“ပြည်ချစ်ဝါဒလမ်းစဉ်ရဲ့ အနှစ်(၂၀)ကျော်ခရီး”
(ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက်မွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး)
ပြည်ချစ်ဝါဒလမ်းစဉ်ကို ပါတီက ၂၀၀၁ ခုနှစ် မှာချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ဒီလမ်းစဉ်ရဲ့ခရီးဟာ အနှစ်(၂၀) ကျော်ခဲ့ပါပြီ။ အကွေ့အကောက် အတက်အဆင်းတွေ အခက်အခဲတွေနဲ့ဖြတ်ကျော်ခဲ့ရတဲ့ ဒီခရီးဟာ ပြည်ချစ်ဝါဒလမ်းစဉ်အတွက်တော့ သမိုင်းဖြတ်သန်းမှုထဲမှာ အစမ်းသပ်ခံရင်း မှတ်ကျောက်တင်ခဲ့ရတဲ့ စာမျက်နှာတွေပဲ ဖြစ်ပါတယ်။
ပါတီရဲ့အခြေခံလုပ်ငန်းစဉ်ဟာ ဗမာပြည်လူ့အဖွဲအစည်းကြီးရဲ့ မျက်မှောက်သမိုင်းခေတ်ကာလကြီးကို မာ့က်စ်ဝါဒ ရပ်တည်မှု၊ အမြင်၊ နည်းနာနဲ့ ပိုင်းခြားစိတ်ဖြာသုံးသပ်ပြီး ချမှတ်ထားတဲ့လမ်းစဉ်(ဝါ) (ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး PDR) ဖြစ်ပါတယ်။ ပြည်ချစ်ဝါဒလမ်းစဉ်ကတော့ အခြေအနေရဲတောင်းဆိုချက်အရ ချမှတ်ခဲ့တဲ့ နည်းပရိယာယ်လမ်းစဉ်သာ ဖြစ်ပါတယ်။
အဲ့ဒီအချိန်က ပါတီဟာ မိမိရဲ့အတ္တဘာဝအင်အား အနိမ့်ဆုံးရောက်ရှိနေတဲ့အခြေအနေမှာ ယူဂျီပါတီဘဝနဲ့ ရှေ့ဆက်ဖို့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုချခဲ့တယ်။ ပါတီနဲ့တော်လှန်ရေး ဆက်လက်ရှင်သန် ရပ်တည်နိုင်ဖို့အတွက် ပြည်ချစ်ဝါဒလမ်းစဉ်နဲ့ ထိန်းညှိလိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ မိမိအတ္တဘာဝအခြေအနေ ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့အခြေအနေကို တော်လှန်တဲ့အကောင်းမြင်ဝါဒနဲ့ရှုမြင်သုံးသပ်ပြီး အမှီခိုကင်းကင်းနဲ့ ဆုံးဖြတ်ချမှတ်ခဲ့တဲ့ “ကိုယ်ထူးကိုယ်ချွန်” ပဲဖြစ်ပါတယ်။
ပြည်ချစ်ဝါဒလမ်းစဉ်ဟာ ဗမာပြည်ရဲ့ပထဝီနိုင်ငံရေးကို အလေးထားတဲ့စဉ်းစားမှုဖြစ်တယ်။ မျက်မှောက်ကာလ နိုင်ငံတကာနိုင်ငံရေးရာသီဥတုနဲ့ ကမ္ဘာ့စနစ်(World order)တို့ကို အမြင်ကျယ်ကျယ်နဲ့ကြည့်မြင်ပြီး ချမှတ်ခဲ့လမ်းစဉ်ဖြစ်တယ်။
မျက်မှောက် နိုင်ငံတကာအခြေအနေရဲ့ ထူးခြားချက်
အမေရိကန် စူပါပါဝါကြီးရဲ့ အနေအထား
