ဗိုလ်မင်းအောင်လှိုင်ရဲ့ အလိမ်အညာဒီတခါ ယုံပြန်ရင် ယုံသူတို့အပြစ်။

By | October 21, 2022

ဗိုလ်မင်းအောင်လှိုင်ရဲ့ အလိမ်အညာဒီတခါ ယုံပြန်ရင် ယုံသူတို့အပြစ်။ လှဝင်း

စစ်အုပ်စုအဆက်ဆက် တိုင်းပြည်နှင့်ပြည်သူအပေါ် တရားမဲ့အုပ်စိုးခြင်း နည်းစနစ်များတွင် စစ်ဗျူရိုကရေစီယန္တရားဖြင့် ဖိနှိပ်အုပ်ချုပ်ခြင်း၊ ၂၀၀၈ ခြေဥ စသည့် မတရားသောဥပဒေ အမိန့်အာဏာတို့ဖြင့် စစ်အာဏာကို ခိုင်မြဲစေပြီး ပြည်သူအပေါ် စစ်ကျွန်ပြုခြင်း၊ တရားမဲ့ ဖက်ဆစ်ဆန်ဆန် သတ်ဖြတ်ခြင်း၊ စစ်ပြုခြင်း စသော နည်းနာများကျင့်သုံးသလို အခြားတဖက်တွင်လည်း လိုလျှင် အလွယ်ကတိပေး၍ မလိုလျှင် အလွယ်ကတိဖျက်ခြင်းအပါအဝင် လိမ်လည်လှည့်ဖြားခြင်းနည်းနာအမျိုးမျိုးတို့ကို ကျင့်သုံးလေ့ရှိပါသည်။

ဗိုလ်စောမောင်က ရွေးကောက်ပြီးလျှင် စစ်တပ်က စစ်တန်းလျားပြန်မည်ဟု ပြောပါသည်။ မပြန်ပါ။ ရွေးကောက်ပွဲအနိုင်ရပါတီအား အာဏာလွှဲမည်ဟု ပြောပါသည်။ ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာမပေးချင်တော့ အနိုင်ရပါတီရဲ့ တာဝန်က အခြေခံဥပဒေဆွဲရမှာပါဟု လိမ်ပါသည်။ လက်တွေ့မှာ အခြေခံဥပဒေကို စစ်အာဏာအကျိုးစီးပွားအတွက် သူတို့က စိတ်ကြိုက်ရေးဆွဲခိုင်းပါသည်။ တကယ်တမ်းမှာ ၂၀၀၈ အခြေခံဥပဒေကို စစ်အုပ်စုက ရွေးဆွဲခဲ့တာပါ။ ရွေးကောက်ပွဲရလဒ်က သူတို့အကျိုးစီးပွားနဲ့ မကိုက်လျှင် ရွေးကောက်ပွဲက မသမာဟု လိမ်ပါသည်။ ဗိုလ်စောမောင်စ၍ ဗိုလ်မင်းအောင်လှိုင်လက်ထက်ထိ ရွေးကောက်ပွဲက သူတို့အကျိုးစီးပွားနှင့် မကိုက်ညီ၍ သူတို့ အလိုမကျလျှင် အနိုင်ရပါတီကို အာဏာမလွှဲပါ။ ဒါ့အပြင် အာဏာသိမ်းပါသည်။

အမှန်စင်စစ် ၂၀၀၈ အောက်က ရွေးကောက်ပွဲ၊ လွှတ်တော်၊ အရပ်သားအစိုးရတို့ဆိုသည်မှာလည်း စစ်အာဏာ၏ အယောင်ဆောင်လိမ်လည်မှုပင် ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ စစ်ဓားပြားဖြင့် ကျောကိုရိုက်၊ ဓားနှောင့်နှင့်ထု လုပ်လာကြသဖြင့် ပြည်သူလူထုက စစ်အုပ်စုရဲ့လိမ်ညာလှည့်ဖြားမှုကို နောကျေနေပါသည်။ ဒါကြောင့် စစ်အာဏာရှင်စနစ် အမြစ်လှန်ရေးကို ပြည်သူက သန္နိဋ္ဌာန်ချ ကြွေးကြော်ခဲ့ခြင်း ဖြစ်ပါသည်။ ဒါပေမဲ့ စစ်အုပ်စုရဲ့လိမ်လည်လှည့်ဖြားခြင်းကို သိလျက်နှင့် ဝိဘက်ကြမ္မာငင် ယုံကြည်နေသူများ ရှိပါသည်။ ဒါကြောင့် ဗိုလ်မင်းအောင်လှိုင်က အခုတခါ ငှက်အုပ်ထဲသို့ လိမ်ညာမှုဂဲ(ခဲ)လုံးကြီးကြီးကို အားကုန်ပစ်သွင်းလိုက်ပါသည်။ ငှက် ဘယ်နှစ်ကောင်လောက် ထိသွားမည်လဲ မပြောတတ်ပါ။

