ရာဇဝင်ကို မောင်းနှင်နေသော ဗမာပြည် နွေဦးတော်လှန်ရေး မောင်သန်းမြရွှေ
စစ်သူကြီးမင်းဆက်ထူထောင်ဖို့ မင်းအောင်လှိုင်အာဏာသိမ်းခဲ့တာ ၉လကျော်ပြီ။ ဒီချုပ်ခေါင်းဆောင်တွေကို ကြက်ကလေး ငှက်ကလေးဖမ်းသလို လွယ်လွယ်ဖမ်းလို့ရပေမယ့် အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူလူထုကြီးရဲ့ ပြင်းပြင်းထန်ထန် အုံကြွဆန့်ကျင်မှုကို စစ်ကောင်စီ ရင်ဆိုင်နေရပါတယ်။ အုပ်စိုးသူလူတန်းစားက လက်နက်နဲ့ အကြမ်းဖက် ဖိနှိပ်လာရင် လက်နက်ကိုင် ခုခံဆန့်ကျင်တာ တရားကြောင်းကို ဗမာပြည် အဖိနှိပ်ခံလူထုကြီးက လက်တွေ့လုပ်ဆောင် ပြသလိုက်ပါတယ်။
လက်နက်ကိုင်တော်လှန်ရေးဆိုတာ အာဃာတနဲ့ လက်စားချေရေးဝါဒ မဟုတ်ဘူး။ မင်းမဲ့ဝါဒနဲ့ လုပ်ကြံသတ်ဖြတ်ရေးလည်း မဟုတ်ဘူး။ ပဒေသရာဇ် မင်းလောင်းမျှော်အတွေးအခေါ်နဲ့ မင်းပြောင်းမင်း လွှဲဖြစ်ရေးသက်သက် မဟုတ်ဘူး။ အပေါ်ယံ ပြုပြင်ပြောင်းလဲရေး မဟုတ်ဘူး။ အခြေအမြစ်ကနေ စနစ်ဟောင်းကိုဖြိုပြီး စနစ်သစ်တည်ဆောက်ဖို့ပဲ ဖြစ်တယ်။
ဒလန်ရှင်းလင်းရေးဆိုတာ စစ်တပ်ရဲတပ်တို့နဲ့အတူ လူထုကို ဖိနှိပ်သတ်ဖြတ်နေတဲ့ (စွမ်းအားရှင် ပျူစောထီး တို့လို) သတင်းပေးတွေ ဒေါက်တိုင်တွေကို လူထုထောက်ခံမှုနဲ့ ရှင်းလင်းတာဖြစ်ပါတယ်။
ဗမာပြည် လက်နက်ကိုင်တော်လှန်ရေးမှာ ထူးခြားချက်နှစ်ရပ် ရှိတယ်။ ပထမထူးခြားချက်က လူထုက စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား(စစ်အာဏာရှင်စနစ်- စစ်သုံးစစ်) ကို ရန်ငါစည်းပြတ်ပြီး အဖိနှိပ်ခံလူတန်းစားပေါင်းစုံ လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်လာခြင်း ဖြစ်တယ်။ သပိတ်တိုက်ပွဲတွေ လက်နက်ကိုင်တိုက်ပွဲတွေဟာ သဏ္ဌာန်အမျိုးမျိုးနဲ့ မြို့ရော တောပါ ပျံ့နှံ့နေတယ်။ အခြေခံလူတန်းစားတွေအထိ တော်လှန်ရေးဟာ ကျယ်ပြန့်ကြီးထွားလာတယ်။