စစ်အေးခေတ်ပြီးဆုံးသွားတာဟာ ဒုတိယကမ္ဘာစစ်အပြီးက စတင်ခဲ့တဲ့ဝင်ရိုးနှစ်ခု ကမ္ဘာ့ဗိုလ်နှစ်ဗိုလ် ကမ္ဘာ့စနစ်ဟောင်းပြိုလဲသွားခြင်းရဲ့အမှတ်အသားပဲဖြစ်တယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ၂၁ရာစုအနှစ်၂၀ ပိုင်းအထိ ကမ္ဘာ့စနစ်သစ်(NWO) မပေါ်လာသေးဘူး။ အမေရိကန်ကတော့ စစ်အေးတိုက်ပွဲမှာ သူ့ကိုယ်သူ အောင်မြင်သူလို့ အိပ်မက်စိတ်ကူးနဲ့အူမြူးနေခဲ့တယ်။ (NWO) ကို အမေရိကန်ဦးစီးပြီး ချမှတ်နိုင်လိမ့်မယ် ၊ “၂၁”ရာစုဟာ အမေရိကန်ရဲ့ရာစုဖြစ်တော့မယ်ဆိုပြီး သွေးကြီးဝင့်ဝါနေတယ်။ အမေရိကကိုဗဟိုပြုတဲ့ ဝင်ရိုးတစ်ချောင်းထည်းစံနစ်နဲ့လည်ပတ်ပြီး ကမ္ဘာကြီးကို လက်ဝါးကြီးအုပ် ချုပ်ကိုင်နိုင်တော့မယ်လို့ အထင်ရောက်နေတယ်။ ကုလသမဂ္ဂကိုဘေးချိတ်ထားပြီး တချို့နိုင်ငံများကို စစ်ရေးအရကျူးကျော်တိုက်ခိုက်တာမျိုးတွေ ကိုယ်စားပြုစစ်ပွဲတွေ Proxy wars လုပ်လာတယ်။
ဒါပေမဲ့ လက်တွေ့ဘဝက အမေရိကန်ရဲ့စိတ်ကူးအိပ်မက်တွေကို ရိုက်ချိုးလိုက်တယ်။
ပြိုင်ဘက် စူပါပါဝါဟောင်းဖြစ်တဲ့ ဆိုဗိယက်ယူနီယံရဲ့ ကျဆုံးမှုဆိုရာမှာ
ရုရှားပြည်က ကမ္ဘာစစ်ပွဲတုန်းက စစ်ရှုံးသွားတဲ့နိုင်ငံတွေလိုမဟုတ်ဘဲ ပူတင်လက်ထက်မှာ အင်အားကြီး နိုင်ငံတခုအနေနဲ့ဆက်ရပ်တည်နိုင်ပြီး အစွယ်ထုတ်ပြနိုင်သေးတယ်။ ရုရှားအမေရိကန် စစ်ရေးချိန်ခွင်ရှာညှိဖို့ START လိုစာချုပ်မျိုးကို ချုပ်လာရတယ်။ တခြားအင်အားကြီးနိုင်ငံတွေကလည်း စစ်အင်အားတိုးချဲ့တာ စစ်ရေးလေ့ကျင့်တာတွေ လုပ်လာနေကြတယ်။ အမေရိကန်ဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဗန်းပြတဲ့ စည်းမျဉ်းအခြေခံ ကမ္ဘာ့စည်းစနစ် Rule Based World Order ဆိုတဲ့အတုအယောင်အလံကို လွှင့်ပြီး (ကုလသမဂ္ဂ ပဋိညာဉ်၊ နိုင်ငံတကာဥပဒေနဲ့ ဘန်ဒေါင်းမူ ၅ ရပ်ကို ချိုးဖောက်ကာ) ဗိုလ်ကျစိုးမိုးရေးဝါဒကို ဆက်လက်ကျင့်သုံးနေတယ်။
