“ရွှေစွန်ညိုသင်္ဘောတိုက်ပွဲ အမှတ်တရများ”
ငြိမ်းမောင်ဦး
(အရေးတော်ပုံဂျာနယ်၊ အတွဲ(၃)၊ အမှတ်(၆) မှာ ဖော်ပြမယ့်ဆောင်းပါး)
စစ်တွေနှင့်ပလက်ဝ ကုလားတန်မြစ်တလျှောက်စုန်လိုက်ဆန်လိုက်ဖြင့် လွန်းပြန်ပြေးနေသော ရွှေစွန်ညိုသင်္ဘောနှင့်ကျွန်တော်…ရေစက်ဆုံခဲ့ဖူးသည်။ ကာလတချို့..သူဖြတ်သွားတိုင်း မြစ်ကမ်းနဖူးမှ ငေး မောကြည့်ခဲ့ဖူးသော်လည်း …သူ၏နောက်ဆုံးခရီး ..ရေလွှာအောက်သို့လောင်ကျွမ်းနစ်မြုပ်ဝပ်စင်းသွားခဲ့ သည့် ဇာတ်သိမ်းခန်းတွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့ရလိမ့်မည်ဟု..စိုးစဉ်းမျှ မျှော်လင့်မထားခဲ့မိပါ။ ဓမ္မတာပင်…..နှစ်တွေကြာလာတော့ ရွှေစွန်ညို ဇာတ်လမ်းကို တချို့က မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြသည်။ တချို့ကတော့…ပါးစပ်ပုံပြင်လေးအဖြစ် ရှားရှားပါးပါးကျန်ရစ်သည်။ ကျွန်တော့်အဖို့ကတော့…နှလုံးသားထဲအထိနက်နက်ရှိုင်းရှိုင်းခံစားခဲ့ရသော အမှတ်တရအဖြစ် ဘယ်တော့မှမေ့မရနိုင်တော့ပါ။
လွန်ခဲ့သောနှစ်ငါးဆယ် ၁၉၇၂-ခုနှစ်ကအဖြစ်အပျက်တွေမို့ တချို့ပုံရိပ်များက မထင်မရှား …လှုပ်ရှားနေသောရုပ်ပုံလွှာများအဖြစ် ဖမ်းဆုပ်ရန်ခက်ခဲလှသည်။ …တချို့ကတော့ နှလုံးသား၏အနက်ရှိုင်းဆုံးနေရာအထိ.ရင်ထဲမှာတလှပ်လှပ်နှင့် ခံစားနေရဆဲ….အဟောင်းတွေအသစ်ဖြစ်လို့ အမှတ်ရနေဆဲ…..။
ကျောက်တော်မြို့နှင့်ပလက်ဝမြို့အကြား ကုလားတန်မြစ်အနောက်ဖက်ကမ်းရှိ “ ကွမ်းဇေး” ဆိုသောရွာကလေးတွင် …၁၉၇၂ခုနှစ်မေလမှနိုဝင်ဘာလထိ ခြောက်လခန့်မျှ ကျွန်တော့်ရဲ့တော်လှန်ရေးဘဝ ပထမစာမျက်နှာများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ဖြတ်သန်းခဲ့ရသည်။ ဘဝက ..အထီးကျန်ဆန်လွန်းလှပါသည်။ အကြောင်းအ မျိုးမျိုးကြောင့် အချိန်မကြာသင့်ဘဲကြာခဲ့ရပြီး မျှော်လင့်မထားသောဒုက္ခမျိုးစုံနှင့်ကြုံတွေ့ခံစားခဲ့ရသော်လည်း မရေရာသောအနာဂတ်ကို စိတ်ရှည် လက်ရှည် စောင့်စားရင်းဖြင့် အခက်အခဲ