ဒုတိယထူးခြားချက်က အဖိနှိပ်ခံပြည်သူလူထုဘက်က ကြည့်ရင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ရေးမှာ လစ်ဘရယ် ပြုပြင်ရေးလမ်းကြောင်းနဲ့ ပါလီမန်ဒီမိုကရေစီလမ်းကြောင်း ဂိတ်ဆုံး သွားခြင်းပဲဖြစ်တယ်။ ကမ္ဘာ့သမိုင်းကို ပြန်ကြည့်ရင် ဘူဇွာတော်လှန်ရေးများဟာ ပဒေသရာဇ်စနစ်ဟောင်းကို ကုန်စင်အောင်ဖျက်သိမ်းခဲ့တာ မဟုတ်ပါဘူး။ ပဒေသရာဇ်သွေးစုပ်မှုနေရာမှာ အရင်းရှင်သွေးစုပ်မှု နဲ့အစားထိုးခဲ့တာ၊ ပဒေသရာဇ်မြေရှင်နေရာမှာ ပုဂ္ဂလိကပိုင်မြေယာ အရင်းရှင်ကြီးနဲ့ အစားထိုးခဲ့တာဖြစ်တယ်။ အရင်းရှင်လူတန်းစားဟာ ကုန်စည်ကို အတုလုပ်ချင်ကြသလို သမိုင်းကိုလည်း အတုလုပ်ချင်ကြတယ်လို့ မာ့က်စ်ပြောဖူးပါတယ်။ တော်လှန်ရေးလား အညံ့ခံရေးလား၊ အမြစ်ဖြတ်ရေးလား စေ့စပ်ပြေငြိမ်းရေးလား၊ အသစ်တည် ဆောက်ရေးလား အဟောင်းပြုပြင်ရေးလားဆိုတာ တော်လှန်ရေးကို ဘယ်လူတန်းစားက ဦးဆောင်သလဲဆိုတာနဲ့ ဆိုင်ပါတယ်။
ဗမာပြည်မှာ စစ်ခရိုနီတွေဟာ မြေယာအမြောက်အမြား သိမ်းနေကြတယ်။ အသိမ်းခံမြေယာများကို မူလပိုင်ရှင်လယ်သမားထံ ပြန်အပ်ဖို့ဆိုရင် စစ်အာဏာရှင်စနစ်ကို အကုန်အစင်ဖျက်သိမ်းရပါမယ်။ တိုင်းပြည်ရဲ့ စီးပွားရေး အသက်သွေးကြောမှန်သမျှကို စစ်ခရိုနီပိုင်ပြုထားကြတယ်။ အမှီအခိုကင်းတဲ့ အမျိုးသားစီးပွားရေး တည်ဆောက်ဖို့ဆိုရင် ဒါတွေကိုသိမ်းယူပြီး (ဖျက်စီးပစ်ဖို့မဟုတ်ဘူး) ပြည်သူ့ထံပြန်အပ်ရမယ်။ နွေဦးတော်လှန်ရေးရဲ့ရည်မှန်းချက်က စစ်အာဏာရှင်စနစ်ကို ဖြိုချပြီး ပြည်သူ့ဒီမိုကရေစီစနစ်ထူထောင်ဖို့ပဲ ဖြစ်သင့်ပါတယ်။ တနည်းအားဖြင့် ပြည်တွင်းမှာလက်ဝါးကြီးအုပ် ပြည်ပမှာ လက်ဝေခံလုပ်နေတဲ့ စစ်ခရိုနီစီးပွားရေးစနစ်ဟောင်းကို ဖျက်သိမ်းပြီး (အလုပ်သမား လယ်သမား မြို့နေဆင်း ရဲသားများနဲ့ လူလတ်တန်းစား အမျိုးသားဓနရှင်များ မဟာမိတ်ပြုထားသော) အမှီအခိုကင်းတဲ့ အမျိုးသားစီးပွားရေးစနစ်သစ်နဲ့ အစားထိုးဖို့ပဲဖြစ်တယ်။ ၂၁ရာစု ဗမာပြည် နွေဦးတော်လှန်ရေး သေနတ်သံဟာ ဗမာပြည် သမိုင်းသစ်ကို ဖန်တီးပါလိမ့်မယ်။