အင်အားကြီးနိုင်ငံတွေရဲ့ ဝင်ရိုးအများအပြားရှိတဲ့ကမ္ဘာ့အစီအစဉ်သစ်(NWO)ကို လိုလားတောင်းဆို တိုက်ပွဲဝင်လာတဲ့လှုပ်ရှားမှုတွေလည်း ဆက်တိုက်ပေါ်လာတယ်။ “ G20 ” “BRICS ” တို့လို စီးပွားရေးသဘောဆောင်တဲ့ စုဖွဲ့မှုအသစ်တွေလည်း ပေါ်လာတယ်။ တရုတ်က ကမ္ဘာ့နိုင်ငံအများစုလိုလားတဲ့ ” ဝင်ရိုးအများရှိရေး” ဆိုတဲ့ဘက်က ရပ်တည်တယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကြွေးကြော်သံနဲ့ အကျယ်အပြန့်လှုပ်ရှားလာတော့ အမေရိကန်ရဲ့ ကမ္ဘာတခုလုံးကိုချုပ်ကိုင်မယ့် ဝင်ရိုးတချောင်းတည်းဖြစ်ရေးဦးတည်ချက်နဲ့ ရှောင်လွှဲလို့မရဘဲ ထိပ်တိုက်တွေ့လာတယ်။ ဒီမှာပဲ တရုတ် အမေရိကန်ရဲ့ ပျားရည်ဆမ်းခရီးကလည်း ပြီးဆုံးစပြုလာတယ်။ တရုတ်က ဆိုဗီယက်လို ပြိုလဲသွားတာမဟုတ်ဘဲ ဆိုရှယ်လစ်စနစ်တည်ဆောက်ရေးဆိုတဲ့ကြွေးကြော်သံကို ဆက်လက်ကိုင်စွဲရင်း တံခါးဖွင့်ပေါ်လစီနဲ့ စီးပွားရေးအရှိန် အဟုန်တက်နေတယ်။ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးအလံလွှင့်ပြီး စီးပွားရေးကမ္ဘာမှု ပြုနေတယ်။
အမေရိကန်ဟ၂၀၀၈ လောက်ကစပြီး ဘဏ္ဍာရေး စီးပွားရေးအကျပ်အတည်းကြီးနဲ့ ကြုံတွေ့လာရတယ်။ ကမ္ဘာကြီးကို လက်ဝါးကြီးအုပ်ဗိုလ်ကျစိုးမိုးရေးဆိုတဲ သူ့ရဲ့ရည်မှန်းချက်အတွက် စစ်အေးခေတ်ကာလတလျှောက်လုံးမှာ စစ်အင်အားကို အလွန်အကျွံတိုးချဲ့ ခဲ့တယ်။ နေတိုး၊ ဆီးတိုး၊ စင်တိုး၊ အင်းဇတ် စတဲ့ စစ်ရေးမဟာမိတ်တွေဖွဲ့တာ၊ ကမ္ဘာအနှံ့ စစ်စခန်းတွေဆောက်တာ၊ တချို့ဒေသစစ်တွေမှာ မတရားဝင်ရောက်စွက်ဖက်တာတွေလုပ်ခဲ့တယ်။ ကုလသမဂ္ဂကိုဘေးချိတ်ထားပြီး တချို့နိုင်ငံတွေကို စစ်ရေးအရကျူးကျော်တိုက်ခိုက်တာမျိုးတွေကို လုပ်တယ်။ စစ်ကျွံရင်းနဲ့ပဲ စီးပွားရေးအကျပ်အတည်းနွံထဲ နစ်နေတဲ့အဖြစ်မျိုးရောက်သွားတယ်။ ဒါပေမဲ့ အမေရိကန်ဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အတုအယောင်အလံကိုလွှင့်ပြီး သူ့ရဲ့ ဗိုလ်ကျစိုးမိုးရေးစစ်ပွဲတွေကို အရှိန်မြှင့်လာဖို့ အလားအလာတွေ တွေ့မြင်နေရတယ်။ နောက်ဆုတ်မယ့်အရိပ်အယောင် မတွေ့ရဘူး။ ဒီလိုအခြေအနေမှာ အာရှပစိဖိတ်ဒေသဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ အင်အားပြိုင်ဆိုင်မှုတွေရဲ ဗဟိုချက်မဖြစ်လာနေတယ်။
နိုးထလာတဲ့ တရုတ်နဂါးကြီး….
