ပါတီတည်ဆောက်ရေးကို အလေးထားဆောင်ရွက်ကြ။

By | August 13, 2024

ပါတီတည်ဆောက်ရေးကို အလေးထားဆောင်ရွက်ကြ။

(ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက်တီ ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး)

ဒီနှစ်၂၀၂၄ မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သက်တမ်း (၈၅)နှစ် ပြည့်ပြီဖြစ်ပါတယ်။ ကွန်မြူနစ်စနစ်ကိုယုံကြည်သူများဖြစ်ကြတဲ့ ပါတီရဲ့ပထမမျိုးဆက်ရဲဘော်များစုစည်းကာ မာက်(စ်)ဝါဒ၊လီနင်ဝါဒအခြေခံမူများအပေါ် အခြေခံပြီး၊ ကိုယ့်ရှေ့က ဝါရင့်ကွန်မြူနစ်ပါတီများရဲ့အတွေ့အကြုံနဲ့သင်ခန်းစာများကိုလေ့လာကာ၊ ဗမာပြည်လူ့အဖွဲ့အစည်းကို ပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်နိုင်မယ့် လုပ်ငန်းစဉ်ကိုရေးဆွဲချမှတ်ပြီး ပါတီကိုထူထောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကိုအကောင်အထည်ဖော်ဖို့ ပါတီရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုရေးဆွဲပြဋ္ဌာန်းခဲ့ပြီး ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပါတီဝင်များတိုးချဲ့စည်းရုံးသိမ်းသွင်းကာ၊ ပါတီကလာပ်စည်းများဖွဲ့စည်းပြီး ပါတီရဲ့လမ်းစဉ်အတိုင်းလုပ်ငန်းများ အကောင်အထည်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ခေတ်အဆက်ဆက်ပါတီဝင်များဟာ သူ့ခေတ်မှာရှိနေတဲ့ပြဿနာများကို ရင်ဆိုင်တိုက်ပွဲဝင်ရင်း ချီတက်လာခဲ့တဲ့သမိုင်းခရီးရှည်ကြီးလည်း ဖြစ်ပါတယ်။ ၁၉၄၈၊ ၁၉၅၈၊ ၁၉၆၈၊ ၁၉၇၈၊ ၁၉၈၈ စသဖြင့် သမိုင်းခရီးစဉ်တလျှောက် မတူတဲ့ ပြဿနာ၊ အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားတိုက်ပွဲဝင်ရင်း (၈၅)နှစ်ခရီးကိုဖြတ်သန်းလာခဲ့တယ် လို့ ဆိုရပါလိမ့်မယ်။ ဒီ ခရီးစဉ်အတွင်းမှာ ပါတီဝင်ရဲဘော်များဟာ ပါတီရဲ့လမ်းစဉ်ကို အကောင်အထည်ဖော်နိုင်ဖို့ ပါတီဝင်တယောက်အဖြစ်ခံယူရင်း ကိုယ့်သက်ဆိုင်ရာလုပ်ငန်းဌာနအမျိုးမျိုးမှာ ကျရာတာဝန်ကိုပါဝင်ထမ်းဆောင်ရင်း ဖြတ်ကျော်လာခဲ့ကြရာမှာ တသက်တာ အကောင်းဆုံးလုပ်နိုင်ခဲ့သူများရှိသလို၊ အကောင်းဆုံးမလုပ်နိုင်ခဲ့ကြသူများလည်း ရှိခဲ့တာပါပဲ။ သူရဲကောင်းများရှိခဲ့သလို၊သူရဲဘောကြောင်သူများလည်း ရှိခဲ့တယ်လို့ဆိုရမှာပါ။

