ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၃)—-(ထွန်းဇင်အောင်)

By | April 27, 2021

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၃)—-ထွန်းဇင်အောင် (အပိုင်း) (၃)

ကျွန်တော်တို့ အခုပြောတဲ့တိုက်ပွဲကို ထုံးစံအတိုင်း အကဲဖြတ်နေကြတာက ဒါဟာ အစိုးရမဲ့ဝါဒဖြစ်တယ်၊ ဘလန်းကီးဝါဒ ဖြစ်တယ်၊ အကြမ်းဖက်ဝါဒဟောင်း ဖြစ်တယ်၊ လူထုနဲ့ကင်းကွာနေတဲ့ လူတချို့ရဲ့လုပ်ရပ်တွေဖြစ်တယ်၊ အလုပ်သမားတွေကို စည်းမဲ့ကမ်းမဲ့ ဖြစ်စေတယ်၊ လူထုလူတန်းစားအလွှာစုံကို သူတို့နဲ့ ကင်းကွာသွားစေတယ်၊ အရေးတော်ပုံကို ဖရိုဖရဲဖြစ်စေပြီး တော်လှန်ရေးကို ထိခိုက်စေတယ်။ ဒီလိုအကဲဖြတ်မှုကို ထောက်ခံတဲ့ ဥပမာတွေကို သတင်းစာတွေမှာ နေ့စဉ်အစီရင်ခံနေတဲ့ အဖြစ်အပျက်တွေမှာ အလွယ်တကူ တွေ့နိုင်ပါတယ်။

ဒါပေမဲ့ အဲသလို ဥပမာတွေက ယုံချင်စရာကောင်းသလား။ ဒါကို စမ်းသပ်ဖို့ ကျွန်တော်တို့ လေ့လာနေတဲ့ တိုက်ပွဲပုံစံ အဖြစ်ထွန်းဆုံးဒေသဖြစ်တဲ့ လက်တစ်ရှ်နယ်ကို ကြည့်ရအောင်။ ဒီလို ထုံးစံ အကဲဖြတ်မှုကတော့ လက်တစ်ရှ် ဆိုရှယ်ဒီမိုကရက်တွေကို နိုဗားယား ဗရီးမီးယားသတင်းစာက (စက်တင်ဘာ ၉ ရက်နဲ့ ၁၁ ရက်ထုတ် သတင်းစာတွေမှာ) အပြစ်တင်တဲ့ပုံ ဖြစ်တယ်။ လက်တစ်ရှ် ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီ (ရုရှား ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီရဲ့ အခွဲတခု) က ပုံမှန်အားဖြင့် ပါတီသတင်းစာစောင်ရေ ၃၀၀၀၀ ထုတ်ပါတယ်။ သတင်းစာရဲ့ကြေညာချက်ကဏ္ဍတွေမှာ သိက္ခာသမာဓိရှိသူတိုင်းက သုတ်သင်ဖို့တာဝန်ရှိတဲ့ သူလျှိုစာရင်းကို ဖော်ပြတယ်။ ပုလိပ်တပ်ကို ကူညီတဲ့သူတွေကို “တော်လှန်ရေးရဲ့ ရန်သူတွေ” အဖြစ် ကြေညာတယ်။ သူတို့ဟာ ကွပ်မျက်ခံရမှာဖြစ်တဲ့အပြင် ဥစ္စာပစ္စည်းတွေပါ သိမ်းပိုက်ခံရမှာ ဖြစ်တယ်။ လက်မှတ်ပါပြီး တံဆိပ်တုံးထုထားတဲ့ ပြေစာနဲ့သာ ဆိုရှယ်ဒီမိုကရက်ပါတီကို ငွေပေးကြဖို့ ပြည်သူကို ညွှန်ကြားထားတယ်။ ပါတီရဲ့ နောက်ဆုံး အစီရင်ခံစာမှာ အဲဒီနှစ်အတွက် စုစုပေါင်းဝင်ငွေ ၄၈၀၀၀ ရူဘယ်ရှိတာကို ဖော်ပြတယ်။ အဲဒီမှာ သိမ်းယူပြီးရတဲ့ငွေ ၅၆၀၀ ရူဘယ်ကို လီဘိုးဌာနခွဲက လက်နက်ဝယ်ဖို့ ထည့်ဝင်လှူဒါန်းထားတာ တွေ့ရတယ်။ ထုံးစံအတိုင်း နိုဗားယား ဗရီးမီးယားသတင်းစာက အဲဒီ “တော်လှန်ရေးဥပဒေ” အပေါ်၊ အဲဒီ “အကြမ်းဖက်အစိုးရ” အပေါ် ဒေါသအမျက်ချောင်းချောင်း ထွက်ပါတယ်။