မျိုးစုံကို ဆုံးဖြတ်ချက်ရှိရှိ ဖြင့် ကျော်လွှားနိုင်ခဲ့ပါသည်။ ကောက်စိုက်ပေါင်းသင် ကြံခုတ်ဝါးခုတ်..တောင်သူအလုပ်တွေမှာဝင်ကူလုပ်ရင်း ပထမတော့ ခြေဖဝါးလက်ဖဝါးတွေသွေးခြည်ဥ…နောက်တော့ အ သားမာ တက်ပြီး အသားကျသွားပါသည်။ ရိုးမငှက်ဖျားက မှော်ဆန်လွန်းသည်..။ ဝင်လိုက်ထွက်လိုက်နှင့်….နောက်တော့…ဝမ်းကိုက်ပါတွဲခေါ်လာပြီး အသွေးအသားကို သာမက ဦးနှောက်ကိုပါ တရံမလတ်တိုက်ခိုက်လာသည်။ တခါသား ….တရက်နှင့်တည သတိမရမေ့မျောသွားတော့ သေပြီထင်ပြီး မြှုပ်ဖို့ပင် ပြင်ဆင်ကြသည် အထိ..။ ရန်သူ့သတင်း ရှုပ်ထွေးလာချိန်များမှာတော့ တယောက်ထည်း တောထဲရှောင်ပြေးပုန်းခဲ့ရသည့်အဖြစ်မျိုး မကြာခဏကြုံခဲ့ရလို့ အသားကျနေပါပြီ။ မိုင်ပေါင်း များစွာဝေးလံသောဒေသမှ ရခိုင်ရိုးမကိုကျော်ပြီး ယခုလိုကျေးလက်ဒေသကိုရောက်လာခဲ့သည့်ကျွန်တော့်ကို ဗြုန်းခနဲ စတင်တွေ့လိုက်တဲ့အချိန်တုန်းကတော့ ရွာသား တွေကတအံ့တဩ ဝိုင်းအုံ ကြည့်ကြသည်။ အတူတူ ကာလတခုဖြတ်သန်းပြီးသည့်နောက်မှာတော့ .သူတို့ နားလည်သဘောပေါက်သွားကြသည်။ ရွာထဲမှ ရဲဘော် ဟောင်းကြီးတယောက်ကတော့မှတ်ချက်တခုပေးပါသည်။ “ ကွန်မြူနစ်ဆိုတာလူမျိုးမရွေးဘူး…သင်္ချိုင်းမရွေးဘူး.ဆိုတာဒါမျိုးပေါ့…”
ပသို့ဆိုစေ…တော်လှန်ရေးလုပ်ချင်သောကျွန်တော့်အတွက်တော့ ဘဝ၏ပထမစာမျက်နှာမှ..စမ်းသပ်ကွက်များဟုသာ…..။ တနေ့….(နိုဝင်ဘာလ လယ်ခန့်) မှာတော့ကျွန်တော်နေတဲ့ရွာဦးကျောင်းကိုပါတီကရဲဘော်တယောက်ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီး ရင်းနှီးဖော်ရွေ သောအမူအရာနှင့် နှုတ်ဆက်ပါသည်။ “ကိုငြိမ်းရေ..ခင်ဗျားရဲ့လုံခြုံရေးအတွက် အထက်ရွာ(ကျော်ရွှီပြင်ရွာ) ကိုပြောင်းပြီးနေဖို့အထက်ကညွှန်ကြားလာတယ်။ အဲ့ဒီရွာကကျေးရွာပြည်သူ့အုပ်ချုပ်ရေး ဥက္ကဋ္ဌဆီမှာ နေဖို့ ကျနော်တို့စီစဉ်ထားတယ်…။ ဒီ..ညနေပဲပြောင်းလို့ဖြစ်မလား ” သူ့စကားဆုံးချိန်မှာတော့ ရုတ်တရက် မမျှော်လင့်ထားတဲ့ အဖြစ်မို့…အံ့လည်းအံ့ဩ ၊ဝမ်းလည်းသာခံစားမှုဖြင့် ပါးစပ်အဟောင်းသားပင်ဖြစ်သွားမိသည်။ လွန်ခဲ့သောခြောက်လ ကျွန်တော်စရောက်တဲ့ အချိန်တုန်းကတည်းက သူနှင့်ဆုံခဲ့ပြီး အထက်သို့ တင်ပြသည့်ကျွန်တော့်အစီရင်ခံစာကို သူ ..