာ … နိုင်ငံတကာက ကျယ်ကျယ်လောင်လောင် ဝေဖန်ပစ်တင်ခံနေရတဲ့ စစ်ကောင်စီဟာ ဖိအားတွေလျော့နည်းဖို့ရည်ရွယ်ပြီး လုပ်လာတာတွေပါ။
ကုလသမဂ္ဂအထွေထွေညီလာခံ၊ အာဆီယံထိပ်သီးအစည်းအဝေး၊ အမေရိကန်-အာဆီယံ ဝါရှင်တန်ဒီစီထိပ်သီးအစည်းအဝေး၊ အိန္ဒိယ-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး စတဲ့ အရေးကြီးအစည်းအဝေးများမှာ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်ခွင့်မရခဲ့ပါဘူး။ ကုလလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေး (၂၇ မေ ၂၀၂၂)မှာ စကားလုံးအသုံးအနှုန်းတရပ်ပေါ် သဘောထားကွဲလွဲလို့ သဘောတူညီမှုမရခဲ့ဘူးလို့ သတင်းများကဆိုပါတယ်။ (မြန်မာပြည်)အကျပ်အတည်း အဆုံးသတ်ရေးအတွက် လွန်ခဲ့တဲ့တနှစ်ကျော်က အာဆီယံမှချမှတ်ခဲ့တဲ့ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာမှာ ဗြိတိန်ကတင်သွင်းတဲ့ (အကန့်အသတ်ရှိ) ဆိုသောစကားထက် တရုတ်က (တိုး တက်မှုနှေးကွေး) ဟူသောအသုံးအနှုန်းကို အဆိုပြုခဲ့ပြီး သဘောထားကွဲလွဲရာမှ ဆုံးဖြတ်ချက်မချမှတ်နိုင်ဘူးလို့ သတင်းကဆိုပါတယ်။
ကမ္ဘာ့အခြေအနေက အလျင်အမြန်ပြောင်းလဲနေတာပါ။ စီးပွားထိုင်းမှိုင်း ကိုဗစ်ကပ် ယူကရိန်းစစ်ဆိုတာတွေ တခုပြီးတခုဆင့်လာတဲ့အောက်မှာ ကမ္ဘာမှုစီးပွားရေးတခုလုံး ဖရိုဖရဲဖြစ်နေတာပါ။ ကမ္ဘာ့ဘဏ်အစီရင်ခံစာက ယခုနှစ် မြန်မာ့စီးပွားရေးကိစ္စကို မသေချာမရေရာမှုများ မြင့်မားလွန်းတာကြောင့် မခန့်မှန်းနိုင်တော့လို့ ချန်ထားခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
ဗမာပြည်အရေးကိုလည်း (ပြည်တွင်းစစ်)လို့မသုံးဘဲ (လူသားချင်းစာနာမှုအကျပ်အတည်း)လို့ သုံးနှုန်းပြီး အာဆီယံက အကူအညီအထောက်အပံ့တွေကို စစ်ကောင်စီကတဆင့်ထောက်ပံ့ဖို့ လုပ်ပါတယ်။ ဒါဟာ ထိရောက်မှုမရှိတဲ့အပြင် သူခိုးကို ဘဏ္ဍာစိုးခန့်သလိုဖြစ်ပါလိမ့်မယ်။
ဗမာပြည်အရေး အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူတွေ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ကလွဲလို့ တခြားနည်းမရှိကြောင်း ရှင်းသထက်ရှင်းနေပါပြီ။ (တိုးတက်မှုလဲ မနှေးကွေးပါဘူး) လက်ဗလာကနေ တူမီး၊ တူမီးကနေ ပဒေသာမိုင်း၊ မိုင်းကနေ မောင်းပြန် စိန်ပြောင်း ဒရုန်း စသဖြင့် တဆင့်ချင်း တက်လာနေတာပါ။ တော်လှန်ရေးသမား တပ်သားရေသောက်မြစ်က တပြည်လုံးအနှံ့ပါ။ လူထုကြီးတရပ်လုံးကလည်း စစ်ကောင်စီကို တူးတူးခါးခါးမုန်းတီးပြီး ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဖို့ သက်စွန့်ကြိုးပမ်း တိုက်ပွဲဝင်လာနေတာပါ။
စကစအထိနာလာတာနဲ့အမျှ တော်လှန်ရေးကကြီးထွားလာ၊ နိုင်ငံတကာအသိအမှတ်ပြုမှု ပိုရလာမှာပါ။မင်းအောင်လှိုင်က လူလည်ပါ။ အထိနာရင် အနားတောင်းတာပါပဲ။ စကစက ညှိနှိုင်းဆွေးနွေးချင်တယ်ဆိုတာ ကိုယ်အတွက်ကျန်အောင် ညှိနှိုင်းဆွေးနွေးချင်တာပါ။ သုံးပွင့်ဆိုင် (အာဆီယမ်/ကုလ – စစ်ကောင်စီ – ဒီချုပ်) ဆွေးနွေးပွဲဖြစ်ဖို့ အရှေ့ အနောက် နိုင်ငံကြီးများက တွန်းနေကြတာပါ။ ဒီအပေါ်မှာ စကစက ကစားကွက်ထွင်ချင်နေတာပါ။ စစ်ကောင်စီရဲ့ ကစားကွက်က အကွက်ဟောင်းကြီးဖြစ်ရုံမက ကစားကွင်းကကျဉ်းပါတယ်။ ကြေးစားစစ်တပ်ကို တလက်ကိုင်ပြုပြီး ၂၀၀၈ ခြေဥကို ပြန်အသက်သွင်းကာ အတုအယောင်ရွေးကောက်ပွဲနဲ့ အာဏာပြန်ယူချင်တာပါ။ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေအဖို့ ကစားကွင်းကျယ်ကျုယ်ကစားရမှာပါ။ တစည်းတလုံးတည်း တပြည်လုံးအနှံ့ သေနတ်သံပေါ်အောင်တိုက်ပြီး ပြည်သူ့စစ်မီးပင်လယ်အောက်မှာ ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းဖို့ အကြောင်းအချက်တွေ တစတစ ပြည့်စုံလာအောင် ဖန်တီးယူရမှာပါ။ လူထုကြီးမှာ မကုန်ခန်းနိုင်တဲ့ အင်အားသတ္တိတွေ ရှိပါတယ်။
စကစကတိုင်းပြည်ကို ပျက်အောင်လုပ်နေတယ်။ ရန်ကုန် မန္တလေး စတဲ့ မြို့ကြီးတွေပေါ်မှာ ဗြောင်လုယက်သတ်ဖြတ် အုပ်စုဖွဲ့ မင်းမဲ့ရမ်းကား လုပ်လာနေတယ်။ သွေးသောက်၊. စွန်ရဲ၊ မျိုးချစ် စတဲ့ မဘသလူသတ်ဂိုဏ်းတွေ ပွဲထုတ်လာတယ်။ ပြည်သူကို အကြောက်တရားနဲ့ခြောက်၊ ဒုက္ခတွင်းထဲပို့၊ ပြည်နာအောင်ဖန်တီးပြီး ချောက်ထဲကျဖို့၊ လက်နှစ်လုံးအလို စစ်တပ်က ကယ်တင်ရှင်လုပ်ဖို့ ကြံပြန်တယ်။တကယ်တော့ စစ်ကောင်စီဟာ နိုင်ငံရေး စစ်ရေး စည်းရုံးရေး စီးပွားရေး အကျပ်အတည်းပေါင်းစုံ ဆိုက်နေတာပါ။ ဖျာလိပ်ခေါင်းထဲတိုးနေတဲ့ ခွေးရူးလို ထွက်ပေါက်မရှိပါဘူး။ နောက်လည်း ပြန်မဆုတ်နိုင် ရှေ့ပဲဇွတ်တိုးတော့မှာပါ။ ပိတ်ရိုက်ဖို့ကလွဲလို့ တခြားနည်းမရှိတော့ပါဘူး။
၁၉၉၃ မှ ၂၀၀၈ အထိ ၁၄နှစ်ကြာ အလိမ်အညာပေါင်းစုံနဲ့ အသက်သွင်းခဲ့ရတဲ့ ၂၀၀၈ ခြေဥကို သူတို့ လွယ်လွယ်နဲ့ ဖျက်မှာမဟုတ်ပါဘူး။ သူတို့ဖျက်ချင်တာက ၂၀၂၀ ရွေးကောက်ပွဲရလဒ် ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုများ အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ အခွင့်အာဏာပေါ် ယစ်မူးနေဖို့မဟုတ်၊ ၂၀၀၈ ခြေဥကိုဖျက်သိမ်းပြီး စစ်အုပ်စုကို အမြစ်ဖြတ်ဖို့လိုပါတယ်။ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးသာ မပေါ်ပေါက်ရင် ၂၀၂၀ mandate လည်း အသက်ဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ၂၀၂၀ mandate ကို ပြည်သူ့အကျိုးအတွက် အသုံးချကာ၊ နွေဦိးတော်လှန်ရေးကို အောင်ပွဲရသည်အထိ ဆင်နွှဲသွားဖို့လိုပါတယ်။
လူသတ်လက်နက်ထက် အတွေးအခေါ်လက်နက်က ပိုအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်ထားတဲ့ သူတွေရဲ့ အတွေးအခေါ်က သူတို့ကိုင်ထားတဲ့လက်နက်ကို ဘယ်ဘက်ကိုလှည့်ရမလဲဆိုတာ အဆုံးအဖြတ်ပြုနေလို့ပဲ။ ဒါကြောင့်လည်း စစ်ဗိုလ်ချုပ်ကြီးများက သူ့တပ်သားသေတာထက် လက်နက်မဆုံးဖို့ပဲ အလေးထားပါတယ်။ စစ်ဗိုလ်ချုပ်ကြီးများက သူ့ကြေးစားတပ်သားများကို သေနတ်ပြောင်း နောက်ပြန်မလှည့်ရင်ပြီးရော၊ ကြိုက်တာလုပ် စဉ်းစားတတ်ဖို့ မလိုဘူးလို့ သဘောထားနေတာဖြစ်တယ်။ ဒါကြောင့်လည်း အောက်ခြေတပ်သားတွေဟာ ကိုယ့်မိဘဆွေမျိုးသားချင်းများမကျန် စစ်ဗိုလ်ချုပ်ကြီးများအလိုကျ သတ်နေရတာဖြစ်တယ်။
၂၀၀၈ ခြေဥကို နွေဦးတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲက ဆုတ်ဖြဲပစ်လိုက်ပါပြီ။ စစ်ဗိုလ်ချုပ်ကြီးများကို ပြည်သူ့ခုံရုံးပို့ရမှာပါ။ ကြေးစားတပ်ကို စစ်တန်းလျားပြန်ခိုင်းပြီး ပြည်သူကို ဝန်ချတောင်းပန်ခိုင်းရမှာပါ။ ဒါမှမဟုတ်ရင် ဖျက်သိမ်းပစ်ရမှာပါ။ ဒီတာဝန်ကို ပြည်သူ့တပ်မတော်သစ်တရပ်ကသာ မလွဲမသွေ ထမ်းဆောင်ရမှာဖြစ်ပါတယ်။မောင်သန်းမြရွှေ (၁၄ ဇွန် ၂၀၂၂)