လက်တစ်ရှ် ဆိုရှယ်ဒီမိုကရက်တွေရဲ့ အဲဒီလုပ်ရပ်တွေကို အစိုးရမဲ့ဝါဒ၊ ဘလန်းကီးဝါဒ၊ အကြမ်းဖက်ဝါဒလို့ ပြောဖို့ ဘယ်သူမှ မျက်နှာမပြောင်ဘူး။ ဘာကြောင့်လဲ။ အခုဒီ တိုက်ပွဲပုံစံအသစ်နဲ့ ဒီဇင်ဘာမှာ တခါဖြစ်ခဲ့ပြီး အခုနောက်တကြိမ် အစပျိုးနေတဲ့ အုံကြွမှုကြားမှာ ‘ရှင်းလင်းတဲ့’ ဆက်စပ်မှုတခု ရှိလို့ပါ။ ဒီဆက်စပ်မှုက ရုရှားတပြည်လုံး အတိုင်းအတာနဲ့တော့ သိပ်ပြီးမသိသာဘူး ဒါပေမဲ့ ရှိနေတယ်။ ဒီဇင်ဘာနောက်ပိုင်းမှာမှ “ပြောက်ကျား” စစ် ကျယ်ပြန့်လာတဲ့အချက်ကို ငြင်းမရသလို၊ ပြောက်ကျားစစ်နဲ့ စီးပွားရေး ပဋိပက္ခသာမက နိုင်ငံရေးပဋိပက္ခပါ ရှေ့တန်းရောက်လာမှုတို့ကြားက အဆက်အစပ်ကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။

ရုရှားအကြမ်းဖက်ဝါဒဟောင်းဆိုတာက ဆင်ကြံကြံနေတဲ့ ပညာတတ်အကြံသမားများရဲ့ ကိစ္စတခုပါ။ ဒီကနေ့ ဖြစ်ရပ်အများစုမှာ ပြောက်ကျားစစ်ကို တိုက်ပွဲဝင်အလုပ်သမားရဲဘော်များ၊ တနည်းအားဖြင့် ရှင်းရှင်းပြောရရင် အလုပ်လက်မဲ့ အလုပ်သမားများက တိုက်နေတာပဲ။ ထုံးစံအမြင်တွေဘက် စောင်းတတ်သူတွေအဖို့တော့ ထစ်ခနဲဆို တန်းမြင်လိုက်တာ ဘလန်းကီးဝါဒနဲ့ အစိုးရမဲ့ဝါဒပဲ။ ဒါပေမဲ့ အုံကြွမှုဖြစ်နေတဲ့ အခြေအနေတခုမှာ (လက်တစ်ရှ်နယ်မှာဆို သိပ်သိသာပါတယ်) အဲသလို ဆီသည်မ လက်သုတ်ဖတ်ဖြစ်နေတဲ့ တံဆိပ်တွေနဲ့ကပ်ပေးနေတာတွေဟာ မဆီမလျော်နိုင်လွန်းတယ်ဆိုတာ သိပ်ကိုရှင်းပါတယ်။

ကျွန်တော်တို့ကြားမှာ အတော်လေး အကျယ်အပြန့် တွေ့နေရတဲ့ အမူအကျင့်ဖြစ်တဲ့ အုံကြွမှုရဲ့အခြေအနေ အကြောင်းအချက်တွေကို အခြေမခံဘဲ ပြောက်ကျားစစ်ကို ခွဲခြမ်းစိတ်ဖြာတာဟာ ဘယ်လောက် လွဲမှားနေသလဲ၊ ဘယ်လောက် သိပ္ပံအမြင်နည်းကျမဆန် ဖြစ်နေသလဲ၊ ဘယ်လောက် သမိုင်းအမြင်နည်းကျမဆန် ဖြစ်နေသလဲဆိုတာကို လက်တစ်ရှ်နယ်သားတွေရဲ့ ဥပမာက ရှင်းရှင်းလင်းလင်း ပြနေတယ်။ ဒီအကြောင်းအချက်တွေကို အလေးထားရမယ်။ ပုန်ကန်ထကြွမှုကြီးတွေ တခုနဲ့တခုကြားက ကြားကာလရဲ့ ထူးခြားတဲ့ လက္ခဏာတွေကို ကျွန်တော်တို့ ပြန်သုံးသပ်ရမယ်။ အဲသလို အခြေအနေတွေမှာ ဧကန်မုချ ပေါ်ထွက်လာတဲ့ တိုက်ပွဲပုံစံတွေကို သိရှိနားလည်ရမယ်။ နှုတ်တိုက်ကျက်ထားတဲ့ စကားတွေ၊ ဥပမာ ကဒက်တွေရော နိုဗားယား ဗရီးမီးယားအုပ်စုရော သုံးကြတဲ့ အစိုးရမဲ့ဝါဒ၊ လုယက်ဖျက်ဆီးမှု၊ ဆူပူသောင်းကျန်းမှုစတဲ့စကားတွေ တဖောင်ဖောင်ပြောပြီး ဒီကိစ္စကို ရှောင်လွှဲဖို့ မကြိုးစားနဲ့။

