ဘဏ္ဍာအရင်းရှင်စနစ်အတွင်းမှအမေရိကန်ဘဏ်များပြိုလဲမှု
ကြည်ဝင်း
တကြော့ပြန် ဘဏ်ပြိုလဲမှုများ
ဒီနှစ်မတ်လ၈ရက်နေ့မှာကာလီဖိုးနီးယားအခြေစိုက်ဆီးလ်ဗားဂိတ်ဘဏ် (Silvergate)စပြိုပါတယ်။အဲဒီဘဏ်ကခရစ်တိုကာရင်စီ(crypto currency)လို့ခေါ်တဲ့လျှို့ဝှက်ငွေကြေးစနစ်အတွက်ဝန်ဆောင်မှုပေးတာကိုအဓိကထားလုပ်ကိုင်တဲ့ဘဏ်ဖြစ်တယ်။နောက်၂ရက်အကြာမှာတော့ဆီလီကွန်တောင်ကြားဘဏ် (Silicon Valley Bank)ပြိုလဲပါတယ်။ဒီဘဏ်ကရင်းနှီးမြှုပ်နှံမှုဘဏ်အမျိုးအစားဖြစ်ပြီးသူ့ပိုင်ဆိုင်မှုတန်ဖိုး (assets)က၂၀၆ဘီလျံရှိပြီးအမေရိကန်ဘဏ်တွေထဲမှာအဆင့်၁၆ရှိတဲ့ဘဏ်ဖြစ်တယ်။ဒီဘဏ်ကနည်းပညာဆိုင်ရာအစပျိုးလုပ်ငန်းတွေ (startups)ကိုအရင်းအနှီးထုတ်ချေးတာမျိုးတွေအဓိကထားလုပ်ပါတယ်။၂၀၀၈ခုနှစ်ကပြိုလဲခဲ့တဲ့ (assets)တန်ဖိုးအမေရိကန်ဒေါ်လာ၃၀၇ဘီလျံရှိဝါရှင်တန်အကျိုးတူဘဏ် (Washington Mutual)နောက်ပိုင်းဒုတိယအကြီးဆုံးဘဏ်ပြိုလဲမှုပဲဖြစ်ပါတယ်။တတိယပြိုလဲတဲ့ဘဏ်ကတော့ Signature Bankဖြစ်ပါတယ်။သူ့အက်ဆက်တန်ဖိုးကအမေရိကန်ဒေါ်လာ၁၁၈ဘီလျံရှိပြီးအမေရိကန်သမိုင်းမှာတတိယအကြီးဆုံးပြိုလဲတဲ့ဘဏ်ပဲဖြစ်ပါတယ်။ဒီဘဏ်ကလည်းခရစ်တိုငွေကြေးလုပ်ငန်းတွေနဲ့ဆက်စပ်လုပ်ကိုင်မှုများတယ်။
ခရစ်တိုက ဘဏ်စနစ်ကို ကျော်ခွနိုင်သလား
ကိုဗစ်၁၉ကပ်ဘေးမတိုင်မီနဲ့ကပ်ဘေးကာလအတွင်းမှာအမေရိကန်ဘဏ်ကြီးတွေအတော်များများဟာခရစ်တိုငွေကြေးနဲ့ခရစ်တိုငွေကြေးနဲ့ပတ်သက်တဲ့လုပ်ငန်းကြီးတွေမှာမြှုပ်နှံမှုတွေလုပ်ခဲ့ကြတာတွေ့ရတယ်။
ခရစ်တိုငွေကြေးဆိုတာဒစ်ဂျစ်တယ်ငွေကြေးဖြစ်တယ်။ရွေးချယ်စရာငွေကြေးတမျိုးလို့ဆိုတယ်။ဘဏ်တွေမလို၊အစိုးရထိန်းချုပ်မှုမရှိတဲ့ငွေကြေးလို့ဆိုကြတယ်။ငွေချေ၊ငွေလွှဲရာမှာဘဏ်တွေကိုဖြတ်သန်းစရာမလိုတော့ဘူးလို့ဆိုတယ်။