ဗိုလ်မင်းအောင်လှိုင်က ဖွဲ့စည်းပုံထဲက လိုအပ်တဲ့အချက် ပြင်မည် ပြောသည်။ သူတို့ဖွဲ့စည်းပုံကို သူတို့ချိုးဖောက်ပြီး သူတို့အာဏာသိမ်းခဲ့ပါသည်။ အခု ပြင်မည် ပြောလာခြင်း ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာ ပြည်သူက လက်မခံဆန့်ကျင်စွန့်ပစ်သဖြင့် လုပ်တိုင်းကုန်းသို့ ရောက်သွားသော ကျားသေ ဖြစ်ပါသည်။ အခု ဗိုလ်မင်းအောင်က သူတို့ထွက်ပေါက်အဖြစ် အသက်ပြန်သွင်းဖို့ လိမ်ညာ လှည့်ဖြားနေခြင်း ဖြစ်ပါသည်။ ဒီလို ၂၀၀၈ ဖွဲ့စည်းပုံက လိုအပ်တဲ့အချက်ပြင်မှာက တိုင်းရင်းသားတွေ လိုလားသော အချက်များကို ပေးဖို့လိုလို ဗိုလ်မင်းအောင်လှိုင်က ဆက်ပြီး လိမ်ညာပါသည်။ စစ်ရေးအရ သူတို့ အကျပ်အတည်း အခက်အခဲ ကြီးပါသည်။ တတိုင်းပြည်လုံးလိုလိုက သူတို့ကို လက်နက်ကိုင်ခုခံတိုက်ခိုက်နေပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့အကူအညီကြောင့် မြေပြန့်သားတွေ လက်နက်ကိုင်တိုက်နိုင်တာဟု မင်းအောင်လှိုင်က ထင်ဟန်တူပါသည်။ မြေပြန့်နဲ့ တောင်ပေါ် ပေါင်းတိုက်တာလည်း သူတွေ့နေရပါသည်။ ဒါကို သူ ခွဲပစ်ချင်ပါသည်။ ပြည်သူ့လက်နက်ကိုင် တပ်ဖွဲ့အမျိုးမျိုးကို သူ တွေ့ဆုံဆွေးနွေးပွဲမလုပ်နိုင်ပါ။ သူ ခါးခါးသီးသီး မုန်းတီးသော NUG နဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုတာ မဖြစ်နိုင်ပါ။ ဒါကြောင့် NCA လမ်းကြောင်းအတွက်၊ စစ်ရပ်ရေးအတွက် ဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သူခေါ်ပါသည်။ ဝနယ်က ပြည်နယ်တောင်းတာကို ယေဘူယျ သူ သဘောတူပါသည်ဟု ပြောပါသည်။ မိုင်းလားကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသပေးဖို့ အကြမ်းအားဖြင့် လက်ခံသည်ဆိုပါသည်။ မရေမရာ ကတိစကားတွေသာ ဖြစ်ပါသည်။ အဲဒီက အပြန် ရှမ်းပြည်နယ်က လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အသံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဆီက ထွက်လာသည်။ အဲဒီနောက် တဆက်တည်း တိုင်းရင်းသားတွေအတွက် ၂၀၀၈ ထဲက လိုအပ်တဲ့အချက် ပြင်မယ်ဟု ဒီလို ပြောလာခြင်း ဖြစ်ပါသည်။