– တရုတ်စီးပွားရေးရဲ့ထူးခြားချက်က ဆိုရှယ်လစ်ဈေးကွက်စနစ်နဲ့သွားနေတာနဲ့ တံခါးဖွင့်ပေါ်လစီကို ကျင့်သုံးနေတာဆိုတဲ့ နှစ်ချက်ပဲဖြစ်တယ်။
– တရုပ်လက္ခဏာရှိတဲ့ ဆိုရှယ်လစ်စနစ်ရဲ့ပဏာမအဆင့်ကို ဖြတ်သန်းနေတယ်လို့ဆိုတယ်။ (ဆိုရှယ်လစ်စနစ်ရဲ့ပဏာမအဆင့်ဆိုတာကို မာ့က်စ်နဲ့ အိန်ဂျယ်တို့က ပြောတာမရှိခဲ့ဘူး) တရုတ်ထူးခြားချက်အရ အဆင့်ခွဲလိုက်ရတာလို့ ဆိုတယ်။
– ကွန်မြူနစ်ပါတီရဲခေါင်းဆောင်မှု၊ မာ့က်စ် လီနင်ဝါဒ မော်စီတုန်းအတွေးအခေါ်ကိုကိုင်စွဲရေး ၊ ဆိုရှယ်လစ်စနစ်ထူထောင်ရေး၊ ပြည်သူ့ဒီမိုကရေစီအာဏာရှင်စနစ်ကျင့်သုံးရေးဆိုတဲ့ မူကြီးလေးရပ်ကိုတော့ ဆက်လက်ကိုင်စွဲထားတယ်။
တံခါးဖွင့်ပေါ်လစီအရ နိုင်ငံခြားအရင်းအနှီးတွေကို ဝင်ခွင့်ပေးတယ်ဆိုပေမယ့် လက်ဝါးကြီးအုပ်တဲ့အဆင့်ကိုတော့ ခွင့်မပြုဘူး။ ၅၁ ရာခိုင်နှုန်းကို နိုင်ငံတော်နဲ့အမျိုးသားစီးပွားရေးက ပိုင်ဆိုင်ရမယ်ဆိုတဲ့အချက်နဲ့ လိုအပ်တဲ့(ဥပမာ လက်ဝါးကြီးအုပ် တိုက်ဖျက်ရေး) အခြားစည်းကမ်းသတ်မှတ်ချက်တွေလည်း အတော်များများထားရှိတယ်။ တရုတ်ပြည်က သူ့ရဲ့ ဆိုရှယ်လစ်စနစ်ကိုအကောင်အထည်ဖော်ဖို့အတွက် ကုန်ထုတ်စွမ်းအားစုတိုးတက်ဖို့ ရည်ရွယ်ချက်နဲ့ တံခါးဖွင့်ပေါ်လစီကိုချလိုက်တာလို့ဆိုတယ်။ တချိန်ထည်းမှာ တင်းကျပ်တဲ့ထိန်းချုပ် ကန့်သတ်မှုတွေနဲ့အတူ လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေကိုလည်း လုပ်ထားတယ်။ (ဥပမာ နည်းပညာမြင့် စက်မှုလုပ်ငန်းများကို အားပေးတာ၊ တရုတ်ကိုယ်တိုင် နည်းပညာသစ်များအတွက် မူပိုင်ခွင့်အများဆုံး ဖြစ်လာတာ) တချို့က တရုတ်ကခွင့်ပြုထားတဲ့အရင်းရှင်စနစ်ကို သဏ္ဌာန်ပျက်နေတဲ့အရင်းရှင်စနစ်လို့တောင် ခေါ်ကြတယ်။ အဲဒီတရုတ် အရင်းရှင်စနစ်ရဲ့ဈေးကွက်မှာပဲ အလုအယက်ရင်းနှီးမြှုပ်နှံနေကြပြန်တယ်။) အချက်အလက်တွေကို အသေးစိတ် လေ့လာကြည့်ဖို့တော့လိုမယ်။
၂၀၂၀ ခုနှစ်မှာ တပြည်လုံးရဲ့ ဆင်းရဲမှုပပျောက်ရေးစီမံကိန်း အောင်မြင်ပြီလို့ ကျေညာတယ်။
တရုတ်ပြည်ရဲ့ ဆိုရှယ်လစ်တည်ဆောက်ရေး အတွေ့အကြုံတွေကို ပကတိအချက်အလက်တွေအပေါ်မှာ အခြေခံပြီး သေသေချာချာ လေ့လာသင့်တယ်။ ဆိုရှယ်လစ်စနစ်တည်ဆောက်ရေးဆိုတာ ကမ္ဘာ့သမိုင်းမှာ လမ်းကြောင်းသစ်ပဲဖြစ်တယ်။ စူးစမ်းရှာဖွေရင်း စမ်းသပ်နေကြတဲ့ဖြစ်စဉ်လို့ သဘောထားရမယ်ထင်တယ်။