တကယ့်လက်တွေ့မှာခရစ်တိုငွေကြေးကိုင်မယ်ဆိုရင်ကိုယ့်မှာရှိတဲ့ဒေါ်လာနဲ့ခရစ်တိုငွေကိုဝယ်ရတယ်။ဥပမာခရစ်တိုငွေကြေးဖလှယ်ရေးလုပ်ငန်းကြီးတခုဖြစ်တဲ့ FTXမှာဝယ်ပြီးခရစ်တိုငွေစာရင်းဖွင့်နိုင်တယ်။ကိုယ့်ငွေဒေါ်လာကိုဘဏ်ကထုတ်ပြီးဝယ်တယ်။ FTXကခရစ်တိုငွေကြေးရောင်းလိုက်လို့ရလာတဲ့ဒေါ်လာကိုဘဏ်မှာပဲပြန်အပ်တာ၊ဒါမှမဟုတ်စတော့ဝယ်တာစသဖြင့်လုပ်တာပါ။အများစုကတော့ဘဏ်မှာအပ်တာ၊အစိုးရငွေချေးစာချုပ်တွေဝယ်ကြတာပါ။ခရစ်တိုသုံးပြီးငွေပေးချေတာ၊ငွေလွှဲတာတွေလုပ်တဲ့အခါမှာလည်းခရစ်တိုကုမ္ပဏီကြီးတွေကဘဏ်တွေကိုပဲပြန်သုံးကြတာများတယ်။ဒါကြောင့်ခရစ်တိုငွေကြေးသုံးသူတွေဟာသူစွန့်ခွာလာခဲ့တယ်လို့ထင်ထားတဲ့ဘဏ်တွေဆီမှာပဲပြန်ရောက်နေတာဖြစ်ပါတယ်။
ခရစ်တို ဖလှယ်ရေး ကုမ္ပဏီများ အားထားတဲ့ ဘဏ်
တကယ်တော့ခရစ်တိုငွေကြေးဟာအလွန်ကြီးမားတဲ့ငွေမဲခဝါချတဲ့ဖြစ်စဉ်ကြီးပါ။ဘဏ်တွေနဲ့အစိုးရငွေကြေးတွေကိုရှောင်ရှားလိုက်တာဆိုတဲ့စိတ်ကူးယဉ်မှုဖြစ်ပြီးလက်တွေ့မှာတော့ခရစ်တိုကိုဘဏ်တွေနဲ့အစိုးရငွေကြေးတွေကပဲနောက်ကပံ့ပိုးပေးနေတာဖြစ်ပါတယ်။
ခရစ်တိုငွေကြေးဖလှယ်ရေးကုမ္ပဏီ FTXကိုထူထောင်သူဆမ်ဘန့်ခ်မင်းဖရိုက် (Sam Bankman-Fried)ဟာလိမ်လည်မှုတွေလုပ်ခဲ့တယ်လို့နာမည်ထွက်လာပြီးနောက်ဖောက်သည်တွေကသူတို့ရဲ့ခရစ်တိုငွေကြေးတွေပြန်လည်ထုတ်ယူကြရာကနေ၂၀၂၂ခုနှစ်နိုဝင်ဘာလမှာ FTXဟာဒေဝါလီခံလိုက်တယ်။
(Silvergate)ဘဏ်ဟာ၁၉၈၈ခုနှစ်စထောင်စဉ်ကငွေစုငွေချေးလုပ်ငန်းတွေနဲ့စတင်ခဲ့တာဖြစ်တယ်။၂၀၁၀ခုနှစ်တွေမှာတော့ခရစ်တိုငွေကြေးဈေးကွက်မှာဝင်ကစားနေကြသူတွေကိုဘဏ်ဝန်ဆောင်မှုစပေးခဲ့တယ်။၂၀၂၂ခုနှစ်စတုတ္ထ၃လပတ်မှာဘဏ်အပ်နှံငွေ၉၀%ဟာခရစ်တိုငွေကြေးနဲ့ဆက်စပ်နေတယ်။အပ်နှံငွေအမေရိကန်ဒေါ်လာ၁ဘီလျံကျော်ဟာ FTXထူထောင်သူဆမ်ဘန့်ခ်မင်းဖရိုက် (Sam Bankman-Fried)နဲ့သက်ဆိုင်နေတယ်။ (Silvergate)ဘဏ်ဟာငွေလွှဲပြောင်းမှုတွေပိုမိုလျင်မြန်လွယ်ကူစွာလုပ်ပေးနိုင်တဲ့ Silvergate Exchange Networkကိုအကောင်အထည်ဖော်ခဲ့တယ်။ငွေလွှဲပြောင်းမှုနှိုင်းယှဉ်ချက် အရလျင်မြန်တဲ့အတွက်ဒီဝန်ဆောင်မှုကိုခရစ်တိုငွေကြေးကုမ္ပဏီအတော်များများကအသုံးပြုလာကြတယ်။