ပြောက်ကျားတိုက်တာတွေက ကျွန်တော်တို့ရဲ့ အလုပ်တွေကို ပရမ်းပတာဖြစ်စေတယ်လို့ ပြောကြတယ်။ အဲဒီပြောဆိုချက်ကို ၁၉၀၅ ခုနှစ် ဒီဇင်ဘာကနေ မဟူရာတရာရဲ့ ရေဝတီတွေကို အကြမ်းဖက်သတ်ဖြတ်မှုနဲ့ စစ်အုပ်ချုပ်ရေးကာလအထိ အခြေအနေနဲ့ တိုက်ကြည့်ရအောင်။ ‘အဲသလို’ အခြေအနေမှာ ဘယ်သင်းက အရေးတော်ပုံကို ပိုပြီးတော့ ပရမ်းပတာ ဖြစ်စေသလဲ။ ခုခံတွန်းလှန်မှု မရှိတာက ဖြစ်စေသလား၊ စုဖွဲ့ပြီးတိုက်တဲ့ ပြောက်ကျားစစ်က ဖြစ်စေသလား။ ရုရှားအလယ်ပိုင်းကို အနောက်ဘက် နယ်ခြားဒေသတွေဖြစ်တဲ့ ပိုလန်တို့၊ လက်တစ်ရှ်နယ်တို့နဲ့ ယှဉ်ကြည့်ပါ။ အနောက်ဘက်နယ်စပ်ဒေသတွေမှာ ပြောက်ကျားစစ်က ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ တိုးတက်ဖြစ်ပေါ်နေတာကို ဘယ်သူမှ မငြင်းနိုင်ဘူး။ ပြီးတော့ ယေဘုယျအားဖြင့် တော်လှန်ရေး လှုပ်ရှားမှုတခုလုံးကိုပဲ ကြည့်ကြည့်၊ အထူးသဖြင့် ဆိုရှယ်ဒီမိုကရက်လှုပ်ရှားမှုကိုပဲ ကြည့်ကြည့် အနောက်ဘက် နယ်ခြားဒေသတွေထက် ရုရှားပြည် အလယ်ပိုင်းမှာ ပိုပြီးတော့ ပရမ်းပတာဖြစ်နေတာကိုလည်း ဘယ်သူမှ မငြင်းနိုင်ဘူး။ ဒီဟာပေါ်ကနေ ပိုလန်သားတွေနဲ့ လက်တစ်ရှ်နယ်သားတွေရဲ့ ဆိုရှယ်ဒီမိုကရက် အရေးတော်ပုံတွေဟာ ပြောက်ကျားစစ် ‘ကျေးဇူး’ ကြောင့် သိပ်ပြီးပရမ်းပတာ မဖြစ်တာဆိုတဲ့ ကောက်ချက်ချဖို့ ကျွန်တော်တို့ ခေါင်းထဲဝင်လာမှာမဟုတ်ဘူး သေချာတယ်။ မဝင်ပါဘူး။

ချနိုင်တဲ့ တခုတည်းသော ကောက်ချက်ချက ၁၉၀၆ ခုနှစ် ရုရှားပြည်က ဆိုရှယ်ဒီမိုကရက် အလုပ်သမားလူတန်းစား အရေးတော်ပုံ ပရမ်းပတာဖြစ်မှုအတွက် ပြောက်ကျားစစ်ကို အပြစ်တင်ဖို့မဟုတ်ဘူး ဆိုတဲ့အချက် ဖြစ်ပါတယ်။

ဒီကိစ္စမှာ အမျိုးသားရေးအခြေအနေ ထူးခြားချက်တွေကို မကြာခဏ သွယ်ဝိုက်ပြီး ရည်ညွှန်းတတ်ကြတယ်။ ဒါပေမဲ့ အဲဒီလို သွယ်ဝိုက်ပြီး ရည်ညွှန်းတာက အခုဆွေးနွေးချက်ရဲ့ပျော့ကွက်ကို ကိုယ့်ပေါင်ကိုယ်လှန်သလို ရှင်းရှင်းလင်းလင်းကြီး လှစ်ပြလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ အမျိုးသားရေးအခြေအနေတွေနဲ့ဆိုင်တဲ့ကိစ္စဆိုရင် ဒါဟာ ရုရှားတပြည်လုံးမှာ နေရာတကာတွေ့နေရတဲ့၊ အထူးသဖြင့် ရုရှားလူမျိုးတွေမှာကိုရှိနေတဲ့ အစိုးရမဲ့ဝါဒ၊ ဘလန်းကီးဝါဒ၊ အကြမ်းဖက်ဝါဒ စတဲ့ ဖောက်ပြားမှုတွေနဲ့ဆိုင်တဲ့ကိစ္စ မဟုတ်တော့ဘူး။ တခြားကိစ္စတခု ဖြစ်မယ်။ အဲဒီတခြားကိစ္စကို ‘အခိုင်အမာ’ ခွဲခြမ်းစိတ်ဖြာကြပါ လူကြီးမင်းများခင်ဗျား။ အမျိုးသားရေဖိနှိပ်မှု သို့မဟုတ် အမျိုးသားရေးပဋိပက္ခက ဘာကိုမှ ရှင်းမပြဘူးဆိုတာ ခင်ဗျားတို့ တွေ့ပါလိမ့်မယ် ဘာကြောင့်လဲဆိုတော့ အဲဒါတွေက အနောက်ဘက် နယ်ခြားဒေသတွေမှာ အမြဲတမ်းရှိနေပေမယ့် ပြောက်ကျားစစ်ကတော့ မျက်မှောက် သမိုင်းကာလကျမှ ပေါ်လာတာ ဖြစ်လို့ပါပဲ။ အမျိုးသားရေးဖိနှိပ်မှုနဲ့ အမျိုးသားရေးပဋိပက္ခရှိပေမယ့် ပြောက်ကျားစစ် မရှိတဲ့နေရာတွေ အများကြီးရှိတယ်။ ပြောက်ကျားစစ်က ဘာအမျိုးသားရေးဖိနှိပ်မှုမှ မရှိတဲ့နေရာမှာ တခါတရံ ပေါ်လာတတ်တယ်။ ဒီပြဿနာကို အခိုင်အမာခွဲခြမ်းစိတ်ဖြာမှုက ဒါဟာ အမျိုးသားရေးဖိနှိပ်မှုကိစ္စမဟုတ်ဘဲ သူပုန်ထမှု အကြောင်းအချက် အခြေအနေတွေနဲ့ဆိုင်တဲ့ကိစ္စသာ ဖြစ်တယ်ဆိုတာကို ပြပါလိမ့်မယ်။ ပြောက်ကျားစစ်ဆိုတာဟာ လူထုအရေးတော်ပုံက အုံကြွပုန်ကန်မှုအဆင့်ကို အမှန်တကယ်ရောက်သွားတဲ့အချိန်၊ ပြည်တွင်းစစ်အတွင်း “ထိတွေ့မှုကြီးတွေ” တခုနဲ့တခုကြားမှာ အတော်ကြီးမားတဲ့ ရပ်နားထားမှုတွေ ပေါ်လာတဲ့အချိန်၊ အဲဒီလိုအချိန်မျိုးတွေမှာ ရှောင်လွှဲလို့မရဖြစ်လာတဲ့ တိုက်ပွဲပုံစံတခု ဖြစ်ပါတယ်။