မင်းအောင်လှိုင်သူ ဒီလို ပြောတာဟာ သူတို့ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လိမ်ညာမက်လုံးပေး ဈေးခေါ်လိုက်တာပါပဲ။ သူတို့ထွက်ပေါက်အတွက်အမြတ်ထုတ်ဖို့ ကြိုးပမ်းချက်အလိမ်အညာတွေသာ ဖြစ်ပါသည်။ သူတို့စစ်အာဏာရှင်နစ် အားကောင်းမောင်းသန်ပြန်ဖြစ်လာလျှင် ကတိတွေသစ္စာတွေဆိုတာကို ဖတ်ခနဲ လွှင့်ပစ်လိုက်ဖို့ နည်းနည်းမှ ဝန်မလေးသူများပါ။ ဒါအောင်မြင်လျှင်(သူပြောတာ ယုံကြည်လက်ခံလျှင်) သူတို့စစ်အုပ်စုအတွက် အကျိုးအမြတ်များပါလိမ့်မည်။ တိုင်းရင်းသားတွေနဲ့ မြေပြန့်က လက်နက်ကိုင်ပြည်သူ့တော်လှန်ရေးအဖွဲ့တွေကို ခွဲပစ်နိုင်မည်။ သူတို့ စစ်ရေးအကျပ်အတည်းကြီးချိန် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဘွာခတ်ပြီး ရပ်နားထားနိုင်လို့ မြေပြန့်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို ဖိတိုက်နိုင်မည်။ ပြည်နယ်တို့ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ကို မက်လုံးပေးပြီး တိုင်းရင်းသားတွေ သူတို့ ၂၀၀၈ အခြေခံဥပဒေကို ဆက်လက်အသိအမှတ်ပြုအောင်၊ NCA လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်သွားနိုင်အောင်၊ သူတို့ရွေးကောက်ပွဲကို မထောက်ခံတောင်မှ အနည်းဆုံးအသိအမှတ်ပြုအောင်၊ တိုင်းရင်းသားအရေး အတွက် အခြေခံဥပဒေပြင်ပေးမယ့် သူတို့ စစ်လွှတ်တော်ကို အသိအမှတ်ပြုကောင်းချီးပေးလာအောင် သူတို့ အမြတ်ထုတ်မှာ သေချာပါသည်။

တဆင့်တက်ပြီး NCA လမ်းကြောင်းအတိုင်း လိုက်ပါ။ လက်နက်ကိုင် လမ်းစဉ်စွန့်ပါ။ နိုင်ငံရေးပါတီထောင်ပါ။ ၂၀၀၈ ခြေဥအောက် ရွေးကောက်ပွဲဝင်ချင်ဝင်၊ စီးပွားရေးလုပ်ချင်လုပ်ပါဟု ပြောခွင့်သာလျှင် ပြောပါလိမ့်ဦးမည်။ ဒီသဘောက မင်းအောင်လှိုင်ပြောတဲ့အထဲမှာ တစွန်းတစ ပါနေပြီးလည်း ဖြစ်ပါသည်။စစ်အုပ်စု အလိမ်အညာများကို မယုံပေမယ့် “ရေပေါ်ဆီများရဲ့ အမျိုးသား အကျိုးစီးပွား အရ” ၊ “နည်းရိယာယ်အရ” ယုံဟန်ဆောင် ခြေလှမ်းလှမ်း နေကြတဲ့ အဖြစ်များလည်း ရှိနိုင်သည်လို့တော့ ထင်ပါသည်။ ညောင်နှစ်ပင် နာဂစ် ကြိုတင်မဲ ညစ်နည်းပေါင်းစုံနှင့် ၂၀၀၈ ခြေဥကို အသက်သွင်းခဲ့သလို ယခု အာဏာသိမ်းစကစက သူတို့စိတ်ကြိုက် ထပ်ပြင်ထားတဲ့ ၂၀၀၈ ခြေဥနဲ့ အာဏာပြန်ယူဖို့ လုပ်နေခြင်းသာ ဖြစ်ပါသည်။