(Silvergate)ဘဏ်ဟာလုပ်ငန်းအများစုကိုခရစ်တိုငွေကြေးကုမ္ပဏီတွေနဲ့လုပ်ကိုင်ပေမယ့်အပေါင်ပါစာချုပ်နဲ့အစိုးရငွေချေးစာချုပ်တွေကိုဘဏ်အပ်ငွေအများစုနဲ့ဝယ်ယူထားတာပါ။၂၀၂၁ကနေ၂၀၂၃အတွင်းငွေဖောင်းပွမှုဖြစ်လာလို့ဗဟိုဘဏ်ကဘဏ်တိုးနှုန်းတွေမြှင့်တင်လိုက်တဲ့အခါအဲဒီစာချုပ်တွေရဲ့လက်ငင်းဈေးကွက်တန်ဖိုးကျဆင်းသွားတယ်။သက်တမ်းပြည့်အထိထားရင်ဆုံးရှုံးမှုမရှိပေမယ့်ချက်ချင်းရောင်းရင်တော့ဆုံးရှုံးမှုများတယ်။
ခရစ်တို ဖလှယ်ရေး ကုမ္ပဏီပြိုလဲမှုက ဆက်စပ်ဘဏ်ကို ဆွဲခေါ်သွား
FTXခရစ်တိုငွေကြေးလုပ်ငန်းကြီးဒေဝါလီခံသွားပြီးနောက်ခရစ်တိုငွေကြေးနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေရဲ့ (Silvergate)ဘဏ်မှာအပ်ငွေဟာ၆၈%ကျဆင်းသွားတယ်။သူ့ဖောက်သည်တွေကဘဏ်ကနေအမေရိကန်ဒေါ်လာ၈ဘီလျံအထိထုတ်ယူခွင့်ပေးဖို့တောင်းဆိုလာကြတယ်။ဘဏ်မှာထုတ်ပေးဖို့အဲဒီလောက်ငွေမရှိတာမို့သူပိုင်တဲ့ငွေချေးစာချုပ်တွေအရှုံးခံထုတ်ရောင်းရတယ်။၂၀၂၂ခုနှစ်စတုတ္ထသုံးလပတ်မှာအမေရိကန်ဒေါ်လာ၇၁၈သန်းဆုံးရှုံးခဲ့ရတယ်။ငွေချေးစာချုပ်တွေအရှုံးခံရောင်းခဲ့ရာက၂၀၂၃ခုနှစ်မတ်လ၈ရက်နေ့မှာဘဏ်ကိုဆန္ဒအရပိတ်သိမ်းကြောင်း၊အပ်နှံငွေအားလုံးကိုပြန်ထုတ်ပေးသွားမယ်ဖြစ်ကြောင်းအများသို့အသိပေးစာထုတ်ပြန်ခဲ့တယ်။
ငွေချေးစာချုပ် အရှုံးပေါ်တဲ့ သတင်းကြောင့် သတင်းကြောင့် အပ်နှံငွေ စုပြုံလာထုတ်တာ ကြုံရတဲ့ ဘဏ်
ဒုတိယပြိုလဲတဲ့ဘဏ်ကဆီလီကွန်တောင်ကြားဘဏ်ဖြစ်တယ်။ကိုဗစ်၁၉ကပ်ဘေးကာလမှာနည်းပညာကဏ္ဌနဲ့ဆိုင်တဲ့လုပ်ငန်းတွေကြီးထွားမှုရှိလာတာကြောင့်ဆီလီကွန်တောင်ကြားဘဏ် (Silicon Valley Bank)မှာအပ်နှံငွေတိုးလာခဲ့တယ်။အပ်နှံငွေဒေါ်လာ၅၀ဘီလျံရှိရာကနေ၂၀၂၂ခုနှစ်အဆုံးမှာ၂၀၀ဘီလျံဖြစ်လာတယ်။အဲဒီတိုးများလာတဲ့ဘဏ်အပ်ငွေတွေနဲ့၂၀၂၁ခုနှစ်မှာအမေရိကန်အစိုးရဗဟိုဘဏ် (Federal Reserve)ရဲ့ကာလရှည်ချေးငွေစာချုပ်တွေဝယ်ခဲ့တယ်။
၂၀၂၁ -၂၀၂၃အတွင်းမှာဗဟိုဘဏ်ကငွေကြေးဖောင်းပွမှုကိုလျှော့ချဖို့ဆိုပြီးအတိုးနှုန်းတွေမြှင့်တင်ခဲ့တယ်။ဘဏ်တိုးနှုန်းမြင့်လာတာကြောင့်စီးပွားရေးမှာချေးငှားရတဲ့ကုန်ကျစရိတ်တွေလည်းတက်လာခဲ့တယ်။အဲဒါကြောင့်ငွေလိုလာတဲ့ဆီလီကွန်တောင်ကြားဘဏ်ရဲ့ဖောက်သည်တချို့ဟာအပ်နှံငွေတွေထုတ်ယူလာကြတယ်။ငွေထုတ်ပေးနိုင်ဖို့အတွက်မတ်လ၈ရက်နေ့မှာအမေရိကန်ဒေါ်လာ၂၁ဘီလျံတန်ဖိုးရှိငွေချေးစာချုပ်တွေထုတ်ရောင်းခဲ့ရကြောင်း၊အမေရိကန်ဒေါ်လာ၁၅ဘီလျံချေးခဲ့ပြီးနောက်ထပ်ဒေါ်လာ၂.၂၅ဘီလျံရဖို့စတော့ရှယ်ယာတွေထုတ်ရောင်းမယ့်အကြောင်းဆီလီကွန်ဘဏ်ကကြေညာချက်ထုတ်ခဲ့တယ်။အဲဒီကြေညာချက်ထွက်ပြီးနောက်တရက်မှာဘဏ်ကငွေတွေအလုအယက်ထုတ်ယူမှု (bank run)ဖြစ်ခဲ့တယ်။အဲဒီတရက်တည်းမှာတင်အမေရိကန်ဒေါ်လာ၄၂ဘီလျံထုတ်ပေးခဲ့ရတယ်။မတ်လ၁၀ရက်နေ့မှာတော့ဘဏ်ကိုကာလီဖိုးနီးယားဘဏ္ဍာငွေကြေးကာကွယ်ရေးနဲ့တီထွင်မှုဌာနကသိမ်းယူခဲ့ပြီးပြည်ထောင်စုအပ်နှံငွေအာမခံကော်ပိုရေးရှင်း (Federal Deposit Insurance Corporation – FDCI)ကိုလွှဲပြောင်းပေးခဲ့တယ်။
ခရစ်တို ဆုံးရှုံးသွားတဲ့ ဖောက်သည်တွေက အပ်နှံငွေ စုပြုံလာထုတ်တာ ကြုံရတဲ့ ဘဏ်
တတိယပြိုလဲတဲ့ဘဏ်ကတော့စစ်ဂနဲချာဘဏ် Signature Bankဖြစ်တယ်။သူ့ဖောက်သည်တွေကခရစ်တိုငွေကြေးနဲ့ပတ်သက်သူတွေများတယ်။ဘဏ်အပ်နှံငွေစုစုပေါင်းရဲ့လေးပုံတပုံဟာခရစ်တိုငွေကြေးလုပ်ငန်းလုပ်တဲ့ကုမ္ပဏီတွေရဲ့အပ်ငွေဖြစ်တယ်။ခရစ်တိုငွေကြေးလုပ်ငန်းအတွက်ဒုတိယအများဆုံးဘဏ်ဝန်ဆောင်မှုပေးတဲ့ဘဏ်ဖြစ်တယ်။ပထမကတော့ (Silvergate)ဘဏ်ဖြစ်တယ်။
၂၀၂၂ခုနှစ်မှာခရစ်တိုငွေကြေးလုပ်ငန်းကြီးဖြစ်တဲ့ FTXပြိုလဲပြီးနောက်မှာခရစ်တိုငွေဈေးနှုန်းတွေထိုးကျလာတယ်။ငွေလိုလာတာကြောင့် Signature Bankမှာငွေအပ်နှံထားသူတွေကဘီလျံနဲ့ချီပြီးထုတ်သွားကြတယ်။၂၀၂၂ခုနှစ်အစမှာဘဏ်အပ်နှံငွေဒေါ်လာ၁၀၆.၁ဘီလျံရှိရာကနှစ်ဆုံးမှာ၈၈.၆ဘီလျံသို့ကျဆင်းသွားတယ်။၂၀၂၂ခုနှစ်ဆုံးပိုင်းလောက်မှာ Signature Bankဟာခရစ်တိုငွေကြေးဈေးကွက်နဲ့ဆက်စပ်နေတဲ့သူ့ရဲ့လုပ်ငန်းတွေကိုလျှော့ချတဲ့အနေနဲ့ခရစ်တိုငွေဖလှယ်ရေးကုမ္ပဏီနဲ့လုပ်ငန်းကိုဖြတ်တောက်ခဲ့တယ်။ဒါပေမဲ့ခရစ်တိုငွေကြေးဈေးကွက်နဲ့ဆက်စပ်ပြီး Signature