အရေးတော်ပုံကို ပရမ်းပတာဖြစ်စေတာ ပြောက်ကျားတိုက်ပွဲတွေ မဟုတ်ပါဘူး။ အဲသလို တိုက်ပွဲတွေကို ‘ကွပ်ကဲမှု’ မပြုနိုင်တဲ့ပါတီရဲ့ အားနည်းချက်သာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရုရှားတွေမှာ တွေ့ရများတဲ့ ပြောက်ကျားတိုက်ပွဲတွေအပေါ် တူးတူးခါးခါးမုန်းတီးမှုက ပါတီကို အမှန်တကယ် ပရမ်းပတာဖြစ်စေတဲ့ ပုန်းလျှိုးကွယ်လျှိုး၊ အစီအစဉ်မရှိ၊ စနစ်မကျတဲ့ ပြောက်ကျားတိုက်ပွဲတွေနဲ့ ပေါင်းဖက်မိနေတာပါ။ ကျွန်တော်တို့အနေနဲ့ ဒီတိုက်ပွဲ ပေါ်ထွက်လာစေတဲ့ သမိုင်းအခြေအနေတွေကို နားလည်နိုင်စွမ်း မရှိတာကြောင့် ဒီတိုက်ပွဲရဲ့ ထိခိုက်နစ်နာစေတဲ့ လက္ခဏာတွေကို ချေဖျက်နိုင်စွမ်းမရှိတာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုက်ပွဲက ရှေ့ဆက်နေတယ်။ အင်အားကြီးမားတဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အကြောင်းအရင်းတွေက တိုက်ပွဲကို ဖြစ်ပေါ်စေပါတယ်။ ဒီအကြောင်းအရင်းတွေကို ဖယ်ရှားရှင်းလင်းဖို့ သို့မဟုတ် ဒီတိုက်ပွဲကို ဖယ်ရှားရှင်းလင်းဖို့ ကျွန်တော်တို့ မစွမ်းပါဘူး။ ပြောက်ကျားစစ်အပေါ် ကျွန်တော်တို့ရဲ့ ဝေဖန်ပြစ်တင်မှုတွေဟာ အုံကြွမှုဆိုင်ရာပြဿနာမှ ကျွန်တော်တို့ပါတီရဲ့ အားနည်းချက်အပေါ် ဝေဖန်ပြစ်တင်မှုတွေ ဖြစ်ပါတယ်။