ယူသွားခဲ့သည်။ ခြောက်လတိုင်တိုင် ဘာသတင်းမှအစအနမရတော့ ဘဲ ..ခြောက်လအကြာ….ယခုမှ ပြန်တွေ့ကြသည့်အဖြစ်မျိုးမဟုတ်ပါလား….။ ဘာကြောင့်…ဘယ်လိုဆိုသော မေးခွန်းများဖြင့် စောဒကမတက် တော့ပါ..။ သူကတော့အကြောင်းစုံကိုရှင်းပြချင်ပုံရပါသည်…။ ကျော်ဖြတ်ခဲ့ပြီပဲ…ညှိုးလျော်နွမ်းလျနေသောအတိတ်တချို့ကိုတော့ အတိတ်မှာပဲထားခဲ့ချင်ပါသည်။ ပသို့ဆိုစေ….ကျွန်တော်ရှေ့ဆက်ရမည့်ခရီးအတွက် တံခါးတချပ်ပွင့်သွားပေပြီ။ ပါတီရဲဘော်၏နွေးထွေးမှုက..ကျွန်တော့်အတွက်တော့ အတိုင်းအဆမရှိသော ခွန်အားပင်ဖြစ်ပါသည်။တကယ်တော့ ခြောက်လတိုင်နေထိုင်ခဲ့သော ကွမ်းဇေးရွာကလေးနှင့်ကျွန်တော် အသားကျနေပါပြီ..။ ရွာသားတွေနှင့်ကျွန်တော့်အကြား ခိုင်မြဲသောသံယောဇဉ်ကနွယ်တပင်လိုရစ်တွယ်ခဲ့ပြီဖြစ်သော်လည်း ..မခွဲနိုင်မခွာရက်နှင့်ပင် နှုတ်ဆက်၍ အထက်ရွာ(ကျော်ရှီပြင်ရွာ)သို့ခရီးဆက်ခဲ့ရပါ သည်။ ရွာဥက္ကဋ္ဌက ပွင့်လင်ဖော်ရွေပါသည်။ “ ကိုငြိမ်းရေ ခင်ဗျားအကြောင်းတော့ ကွမ်းဇေးရွာသားတွေပြောပြ လို့ ကြားဖူးနေတာကြာပေါ့…. ဒီမှာတော့ လွတ်လွတ် လပ်လပ်သာနေ..ရဲဘော်ရဲဘက်လိုသဘောထားဗျာ….” …………..ရဲဘော်ရဲဘက်လိုသဘောထားဗျာဆိုပါလား။ သူ၏ဒီစကားတခွန်းမှာပင် ကျွန်တော့ နှလုံးသားတို့ ပျော်ဆင်းခဲ့ရပါသည်။ နောက်နေ့ မနက်မှာတော့ ရွာပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ဖို့ ဥက္ကဋ္ဌကို ခွင့်တောင်းပြီးထွက်လာခဲ့မိသည်။ မှိန်ဖျော့ဖျော့နေရောင်ခြည်က နှင်းငွေ့တို့ ရစ်ဆိုင်းနေသော မြစ်ရေပြင်ပေါ်သို့ဖြာဆင်းနေသည်။ မြစ်ကမ်းပါးတလျှောက်ပေါက်နေသော ကိုင်းတောကိုဖြတ်လျှောက်ပြီး ရွာအနောက်လယ်ကွင်းရှိ ရိုးပြတ်တောကိုဖြတ်၍ တောစပ်နားအထိရောက်သွားပြီးမှ ပြန်လှည့်လာခဲ့သည်။ အိမ်ပြန်ရောက်ချိန်မှာတော့ရွာဥက္ကဋ္ဌက အပြုံးနှင့်ဆီးကြိုပါသည်။ “လာထမင်း စားရအောင် ကိုငြိမ်းရေ…ခင်ဗျားကိုစောင့်နေတာ” ။ ထမင်းဝိုင်းဆိုသော်လည်း သူနှင့်ကျွန်တော်နှစ်ယောက်ထည်း… အိမ်ရှင်မဆုံးပါးသွားပြီး သားသမီးလည်းမရှိ သဖြင့် တကိုယ်ထည်းနေသည်ဟုဆိုပါသည်။ ထမင်းစားရင်း တော်လှန်ရေးအတွင်းဖြတ်သန်းခဲ့ရသောသူ့ဘဝဇာတ်ကြောင်းများကို စီကာပတ်ကုံးပြောပြနေ သည်။ ဤအချိန်မှာပင် ဗြုန်းခနဲဆိုသလို ရွာမြောက်ဘက် မြစ်ကမ်းနံဘေးဆီမှ သေနတ်သံများ တဝုန်းဝုန်းတဒိုင်းဒိုင်း.. အဆက်မပြတ်ထွက်လာသည်။ ရုတ်တရက် မုန်တိုင်းလေပြင်းကြီးတိုက်ခတ်လိုက်သလို တခွင်တပြင်လုံးအုံးအုံးကျွက်ကျွက်ဖြစ်သွားသည်။ “ ဟာ…တိုက်ကုန်ကြပြီ..ဒါတိုက်ပွဲပဲ ..ကိုယ့်ရဲဘော်တွေက လက်ဦးမှုယူပြီးတိုက်တာပဲဖြစ်မယ်။ ကဲ သွားကြမယ်..ကိုငြိမ်း ” ဥက္ကဋ္ဌက ဓားမတချောင်းကိုဆွဲယူလျက် ဦးဆောင်ပြီး ရှေ့ကပြေးထွက်…..ကျွန်တော်က လက်ဗလာဖြင့် နောက်ကထပ်ချပ်လိုက်ပါသွားသည်။
ရွာမြောက်ဘက်မြစ်ကမ်းပါးကိုရောက်တော့ ကိုင်းပင်တွေကြားမှာရဲဘော်တွေက နေရာယူပစ်ခတ် နေတာတွေ့ရသည်။ ကမ်းပါးအောက်ရေကမ်းစပ်မှာတော့ ရွှေစွန်ညိုသင်္ဘောကြီးက ကမ်းပါးကိုဦးတိုက်ထိုးတက်နေသည်။ ကမ်းပါးနှင့်တိုက်မိနေသဖြင့် ဆက်တိုးလို့မရသော်လည်း စက်ကမရပ်.. ။ သင်္ဘောဦးပိုင်းမှာ စစ်သားတယောက်နှင့် ပုလိပ်တယောက်လဲကျနေတာ လှမ်းမြင်ရသည်။ ရဲဘော်များ၏ ညာသံပေး အော်ဟစ်သံများကဟိန်းညံနေသည်။ “ လက်နက်ချ.. လက်နက်ချ…လက်နက်ချရင်မသတ်ဘူးဟေ့ ..” ခဏကြာတော့ သေနတ် သံကအနည်းငယ်စဲသွားသည်။ အတွဲလိုက်မပစ်တော့ဘဲ တချက်ချင်းပစ်သံများသာ ထွက်လာသည်။ ဤတွင်….ဥက္ကဋ္ဌကမတ်တတ်ရပ်လိုက်ပြီး ရဲဘော်တွေအားလုံးကြားအောင်အော်ပြောလိုက်သည်။ “ ရဲဘော်တို့ နေရာယူပြီးပစ်မနေကြနဲ့တော့…ဟိုကောင်တွေက တချက်မှပြန်မပစ်နိုင်တော့ဘူး ခေါင်း မဖော်တော့ဘူး..။ ဆင်းထိုးရင်ရပြီ…ကဲ ဆင်းကြစို့..” အော် ပြောနေရင်း….