မင်းအောင်လှိုင်စစ်ကောင်စီဟာ ဗမာပြည်နွေဦးတော်လှန်ရေး လက်နက်ကိုင်ခုခံစစ်ကို မချေမှုန်း နိုင်ပါဘူး။ ဒါဟာ ကြာလေထင်ရှားလေ ဖြစ်လာပါတယ်။ အဖိနှိပ်ခံပြည်သူများရဲ့ ကိုယ့်အားကိုယ်ကိုး ခုခံနိုင်စွမ်းကို ကမ္ဘာကအသိအမှတ်ပြု လေးစားလာရတယ်။ စစ်ကောင်စီကြေးစားတပ်ဟာ တပြည်လုံး အနှံ့ တောရော မြို့မှာပါ အမှည့်ခြွေ အခြွေခံနေရတယ်။ ဗမာပြည်ပြည်တွင်းစစ် (လက်နက်ကိုင်ပဋိပက္ခ) ဘယ်လောက်ရှည်ကြာမလဲဆိုတာ ပြည်ပနိုင်ငံများက စောင့်ကြည့်အကဲခတ်နေကြပါတယ်။ ပဋိပက္ခရှည်ကြာတာနဲ့အမျှ ဒေသတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးကို ရိုက်ခတ်နိုင်တာမို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်နဲ့ကြား ဝင်နေတယ်။ မင်းအောင်လှိုင်ခေါင်းမာနေလို့ တိုးတက်မှုမရှိဘူး။ အမေရိကန် အင်္ဂလန် ဂျပန် တရုတ် အာဆီယံ စတဲ့ သံတမန်များက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြားဝင်နေတယ်။ ကိုယ်စီ အကျိုးစီးပွားအရ စေ့ စပ်ရေးလမ်းကြောင်းပွင့်ဖို့ ကြိုးစားကြမှာပါ။ ဗမာပြည်သူလူထုကြီးဟာ ကိုယ့်ခြေပေါ်ကိုယ်ရပ်ပြီး ကိုယ့်လမ်းကိုယ်ထွင် ကိုယ့်ကြမ္မာကိုယ် ဖန်တီး နေတာဖြစ်လို့ကယ်တင်ရှင် မျှော်နေမှာ မဟုတ်ပါဘူး။
မင်းအောင်လှိုင်စစ်အုပ်စုက လူဘယ်လောက်သေသေ တိုင်းပြည်ဘာဖြစ်ဖြစ် ဘယ်သူ ဘာပြောပြော သူ့လမ်းပြမြေပုံအတိုင်း သွားနေတာပါ။ ဒီချုပ်ခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချနေတယ်။ (ဒီချုပ်ကို မဖျက်သိမ်းသေးပေမယ့်) အိမ်-ဆိုင်-ကျောင်း-ရုံး စတာတွေကို ချိတ်ပိတ်နေတယ်။ ရုံးတွေကို ဖျက်ဆီးမီးရှို့နေတယ်။ တဖက်မှာလည်း၂၀၂၃ ဩဂုတ်မှာ (၂၀၀၈ အောက်က) ရွေးကောက်ပွဲ ပြန်လုပ်ဖို့ ရည်မှန်းချက်ထားပြီး လွတ်တော်ကိုယ်စားပြုစနစ် PR နဲ့ အပစ်ရပ်သဘောတူစာချုပ် NCA ကို ပွဲထုတ်နေတယ်။ တပြည်လုံး မှာတော့ နေရာအနှံ့အပြား စစ်မျက်နှာသစ်တွေ ပေါ်ပေါက်နေပြီး၊ အောက်တိုဘာ လဆန်းပိုင်း ကစလို့ ချင်း၊ ယော၊ စစ်ကိုင်းအထက်အောက် တို့မှာ အနော်ရထာစစ်ဆင်ရေး အလောင်းဘုရားစစ်ဆင်ရေး ဆိုပြီး နယ်မြေရှင်းလင်းရေး သတ်-လု-ရှို့လုပ်နေတယ်။ အရပ်သားတွေ ထိခိုက်သေဆုံးတာ အိုးအိမ်ရပ်ရွာ မီးရှို့ခံရတာ စစ်ဘေးဒုက္ခသည်တွေ တိုးများ လာတာတွေ ရှိသော်လည်း လူထုဟာ ဘေးဒုက္ခကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ကျော်နင်းပြီး ရရာလက်နက်နဲ့ ခံချနေကြတယ်။