တကယ်တော့ တရုတ်ပြည်ရဲ့တံခါးဖွင့်ပေါ်လစီဟာ “ မော်”တို့“ချူအင်လိုင်း”တို့ ရှိစဉ် စစ်အေးခေတ်ကာလကတည်းက လီနင်ရဲ့ စီးပွားရေးပေါ်လစီသစ် ( New Economic Policy) ဆိုတဲ့လမ်းညွှန်ကိုကိုင်စွဲပြီး လှည့်ပြောင်းဖို့ ကြိုးစားခဲ့ဖူးတယ်။ ဆိုဗိယက်ယူနီယံရဲကျရှုံးမှုကို လေးလေးနက်နက် သင်ခန်းစာထုတ်တယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆိုရှယ်လစ်စနစ်တည်ဆောက်ရေး မအောင်မြင်ခဲ့ဘူး။ ၁၉၇၁ ခုနှစ်မှာတော့ ကြီးမားတဲ့အလှည့်အပြောင်းကို လုပ်လိုက်တယ်။ ကစ်ဆစ်ဂျာတို့ နစ်ကဆင်တို့နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပြီး အမေရိကန်-တရုတ် မိတ်ဖက်ဆက်ဆံရေးကို စတင်လိုက်တယ်။ တကယ်တော့တရုတ်က ပြည်ချစ်ဝါဒနဲ့ မိမိရဲ့အခြေအနေကို ထိန်းညှိလိုက်တာဖြစ်တယ်။ တံခါးဖွင့်ပေါ်လစီရဲ့နိုင်ငံတကာဆက်ဆံရေးပထမခြေလှမ်းကို စလိုက်တာလို့ဆိုရမယ်။ ဒီလို အမြော်အမြင်ရှိရှိနဲ့လှည့်ပြောင်းနိုင်ခဲ့လို့ စစ်အေးခေတ်ကုန်တဲ့အချိန်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်နိုင််ခဲ့တာဖြစ်တယ်။ တံခါးဖွင့်ပေါ်လစီကို ခြေလှမ်းရှိရှိကျင့်သုံးရင်း ၁၉၉၀-၂၀၀၁ ခုနှစ်မှာ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ်( WTO) ထဲကိုဝင်ပြီး(WTO ဟာ IMF,WB စတာတွေနဲ့ မတူဘဲ တနိုင်ငံ တစ်မဲ စနစ် ကျင့်သုံးတာ ဖြစ်တယ်။) သူ့ရဲ အကန့်အသတ် အထိန်းအချုပ်တွေကို ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့အတူ ဆန့်ကျင်ခဲ့တယ်။ ပြည်တွင်းမှာလည်း အခြေအနေနဲ့ ကိုက်ညီတဲ့ပြုပြင်ပြောင်းလဲမှုတွေကို ရဲရဲတင်းတင်းလုပ်တယ်။
စစ်အေးခေတ်ကုန်ဆုံးသွားချိန်မှာ ဆိုဗိယက်ယူနီယံနဲ့ ဝါဆောစာချုပ်အဖွဲ့ဝင် ဆိုရှယ်လစ်နိုင်ငံတွေ ပြိုလဲသွားရပေမယ့် တရုတ်ပြည်ကတော့ အခြေအနေကိုထိန်းသိမ်းနိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ ဆယ်စုနှစ်….နှစ်ခုလောက်အတွင်းမှာပဲ ကမ္ဘာ့စီးပွားရေး နံပါတ်၂ အဆင့်ရှိတဲ့ ဂျပန်ကိုကျော်တက်ပြီး ဆူပါပါဝါ အမေရိကန်ကို ပခုံးချင်းယှဉ်နိုင်တဲ့အခြေအနေရောက်လာပြီး အမေရိကန်ရဲ့ အကြီးဆုံးမြီရှင်နိုင်ငံဖြစ်လာတယ်။
အမေရိကန်က စစ်ပွဲနွံထဲနစ်ပြီး စစ်သုံးစရိတ် မတန်တဆသုံးနေရချိန်မှာ တရုတ်က ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးအလံလွှင့်ပြီး ရတဲ့အခွင့်အလမ်းကို ကောင်းကောင်းအသုံးချတယ်၊ လမ်းတွေဖေါက်တယ်၊ စီးပွားရေးမိတ်ဖက်တွေရှာတယ်။ ပိုလျှံ ရန်ပုံငွေ Reserve Currency ကို အမေရိကန် ဘွန်းစာချုပ်တွေ ဝယ်ယူစုဆောင်းတာမလုပ်တော့ဘဲ ခါးပတ် ပိုးလမ်းမ BRI မှာ မြှုပ်နှံတယ်။ ဒီလိုနဲ့ စီးပွားရေးအရှိန်အဟုန်နဲ့ နိုးထလာတဲ့ တရုတ်နဂါးကြီးဟာ …ကမ္ဘာကြီးကိုလက်ဝါးကြီးအုပ်ဗိုလ်ကျစိုးမိုးဖို့လုပ်နေတဲ့ အမေရိကန်ဆူပါပါဝါကြီးနဲ့ ကမ္ဘာ့ရွာကြီးမှာ ရှောင်ကွင်းမရတဲ့ ထိတွေ့မှုတွေ ပြိုင်ဆိုင်မှုတွေနဲ့အတူ ပဋိပက္ခတွေအမျိုးမျိုးနဲ့ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
