ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၂)—-(ထွန်းဇင်အောင်)

By | April 25, 2021

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၂)—-ထွန်းဇင်အောင်

မာ့က်စ်ဝါဒရေးရာ အဆိုပြုချက်တွေကို ထူထောင်ပြီးပြီမို့ ကျွန်တော်တို့ ရုရှားတော်လှန်ရေးကို ကြည့်ကြစို့။ တော်လှန်ရေးကဖန်တီးခဲ့တဲ့ တိုက်ပွဲပုံစံတွေရဲ့ သမိုင်းကြောင်းအရဖြစ်ထွန်းမှုကို ပြန်စဉ်းစားကြည့်ရအောင်။ အရင်ဆုံး အလုပ်သမားတွေရဲ့ စီးပွားရေးသပိတ်တိုက်ပွဲတွေ (၁၈၉၆-၁၉၀၀) ရှိခဲ့တယ်။ နောက် အလုပ်သမားတွေနဲ့ ကျောင်းသားတွေရဲ့ နိုင်ငံရေးဆန္ဒပြပွဲတွေရှိတယ် (၁၉၀၁-၁၉၀၂)။ လယ်သမား သူပုန်ထမှုကြီးတွေရှိတယ် (၁၉၀၂)။ ဆန္ဒပြပွဲတွေနဲ့ အမျိုးမျိုးအဖုံဖုံ ပေါင်းစပ်ထားတဲ့ လူထုနိုင်ငံရေးသပိတ်တွေရဲ့အစ (ရော့စ်တော့ ၁၉၀၂၊ ၁၉၀၃ ခုနှစ် နွေရာသီ သပိတ်တိုက်ပွဲတွေ၊ ၉ ရက် ဇန်နဝါရီ ၁၉၀၅)။ ရုရှားပြည်လုံးကျွတ် နိုင်ငံရေးသပိတ်ကြီး။

နောက် တဆက်တည်းပါလာတဲ့ ဒေသအလိုက် ခံတပ်တိုက်ပွဲတွေ (အောက်တိုဘာ ၁၉၀၅)။ လူထု ခံတပ်တိုက်ပွဲနဲ့ လက်နက်ကိုင်အုံကြွမှု (ဒီဇင်ဘာ ၁၉၀၅)။ ငြိမ်းချမ်းတဲ့ ပါလီမန်တိုက်ပွဲ (ဧပြီ-ဇွန် ၁၉၀၆)။ တပ်တွင်းပုန်ကန်မှုတချို့ (ဇွန် ၁၉၀၅-ဇူလိုင် ၁၉၀၆)နဲ့ လယ်သမား သူပုန်ထမှုတချို့ (၁၉၀၅ ဆောင်းဦးနဲ့ ၁၉၀၆ ဆောင်းဦး)။ဒါတွေက အထွေထွေ တိုက်ပွဲပုံစံတွေနဲ့ ပတ်သက်လို့ ၁၉၀၆ ခုနှစ် ဆောင်းဦးပေါက်ကာလ အခြေအနေတွေ ဖြစ်တယ်။

အကြွင်းမဲ့အာဏာရှင်ဘက်က ကျင့်သုံးတဲ့ “လက်စားချေ” တိုက်ပွဲပုံစံကတော့ ကီရှိနက်မှ ဆက်ဒလက်အထိ ၁၉၀၃ ခုနှစ်နွေဦးမှ ၁၉၀၆ ခုနှစ် ဆောင်းဦးအတွင်း ရေဝတီလူမျိုးတွေကို မဟူရာတရာအုပ်စုရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ပုံစံပဲ ဖြစ်တယ်။ ဒီကာလတလျှောက်လုံးမှာ မဟူရာတရာတရာအုပ်စုရဲ့ ရေဝတီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို စီစဉ်ပေးတာတွေနဲ့ ရေဝတီတွေ၊ ကျောင်းသားတွေ၊ တော်လှန်ရေးသမားတွေနဲ့ လူတန်းစားအသိရှိတဲ့ အလုပ်သမားတွေကို ရိုက်ကြနှက်ကြတာတွေက ဆက်တိုက်ဖြစ်လာပြီး သူ့အလိုလို စနစ်တကျ ဖြစ်လာတယ်။

