ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးဘက်က

By | July 1, 2023

ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးဘက်က

သစ္စာရှိရှိ စွဲစွဲမြဲမြဲ ပြတ်ပြတ်သားသား ရပ်တည်ကြ။

ညိုစိန်ဝင်း

အာဏာသိမ်း စစ်အုပ်စုနဲ့ ရင်ကြားစေ့ရေး အာဘော်တွေ၊ လေထုတွေဟာ နောက်ထပ်လှိုင်းတခုအဖြစ် တိုင်းပြည်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး မျက်နှာဖုံးတပ်ပြီး တိုးတိုးတိတ်တိတ်တမျိုး ဗြောင်တဖုံ၊ လှုပ်ရှားတိုက်ခတ်နေတယ်။ လှုပ်ရှားမှုတွေဟာ တစတစ ပိုမို တိုးများလာနေတယ်။ နယ်စပ်မှာ တိုက်ခတ်သလို ပြည်တွင်းမှာလဲ တိုက်ခတ်တာပါပဲ။

နယ်စပ်မှာ တိုက်ခတ်တဲ့ ရင်ကြားစေ့ရေးလေထုက သံတမန်ရေးလှုပ်ရှားမှုသဏ္ဌာန်နဲ့ တိုက်ခတ်သလို ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးပွဲစားတွေရဲ့ လှုပ်ရှားမှုအဖြစ်လဲ တိုက်ခတ်တယ်။ အမည်အမျိုးမျိုး ခံထားတဲ့ အဖွဲ့အစည်းတွေရဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ညီလာခံပုံစံ၊ ဖိုရမ်ပုံစံ၊ ‌ဆွေးနွေးပွဲတွေ (တချို့)ကလဲ ငြိမ်းချမ်းရေးအမည်ခံ ရင်ကြားစေ့ရေး ရေစီး‌ကြောင်းအတိုင်း လိုက်ပါစီးမျောနေကြတယ်။

ပြည်တွင်းမှာဆိုရင်လဲ ဒီလို တိုင်းပြည်တည်ငြိမ်ရေး ငြိမ်းချမ်းရေးဝတ်ရုံခြုံပြီး အာဏာသိမ်းစစ်အုပ်စုနဲ့ ရင်ကြားစေ့ရေး၊ ပူးပေါင်းရေးကို တိုင်းပြည်အတွက် တခုတည်းသော ဖြေရှင်းနည်းအဖြစ် ပြောနေကြပြန်တယ်။

စင်စစ် ဒီနည်းဟာ တိုင်းပြည်အတွက် ဖြေရှင်းနည်း လုံးဝမဟုတ်ပါဘူး။ အာဏာသိမ်းစစ်အုပ်စုက သူတို့ရဲ့ ထွက်ပေါက်နဲ့ အကျပ်အတည်းလွတ်လမ်းအဖြစ် ဒီနည်းကို ပွဲထုတ်ချင်နေတာ ဖြစ်တယ်။ သူတို့ရဲ့ တိုင်းပြည်တည်ငြိမ်ရေးတို့ ငြိမ်းချမ်းရေးတို့ ဆိုတာတွေကလဲ အစစ်အမှန်မဟုတ်တာ စစ်အုပ်စု စစ်အစိုးရအဆက်ဆက်တို့ရဲ့ သမိုင်းကြောင်းက သက်သေပြခဲ့ပြီးသားပါ၊ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ပြည်သူတွေ ဒီမိုကရေစီရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားသွေးစည်းညီညွတ်ရေးဆိုတဲ့ အလံ(၃) လက်ကို တလျှောက်လုံး လွှင့်ထူလာခဲ့တာပါ။ စစ်မှန်တဲ့ငြိမ်းချမ်းရေးသာရမယ်ဆိုရင် အဲဒီငြိမ်းချမ်းရေးမျိုးကို လိုချင်သူတွေထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီက ရှေ့ဆုံးတန်းက ပါဝင်ပါတယ်။

စစ်အုပ်စုနဲ့ ပူးပေါင်းရေးလမ်းကြောင်းရဲ့ တချို့လှုပ်ရှားမှုတွေကို အာဏာသိမ်းစစ်အုပ်စုက တချို့ကို သူတို့ကိုယ်တိုင် ဖန်တီးတယ်။ တချို့ကို အထောက်အကူ ပြုပေးတယ်။ တချို့ကို ခွင့်ပြုလမ်းဖွင့်ပေးထားတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးမလုပ်နဲ့တော့၊ ငြိမ်းချမ်းရေးပဲလုပ်။ ဒါဆိုရင် အာဏာသိမ်းစစ်အုပ်စုက ကြိုက်လိမ့်မယ်။ လက်ခံလိမ့်မယ်- ဆိုပြီး အာဏာသိမ်းစစ်အုပ်စုရဲ့ စစ်အာဏာရှင်စနစ်ဘက်က မဲတင်းပေးတဲ့အာဘော်တွေ ထွက်လာနေတာ ဖြစ်တယ်။ လွှတ်တော်နဲ့ ရွေးကောက်ပွဲ မက်လုံးသာမက ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အမည်ကိုပါ ထုတ်သုံးလာနေပြီ ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ ရင်ကြားစေ့ စေ့စပ်ရေးဆိုတဲ့ အကြမ်းမဖက် တွေ့ဆုံဆွေးနွေးအဖြေရှာရေး၊ တိုင်းပြည်တည်ငြိမ်ရေး နဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတချို့တွေကတော့ ပြည်ပအင်အားကြီးနိုင်ငံတချို့ အဖွဲ့အစည်းတချို့နဲ့ သူတို့လက်သပ်မွေးအင်အားတချို့က ကြိုးပမ်းလှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