ပရမ်းပတာဖြစ်တာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပြောခဲ့တာတွေဟာ စည်းမဲ့ကမ်းမဲ့ ဖြစ်တဲ့ကိစ္စမှာလည်း အတူတူပါပဲ။ စည်းမဲ့ကမ်းမဲ့ ဖြစ်လာတာဟာ ပြောက်ကျားစစ်ကြောင့် မဟုတ်ပါဘူး။ အစီအစဉ်တကျမဟုတ်၊ ပုံမှန်မဟုတ်၊ ပါတီအဖွဲ့အစည်းနဲ့ မဆိုင်တဲ့ ပြောက်ကျားလုပ်ရပ်တွေကြောင့်ပါ။ ပြောက်ကျားတိုက်ပွဲတွေကို ပြစ်တင်ဆဲဆိုလိုက်လို့ ‘ဘယ်သူမှမငြင်းနိုင်တဲ့’ အဲဒီစည်းမဲ့ကမ်းမဲ့ ဖြစ်တာကနေ ကျွန်တော်တို့ နည်းနည်းလေးမှ ချမ်းသာရာရသွားမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြစ်တင်ရှုတ်ချတာတွေနဲ့ဆဲဆိုတာတွေက ကြီးမားတဲ့ စီးပွားရေး၊ နိုင်ငံရေးအကြောင်းအရင်းတွေကြောင့်ဖြစ်လာတဲ့ အခြင်းအရာတခုကို ရပ်တန့်အောင် လုံးဝမစွမ်းဆောင်နိုင်ဘူး။ ပုံမှန်မဟုတ်၊ စည်းမဲ့ကမ်းမဲ့ ဖြစ်နေတဲ့ အခြင်းအရာတခုကို ကျွန်တော်တို့ ရပ်တန့်နိုင်စွမ်း မရှိမှတော့ ပုံမှန်မဟုတ်၊ စည်းမဲ့ကမ်းမဲ့ ဖြစ်နေတဲ့ တိုက်ပွဲနည်းနာတွေကို ‘ပါတီ’ က ပြောင်းသုံးဖို့ အကြောင်းမရှိဘူးဆိုပြီး သူတို့က ကန့်ကွက်မှာပဲ။ ဒါပေမဲ့ အဲသလို ကန့်ကွက်တာဟာ လုံးဝလစ်ဘရယ်ဓနရှင်ဆန်တဲ့ရှုထောင့်ကနေ ကန့်ကွက်တာ ဖြစ်လိမ့်မယ်။ မာ့က်စ်ဝါဒရှုထောင့်ကနေ ကန့်ကွက်တာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မာ့က်စ်ဝါဒီတယောက်အနေနဲ့ ပြည်တွင်းစစ်ဖြစ်စေ၊ ပြည်တွင်းစစ်ပုံစံတွေထဲက တခုဖြစ်တဲ့ ပြောက်ကျားစစ်ဖြစ်စေ ပုံမှန်မဟုတ်၊ စည်းမဲ့ကမ်းမဲ့ ဖြစ်နေတဲ့အရာအဖြစ် ‘သိမ်းကျုံး’ သဘောထားတာမျိုး လုပ်လို့မဖြစ်ပါဘူး။ မာ့က်စ်ဝါဒီတယောက်ဟာ ကိုယ့်ကိုယ်ကိုယ် လူတန်းစားတိုက်ပွဲအခြေခံကနေ ရပ်တည်ရမယ်။ လူမှုငြိမ်းချမ်းရေး အခြေခံမှာ ရပ်တည်ရမှာမဟုတ်။

စီးပွားရေး၊ နိုင်ငံရေး ပဋိပက္ခတွေ ပြင်းထန်တဲ့ကာလမျိုးတွေမှာ လူတန်းစားတိုက်ပွဲဟာ ထိပ်တိုက်တွေ့တဲ့ ပြည်တွင်းစစ်တခုအဖြစ်သို့ ရင့်မှည့်လာတတ်ပါတယ်။ လူတန်းစားနှစ်ရပ်ကြားက လက်နက်ကိုင်တိုက်ပွဲအဖြစ် ရင့်မှည့်လာတတ်ပါတယ်။ အဲသလို ခေတ်ကာလမျိုးတွေမှာ မာ့က်စ်ဝါဒီတယောက်ဟာ ပြည်တွင်းစစ်ရပ်တည်ချက်ကို စွဲကိုင်ရမယ့် ‘ဝတ္တရား’ ရှိတယ်။ မာ့က်စ်ဝါဒအမြင်အရ ပြည်တွင်းစစ်နဲ့ပတ်သက်လို့ ဘယ်လိုကျင့်ဝတ်အားဖြင့် ရှုတ်ချဆန့်ကျင်မှုကိုမှ လုံးဝလက်သင့်ခံစရာမရှိဘူး။ပြည်တွင်းစစ်ကာလမှာ စံပြပစ္စည်းမဲ့လူတန်းစားပါတီဟာ တိုက်ခိုက်ရေးပါတီတရပ်ပဲ ဖြစ်တယ်။ ဒါဟာ လုံးဝအငြင်းမပွားနိုင်တဲ့အချက် ဖြစ်တယ်။ ပြည်တွင်းစစ် ရှုထောင့်အရ တချိန်မဟုတ် တချိန်မှာရှိနေတဲ့ ပြည်တွင်းစစ်ပုံစံတချို့ရဲ့ ‘လက်တွေ့အသုံးမဝင်မှု’ နဲ့ ပတ်သက်လို့ အငြင်းပွားစရာ ဖြစ်နိုင်တာ၊ သက်သေပြနိုင်တာတွေကို ကျွန်တော်တို့ လုံးဝလက်ခံတယ်။ ‘စစ်ရေးနည်း အသုံးတည့်မှု’ ရှုထောင့်အရ ပြည်တွင်းစစ်ပုံစံအမျိုးမျိုး ဖြစ်နေတဲ့အပေါ် ဝေဖန်တာကို ကျွန်တော်တို့ လုံးဝလက်ခံတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အရပ်ဒေသအသီးသီးမှာ လက်တွေ့တိုက်ပွဲဝင်နေတဲ့ ဆိုရှယ်ဒီမိုကရက်တွေသာ နောက်ဆုံး အဆုံးအဖြတ် ပြုလုပ်ကြရမယ်ဆိုတာကို ကျွန်တော်တို့ အကြွင်းမဲ့ သဘာတူတယ်။

သို့သော် ပြည်တွင်းစစ် အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာတဲ့အခါ ဖန်တရာတေ အပ်ကြောင်းထပ်နေတဲ့ အစိုးရမဲ့ဝါဒ၊ ဘလန်းကီးဝါဒနဲ့ အကြမ်းဖက်ဝါဒတွေအကြောင်းပြောပြီးရှောင်မထွက်ဖို့နဲ့ ဆိုရှယ်ဒီမိုကရက်ပါတီအနေနဲ့ ပြောက်ကျားစစ်တည်းဟူသော သဏ္ဌာန်ကိုကိုင်စွဲတဲ့ကိစ္စကို ယေဘုယျသဘောဆွေးနွေးတဲ့အခါ ပိုလန်ဆိုရှယ်လစ်ပါတီရဲ့ အဖွဲ့အစည်းတွေထဲရှိ တဖွဲ့မဟုတ်တဖွဲ့က တချိန်မဟုတ်တချိန်မှာကျင့်သုံးတဲ့ မဆီမလျော် ပြောက်ကျားနည်းနာတွေကို လက်ညိုးထိုးပြကာ ဒေဝေါကြီးဆိုပြီး မခြောက်ဖို့ မာ့က်စ်ဝါဒအခြေခံမူများကိုရှေးရှုကာ ကျွန်တော်တို့ လုံးဝတောင်းဆိုတယ်။

ပြောက်ကျားစစ်က အရေးတော်ပုံကို ပရမ်းပတာ စည်းမဲ့ကမ်းမဲ့တွေဖြစ်စေတယ်ဆိုတဲ့အပြောကို ဓမ္မဓိဋ္ဌာန်ကျကျ ဝေဖန်ဆန်းစစ်ရမယ်။ ‘တိုက်ပွဲပုံစံအသစ်တိုင်း’ ဟာ အန္တရာယ်အသစ်တွေ၊ စွန့်လွှတ်အနစ်နာခံမှုအသစ်တွေ ကပ်ရက်ပါလာတာဖြစ်လို့ အဲဒီတိုက်ပွဲပုံစံအသစ်အတွက်ပြင်ဆင်မထားတဲ့အဖွဲ့အစည်းတွေကို မလွှဲမရှောင်သာ “ဖရိုဖရဲ” ဖြစ်စေတယ်။ ကျွန်တော်တို့ရဲ့ဝါဒဖြန့်ချိရေး အစုအဖွဲ့ဟောင်းတွေက လှုံ့ဆော်ရေးနည်းနာတွေသုံးကြရတဲ့အခါ စနစ်တကျ မဖြစ်ဘူး။ ကျွန်တော်တို့ရဲ့ ကော်မတီတွေ ဆန္ဒပြပွဲတွေလုပ်ကြရတဲ့အခါ အစီအစဉ်တကျ မဖြစ်ဘူး။ ဘယ်စစ်ပွဲမှာမဆို စစ်ရေးလှုပ်ရှားမှုတိုင်းဟာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို အတိုင်းအတာတခုအထိ ကစဉ့်ကလျားဖြစ်စေတတ်တယ်။ ဒါပေမဲ့ ဒီလိုပြောလို့ မတိုက်ရဘူးလို့ မဆိုဘူး။ တိုက်တတ်အောင် ‘သင်’ ရမယ်လို့ပြောတာ။ ဒါပါပဲ။

ဆိုရှယ်ဒီမိုကရက်တွေ လက်မထောင်ပြီး၊ ငါသိငါတတ်လုပ်ပြီး “ငါတို့က မင်းမဲ့တွေမဟုတ်ဘူး။ သူခိုးဓားပြတွေ မဟုတ်ဘူး။ ငါတို့က အဲဒါတွေအားလုံးထက်သာတယ်။ ပြောက်ကျားစစ်ကို ငါတို့ လက်မခံဘူး”လို့ ကြွေးကြော်တာကိုတွေ့တော့ “ဒီလူတွေ သူတို့ဘာပြောနေသလဲ ကိုယ့်ဘာသာကိုယ်ရော သိရဲ့လား” လို့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ မဟူရာတရာအစိုးရနဲ့ လူထုကြားက လက်နက်ကိုင်တိုက်ပွဲတွေနဲ့ပဋိပက္ခတွေဟာ တတိုင်းပြည်လုံးမှာ ဖြစ်နေတယ်။ အဲဒီထူးခြားဖြစ်စဉ်ကို တော်လှန်ရေး ဖြစ်ပေါ်တိုးပွားမှုရဲ့ ဒီအဆင့်မှာ လုံးဝရှောင်လွှဲလို့မရဘူး။ လူထုက သူ့အလိုလို စနစ်တကျမဟုတ်ဘဲ (ဒါကြောင့် မကြာခဏ အရေးနိမ့်ရတဲ့၊ မဖြစ်သင့်တဲ့ပုံစံတွေ ဖြစ်တာပါ) လက်နက်ကိုင် ပဋိပက္ခတွေ၊ တိုက်ခိုက်မှုတွေနဲ့ပဲ ဒီဖြစ်စဉ်ကို တုံ့ပြန်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့အားနည်းချက်နဲ့ အဆင်သင့်မဖြစ်မှုကြောင့် တနေရာရာ သို့မဟုတ် တချိန်ချိန်မှာ ဖြစ်ပေါ်တဲ့ ‘အဲဒီ’ သူ့အလိုလို ပေါ်ထွက်လာတဲ့တိုက်ပွဲမှာ ပါတီခေါင်းဆောင်မှုက မပါဘဲနေတာကို ကျွန်တော်နားလည်နိုင်ပါတယ်။ ဒီကိစ္စကို လက်တွေ့တိုက်ပွဲဝင်နေတဲ့ ဒေသခံအလုပ်သမားတွေကသာ ဆုံးဖြတ်ရမယ်ဆိုတာနဲ့၊ အားနည်းနေပြီး ကြိုတင်ပြင်ဆင်မှုမရှိတဲ့ အဖွဲ့အစည်းတွေကို ပြန်ပုံသွင်းဖို့က လွယ်တဲ့ကိစ္စမဟုတ်ဘူး ဆိုတာတွေကို ကျွန်တော် သဘောပေါက်ပါတယ်။ သို့သော် ဆိုရှယ်ဒီမိုကရက် သဘောတရားရေးပညာရှင် သို့မဟုတ် ပြန်ကြားရေးတာဝန်ခံတယောက်က အဲဒီ ကြိုတင်ပြင်ဆင်မှုမရှိတဲ့ အချက်အပေါ် နောင်တရကြောင်း မပြတဲ့အပြင် လူငယ်ဘဝမှာ နှုတ်တိုက်ကျက်ခဲ့တဲ့ အစိုးရမဲ့ဝါဒ၊ ဘလန်းကီးဝါဒနဲ့ အကြမ်းဖက်ဝါဒဆိုင်ရာ စကားတွေကို မာန်မာနတခွဲသားနဲ့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်ပြီး ပြန်ပြန် ရွတ်ပြချင်နေတာတွေပဲတွေ့ရတော့ ကမ္ဘာပေါ်က အတော်လှန်ဆုံးဝါဒ သိက္ခာကျရလေခြင်းရယ်လို့ ကျွန်တော် နာနာကျင်ကျင် ခံစားရပါတယ်။