ဥက္ကဋ္ဌက ရုတ်တရက်ခုန်ဆင်းလိုက်သည်နှင့်ရဲဘော်နှစ်ယောက်က သူ့ကိုဖြတ် ကျော် ၍ပြေးဆင်းသွားသည်…ကျွန်တော်လည်း ဥက္ကဋ္ဌနောက်မှဆင်းလိုက်သွားပြီး…သင်္ဘောဦးပိုင်းမှတွယ်တက်လိုက်သည်။ ရဲဘော်တွေက လဲသေနေသောရန်သူ၏ ဂျီသရီး သေနတ်ကိုသိမ်းယူလိုက်ပြီးရှေ့ဆက်တိုးသွားကြသည်။ဥက္ကဋ္ဌကတော့ မှောက်လျက်သေနေသောပုလိပ်လက်မှရိုင်ဖယ်သေနတ်ကိုဆွဲယူလိုက်ပြီး မိုးပေါ်ထောင်၍ နှစ်ချက်ပစ်ဖေါက်လိုက်ရင်း အော်ဟစ်လိုက်သည်။ “ လက်နက်ချမသတ်ဘူး…ခံပစ်ရင်သတ်မယ် ..ပုန်းနေတဲ့ကောင်တွေထွက်လာခဲ့…” ဤသို့ ဥက္ကဋ္ဌကအော်ဟစ်လိုက်သည်နှင့် ကျွန်တော့်ညာဘက်ဘေးရှိ တံခါးကြားမှ သေနတ်ပြောင်းဝတခုက ကျွန်တော့်ရင်ဘတ်တည့်တည့် ချိန်ရွယ်ပြီးတဖြည်းဖြည်း ထွက်လာသဖြင့် သေနတ်ကိုလှမ်းပြီးဖမ်းဆုပ်လိုက်ချိန်မှာတော့….တုန်တုန်ရီရီဖြင့်ထွက်လာသောပုလိပ်တယောက်ကိုတွေ့လိုက်ရသည်။ “ ဒါ…ဒါ..ကျွန်တော့် သေနတ်ပါ…ယူပါ…ယူပါ ကျွန်တော်မပစ်ပါဘူး ” ဟု ထိုပုလိပ်က အသံတုန်တုန်နှင့် ပြောသည်။
“ ဥက္ကဋ္ဌရေ….ဒီမှာသေနတ်ရပြီဗျို့ ”
ဥက္ကဋ္ဌက ကျွန်တော့်လက်ထဲကသေနတ်ကိုလှမ်းကြည့်လိုက်သည်နှင့် စိုးရိမ်တကြီးအမူအရာနှင့်ပြန်အော်လိုက်သည်။ “ “ကိုငြိမ်း..သတိထားနော်၊ ခင်ဗျားသေနတ်ကကျည်ထိုးမောင်းတင်ထားပြီးသားနော်..ဒီပုလိပ်လက်ထဲတုန်းက ကြောက်ကြောက်နဲ့လက်ညှိုးတချက်ကုပ်လိုက်မိ ရင်..ခင်ဗျားတော့သွားပြီ…တော်သေးတာပေါ့….သေနတ်ကိုမိုးပေါ်ထောင်ပြီး တချက်ပစ်ကြည့်လိုက်ပါလား ” သူပြောလိုက်မှပင်.. မတော်ကျည်တချက်နဲ့ပွဲဦးထွက်မှာ အသက်ပါသွားဖို့နည်းနည်းပဲလိုပါလားဟု စဉ်းစားမိပြီး..ကျောချမ်းသွားမိသည်။ ကျနော်လည်း မဆိုင်းမတွပင်… သေနတ်ကိုမိုးပေါ်ထောင်၍ တချက်ဆွဲလိုက်သည်။ ….ဒိုင်းကနဲ ထွက်သွားသော သေနတ်သံကိုကြားလိုက်ရချိန်မှာတော့ ရင်ထဲမှဖော်ပြ၍ မရသောခံစားမှုတခုနှင့်အတူကြက်သီးမွေးညင်းများပင်ထသွားမိသည်။ သူပုန်ဖြစ်ချင်လွန်းလှသောကျွန်တော့်အတွက် ပွဲဦးထွက်သေနတ်သံမဟုတ်
ပါလား။ “ ဥက္ကဌရေ…နောက်တချက်လောက်ထပ်ပစ်ချင်လို့..ဘယ်လိုလုပ်ရမလဲပြပါဦး ” ဥက္ကဋ္ဌက