ပုံမှန်အားဖြင့် ပါတီတခု တိုက်စွမ်းရည်ကောင်းဖို့ ပါတီဝင်ကောင်းများနဲ့ပါတီကလပ်စည်းကောင်းများအပေါ်မှာအခြေခံထားတဲ့ အဆင့်ဆင့်ပါတီအဖွဲ့အစည်းများရှိဖို့ လိုအပ်ပါတယ်။ ပါတီရဲ့မူတွေကိုသိရှိရုံ အပေါ်ယံသဘောဖတ်တာမဟုတ်ဘဲ၊ နေ့စဉ်လုပ်ငန်းတွင်းမှာ လက်တွေ့ကျင်းသုံးနိုင်အောင် လေ့လာ၊ လိုက်နာဆောင်ရွက်သူများနဲ့၊ အဖွဲ့အစည်းများအပေါ် အခြေခံနိုင်ရမှာ ဖြစ်ပါတယ်။ ဒီလိုအဖွဲ့အစည်းများရှိတဲ့ပါတီရဲ့ ဒေသနဲ့တပ်ဖွဲ့များက ဖွဲ့စည်းအုပ်ချုပ်ပုံမှာပြဋ္ဌာန်းထားတဲ့အချိန်များအတိုင်း ကျင်းပပေးတဲ့ ပါတီကွန်ဖရင့်နဲ့ ပါတီကွန်ဂရက်များက အဆင့်ဆင့်ရွေးကောက်တင်မြှောက်ပေးလိုက်တဲ့ ကေဒါကောင်းများနဲ့အဆင့်အသီးသီးမှာရှိနှင့်ပြီးသားကေဒါများ ပေါင်းစပ်ဖွဲ့စည်းကာ သွေးသစ်လောင်းပေးပြီး ခွန်အားမြှင့်ပေးကာ ရှိနေတဲ့လုပ်ငန်းများကိုအားကြိုးမာန်တက်ထမ်းရွက်နေအောင်လုပ်ပေးပြီး ရှင်သန်တက်ကြွနေတဲ့ပါတီတရပ်ဖြစ်နေအောင် ပြုစုပျိုးထောင်မှုလုပ်ရမှာဖြစ်ပါတယ်။

ပါတီအဖွဲ့အစည်းတခုစီရဲ့နေ့စဉ်လုပ်ငန်းမှာ ကလာပ်စည်းများ တက်တက်ကြွကြွလှုပ်ရှားတာ၊ ပါတီကွန်ဖရင့်၊ကွန်ဂရက်များပုံမှန် စနစ်တကျလုပ်ဆောင်တာရှိခဲ့ရင် တက်ကြွတဲ့ပါတီဝင်များနဲ့ပါတီဟာလန်းဆန်းနေပြီး ပါတီရင်ဆိုင်နေရတဲ့အခြေအနေနဲ့အခက်အခဲများကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတဲ့နည်းနာများ ရရှိလာမှာဖြစ်ပါတယ်။ ဒီလို နိဂုံးချုပ်ချက်များရလာပြီး ရရှိလာတဲ့နည်းနာများအတိုင်း လက်တွေ့သွားလုပ်ကြည့်တာ၊ မကိုက်ရင်ထပ်မံဆွေးနွေး နည်းနာထပ်ရှာတာ လုပ်ရမှာပါ။ ဒီလို ပါတီအဖွဲ့အစည်းစနစ်တကျလည်ပတ်နေခဲ့ရင် ရွှင်လန်းတက်ကြွတဲ့ ပါတီအဖွဲ့အစည်းများ ပေါ်ပေါက်လာမှာပဲဖြစ်ပါတယ်။