ဒါပေမဲ့ အခြေအနေက အကြီးအကျယ် ပြောင်းလဲသွားပါပြီ။ လူထုကြီးတရပ်လုံးက ရရာလက်နက်ကိုင်စွဲပြီး ခုခံတော်လှန်နေကြပြီ။ စစ်အုပ်စုအဖို့ အာဏာမြဲဖို့အတွက် အကြမ်းဖက်ဖိနှိပ်တဲ့ နည်းလမ်းမှအပ အခြားနည်းမရှိတော့သလို – အဖိနှိပ်ခံလူထုကြီးအဖို့ အကြမ်းဖက်ခုခံတော်လှန်ရေးနည်းမှအပ တခြားလမ်းမရှိတော့ပါ။ စကစလုပ်မည့် မည်သည့်အတုအယောင် ရွေးကောက်ပွဲကိုမဆို လူထုက လက်ခံမည်မဟုတ်ပါ။ ပယ်ချထားပြီး ဖြစ်ပါသည်။ ခြုံငုံကြည့်လျှင် လမ်းနှစ်သွယ် ထင်းထင်းကြီးပေါ်နေပါသည်။ ပြည်သူလူထုက စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးလမ်း၊ ဗိုလ်မင်းအောင်လှိုင်က စစ်အာဏာရှင်စနစ် ပြန်လည်စိုးမိုးရေးလမ်း။ ပြည်သူလူထုက ၂၀၀၈ ခြေဥ (စစ်ရွေးကောက်ပွဲအပါအဝင်) သမိုင်းအမှိုက်ပုံထဲ စွန့်ပယ်ထားတဲ့လမ်း။ ဗိုလ်မင်းအောင်လှိုင်က ၂၀၀၈ ကျားသေကို အသက်ပြန်သွင်းတဲ့လမ်း။ စစ်ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ် ထားတဲ့လမ်း။ ပြည်သူလူထုက တောင်ပေါ်မြေပြန့် တိုင်းရင်းသားပေါင်းစုံ ပေါင်းစည်းပြီး ဗိုလ်မင်းအောင်လှိုင်စစ်အုပ်စုကို ဘုံရန်သူအဖြစ် ဦးတည်တိုက်ရေးလမ်း။ ဗိုလ်မင်းအောင်လှိုင်က တပြည်လုံး သူ့ကို တိုက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေထဲက တိုင်းရင်းသားတွေကို မက်လုံးပေးခွဲထုတ်ပြီး ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကို ဉီးတည်ချေမှုန်းရေးလမ်း။

ဘယ်လမ်းလိုက်ကြမှာလဲဟု မမေးတော့ပါ။ တခုပဲ ပြောချင်ပါသည်။ စစ်အာဏာရှင်စနစ်အောက်က၊ ၂၀၀၈ အခြေခံဥပဒေအောက်က၊ စစ်အာဏာရွေးကောက်ပွဲအောက်က ၊ စစ်လွှတ်တော်အောက်က… တိုင်းရင်းသားတွေအတွက် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အဖွဲ့အစည်းအများအပြားက အခု ပြောနေကြတဲ့ ဖက်ဒရယ်ပြည်ထောင်စု- ဒီလို-လိုအင်ဆန္ဒတွေ ငွားငွားစွင့်စွင့် ပွင့်လန်းထွက်ပေါ်လာနိုင်လိမ့်မယ်လို့ အမှန်တကယ် ယုံကြည်နေကြပါသလား။ဘုံရန်သူ မင်းအောင်လှိုင် စစ်အာဏာရှင်စနစ်ကို အားလုံးဝိုင်းတိုက်လျှင် စစ်မှန်တဲ့ အောင်ပွဲကြီးကြီး ရနိုင်ပါသည်။ တိုင်းရင်းသားတို့ အကျိုးစီးပွား အစစ်အမှန်ရပါလိမ့်မည်။ ကိုယ့်လှေကို ညီညီညာညာလှော်ခတ်သွားရင် ငါးကြီးကြီးတွေ ဖမ်းလို့ရမှာ သိလျက်နဲ့ ငါးမှုန်ငါးမွှားလေးတွေ ပေးမယ်ဆိုပြီး အလိမ်အညာလက်ယပ်ခေါ်နေတဲ့ ဗိုလ်မင်းအောင်လှိုင်တို့ဆိပ်ကမ်း လှေဦးတိုက်ကြမှာမဟုတ်ဘူးလို့ မျှော်လင့်မိပါသည်။ .။

104Ko Ni, Aung Mao and 102 others5 Comments38 SharesLikeCommentShare

Leave a Reply

Your email address will not be published. Required fields are marked *