ပြောက်ကျားစစ်က လူတန်းစားအသိရှိတဲ့ ပစ္စည်းမဲ့တွေကို ဆန်ကုန်မြေလေး၊ မူးရူးလေလွင့်နေသူတွေနဲ့ ပိုနီးကပ်သွားစေတယ်လို့ ပြောကြတယ်။ အဲဒါ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီစကားက ပစ္စည်းမဲ့ပါတီအနေနဲ့ ပြောက်ကျားစစ်ကို တခုတည်းသော ဒါမှမဟုတ် အဓိက တိုက်ပွဲနည်းနာအဖြစ် ဘယ်တော့မှ မသတ်မှတ်ရဘူးလို့ ဆိုလိုတာသာ ဖြစ်တယ်။ ဒီနည်းနာဟာ တခြားနည်းနာတွေရဲ့ လက်အောက်ခံ ဖြစ်ရမယ်၊ အဓိက စစ်ဆင်ရေးနည်းနာတွေနဲ့ ညီညွတ်သင့်တော်ရမယ်၊ မျက်စိပွင့်နားပွင့်စေပြီး စနစ်တကျစုစည်းမှု ဖြစ်စေတဲ့ ဆိုရှယ်လစ်ဝါဒ ဩဇာအရှိန်အဝါနဲ့ မြင့်မြတ်စေရမယ်လို့ဆိုလိုတာ ဖြစ်တယ်။ အဲဒီ နောက်ဆုံးပြောတဲ့ (ဆိုရှယ်လစ်ဝါဒဆိုင်ရာ) အချက်အလက်မပါရင် ဓနရှင်လူ့အဖွဲ့အစည်းထဲက တိုက်ပွဲနည်းနာတွေ ‘အားလုံး’ တကယ့်ကိုအားလုံးဟာ ပစ္စည်းမဲ့လူတန်းစားကို သူ့အထက်မှာရော အောက်မှာပါရှိတဲ့ ပစ္စည်းမဲ့မဟုတ်တဲ့ အလွှာစုံနဲ့ နီးကပ်သွားစေတယ်။ သူ့ဘာသာသူ သဘာဝအတိုင်း လွှတ်ထားလိုက်ရင် ဒီတိုက်ပွဲနည်းနာတွေဟာ အားအင်နွမ်းနယ်လာတယ်၊ ခြစားမှုတွေ ပေါ်လာတယ်၊ ကြေးစားဆန်လာတယ်။ သပိတ်တိုက်ပွဲတွေကို ဒီအတိုင်း လွှတ်ထားလိုက်ရင် ဝယ်ယူစားသုံးသူတွေကို ‘ဆန့်ကျင်တဲ့’ အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူညီချက်တွေရှိတဲ့ “မဟာမိတ်တွေ”အဖြစ် ဖောက်ပြန်ပျက်စီးသွားတယ်။ လွှတ်တော်ဟာ ပြည့်တန်ဆာအိမ် ဖြစ်လာပါတယ်၊ အဲဒီမှာ ဓနရှင်နိုင်ငံရေးသမားဂိုဏ်းဟာ “အမျိုးသား လွတ်မြောက်ရေး” ၊ “လစ်ဘရယ်ဝါဒ” ၊ “ဒီမိုကရေစီ” ၊ ပြည်သူ့သမ္မတဝါဒ၊ နိုင်ငံရေးမှာ ခရစ်ယာန်ဘုန်းကြီးတွေ မပါရေးဝါဒ၊ ဆိုရှယ်လစ်ဝါဒနဲ့ တခြားအဝယ်လိုက်နေတဲ့ ရောင်းကုန်တွေမှန်သမျှကို လက်လီလက်ကား ရောင်းဝယ်ဖောက်ကားနေတယ်။ သတင်းစာက အရပ်ထဲက ဇိမ်ခေါင်းသာသာ အဆင့်အထိ ပျက်သွားတယ်။ လူထုကို ဖောက်ပြန်ပျက်ပြားစေတဲ့ ကိရိယာ၊ လူအုပ်ရဲ့ မကောင်းတဲ့ သန္ဓေပါအကျင့်စရိုက်တွေကို မြှောက်ပင့်ပေးတဲ့ ကိရိယာတခုအဖြစ် ပျက်စီးသွားတယ်၊ တခြား ပျက်စီးပုံတွေလည်း စုံလင်လှပါတယ်။