မင်းအောင်လှိုင်စစ်ကောင်စီဟာ ပြည်ပနဲ့ စစ်ဖြစ်နေတာ မဟုတ်ပါဘူး။ အာဏာမြဲရေးအတွက် ပြည်တွင်းစစ်တိုက်နေတာ လွတ်လပ်ရေးသက်တမ်းတလျှောက် နှစ်ပေါင် ၇၀ ကျော်ပါပြီ။ သူ့အကျပ်အတည်းက ပြည်တွင်းမှာ ယခုဆို နိုင်ငံရေး စီးပွားရေး လူမှုရေးတင်မက စစ်ရေးအကျပ်အတည်းနဲ့ သံတမန်ရေးအကျပ်အတည်းပါ ဘက်စုံကြီးထွားလာနေတာပါ။
ဗမာပြည် နွေဦးတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲဟာ ဗျူဟာအရမှန်ကန်ပါတယ်။ နိုင်ငံရေးအရ စစ်အာဏာရှင်အမြစ်ပြတ် တော်လှန်ရေးဆိုတာအပေါ် အခြေခံပြီး ညီညွတ်နိုင်ကြတဲ့အတွက် ကြီးမားတဲ့ အကျပ်အတည်း မရှိပါဘူး။ ချေမှုန်းရေးတိုက်ပွဲများအထိ မြှင့်တင်နိုင်ဖို့ဆိုရင် လတ်တလော ကြုံတွေ့နေရတဲ့ အကျပ်အတည်းက လက်နက်ရရှိရေးပဲဖြစ်ပါတယ်။ ဒါဟာ နည်းနာပိုင်း အကျပ်အတည်းသာဖြစ်လို့ အနှေးနဲ့အမြန်ဆိုသလို ကျော်နင်းနိုင်မှာပါ။ စစ်ဆိုတာ သက်ရှိ(ရန်သူ) ချေမှုန်းရေးက အဓိကပါ။ နယ်မြေထိန်းချုပ်ရေးက အကျိုးဆက်ပါ။ ရန်သူ့လက်နက် ကိုယ့်လက်နက် ဖြစ်အောင် လုပ်ကြရမှာပါ။ စစ်အုပ်စုဟာ ရန်သူဝိုင်းနေတာပါ။ မကြာခင် ဇာတ်တူသားစားကြပါလိမ့်မယ်။
(တော်လှန်ရေးများဟာ ရာဇဝင်ကို မောင်းနှင်တဲ့ စက်ခေါင်းများဖြစ်သည်)လို့ မာ့က်စ် ပြောခဲ့ပါတယ်။ (တော်လှန်ရေး အချိန်အခါမှာကဲ့သို့ တခြားမည်သည့်အခါတွင်မှ ပြည်သူလူထုများသည် လူ့အဖွဲ့အစည်း စနစ်သစ်တရပ် တည်ဆောက်သူများအဖြစ် တက်ကြွစွာ ရှေ့တန်းသို့ထွက်လာရန် မဖြစ်နိုင်ပေ)လို့ လီနင်က ပြောခဲ့ပါတယ်။ နွေဦးတော်လှန်ရေးနဲ့အတူ ထွန်းပြောင်တဲ့ အနာဂတ် ပြည်ထောင်စုသမ္မတ နိုင်ငံတော်သစ်ကို တစည်းတလုံးတည်း တည်ဆောက်ကြပါစို့။ မောင်သန်းမြရွှေ (၁၄ နိုဝင်ဘာ ၂၀၂၁)