မဟူရာတရာတပ်တွေရဲ့ အကြမ်းဖက်မှုနဲ့ ကြေးစားလူမိုက်တွေရဲ့ အကြမ်းဖက်မှုတွေ ပေါင်းစပ်တာတွေ၊ ရွာတွေမြို့တွေမှာ လက်နက်ကြီးတွေသုံးတဲ့အထိ အလွန်အကျွံလုပ်တာတွေ၊ အာခံသူများကို အဝေးချီတပ်များဖြင့် ပြစ်ဒဏ်ခတ် တိုက်ခိုက်ခြင်း၊ မီးရထားသပိတ် လုပ်သားများကို ပြစ်ဒဏ်ခတ် ခြိမ်းခြောက်ရထားမောင်းစေခြင်း စတဲ့နည်းတွေ ပေါင်းစပ်တာတွေ ဖြစ်လာတယ်။ဒါက ပုံကားချပ်ရဲ့ အဓိကနောက်ခံပဲ ဖြစ်ပါတယ်။

အဲဒီနောက်ခံမှာ ဒီဆောင်းပါးက အလေးထား လေ့လာဆန်းစစ်မယ့် အခြင်းအရာ ရှိပါတယ်။ အဲဒီအရာဟာ တစိတ်တပိုင်း၊ လက်အောက်ခံနဲ့ဝန်းရံဆိုပြီးရှိနေတာ ရှင်းပါတယ်။ အဲဒီအခြင်းအရာက ဘာလဲ။ သူ့ပုံစံတွေက ဘာတွေလဲ။ သူ့အကြောင်းအရင်းတွေက ဘာတွေလဲ။ ဘယ်အချိန်မှာ ပေါ်လာပြီး ဘယ်လောက် ပျံ့နှံ့သွားသလဲ။ တော်လှန်ရေးခရီး တလျှောက်လုံးမှာ သူ့အခန်းဝင်မှုက ဘာလဲ။ ဆိုရှယ်ဒီမိုကရေစီက စည်းရုံးစုစည်းပြီး ဦးဆောင်တဲ့ အလုပ်သမားလူတန်းစားရဲ့တိုက်ပွဲနဲ့ သူ့ဆက်ဆံရေးကဘာလဲ စတဲ့မေးခွန်းတွေဟာ ပုံကားချပ်ရဲ့အထွေထွေနောက်ခံကို ရေးခြစ်ပြီးနောက် ကျွန်တော်တို့ဆက်ပြီး လေ့လာဆန်းစစ်ရမယ့် မေးခွန်းတွေ ဖြစ်တယ်။

ကျွန်တော်တို့ စိတ်ဝင်စားတဲ့အချင်းအရာက ‘လက်နက်ကိုင်’ တိုက်ပွဲ ဖြစ်တယ်။ ဒီတိုက်ပွဲကို လူတဦးချင်းတွေနဲ့ အုပ်စုလေးတွေက ဆင်နွှဲကြတာဖြစ်တယ်။ တချို့က တော်လှန်ရေးအဖွဲ့တွေက လူတွေဖြစ်တယ်။ တချို့(ရုရှားရဲ့ တချို့အရပ်ဒေသတွေက ‘အများစု’) ကတော့ ဘယ်တော်လှန်ရေးအဖွဲ့နဲ့မှ မပတ်သက်ဘူး ။ လက်နက်ကိုင်တိုက်ပွဲမှာ ဦးတည်ချက်နှစ်ခုရှိတယ်။ ဒီနှစ်ခုကို တင်းတင်းကျပ်ကျပ် ခွဲခြားထားရမယ်။