လက်တွေ့မှာ ပါတီအနေနဲ့ ဒီလိုမဆောင်ရွက်နိုင်ခဲ့ဘူးဆိုတာကို ၈၅ နှစ်သက်တမ်းအတွင်းမှာ ပါတီကွန်ဂရက်(၃)ကြိမ်ပဲ လုပ်နိုင်ခဲ့တာနဲ့ချိန်ထိုးကြည့်ရင်တွေ့ရမှာပါပဲ။ ပြန်ကြည့်ရင်တီ ပါတီစတင်တည်ထောင်ခဲ့တဲ့အချိန်က ကျင်းပခဲ့တဲ့ ကွန်ဂရက် တကြိမ်၊ ဥပဒေတွင်း(၃)နှစ်ကာလ၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးအပြီး ၁၉၄၅ မှာကျင်းပခဲ့တဲ့ တကြိမ်နဲ့ အရှေ့မြောက်စစ်ဒေသအဖြစ် အခြေခံဒေသမှာ ပါတီဗဟိုရှိနေစဉ်မှာ တကြိမ် အားလုံး (၃)ကြိမ် ပဲလုပ်နိုင်ခဲ့တာတွေ့ရမှာပါ။ ပါတီသမိုင်းကိုပြန်ကြည့်ရင် ဥပဒေတွင်းမှာ ၃ နှစ် (၁၉၄၅ – ၄၈) သာနေခဲ့ရပြီး လက်နက်ကိုင်တိုက်ပွဲနဲ့ ယူဂျီပါတီအဖြစ် ရပ်တည်လှုပ်ရှားခဲ့ရတဲ့ထူးခြားချက်ကို သိရှိနားလည်ဖို့လိုပါတယ်။ ထို့အတူ ၁၉၆၈ မှာ ၁၉၈၉ အထိ အရှေ့မြောက်စစ်ဒေသ မဖွံ့ဖြိုးသေးတဲ့တိုင်းရင်းသားလူမျိုးစုဒေသမှာ အခြေဆိုက်ခဲ့ရတာဖြစ်ကြောင်း နားလည်ဖို့လိုပါတယ်။ ပါတီနဲ့တော်လှန်ရေးအလံ မလဲရေးအတွက် ရှည်ကြာတဲ့တော်လှန်ရေးခရီးဟာ အကွေ့အကောက် အတက်အဆင်းများလှပါတယ်။ ဒီလိုအခြေအနေမှာ ကွန်ဂရက်အသာထား ဗဟိုကော်မတီ/နိုင်ငံရေးဦးဆောင်အဖွဲ့ အစည်းအဝေးတောင် လူစုံတက်စုံ မတက်နိုင်ပါဘူး။ ပုံမှန်လည်း မကျင်းပနိုင်ပါဘူး။ ယနေ့လို့ ကမ္ဘာမှုခေတ် အင်တာနက်ခေတ် မဟုတ်ပါဘူး။ ပြည်တွင်းစစ် လက်နက်ကိုင်တိုက်ပွဲအတွင်း နေ့စဉ်တိုက်ပွဲတွေကြုံနေရတာ၊ ရပ်တည်ရေးအတွက် အပြင်းအထန်လုံးပန်းကြရတာ စတဲ့အကြောင်းအချက်တွေအပြင် ပါတီအဖွဲ့အစည်းများက ဒေသအသီးသီးမှာ ခွဲဖြန့်တည်ရှိနေရပြီး၊ တခုချင်းစီမှာ ရပ်တည်ရှင်သန်နိုင်ဖို့ ရုန်းကန်နေကြရတာကြောင့် တနေရာမှာစုစည်းနိုင်ဖို့ခက်ခဲတာတွေက အဓိကအကန့်အသတ်များဖြစ်ခဲ့ရပြီး ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ပြဋ္ဌာန်းထားတဲ့သတ်မှတ်ချိန်အတိုင်း မလုပ်နိုင်ဖြစ်ခဲ့ရတာပါပဲ။

ဒီနေ့ အခြေအနေက ပါတီတခုလုံး မြေအောက် ဖြစ်နေဆဲကာလမှာ နေရာတချို့မှာ လက်နက်ကိုင်တိုက်ပွဲ ဆင်နိုင်တဲ့အခြေအနေ ရှိလာနေတာဖြစ်ပါတယ်။၂၀၂၁ မှာ ဖြစ်ခဲ့တဲ့ အာဏာသိမ်းမှုကို လူထုကြီးတရပ်လုံးကမကျေနပ်လို့ ဆန့်ကျင်ဆန္ဒပြရင်းက လက်နက်ကိုင်စွဲ တိုက်ပွဲဝင်တဲ့အထိ တိုက်ပွဲအဆင့်မြင့်လာချိန်မှာ ပါတီရဲ့ မြေအောက် ကလပ်စည်းတချို့က တက်တက်ကြွကြွ လှုပ်ရှားပေါင်းစပ်ကာ နည်းနာရှာရင်း မိမိတို့ရဲ့လက်နက်ကိုင်တပ်ဖွဲ့စည်းလုပ်ဆောင်နိုင်တဲ့အခြေအနေများ ရရှိလာခဲ့တာဖြစ်ပါတယ်။

ဒီလိုလှုပ်ရှားတိုက်ပွဲဝင်လာနိုင်မှုဟာ ဗမာပြည်ရဲ့နေရာအတော်များများမှာ ရှိလာနေတဲ့အခြေအနေဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းဒေသများမှာ အခြေပြုလှုပ်ရှားတိုက်ပွဲဝင်လာနိုင်တဲ့အခြေအနေတွေ ရှိလာတာဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုကို ပါတီအနေနဲ့အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုရမှာပါပဲ။ ဒီဖြစ်စဉ်သစ်မှာပါဝင်ကြတဲ့ ရဲဘော်အားလုံး၊ လက်ရှိတိုက်ပွဲဝင်နေကြတဲ့ ရဲဘော်အားလုံး၊ ကျဆုံးသွားကြတဲ့ ရဲဘော်အားလုံးကို ချီးကျူးဂုဏ်ပြုရမှာပါ။ ဒီအချိန်ကာလမှာ လက်နက်ကိုင်တိုက်ပွဲ ပြန်လည်ဆင်နွဲလာနိုင်တဲ့ဖြစ်ရပ်ဟာ၊ဗမာပြည်ကွန်မြူနစ်ပါတီရဲ့၈၅နှစ်မြောက် ပါတီမွေးနေ့မှာရရှိလာတဲ့လက်ဆောင်မွန်လို့ ပြောရမှာပါပဲ။