ဒီနေ့လို ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးက အဓိက တိုက်ပွဲသဏ္ဌာန် ဖြစ်နေတဲ့ကာလမှာ ဒီလို အာဏာသိမ်းစစ်အုပ်စုနဲ့ ရင်ကြားစေ့ရေးတွေဆိုတာ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကို ဖျက်သိမ်းရေးပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် ပြည်သူ့တော်လှန်ရေးဆင်နွှဲနေတဲ့ ဒီကနေ့ကာလမှာ တိုင်းပြည်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအယောင်ဆောင်ထားတဲ့ အာဏာသိမ်းစစ်အုပ်စုနဲ့ လက်တွဲပူးပေါင်းရေးဆိုတာ စစ်အာဏာရှင်စနစ်ကို ပုံစံတမျိုးမျိုးနဲ့ ဆက်လက်တည်ရှိစေရေးပါပဲ။ စစ်ရေး၊ နိုင်ငံရေး စီးပွားရေး ဘက်ပေါင်းစုံ ချွတ်ခြုံကျ နေတဲ့ စစ်အာဏာရှင်စနစ်အဆောက်အဦးကို မပြိုလဲစေဖို့ ကျားကန်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒါဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကို စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ စိတ်ရင်မှန်နဲ့ ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလဲ မဟုတ်ပါဘူး။ စစ်အုပ်စုအဆက်ဆက်ဟာ တကယ့်ငြိမ်းချမ်းလိုတဲ့ စိတ်ရင်းမှန်တဲ့ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ မရှိခဲ့ဖူးပါဘူး။

ဒီနေ့ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကာလမှာ ကိုယ့်ပြည်တွင်း ပြည်သူလူထုနဲ့ ကိုယ့်တိုင်းပြည်ရဲ့ တော်လှန်ရေးအင်အားစုတွေက အဓိကအဆုံးအဖြတ်အခန်းမှာ ရှိနေတာ အမှန်ပါပဲ။ ဒါပေမဲ့ တော်လှန်ရေးကို အနည်းနဲ့အများ ထိခိုက်စေတဲ့ ပြင်ပအကြောင်းရင်းတွေနဲ့ တိုင်းပြည်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေး ဟန်ဆောင်မျက်နှာဖုံးတပ်ထားတဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ရင်ကြားစေ့ရေး ပူးပေါင်းရေးလေထုကို လုံးဝ လျစ်လျူရှုထားလို့ တော့ မရပါဘူး။ အခန့်မသင့်ရင် လက်နက်ကိုင်တော်လှန်ရေး လုပ်နေပါတယ်ဆိုတဲ့ အင်အားစုတချို့တောင် ပဲ့ထွက်သွားနိုင်စရာ ရှိပါတယ်။

ဒါကြောင့် ပြည်သူတရပ်လုံး က စစ်အာဏာရှင်စနစ်ကို ရရာလက်နက် စွဲကိုင်ပြီး တော်လှန်တဲ့ မွန်မြတ်တဲ့ တော်လှန်ရေးသမိုင်းကို ငြိမ်းချမ်းရေးမျက်နှာဖုံးတပ်ပြီး ခါးလယ်ကနေ ရိုက်ချိုးတဲ့လုပ်ရပ်တွေကို ဟန့်တားကြရပါလိမ့်မယ်။

လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့အင်အားစုတွေကို လက်နက်ကိုင်တော်လှန်ရေးအပေါ်မှာ ပိုမိုခိုင်မာစွာ ရပ်တည်ပြီး တစည်းတလုံးတည်း ရှိနေအောင် တဆင့်တိုး စည်းရုံးကြိုးပမ်းသွားကြဖို့ လိုပါတယ်။ စစ်အာဏာရှင်စနစ် ဗမာ့မြေပေါ်က ဖယ်ရှားနိုင်မှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရမှာပါ။ စစ်အာဏာရှင်စနစ် တနည်းနည်းနဲ့ အသက်ဆက်စေမယ့်လမ်းကြောင်းဆိုတာ ပြည်သူတွေ စစ်ကျွန်ဘဝ နွံတွင်း ဆက်လက်ကျဆင်းစေမယ့် လမ်းကြောင်းပဲ ဖြစ်ပါတယ်။

(၉- ၆- ၂၀၂၃)

May be an image of 9 people and text

All reactions:

62Nay Oo Way, Khin Yupar Thin and 60 others

Leave a Reply

Your email address will not be published. Required fields are marked *