ပထမတခုက စစ်တပ်နဲ့ ပုလိပ်တပ်တွင်းက တဦးချင်းတွေ၊ အကြီးအကဲတွေနဲ့ လက်အောက်ငယ်သားတွေကို တဦးချင်း လုပ်ကြံသတ်ဖြတ်ဖို့ဖြစ်တယ်။ ဒုတိယဦးတည်ချက်က အစိုးရနဲ့ ပုဂ္ဂလိက ငွေကြေးရန်ပုံငွေတွေကို သိမ်းယူဖို့ ဖြစ်တယ်။ သိမ်းယူထားတဲ့ ရန်ပုံငွေထဲကတချို့ကို ပါတီဘဏ္ဍာရေးအတွက် ထားရမယ်။ တချို့ကို ဆင်နွှဲတော့မယ့် အုံကြွပုန်ကန်မှုအတွက် လက်နက်တပ်ဆင်ရေးနဲ့ ပြင်ဆင်ရေးဆိုတဲ့ အထူးရည်ရွယ်ချက်အတွက် ထားရမယ်။ တချို့ကို အခုကျွန်တော်တို့ပြောတဲ့ တိုက်ပွဲမှာ ပါဝင်ထမ်းရွက်နေသူတွေရဲ့ စားဝတ်နေရေးအတွက် ထားရမယ်။

ကြီးကြီးမားမား သိမ်းယူရရှိမှုတွေ (ဥပမာ ကော့ကေးရှားမှာ ရူဘယ် ၂၀၀၀၀၀ ကျော်၊ မော်စကိုမှာ ရူဘယ် ၅၇၅၀၀၀ စတဲ့ သိမ်းယူရရှိမှုတွေ) ကို အရင်ဆုံး တော်လှန်ရေးပါတီတွေကို ခွဲဝေပေးတယ်။ အသေးစား သိမ်းယူရရှိမှုတွေထဲက အများစု၊ တခါတလေ အကုန်လုံးကို “သိမ်းယူသူတွေ” ရဲ့ စားဝတ်နေရေးအတွက် သုံးတယ်။

ဒီတိုက်ပွဲပုံစံက ဒီဇင်ဘာအုံကြွမှုနောက်ပိုင်းဖြစ်တဲ့ ၁၉၀၀ ခုနှစ်ကျမှ ဘက်စုံ ဖြစ်ထွန်းလာပြီး ကျယ်ပြန့်သွားတာ ထင်ရှားတယ်။ လက်နက်ကိုင်တိုက်ပွဲ ဖြစ်တဲ့အထိ နိုင်ငံရေးပဋိပက္ခရဲ့ သဲသန်ပြင်းထန်လာတဲ့ အခြေအနေနဲ့ အထူးသဖြင့် မြို့ပေါ်မှာရော ကျေးလက်မှာပါ ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ အလုပ်လက်မဲ့ဖြစ်မှုတွေ သဲသန်ပြင်းထန်လာတဲ့ အခြေအနေတို့ဟာ ကျွန်တော်တို့ အခုပြောနေတဲ့တိုက်ပွဲ ဖြစ်ပေါ်လာရတဲ့ အရေးကြီးတဲ့အကြောင်းအရင်းတွေထဲကတခု ဖြစ်တယ်။

ဒီတိုက်ပွဲပုံစံကို ပြည်သူတွေထဲမှာ အိမ်ခြေရာခြေမဲ့ ဖြစ်နေသူတွေ၊ အောက်ကျနောက်ကျအဖြစ်ဆုံး လူတန်းစားတွေနဲ့ အစိုးရမဲ့ဝါဒီအုပ်စုတွေက ဒီတိုက်ပွဲပုံစံကို တခြားပုံစံတွေထက်ပိုကောင်းတဲ့ လူမှုတိုက်ပွဲပုံစံ အဖြစ်သာမက ‘တခုတည်းသော’ လူမှုတိုက်ပွဲပုံစံအဖြစ်တောင် သတ်မှတ်ထားတယ်။ စစ်အုပ်ချုပ်ရေး ကြေညာတာ၊ စစ်သားသစ်စုဆောင်းပြီး တပ်လှန့်ထားတာ၊ ရေဝတီတွေကို မဟူရာတရာအုပ်စုက (ဆက်ဒလက်မြို့) မှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာနဲ့ စစ်ခုံရုံးတွေနဲ့ တရားစီရင်တာတို့ကိုတော့ အကြွင်းမဲ့အာဏာရှင်စနစ်ကကျင့်သုံးတဲ့ “လက်စားချေ” တိုက်ပွဲပုံစံအဖြစ် သတ်မှတ်ရမှာ ဖြစ်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *