ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၄)—-ထွန်းဇင်အောင် အပိုင်း (၄)
ရုရှားတော်လှန်ရေးမှာရှိတဲ့ တိုက်ပွဲပုံစံတွေက အတော့်ကိုအမျိုးစုံတာမို့ ဥရောပက ဓနရှင်တော်လှန်ရေးတွေနဲ့ယှဉ်ကြည့်ရင် ကွဲပြားပါတယ်။ ၁၉၀၂ ခုနှစ်တုန်းက ကောက်စ်ကီးက တစိတ်တပိုင်းအရ ကြိုတင်ဟောကိန်းထုတ်တဲ့အနေနဲ့ ဒီလိုပြောဖူးတယ်။ နောင်တချိန်ပေါ်ထွက်လာမယ့် တော်လှန်ရေး (ရုရှားတော့ ‘ဖြစ်ချင်မှဖြစ်မယ်’ လို့ သူကထပ်ပြောတယ်) က အစိုးရကို ဆန့်ကျင်တဲ့ ပြည်သူတွေရဲ့တိုက်ပွဲမျိုးထက် လူထုလူတန်းစားနှစ်ရပ်ကြားကတိုက်ပွဲဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ရုရှားမှာ အနောက်က ဓနရှင်တော်လှန်ရေးတွေမှာထက် အဲဒီဒုတိယတိုက်ပွဲမျိုး (လူထုလူတန်းစားနှစ်ရပ်ကြားက တိုက်ပွဲမျိုး) ကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရတာ အသေအချာပဲ။
ပြည်သူထဲမှာရှိတဲ့ ကျွန်တော်တို့ရဲ့တော်လှန်ရေးရန်သူတွေက အရေအတွက်အားဖြင့် နည်းပါတယ် ဒါပေမဲ့ တိုက်ပွဲက ပိုပြင်းထန်လာတာနဲ့အမျှ သူတို့က ပိုပိုပြီးတော့ စနစ်တကျစုဖွဲ့လာတယ်၊ ဓနရှင်လူတန်းစားထဲက ဖောက်ပြန်တဲ့အလွှာရဲ့ထောက်ခံမှုကို ရလာတယ်။ ဒါကြောင့်မို့ ‘အဲဒီလို’ ပြည်လုံးကျွတ်နိုင်ငံရေးသပိတ်တွေပေါ်ထွက်လာနေတဲ့ကာလမှာ ‘အုံကြွမှု’ တခုဟာ ပုံစံအဟောင်း ဖြစ်မနေနိုင်ဘူး။
ဆိုလိုတာက တကယ့်ကို အချိန်တိုတိုလေးအတွင်းမှာနဲ့ နယ်မြေဒေသကျဉ်းကျဉ်းလေးမှာသာ အကန့်အသတ်နဲ့ရှိနေတဲ့ တခုချင်းဆန်ဆန် လှုပ်ရှားလုပ်ဆောင်ချက်များ ဖြစ်မနေနိုင်ဘူး၊ ဒါဟာ ရှောင်လွှဲလို့မရနိုင်တဲ့ကိစ္စဖြစ်သလို လုံးဝကို သဘာဝလည်းကျပါတယ်။ အုံကြွမှုက တတိုင်းပြည်လုံးကိုလွှမ်းခြုံတဲ့ အဆင့်ပိုမြင့်မားပြီး ပိုပြီးတော့အမျိုးမျိုးအဖုံံဖုံ ပေါင်းစပ်ပါဝင်တဲ့ ရေရှည်ပြည်တွင်းစစ်ရဲ့ပုံစံ (လူထုလူတန်းစားနှစ်ရပ်ကြားက လက်နက်ကိုင်တိုက်ပွဲ) ဖြစ်လာတာက သဘာဝကျသလို ရှောင်လွှဲဖို့မဖြစ်နိုင်တဲ့ကိစ္စပါ။
အဲသလို စစ်ပွဲမျိုးဟာ အကြာကြီးနေမှ တခါတခါ ဖြစ်ပေါ်တဲ့ တိုက်ပွဲကြီးတွေတချို့ရယ်၊ အဲဒီ အကြာကြီးဆိုတဲ့ ကြားကာလတွေအတွင်း ဖြစ်ပေါ်တဲ့ တိုက်ပွဲလေးတွေအတော်များများရယ်တို့တွဲဆက်ထားတဲ့ စစ်ပွဲမျိုးအဖြစ်သာ စဉ်းစားလို့ရပါတယ်။ အဲဒီလိုဆိုတော့ (အဲဒီလိုဆိုတာ သေချာပါတယ်) ဆိုရှယ်ဒီမိုကရက်တွေဟာ ဒီတိုက်ပွဲကြီးတွေမှာနဲ့ ဖြစ်နိုင်ရင် တိုက်ပွဲလေးတွေမှာပါ လူထုကို ဦီးဆောင်နိုင်စွမ်းအရှိဆုံးဖြစ်မယ့် အဖွဲ့အစည်းတွေဖန်တီးရေးကို မိမိတို့ရဲ့တာဝန်အဖြစ် မုချမှတ်ယူရမယ်။ ဆိုရှယ်ဒီမိုကရက်တွေဟာ လူတန်းစားတိုက်ပွဲက ပြည်တွင်းစစ်ဖြစ်တဲ့အထိ ပြင်းထန်လာတဲ့ ခေတ်ကာလမှာ ‘အဲဒီပြည်တွင်းစစ်’ မှာ ပါဝင်ဆင်နွှဲရုံမက ဦးဆောင်အခန်းကပါဝင်ရေးကို မိမိတို့ရဲ့တာဝန်အဖြစ် မှတ်ယူရမယ်။
ဆိုရှယ်ဒီမိုကရက်တွေဟာ ရန်သူ့တပ်တွေကို ထိခိုက်နစ်နာစေမယ့်အခွင့်အရေး တခုတလေကိုမှ အလွတ်မပေးတဲ့ ‘စစ်မက်ဖက်ပြိုင်နေသူ’ အဖြစ် အမှန်တကယ်ထမ်းဆောင်နိုင်ဖို့ မိမိတို့ရဲ့အဖွဲ့အစည်းတွေကို လေ့ကျင့်ပြင်ဆင်ပေးရမယ်။ဒါဟာ ခက်ခဲတဲ့ လုပ်ငန်းတာဝန်တခုပါ။ အဲဒါကို မငြင်းပါဘူး။ ဒါကို ချက်ချင်းလက်ငင်း မဖြေရှင်းနိုင်ပါဘူး။ ပြည်တွင်းစစ်အတွင်းမှာ ပြည်သူတရပ်လုံးက ပြန်လေ့ကျင့်ကြရပြီး တိုက်တတ်အောင် သင်ယူသလိုပဲ ကျွန်တော်တို့အနေနဲ့ ဒီလုပ်ငန်းတာဝန်ကို ထမ်းရွက်နိုင်စွမ်းရှိလာအောင် အဖွဲ့အစည်းတွေကိုလည်း လေ့ကျင့်ပေးရမယ်၊ အတွေ့အကြုံ သင်ခန်းစာတွေနဲ့အညီ ပြန်တည်ဆောက်ရမယ်။
လက်တွေ့လုပ်နေတဲ့ အလုပ်သမားတွေကို တမင်ဖန်တီးထားတဲ့ တိုက်ပွဲပုံစံတခုခုကို အတင်းအဓမ္မစွဲကိုင်ခိုင်းဖို့ဖြစ်စေ၊ ဒါမှမဟုတ် အထွေထွေ ရုရှားပြည်တွင်းစစ်တလျှောက်မှာ ပြောက်ကျားစစ် ဘယ်ပုံစံကဖြင့် ဘယ်အခန်းက ပါဝင်သင့်တယ်ဆိုပြီး ထိုင်ရာမထ ဆုံးဖြတ်ဖို့ဆိုတာမျိုးတောင်ဖြစ်စေ ကျွန်တော်တို့ နည်းနည်းမှ စိတ်မကူးပါဘူး။ ပြောက်ကျားတိုက်ပွဲ တခုမဟုတ်တခုအပေါ် အခိုင်အမာ ဆန်းစစ်ချက်တခုကို ဆိုရှယ်ဒီမိုကရေစီရဲ့ ‘လားရာ’ တခု ညွန်ပြချက်အဖြစ်မှတ်ယူဖို့ ကျွန်တော်တို့ ယောင်လို့တောင် မစဉ်းစားဘူး။
ဒါပေမဲ့ လက်တွေ့ဘဝက ပေးလာတဲ့ တိုက်ပွဲပုံစံအသစ်တွေအပေါ် မှန်ကန်တဲ့သဘောတရားရေး လေ့လာဆန်းစစ်မှုတစ်ခု ဖြစ်လာအောင် တတ်နိုင်သလောက် ကူညီဖို့ကိုတော့ ကျွန်တော်တို့တာဝန်လို့ မှတ်ယူပါတယ်။ ခက်ခဲတဲ့ ပြဿနာသစ်တရပ်ကို မှန်မှန်ကန်ကန် တင်ပြတဲ့ကိစ္စမှာနဲ့ အဲဒီပြဿနာသစ်အတွက်အဖြေကို မှန်မှန်ကန်ကန် ချဉ်းကပ်တဲ့ကိစ္စမှာ လူတန်းစားအသိရှိတဲ့ အလုပ်သမားတွေကို အနှောင့်အယှက်ပေးနေတဲ့ ဆီသည်မလက်သုတ်ဖတ် အမြင်များနဲ့ တဖက်စောင်းအမြင်များကို အလံမလှဲစတမ်း တိုက်ပစ်ဖို့ကိုတော့ ကျွန်တော်တို့တာဝန်အဖြစ် မှတ်ယူပါတယ်။(ပြီး)