သူ့သေနတ်ထဲကကျည်ခွံကိုဆွဲထုတ်ပြီး ကျည်ထိုး…မောင်းတင်ပြီး ပစ်ပြသည်။ “ကဲကိုငြိမ်းရေ …ရဲရဲသာလုပ် မိုးပေါ်ထောင်ပြီး ဖောက်ပစ်လိုက်ပေတော့” ဤသို့ဖြင့်ကျွန်တော်လည်း ဥက္ကဌ ပြသည့်အတိုင်း ကျည်ထိုးမောင်းတင် ပြီးနှစ်ချက်ဆက်ပစ်ပြီးအတွင်းပိုင်းကိုတိုးဝင်သွားသည်။ လှေကားပေါ်သို့ပြေးတက်လိုက်ပြီးလှေကားအလည်တွင်ရပ်လျက် ရင်ထဲရှိတဲ့အတိုင်းအော်ဟစ် လိုက်သည်။ “ မိဘပြည်သူများ…
မကြောက်ကြပါနဲ့..ကျွန်တော်တို့က ဗမာပြည်ကွန်မြူနစ်ပါတီကပါ..စစ်အစိုးရရဲ့ဖိနှိပ်မှုအောက်ကလွတ်မြောက်ဖို့ တော်လှန်နေတဲ့တပ်ပါ ..ပြည်သူ့အကျိုးဆောင်တဲ့တပ်ပါ….ကိုယ့်ပစ္စည်းကိုယ်ယူပြီး အေးအေးဆေးဆေးပဲသင်္ဘောပေါ်ကဆင်းကြပါ ” အပေါ်ထပ်….လုံခြုံရေးအစောင့်ခန်းထဲရှိပုလိပ်ငါးယောက်က ဘာမှမခုခံဘဲ လက်နက်ချသဖြင့်တိုက်ပွဲကအဆုံးသတ်သွားပြီဟုဆိုနိုင်ပါသည်။ တိုက်ပွဲပြီးသွား သည်နှင့် ရဲဘော်တွေကခရီးသည်တွေကမ်းပေါ်ရောက်ဖို့ ဝိုင်းကူညီပါသည်။ ပေါင်တွင်ဒဏ်ရာရထားသောခရီးသည်တယောက်ကို ကမ်းပေါ်သို့ထမ်းခေါ်သွားကြ ပြီး တပ်မှ ဆေးမှူးရဲဘော်တယောက်က ဆေးထည့် ဆေးထိုးလုပ်နေတာတွေ့ရပါသည်။ ခရီးသည်တွေအားလုံး ကမ်းပေါ်ရောက်ချိန်မှာတော့ သင်္ဘောကြီး၏စက်ခန်းထဲမှ မီးခိုးလုံးကြီးများလှိမ့်တက်လာသည်။ မကြာမီမှာပင် မီးလျှံမီးညွန့်များ တဝုန်းဝုန်းတ၀က်လာပြီး သင်္ဘောတစင်းလုံးကိုလောင်ကျွမ်းဝါးမြိုနေပုံက ဒေါသထွက်နေသောနဂါးကြီးတကောင်နှင့်ပင်တူနေသည်။ “ ကိုငြိမ်းရေ ကျုပ်တို့ အောက်ဘက်တနေရာကိုရွှေ့ပြီး နှစ်ရက်သုံးရက်လောက် ရှောင်နေရမယ်ထင်တယ်။ ဂွင်ရွှေ့တဲ့သဘောပေါ့…ထုံးစံအတိုင်းဆိုရင် ဒီကောင်တွေကခံရပြီဆိုရင် ရေတပ်သင်္ဘောနဲ့လာပြီးရမ်းပစ်တာတွေလုပ်တတ်တယ်…တခေါက်တော့ရောက်လာမယ်ထင်တယ်…ဒါနဲ့ ခင်ဗျား တိုက်ပွဲကဘာရ လာသလဲ…” “ကျွန်တော်က ငှက်ဖျားအမြဲဖြစ်နေတဲ့သူဆိုတော့ ဘာဘူစောင်တထည်ပဲ ရဲဘော်တွေဆီက တောင်းထားလိုက်တယ်” ဤသို့ဖြင့်…ကျွန်တော်တို့ မြစ်အောက်ဘက် စုန်ဆင်းပြီး“လောင်းရှည်ရွာ တောင်ဘက်တွင် သုံးရက်မျှရှောင်ပုန်းနေခဲ့ကြပြီး ရန်သူသတင်းရှင်းသွားချိန်မှရွာသို့ ပြန်တက်လာခဲ့ကြသည်။ ရွာရောက်သည်နှင့် ခရီးရောက်မဆိုက်ဆိုသလိုပင် တပ်မှူးကျော်လင်းထံမှ ကျွန်တော့်ကိုချက်ချင်းသူရှိရာသို့တက်လာခဲ့ရန် ခေါ်သည့်စာ ရောက်နေသည်။ “ တပ်မှူးကျော်လင်းဆိုတာ..