လက်နက်ကိုင်တိုက်ပွဲ အရှိန်အကောင်းဆုံးဆင်နွဲနိုင်ခဲ့တဲ့ပါတီရဲ့ အရှေ့မြောက်စစ်ဒေသတည်ရှိတဲ့ကာလ က ပါတီ ဥက္ကဋ္ဌ သခင်ဗသိန်းတင်ဟာ ၁၉၇၅ ခုနှစ်ထဲမှာ အရှေ့မြောက်စစ်ဒေသကို လှည့်လည်စစ်ဆေးမှုလုပ်ခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ အရှေ့မြောက်စစ်ဒေသရဲ့ သက်ဆိုင်ရာ ဌာနအသီးသီး၊ တပ်ဖွဲ့အသီးသီးကို သွားရောက်တွေ့ဆုံ မေးမြန်းလေ့လာတာ၊ ကေဒါများနဲ့တွေ့ဆုံ လေ့လာစကားပြောတာတွေလုပ်ပြီး အခြေအနေများကို လေ့လာခဲ့ပြီး ပါတီအခြေအနေ၊ တပ်အခြေအနေများကို သိရှိသဘောပေါက်ပြီးနောက်၊ မိန့်ခွန်းပြောပါတယ်။ မိန့်ခွန်းထဲမှာ ပါတီကိုပါတီနဲ့တူအောင် တည်ဆောက်ကြ၊ တပ်ကိုတပ်နဲ့တူအောင် တည်ဆောက်ကြလို့ ပြောပါတယ်။ သူ့လေ့လာတွေ့ရှိမှု တွေအရ ပါတီတည်ဆောက်မှုတပ်တည်ဆောက်မှုမှာ လိုအပ်နေတာတွေကိုတွေ့ ရှိလို့ ဒါတွေကို ထောက်ပြတဲ့ သဘောနဲ့ ပြောတာပါ။ ဒါပေမဲ့ သက်ဆိုင်ရာအရှေ့မြောက် ခေါင်းဆောင်ပိုင်းက ဒီလိုပြောတာကို သဘောမတူပါဘူး။ သူတို့ခေါင်းဆောင် တည်ဆောက်ထားတဲ့ ပါတီအဖွဲ့အစည်းနဲ့တပ်တွေဟာ ပါတီရဲလမ်းစဉ်ပေါ်လစီတွေအတိုင်းတည်ဆောက်ထားတာဖြစ်လို့ ပါတီဟာ ပါတီနဲ့၊ တပ်ဟာ တပ်နဲ့တူပါတယ်လို့ ကန့်ကွက်ပြီး၊ ပါတီကိုပါတီနဲ့(ပိုမို) တူအောင်တည်ဆောက်ကြ၊ တပ်ကိုတပ်နဲ့(ပိုမို)တူအောင်တည်ဆောက်ကြလို့သာပြောဖို့ အငြင်းအခုံ ဖြစ်ပါတယ်။ နောက်ဆုံးမှာဥက္ကဋ္ဌက သူတို့ဆန္ဒအတိုင်းလိုက်လျောခဲ့ရပါတယ်။ ၇၅ ခုနှစ်ကပါ။ ဒါပေမဲ့ (၁၄)နှစ် ကြာပြီးတဲ့နောက် ပါတီတည်ဆောက်ရေးလျော့ရဲ ခဲ့တဲ့ပြစ်ဒဏ် ကောင်းကောင်းကြီးခံကြရပါတယ်။ အဲဒီ ပါတီမူတွေအတိုင်းကောင်းကောင်းမတည်ဆောက်ခဲ့တဲ့တပ်တွေရဲ့ ပုန်ကန်မှုခံကြရပြီး ပါတီ မြေအောက်ဘဝ ရောက်ခဲ့ပါတယ်။

အခုလက်ရှိကာလ ပြည်တွင်းဒေသအသီးသီးမှာ လက်နက်ကိုင်တိုက်ပွဲ ဆင်နွဲရင်းပါတီရဲ့အခြေခံရာဒေသများ ဖော်ဆောင်နေကြတဲ့ ပါတီအဖွဲ့အစည်းများအနေနဲ့ ဒီအဖြစ်အပျက်ရဲ့သင်ခန်းစာကိုယူပြီး ပါတီတည်ဆောက်ရေးကို အလေးထားဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်။

၉-၈-၂၄

May be an image of 3 people

All reactions:

Leave a Reply

Your email address will not be published. Required fields are marked *