Bankဆီကျရောက်လာနိုင်တဲ့အန္တရာယ်တွေအပေါ်ဖောက်သည်တွေရဲ့စိုးရိမ်မှုတွေကိုတော့မလျော့ပါးသွားစေခဲ့ပါ။၂၀၂၃ခုနှစ်မတ်လ၁၀ရက်နေ့တရက်တည်းမှာဘဏ်အပ်နှံငွေဒေါ်လာဘီလျံပေါင်းများစွာထုတ်ပေးခဲ့ရတယ်။အဲဒီနေ့မှာပဲဘဏ်ရဲ့စတော့ရှယ်ယာဟာလည်း၂၃%ကျဆင်းခဲ့တယ်။ဆီလီကွန်တောင်ကြားဘဏ်ပြိုလဲပြီး၂ရက်အကြာမတ်လ၁၂ရက်နေ့မှာ Signature Bankကိုနယူးယောက်ဘဏ္ဍာရေးဝန်ဆောင်မှုဌာနကပိတ်သိမ်းလိုက်ပါတယ်။ပြည်ထောင်စုအပ်နှံငွေအာမခံကော်ပိုရေးရှင်း (Federal Deposit Insurance Corporation – FDCI)လက်အောက်ရောက်သွားတယ်။အမေရိကန်သမိုင်းမှာတတိယအကြီးဆုံးဘဏ်ပြိုလဲမှုပဲဖြစ်ပါတယ်။
ဗဟိုက အတိုးနှန်း တိုးမြှင့်တာကြောင့် ငွေချေးစာချုပ် အရှုံးပေါ်တာ ကြုံရနိုင်
ဘဏ်အမျိုးအစားအမျိုးမျိုးရှိပေမယ့်အခြေခံလည်ပတ်ပုံကတော့အပ်နှံငွေလက်ခံပြီးဘဏ်တိုးပေးတယ်။နောက်အဲဒီအပ်နှံငွေတွေနဲ့ပေးထားတဲ့အတိုးထက်ပိုတဲ့ငွေရအောင်ရှာကြတာပါ။အပ်ငွေတွေကိုပိုများတဲ့အတိုးနဲ့ပြန်ချေးတာ၊ရင်းနှီးမြှုပ်နှံတာ၊အစိုးရချေးငွေစာချုပ်တွေဝယ်တာစသဖြင့်အမျိုးမျိုးလုပ်ကြတယ်။
အခုပြိုလဲသွားတဲ့ဘဏ်တွေကနှစ်ရှည်အစိုးရချေးငွေစာချုပ်တွေဝယ်ထားကြတာမှာတူကြတယ်။နှစ်ရှည်ငွေချေးစာချုပ်မို့အတိုးများတယ်။နှစ်ရှည်လေအတိုးများလေပါ။ဒါကြောင့်ဘဏ်အတွက်အမြတ်ထွက်တယ်။ဒါပေမဲ့ဗဟိုဘဏ်ရဲ့အတိုးနှုန်းတွေ၄%ကျော်အထိအချိန်တိုအတွင်းတိုးမြှင့်လိုက်တဲ့အခါမှာတော့အဲဒီစာချုပ်တွေရဲ့ကာလပေါက်ဈေးတွေကျဆင်းသွားတယ်။ဒီငွေချေးစာချုပ်တွေကိုသက်တမ်းပြည့်အထိထားပြီးမှထုတ်ရင်တော့အရှုံးမရှိပေမယ့်ငွေလိုလို့ကာလပေါက်ဈေးအတိုင်းထုတ်ရောင်းရရင်တော့ရှုံးတယ်။ဒီဘဏ်တွေဟာအပ်နှံငွေအများကိုနှစ်ရှည်ငွေချေးစာချုပ်တွေဝယ်ထားတာဟာစီမံခန့်ခွဲမှုအားနည်းတယ်လို့ဆိုနိုင်တယ်။နှစ်ရှည်စာချုပ်တွေဖြစ်လို့ချက်ချင်းငွေဖြစ်လွယ်ဖို့ (liquidity)ခက်တယ်။ဒါကြောင့်အလုအယက်ငွေထုတ်ကြတာ (bank run)နဲ့ကြုံကြရတာအခါသူတို့ပိုင်ငွေချေးစာချုပ်တွေကိုကာလပေါက်ဈေးနဲ့အရှုံးခံထုတ်ရောင်းကြရတယ်။အဲဒီလိုနဲ့ပြိုလဲကုန်ကြရတာဖြစ်တယ်။