ရွှေစွန်ညိုသင်္ဘောကိုတိုက်တဲ့တပ်ဖွဲ့ပဲလေ…မြို့ဟောင်းခရိုင်ခွဲတပ်လို့ခေါ်တယ်..။ သူက အခုပီချောင်းမှာရောက်နေတော့ လိုက်ပို့ဖို့လူစီစဉ်ပေးလိုက်ပါ့မယ် ..ကဲကိုငြိမ်းရေ ..ခရီးဆက်ပေဦးတော့.. လိုရာခရီးကိုချောချောမောမောရောက်ပါစေဗျာ…။” ညနေမှောင်စပျိုးချိန်မှ ပီချောင်းတောစခန်းကိုရောက်ပါသည်။တပ်မှူးကျော်လင်းက လှိုက်လှဲနွေးထွေးသောအပြုံးနှင့် နှုတ်ဆက်ပါသည်။ “တွေ့ရတာအထူးပဲဝမ်းသာပါတယ်..ကိုငြိမ်း….ကျွန်တော့်လည်းခရီးဝေးမှာရောက်နေပြီး..မိုးရာသီကလည်းဖြစ်နေလို့ ခင်ဗျားခရီးသွားရေးကိစ္စအချိန်မီ စီစဉ်မပေးနိုင်ခဲ့ဘူး…အခုပြည်နယ်အတွင်းရေးမှူး ရဲဘော်ကျော်မြဆီက ခင်ဗျားခရီသွားရေးကိစ္စစီစဉ်ပေးဖို့ ညွှန်ကြားစာရောက်လာတယ်။ မနက်ဖြန်မနက် ခရီးစထွက်ဖို့ ကျောက်တော်မြို့နယ် လူမျိုးစုတပ်မှူးရဲဘော်ဘသာ ကိုတာဝန်ပေးထားပါတယ်။ ဒီညတော့..ဒီမှာပဲအနားယူလိုက်ပါ။ လိုအပ်တာရှိလည်းပြောပါ။ ” ညဉ့်နက်ပြီဖြစ်သော်လည်းအိပ်မပျော်နိုင် အတွေးတို့ကတောင်စဉ်ရေမရ ရစ်ဝဲနေသည်။
လွန်ခဲ့သောကာလ..ခြောက်လတာမျှ ဖြတ်သန်းခဲ့ရသော….ကိုယ်ရောစိတ်ပါကြေမွသွားအောင် အထုအထောင်းခံလိုက်ရသည့်ဘဝဖြစ်စဉ်ကို ပြန်စဉ်းစားမိ တိုင်း အိပ်မက်ဆိုးတခုလို ခံစားနေမိသည်။ ကွန်မြူနစ်သူပုန်ဖြစ်ချင်သော ဓနရှင်ပေါက်စတယောက်အတွက် စမ်းသပ်ကွက်တွေ…လောကဓံရိုက်ချက်တွေက ပြင်းလွန်းနေရော့သလားဟုပင်အတွေးဝင်နေမိသည်။ ပသို့ဆိုစေ……… ခုချိန်မှာတော့ ကျွန်တော် ဒီတောင်ကိုကျော်နိုင်ခဲ့ပြီ…. ယူနီဖောင်းမရှိ သေနတ်မပါဘဲ တိုက်ပွဲဝင်နိုင်ခဲ့ပြီ…. ရန်သူ့သေနတ်ကိုဆွဲယူပြီး ပွဲဦးထွက် သေနတ် ပစ်ဖေါက်နိုင်ခဲ့ပြီ… ရှေ့ဆက်ရမည့်တော်လှန်ရေးမာရသွန်ခရီးအတွက် တာထွက်သေနတ်သံ သို့မဟုတ် တော်လှန်ရေးသမားတယောက်ရဲ့ တိုက်ပွဲခေါ်သံပင်ဖြစ်ပေလိမ့်မည်။
ငြိမ်းမောင်ဦး