လူသတ်ဝါဒကျင့်သုံးပြီး တော်လှန်ရေးဒီရေကို ဟန့်တားလို့ရနိုင်မတဲ့လား။

By | July 11, 2022

လူသတ်ဝါဒကျင့်သုံးပြီး တော်လှန်ရေးဒီရေကို ဟန့်တားလို့ရနိုင်မတဲ့လား။(အရေးတော်ပုံစာတည်းအဖွဲ့ အာဘော်)

မင်းအောင်လှိုင်စစ်ကောင်စီဟာ စစ်တပ်အားကိုးနဲ့ အာဏာသိမ်းပြီးကတည်းက တတိုင်းပြည်လုံး အတိုက်အခံများတင်မက လူထုကြီးကိုပါ တောရောမြို့ပါမကျန် ဖမ်းဆီး နှိပ်စက် သတ်ဖြတ် လုယက် မီးရှို့ ဖျက်ဆီး ထင်တိုင်းကြဲနေတာ အားလုံးအသိပါ။

အကြမ်းဖက်ဖိနှိပ် သတ်ဖြတ်ပြလိုက်ရင် တတိုင်းပြည်လုံး ငြိမ် ဝပ် ပိ ပြား သွားမယ်လို့တွက်ပြီး အာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်ဟာ၊ အာဏာသိမ်းပြီး တနှစ်ခွဲအကြာမှာ ထင်သလိုဖြစ်မလာဘဲ ကျယ်ပြန့်လာနေတဲ့ လက်နက်ကိုင်တော်လှန်ရေး မီးတောက်မီးလျှံများအောက်မှာ အရူးမီးဝိုင်းဖြစ်နေတာပါ။

ပြည်တွင်းပြည်ပ နိုင်ငံရေးဖိအား သံတမန်ရေးဖိအားတွေ လျော့ပါးစေဖို့ EAO များကို (ပုဂ္ဂိုလ်ရေးဆန်တဲ့) ငြိမ်းချမ်းရေးဆွေးနွေးပွဲများနဲ့ ဖြားယောင်းနေပေမယ့် လူလည်းမများ ပွဲလည်း မစည်ပါဘူး။ သူတို့ဟာ တဖက်ကို စေ့စပ်ရေးနဲ့ ဖြားယောင်းပြီး တဖက်ကို ဖိနှိပ်ရေးနဲ့ ချေမှုန်းဖို့ ကြံပါတယ်။ စစ်အုပ်စု စစ်အစိုးရအဆက်ဆက် အတိုက်အခံ နိုင်ငံရေးသမား တော်လှန်ရေးသမားများကို စစ်ပြေပြင်မှာ လမ်းမထက်မှာတင်မက၊ ကျွန်း ထောင် ကြိုးစင် တရားရုံး ပုလိပ်ဂတ် စစ်ကြောရေး စတဲ့ ဖိနှိပ်ရေးယန္တရားများ အောက်မှာ လူမဆန်စွာ တရားမဲ့ ညှဉ်းပန်းသတ်ဖြတ် ဖိနှိပ်မှုအမျိုးမျိုး လုပ်ခဲ့ပေမယ့် ဒူးမထောက် အောက်မကျို့ခဲ့ရုံမက ဂုဏ်ပြောင်စွာ အသက်စွန့်ခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေ အများအပြား ပေါ်ထွန်းခဲ့ပါတယ်။

ဒီအာဇာနည်တွေရဲ့ ဂုဏ်ပြောင်တဲ့ တော်လှန်ရေးစိတ်ဓာက်က ဗမာပြည်သမိုင်းသစ်ကို ဖန်တီးမှာပါ။စစ်ဖြစ်ပွားရာဒေသတွေမှာ လူမျိုးမရွေး ဘာသာမရွေး အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှု၊ နေရာမရွေး မုဒိမ်းမှု၊ လိင်အကြမ်းဖက်မှုများ ကျူးလွန်မှု၊ မြို့ရောတောပါ အပြစ်မဲ့ပြည်သူများကို မတရား ပစ်ခတ်သတ်ဖြတ်မှု၊ စစ်ကြောရေးစခန်းများမှာ ဥပဒေမဲ့ ရက်ရက်စက်စက် ညှဉ်းဆဲသတ်ဖြတ်မှု၊ အကျဉ်းထောင်တွင်းမှာ အာဏာပိုင်များက ထင်သလို ညှဉ်းဆဲ၊ ထင်သလို သတ်ဖြတ်နေမှု၊ စစ်ကောင်စီရဲ့ မတရားရုံးများမှ မတရားတဲ့ စီရင်ချက်များ ချမှတ်ပြီး သေဒဏ်ပေးမှု စတာတွေဟာ တရားမျှတမှုကို တကယ်တမ်းလိုလားသူတိုင်း ဘယ်လိုမှ လက်မခံနိုင်တဲ့ မတရားမှုများ ဖြစ်ပါတယ်။ လူများများ သတ်ပြပြီး ပြည်သူ့တွေရဲ့ တော်လှန်လိုစိတ်ကို ချိုးနှိမ်တာ ဖြစ်ပါတယ်။