ပထဝီနိုင်ငံရေးရှုထောင့်က စဉ်းစားမယ်ဆိုရင်
မျက်မှောက်ကာလမှာ အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုဟာ အာရှပိစ္စဖိတ်ဒေသကိုဗဟိုပြုလာပြီး တစတစပိုပြင်းထန်လာနေတယ်။ လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်ကာလ ပြည်ချစ်ဝါဒလမ်းစဉ်ချမှတ်စဉ်တုန်းက ဒီရှေ့အလားအလာ ကြိုပြီး ပါတီက တင်ပြခဲ့ဖူးတယ်။
အထူးသဖြင့်.. အမေရိကန်ရဲ့အင်ဒိုပစိဖိတ်မဟာဗျူဟာအရ တရုတ်ဝိုင်းပတ်ရေးဦးတည်ချက်နဲ့ တရုတ်ရဲ့ကမ္ဘာပတ် စီးပွားရေးလမ်းကြောင်း ပိုးလမ်းမ(BRI)စီမံကိန်း တို့ဟာ ဗမာပြည်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ပြဿနာတွေဖြစ်ပါတယ်။ တရုတ်ပြည်အဖို့ဆိုရင် ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ပင်လယ်ထွက်ပေါက် လမ်းကြောင်းဖေါက်ရေးဟာလည်း သူ့နိုင်ငံအတွက် အရေးကြီးပုံအလေးထားပုံရတယ်။
မိမိတို့အနေနဲ့ ဘယ်နိုင်ငံကပတ်သက်လာတဲ့ ဘာပြဿနာပဲဖြစ်ဖြစ် မိမိတိုင်းပြည် မိမိပြည်သူနဲ့ မိမိတော်လှန်ရေးရဲ့ အကျိုးစီးပွားအပေါ်မှာပဲအခြေခံပြီး စဉ်းစားဆုံးဖြတ်ရမှာဖြစ်တယ်။ ဒါဟာ ပြည်ချစ်ဝါဒပဲဖြစ်တယ်။ ရဲဘော်ကြင်မောင်က ဒီလိုပြောဖူးတယ်..(ဗကပက သင်ခန်းစာတွေရပြီးဖြစ်လို့ ဘယ်နိုင်ငံကြီးရဲ့ နိုင်ငံခြားရေးပေါ်လစီနောက်ကိုမှ တကောက်ကောက်လိုက်နေမှာ မဟုတ်ဘူး၊ သူ့ရန်သူကို ကိုယ့်ရန်သူလို့မသတ်မှတ်သလို.. ကိုယ့်ရန်သူကိုလည်း သူ့ရန်သူအဖြစ်သတ်မှတ်ပေးပါလို့ တောင်းဆိုနေမှာမဟုတ်ဘူး)။
ပြည်ပနိုင်ငံကြီးတွေရဲ့အားပြိုင်မှုပဋိပက္ခမှာ ကြားညှပ်တာမဖြစ်အောင် နေတတ်ရမယ်။ အကျိုးမရှိတဲ့စစ်ပွဲကို ရှောင်တာဟာ ပြည်ချစ်ဝါဒပဲဖြစ်တယ်။
ပြည်တွင်းမှာ စစ်အစိုးရဟာ စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကိုကျင့်သုံးပြီး ဖေါက်ပြန်တဲ့ပြည်တွင်းစစ်ကို တိုက်နေတယ်။ တိုင်းပြည်က အဆင်းရဲဆုံးအခြေအနေကို ရောက်နေတယ်။ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံးက စစ်အစိုးရကို တပြည်လုံးအနှံ့အပြားမှာ လက်နက်ကိုင်အုံကြွဆန့်ကျင်နေတယ်။ ပြည်တွင်းစစ်မီးကြီး အရှိန်အဟုန်နဲ့ တောက်လောင်နေတယ်။ စစ်ရေးအရ အထိနာလာတဲ့စစ်အုပ်စုဟာ တိုင်းပြည်ရဲ့စည်းလုံးညီညွတ်မှုပြိုကွဲစေတဲ့ အက်ကြောင်းတချို့ကို ဖန်တီးလာနေတယ်။ နိုင်ငံငယ် ပြည်နယ်ငယ်လေးတွေအဖြစ် ပြိုကွဲတာကို နယ်ချဲ့သမားက ပိုပြီးလိုလားတယ်ဆိုတာကိုလည်း သတိထားရမယ်။