အချိန်မရွေး နေရာမရွေးသုံးနိုင်တဲ့ တိုက်ပွဲနည်းနာတွေကို ဆိုရှယ်ဒီမိုကရေစီက မသိပါဘူး။ အဲဒါမျိုးကတော့ ပစ္စည်းမဲ့လူတန်းစားနဲ့ သူ့ရဲ့အထက်နား အောက်နားက လူတန်းစားအလွှာတွေ အကြား တရုတ်မဟာတံတိုင်းကြီး ခြားထားသလို ခွဲထားပါလိမ့်မယ်။ ဆိုရှယ်ဒီမိုကရေစီက ခေတ်ကာလအမျိုးမျိုးမှာ နည်းနာအမျိုးမျိုးကို သုံးပါတယ်။ နည်းနာတွေကို အရည်အသွေးမှီမှီ ရွေးချယ်ရာမှာ သဘောတရားရေးဆိုင်ရာနဲ့ စည်းရုံးရေးဆိုင်ရာ သတ်မှတ်ချက်များ* ကို အမြဲတမ်း ‘တင်းတင်းကျပ်ကျပ်’ သတ်မှတ်ပြီး ရွေးချယ်ပါတယ်။(*ဘော်ရှီဗစ် ဆိုရှယ်ဒီမိုကရက်တွေဟာ ပြောက်ကျားတိုက်တဲ့လုပ်ရပ်တွေအပေါ် ပေါ့ပေါ့တန်တန် သဘောထားတယ်လို့ စွပ်စွဲခံရလေ့ရှိပါတယ်။ ဒါကြောင့် ပြောက်ကျားတိုက်ပွဲများဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း (‘ပါတီသတင်းလွှာ’ အမှတ် ၂ နဲ့ ကွန်ဂရက်နဲ့ဆိုင်တဲ့ လီနင့်အစီရင်ခံစာ) မှာ ပြောက်ကျားတိုက်ပွဲတွေဘက်က ရပ်တည်တဲ့ ဘော်ရှီဗစ်အစုက အခုလိုစည်းကမ်းချက်တွေကို ချမှတ်ဖို့ အကြံပြုခဲ့တဲ့အကြောင်း ပြန်ဖော်ပြတာ မမှားပါဘူး။ အဲဒါတွေကတော့ ပုဂ္ဂလိကပိုင်ပစ္စည်းကို “သိမ်းယူတာတွေ” ကို ဘယ်အခြေအနေပဲဖြစ်ဖြစ် ခွင့်မပြုဖို့။ အစိုးရပိုင်ပစ္စည်းကို “သိမ်းယူတာတွေ” ကို အကြံမပြုဖို့ ဒါပေမဲ့ ဒီသိမ်းယူမှုဖြစ်စဉ်တွေကို ‘ပါတီကထိန်းချုပ်ပြီး’ သိမ်းယူရလာတဲ့ အကျိုးအမြတ်တွေကိုလည်း ‘အုံကြွမှုမှာ လိုအပ်တာတွေအတွက်’ အသုံးပြုတယ်ဆိုရင်သာ “ခွင့်ပြုဖို့” စတဲ့ အချက်တွေ ဖြစ်ပါတယ်။

ရက်စက်တဲ့ အစိုးရအရာရှိတွေနဲ့ ‘တက်ကြွတဲ့’ မဟူရာတရာအဖွဲ့ဝင်တွေ အပေါ်မှာတော့ အကြမ်းဖက်မှုပုံစံနဲ့ ပြောက်ကျားတိုက်ဖို့ အကြံပြုတိုက်တွန်းပါတယ်၊ ဒါပေမဲ့ ဒီကိစ္စမှာ လိုက်နာကိုက်ညီရမဲ့ သတ်မှတ်ချက်တွေကတော့ (၁) လူထုရဲ့ သဘောထားတွေကို ထည့်တွက်ဖို့ (၂) သက်ဆိုင်ရာဒေသက အလုပ်သမားလူတန်းစား လှုပ်ရှားမှုရဲ့ အခြေအနေတွေကို အလေးထားဖို့နဲ့ (၃) ပစ္စည်းမဲ့လူတန်းစားရဲ့ အင်အားစုတွေ အလဟဿမဖြစ်အောင် သတိပြုဖို့ဆိုတဲ့ အချက်တွေ ဖြစ်တယ်။ အဲဒီမူကြမ်းနဲ့ ‘ညီညွတ်ရေးကွန်ဂရက်’ မှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကြားက လက်တွေ့ကွာခြားချက်ကတော့ အစိုးရပိုင်ပစ္စည်းကို “သိမ်းယူမှုတွေကို” ခွင့်မပြုဘူးဆိုတဲ့အချက် တချက်တည်းသာ ရှိပါတယ် – လီနင်။)—-ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၃)

Leave a Reply

Your email address will not be published. Required fields are marked *