လူသတ်ဝါဒကို ကျင့်သုံးပြီး တော်လှန်ရေးကို ဟန့်တားဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒီလို မတရားတဲ့လုပ်ရပ်တွေ၊ ထစ်ခနဲဆို လူသတ်ပြပြီး တပြည်လုံးကို ခြိမ်းခြောက်တာတွေ၊ မတရား သေဒဏ်ပေးတာတွေကို တရားမျှတမှုကိုလိုလားတဲ့ ပြည်သူများနဲ့အတူ ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ဆန့်ကျင်ရှုတ်ချပါတယ်။ ဒီလို ဆန့်ကျင်ရှုတ်ချလိုက်တဲ့ စစ်ကောင်စုရဲ့မတရားကျင့်သုံးမှုတွေထဲမှာ လတ်တလော ပေါ်ထွက်လာတဲ့ ကိုဂျင်မီ ကိုဖြိုးဇေယျာသော် တို့အပေါ် စစ်ကောင်စီမှ သေဒဏ်ပေးမှုလည်း အပါအဝင် ဖြစ်ပါတယ်။

ပြည်သူအပေါ် စစ်အုပ်စုအဆက်ဆက် နှိပ်စက်ခဲ့သမျှ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ဒီနေ့မင်းအောင်လှိုင်ခေတ်ဟာ ဒီဂရီအမြင့်ဆုံး လူစိတ်အပျောက်ဆုံးလို့ ပြောနိုင်တယ်။ မင်းအောင်လှိုင်ရဲ့လုပ်ရပ်များကို ပြည်တွင်းပြည်ပ တုံ့ပြန်မှုဘက်က ကြည့်ရင်လည်း ပြည်ပအနေနဲ့ အပြင်းထန်ဆုံး အရှင်းလင်းဆုံး ထိုးနှက်ချက်တွေပေးနေတာ တွေ့နိုင်သလို ပြည်တွင်း ပြည်သူတွေဘက်ကလည်း အခါးသီးဆုံး၊ ရွံရှာအစက်ဆုပ်ဆုံး၊ ရန်ငါစည်း အပြတ်ဆုံးဖော်ပြနေတယ်။ ခုဆိုရင် မင်းအောင်လှိုင် စကစကို ပြုတ်ပြုတ်ပြုန်းအောင် မရှင်းနိုင်မချင်း နောက်မဆုတ်ဘူးဆိုတဲ့ သန္နိဌာန်နဲ့ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့တိုက်ပွဲတွေ ဗမာပြည် တနံတလျားမှာ ထင်ထင်ရှားရှား မြင်တွေ့နေကြရပါပြီ။

ဒီလို မတရားလူသတ်ဝါဒ ကျင့်သုံးမှုများသာမက ပြည်သူလူထုကို မတရားဖမ်းဆီးထိန်းသိမ်းတာ၊ တရားမျှတမှုကင်းမဲ့စွာ အလွန်အကျွံ စိတ်ထင်သလို နှစ်ရှည်ထောင်ဒဏ်ချမှတ်တာတို့ကိုလည်း ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ပါတယ်။ စစ်ကောင်စီဟာ မတရားတဲ့အာဏာသိမ်းမှုလုပ်ပြီး အတိုက်အခံနိုင်ငံရေးသမားနဲ့တက်ကြွလှုပ်ရှားသူ ပြည်သူအားလုံးကိုလည်း မတရားတဲ့ စစ်အာဏာနဲ့ ဖမ်းဆီးထိန်းသိမ်းတာတွေ လုပ်ခဲ့ပါတယ်။ ဒီအထဲမှာ ဒေါ်စုနဲ့ ဒီချုပ်ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းထားတာလည်း အပါအဝင် ဖြစ်ပါတယ်။ မတရားဖမ်းဆီး ထိန်းသိမ်းထားတဲ့ အတိုက်အခံ နိုင်ငံရေးသမားများနဲ့ တက်ကြွလှုပ်ရှားသူ ပြည်သူအားလုံး တို့ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ တတိုင်းပြည်လုံး ဖိနှိပ်မှုအားလုံး ချက်ခြင်းရပ်စဲဖို့ အလေးအနက် တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီအနေနဲ့ မတရားတဲ့ လူသတ်ဝါဒကို ဆက်လက်ကျင့်သုံးပြီး မတရား ဖမ်းဆီးထိန်းသိမ်း ညှဉ်းပန်းနှိပ်စက် မတရားတဲ့ ထောင်ဒဏ်သေဒဏ်စီရင်ချက်ချမှုများကို အခုလို ဆက်လက်ကျင့်သုံးနေမယ်ဆိုရင် ပြည်သူလူထုကြီးရဲ့ ပြင်းထန်တဲ့ဒဏ်ခတ်မှုနဲ့ တုံ့ပြန်မှုများကို မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်ဖြစ်ကြောင်း တည်ကြည်လေးနက်စွာ သတိပေးလိုက်ပါရစေ။ ။စာတည်းအဖွဲ့အရေးတော်ပုံဂျာနယ်၇- ၆- ၂၀၂၂

Leave a Reply

Your email address will not be published. Required fields are marked *