ဒီအခြေအနေမှာ တိုင်းပြည်မပြိုကွဲရေး (တစည်းတလုံးတည်းရှိရေး) အတွက် ပြည်ချစ်ဝါဒကို ပြတ်ပြတ်သားသား ကိုင်စွဲရမယ်။ ဘယ်ပြည်ပနိုင်ငံကဖြစ်ဖြစ် ကိုယ့်တိုင်းပြည်ရဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကိုထိပါးလာရင် ပြန်တိုက်ရမှာဖြစ်တယ်။
ပြည်ချစ်ဝါဒလမ်းစဉ်ဟာ ကိုယ်ထူးကိုယ်ချွန်လမ်းစဉ်ဖြစ်တယ်။ မိမိရဲ့အတ္တဘာဝ အင်အားအနည်းဆုံးအချိန်မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ချခဲ့တဲ့လမ်းစဉ်ဖြစ်တယ်။
ပြည်တွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲဟာ ကိုယ့်ပြည်တွင်းရေးကိစ္စဖြစ်တယ်။ တနည်းပြောရရင် ကိုယ့်အိမ်ထဲက အမှိုက်ကို ကိုယ်တိုင်ရှင်းရမှာပဲ။ အပြင်ကလူကို လာရှင်းခိုင်းလို့မရဘူးဆိုတာ ရှင်းရှင်းမြင်ရမယ်။ ကိုယ့်တော်လှန်ရေးရဲ့ကံကြမ္မာကို ကိုယ်တိုင်ဆုံးဖြတ်တာပဲဖြစ်ရမယ်။ ပြည်ချစ်ဝါဒဆိုတာ လေးလေးနက်နက်ပြောရရင် ပြည်တွင်းက ကိုယ့်အားကိုယ်ကိုး ကိုယ်ထူးကိုယ်ချွန် လူတန်းစားတိုက်ပွဲလမ်းစဉ်ပဲဖြစ်တယ်။ တနည်းအားဖြင့်ဆိုရင် ပြည်တွင်းမှာ တော်လှန်ရေးမီးလျှံကြီး အရှိန်ပြင်းပြင်းနဲ့ တောက်လောင်နေတာဟာ ပြည်ချစ်ဝါဒရဲ့အောင်မြင်မှုကို လက်တွေ့ ပြလိုက်တာပဲဖြစ်တယ်။ ပြင်ပကလူတွေက ငြိမ်းချမ်းစေချင်ပေမယ့် ကိုယ့်တိုင်းပြည်ရဲ့ ရုပ်ဘဝတောင်းဆိုချက်က တော်လှန်ရေးပဲဖြစ်တယ်။
ပြည်ချစ်ဝါဒက ကမ္ဘာ့လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ရဲ့ ဗိုလ်ကျစိုးမိုးရေးဝါဒကို ပြတ်ပြတ်သားသားဆန့်ကျင်တယ်။ ဒါဟာ အနှစ်သာရအရပြောရင် နိုင်ငံတကာ့ဝါဒပဲဖြစ်တယ်။
ပါတီက ပြည်ချစ်ဝါဒကိုချမှတ်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါပြီ။ ဒီကာလအတွင်းမှာ မြေအောက်ပါတီတရပ်အနေနဲ့ အခက်အခဲအမျိုးမျိုးနဲ့ စိန်ခေါ်ချက်အမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားရင်း.. ပါတီပြန်လည် ရှင်သန်ရပ်တည်နိုင်ခဲ့တယ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပြန်လည်ဖွဲ့စည်းပြီး လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနိုင်ခဲ့တယ်။
ဒါဟာ ပြည်ချစ်ဝါဒလမ်းစဉ်ရဲ့မှန်ကန်မှုကို သမိုင်းက မှတ်ကျောက်တင်လိုက်တာပဲဖြစ်ပါတယ်။
၁၁-၈-၂၀၂၄