ဒီဘဏ်၃ခုဟာဘဏ်ကြီးစာရင်းဝင်တွေမဟုတ်ဘူး။ဒေါ်လာ၅၀ဘီလျံအထက်ကိုဘဏ်ကြီးလို့သတ်မှတ်ရာက၂၀၁၈ခုနှစ်ထရမ့်လက်ထက်မှာဒေါ်လာဘီလျံ၂၅၀အထက်ပိုင်ဆိုင်မှဘဏ်ကြီးဖြစ်တယ်လို့ပြောင်းလဲသတ်မှတ်လိုက်တာကြောင့်ဖြစ်တယ်။အရင်းရှင်ကြီးတွေရဲ့အလိုအတိုင်းအစိုးရကပြောင်းလဲသတ်မှတ်လိုက်တာပါ။အစိုးရတွေ၊လွှတ်တော်ကိုယ်စားလှယ်ဆိုတာတွေဟာအရင်းရှင်ကြီးတွေ၊ကော်ပိုရေးရှင်းကြီးတွေရဲ့ရန်ပုံငွေတွေနဲ့ရွေးကောက်ခံဖြစ်လာကြတာမို့သူတို့တွေအကျိုးကိုကိုယ်စားပြုဆောင်ရွက်ပေးကြတာမဆန်းပါဘူး။ဘဏ်ကြီးစာရင်းဝင်သွားရင်စည်းကမ်းသတ်မှတ်ချက်တွေပိုများတယ်။ဘဏ်ကြီးစာရင်းမဝင်တဲ့အခါစည်းကမ်းလျော့ပေါ့တာကြောင့်အမြတ်အစွန်းပိုရှာလို့ကောင်းတယ်။
၂၀၀၈ ဘဏ္ဍာဈေးကွက်အကျပ်အတည်း ကို ဖြေရှင်းဖို့ ဗဟိုက အတိုးနှန်းတွေ လျှော့ချခဲ့
၂၀၀၈ခုနှစ်အိမ်ခြံမြေဈေးကွက်ပြိုလဲရာကဘဏ္ဍာဈေးကွက်အကျပ်အတည်းဖြစ်တုန်းကလည်းပြန်နာလန်ထူနိုင်ဖို့အတွက်ဗဟိုဘဏ်ကအတိုးနှုန်းတွေကိုလျှော့ချခဲ့တယ်။ဘဏ်တွေကကြီးလွန်းတာကြောင့်အပြိုလဲခံလို့မဖြစ်ဘူးဆိုပြီးကယ်တင်ခဲ့တယ်။အဲဒီကယ်တင်ရေးရန်ပုံငွေတွေရတော့အရာရှိချုပ်ကြီးတွေ၊မန်နေဂျာချုပ်ကြီးတွေကဆုကြေးငွေတွေထုတ်ယူလိုက်ကြပါသေးတယ်။ဒါ့အပြင်ငွေကြေးတွေလည်းဘဏ္ဍာအရင်းဈေးကွက်ထဲထိုးထည့်ပေးခဲ့တယ်။
၂၀၂၀မတ်လမှာအမေရိကန်ဗဟိုဘဏ်ကအမေရိကန်ဘဏ်စနစ်ထဲကိုဒေါ်လာ၄ထရီလျံထိုးသွင်းပေးခဲ့တယ်။၂၀၀၈ -၂၀၀၉ခုနှစ်ဘဏ်အကျပ်အတည်းလိုမဖြစ်အောင်ဘဏ်တွေကိုကြိုတင်ကယ်(bailout)တာလို့ဆိုတယ်။အဲဒီမတိုင်မီ၂၀၁၉မတ်လတုန်းကလည်း repo marketထဲကိုဒေါ်လာ၁.၅ထရီလျံထိုးသွင်းခဲ့သေးတယ်။ repo marketဆိုတာကငွေလိုတဲ့လုပ်ငန်းကြီးတွေကသူတို့မှာရှိတဲ့စတော့၊ရှယ်ယာ၊ငွေချေးစာချုပ်စတာတွေကိုငွေရှိတဲ့သူဆီမှာအပေါင်ထားပြီးချေးယူကြတာပါ။အပေါင်ထားတာတွေကိုကာလတခုမှာသူတို့ယူထားတဲ့ပမာဏထက်ပိုတဲ့ငွေ(အတိုး)နဲ့ပြန်ယူရတာပါ။ဒါကြောင့်၂၀၁၉ -၂၀၂၀အတွင်းမှာအမေရိကန်စီးပွားရေးအတွင်းကိုဒေါ်လာ၄ထရီလျံကျော်စီးဝင်သွားခဲ့တယ်လို့ပြောနိုင်ပါတယ်။ဒါ့အပြင်ထရမ့်အစိုးရလက်ထက်၂၀၁၇ခုနှစ်မှာအခွန်လျှော့ပေါ့ပေးတာဟာဒေါ်လာ၄.၅ထရီလျံရှိတယ်။
အဲဒီလိုဘဏ္ဍာဈေးကွက်ထဲငွေတွေအဆမတန်ထိုးသွင်းပေးလိုက်တာကြောင့်ကုမ္ပဏီကြီးတွေစန်းထလာကြတယ်။အထူးသဖြင့်နည်းပညာကုမ္ပဏီကြီးတွေနဲ့နည်းပညာအခြေပြုအစပျိုးကုမ္ပဏီတွေအကျိုးအမြတ်ကြီးကြတယ်။ဘဏ်တွေလည်းစီးပွားကောင်းကြီးထွားလာကြတယ်။
ငွေဖောင်းပွမှု ပြဿနာက အဘယ့်ကြောင့်လဲ
၂၀၂၂ခုနှစ်အတွင်းမှာအမေရိကန်ဗဟိုဘဏ်ကအတိုးနှုန်းတွေမြှင့်တင်ခဲ့တယ်။ငွေကြေးဖောင်းပွမှုကိုတိုက်ဖျက်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ဖြစ်တယ်။ငွေကြေးဖောင်းပွပြီးကုန်ဈေးနှုန်းတွေတက်လာတာဟာအရင်းရှင်ကြီးတွေပြောနေကျအတိုင်းအလုပ်သမားလုပ်ခတွေတက်လာတာကြောင့်လို့ဆိုပါတယ်။တကယ်ကယူကရိန်းစစ်ပွဲကြောင့်ရေနံဈေးတက်တာရယ်၊ရုရှား -ယူကရိန်းကသီးနှံတွေတင်ပို့မရတာတွေကြောင့်နဲ့စည်းကမ်းတွေလျှော့ပေါ့ပေးထား (deregulation)လို့ကော်ပိုရေးရှင်းကြီးတွေကအမြတ်တွေအဆမတန်တင်ကြတာကြောင့်ဖြစ်တာပါ။
အဲဒီလိုအတိုးနှုန်းတွေတိုးလိုက်တဲ့အချိန်နဲ့ဘဏ္ဍာဈေးကွက်ထဲကအစိတ်အပိုင်းတခုဖြစ်တဲ့ခရစ်တိုငွေကြေးဈေးကွက်မှာပြဿနာတက်ရာကအခုလိုဘဏ်၃ခု bank runဖြစ်ပြီးပြိုလဲသွားကြတာဖြစ်တယ်။သမ္မတဘိုင်ဒင်ကတော့ဒီဘဏ်တွေကိုကယ်တင်မှာ bailoutမဟုတ်ဘူးလို့ပြောခဲ့တယ်။ဘဏ်အပ်နှံငွေတွေမှာဒေါ်လာ၂၅၀,၀၀၀အထိပဲအာမခံပေးထားတာဖြစ်တယ်။ဒါကြောင့်အများစုကအာမခံမရှိဘူး။ဒါပေမဲ့ထုံးစံအတိုင်းဒီဘဏ်တွေကိုကယ်တင်ဖို့ (ဘဏ်မှာငွေအပ်ထားတဲ့လုပ်ငန်းရှင်ကြီးတွေရဲ့ငွေတွေမဆုံးရှုံးဖို့)မတ်လ၈ရက်နေ့ကနေ၁၅ရက်နေ့အတွင်းဗဟိုဘဏ်ကငွေစက္ကူဒေါ်လာ၃၀၀ဘီလျံရိုက်ထုတ်ခဲ့တယ်။ဘီလျံ၁၅၀ကျော်ကအဲဒီဘဏ်တွေဆီရောက်မှာဖြစ်တယ်။ကျန်ငွေတွေကဘယ်ကိုရောက်မလဲတော့မသိရပါ။
ရိုးရိုးစက်မှုအရင်းခေတ် မျှသာ မဟုတ်၊ ဘဏ္ဍာအရင်းခေတ် ဖြစ်လာပြီ၊
အခုအခါမှာဘဏ္ဍာအရင်းဟာစက်မှုအရင်းထက်အဆမတန်ကြီးထွားနေပြီဖြစ်တယ်။စီးပွားရေးပညာရှင်မိုက်ကယ်ဟဒ်ဆန် (Michael Hudson)က “ကျွန်တော်တို့ဟာစက်မှုအရင်းရှင်စနစ်ထဲမှာမဟုတ်တော့ဘူး။ဘဏ္ဍာအရင်းရှင်စနစ်ထဲမှာရောက်နေပြီ။ဘဏ္ဍာအရင်းရှင်စနစ်လည်ပတ်လုပ်ကိုင်ပုံက၁၉ရာစုစက်မှုအရင်းရှင်စနစ်လည်ပတ်တဲ့ပုံစံတွေနဲ့အများကြီးကွာခြားသွားပြီ”လို့ပြောပါတယ်။ ဒါပေမဲ့ လုပ်အားရဲ့ အစွန်းထွက်တန်ဖိုးအပေါ် အမြတ်ထုတ်တဲ့ အရင်းရှင်စနစ်ရဲ့ အခြေခံကတော့ မပြောင်းလဲပါဘူး။ လုပ်အားအခြေခံက ပေါ်ထွက်လာတဲ့ ရုပ်ဝတ္ထုပစ္စည်း၊ ဝန်ဆောင်မှု စတာတွေအပေါ်မှာ အခြေခံပြီး စတော့၊ ဆင့်ပွား(derivitive)၊ ငွေချေးစာချုပ် စသဖြင့် အမျိုးမျိုးပွားယူထားကြတာပါ။
ဘဏ္ဍာအရင်းဟာအမြတ်အစွန်းရှာရာမှာလည်းလောင်းကစားဆန်ဆန်မိုက်မိုက်မဲမဲလုပ်တယ်။ဒါကြောင့်လည်းကာစီနိုစီးပွားရေးလို့နာမည်ပေးကြတာဖြစ်တယ်။ ဥပမာဘဏ္ဍာဈေးကွက်ထဲက short sellဆိုတာကိုပဲကြည့်ပါ။ကိုယ်ကဈေးကျမယ်ထင်တဲ့စတော့၊ငွေချေးစာချုပ်စတာကိုပိုင်ရှင်ဆီကအချိန်တခုသတ်မှတ်ရယူလိုက်ပြီးကာလပေါက်ဈေးနဲ့ရောင်းလိုက်တယ်။သတ်မှတ်ရက်ရောက်တဲ့အခါအဲဒီအချိန်ပေါက်ဈေးနဲ့ပြန်ဝယ်ပြီးပိုင်ရှင်ကိုပြန်ပေးရတယ်။ကိုယ်တွက်ထားသလိုဈေးကျနေရင်တော့မြတ်ပြီး၊ဈေးတက်နေရင်တော့ရှုံးပါတယ်။
ကပ်ဆိုက်လာရင် အောက်ခြေကိုနင်းနှိမ် ဘဏ္ဍာအရင်းရှင်တွေကို ကယ်တင် လိမ့်မယ်။
အဲဒီလိုလုပ်ရင်းဘဏ္ဍာအရင်းဈေးကွက်တစိတ်တပိုင်းဖြစ်စေ၊အတော်ကြီးကြီးဖြစ်စေ၊၂၀၀၈ကလိုတကမ္ဘာလုံးထိခိုက်စေတဲ့ကပ်ကြီးဖြစ်စေဖြစ်ခဲ့ရင်လည်းအစိုးရတွေနဲ့သက်ဆိုင်ရာဗဟိုဘဏ်တွေကလူထုဘဏ္ဍာငွေတွေနဲ့ဝင်ကယ်ကြပါလိမ့်မယ်။အောက်ခြေကအလုပ်သမား၊လယ်သမားနဲ့အလယ်အလတ်လူတန်းစားတွေပဲခါးစည်းခံကြရမှာဖြစ်ပါတယ်။
ကြ ည်ဝင်း
၆ -၄ -၂၀၂၃
ref:
(1) Why the US banking system is breaking up – Michael Hudson (2023-03-12)
(2) Banking Crisis 2023: Deep Origins and Future Directions – Dr. Jack Rasmus (March 20, 2023)
(3) Wikipediaနဲ့အင်တာနက်မှအချက်အလက်များ