နိုင်ငံတကာ မာ့က်စ်ဝါဒီတွေပြောတဲ့ ပြောက်ကျားစစ်(တတိယပိုင်း)

By | May 21, 2021

နိုင်ငံတကာ မာ့က်စ်ဝါဒီတွေပြောတဲ့ ပြောက်ကျားစစ်(တတိယပိုင်း)ထွန်းဇင်အောင်

ပြောက်ကျားတိုက်သူတွေကို လျှို့ဝှက် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊ ပုန်ကန်ထကြွသူတွေနဲ့ လွတ်မြောက်ရေး တိုက်ပွဲဝင်သူတွေလို့လည်း ခေါ်ကြပါတယ်။

ပြောက်ကျားသမိုင်း (အကျဉ်း)ပြောက်ကျားစစ်ကိုရည်ညွှန်းတဲ့ အင်္ဂလိပ်ဝေါဟာရ guerrilla warfare က ကျူးကျော်သူ နပိုလီယံရဲ့တပ်တွေကို စပိန်ပြောက်ကျားတွေ အနိုင်ယူချေမှုန်းလိုက်တဲ့ ‘ကျွန်းဆွယ်စစ်ပွဲ’ (၁၈၀၈-၁၈၁၄) ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ စပိန်ဘာသာစကားမှာ guerra ဆိုတာ “စစ်” လို့ အဓိပ္ပါယ်ရပါတယ်။ စပိန်လူမျိုးတွေရဲ့ နည်းပရိယာယ်တွေက အင်မတန် ထိရောက်အောင်မြင်လို့ နာမည်တွင်ကျန်ရစ်တာ ဖြစ်တယ်။

သမားရိုးကျစစ်ပွဲတွေ ရှိလာကတည်းက ပြောက်ကျားစစ်ပုံစံကိုလည်း အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ မှတ်တမ်းမှတ်ရာရှိတဲ့ပြောက်ကျားစစ်တွေထဲမှာ အစောဆုံးတိုက်ပွဲတွေက ဘီစီ ၅၀၀ မှာ ပါရှားဘုရင် ဒါးရီးယပ်စ်ကို ဆန့်ကျင်တဲ့တိုက်ပွဲ၊ ဘီစီ ၃၅၀ ခန့်မှာ မဟာအလက်ဇန္ဒားကိုဆန့်ကျင်တဲ့တိုက်ပွဲ၊ ဘီစီ ၂၁၈ မှာ ဟန်နီဘားကိုဆန့်ကျင်တဲ့တိုက်ပွဲနဲ့ နောက်ပိုင်းမှာ ရောမတိုင်းကို စပိန်ပြောက်ကျားတွေ ဆန့်ကျင်တိုက်ခိုက်တဲ့တိုက်ပွဲတွေပဲ ဖြစ်တယ်။

စပိန်ပြောက်ကျားတွေက ရောမတိုင်းသားတွေကို နှစ်ပေါင်း ၂၀၀ ကျော် ပုန်ကန်တိုက်ခိုက်ခဲ့ကြတာပါ။ ပြောက်ကျားနည်းပရိယာယ်တွေကို တခါတရံမှာ “အရိုင်းအစိုင်း အုပ်စုတွေ” မျိုးစုံက လုပ်ခဲ့ကြတာမျိုးလို့ ပြောလေ့ရှိကြတယ်။ တကယ်တော့ သမားရိုးကျစစ်ပွဲမှာသုံးတဲ့နည်းပရိယာယ်တွေကိုလည်း “အရိုင်းအစိုင်း အုပ်စုတွေ” လုပ်ခဲ့ကြပုံမျိုးပဲလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ နည်းပရိယာယ်တွေက စစ်တပ်ရဲ့သဏ္ဌာန်ကိုပဲ ကိုယ်စားပြုတယ်၊ အနှစ်သာရကို ကိုယ်စားမပြုဘူး။ ပြောက်ကျားတိုက်တဲ့ပုံစံက “အရိုင်းအစိုင်း အုပ်စုတွေ” ရဲ့ ပုံစံနဲ့ တူကောင်းတူနိုင်ပေမယ့် အနှစ်သာရမှာတော့ အတော် ကွဲပြားတယ်။ ပြောက်ကျားရဲဘော်ဆိုတာ နိုင်ငံရေးရည်မှန်းချက်တစုံတရာအတွက် စနစ်တကျ ကြိုးပမ်းတိုက်ပွဲဝင်သူ ဖြစ်တယ်။ ခုခံစစ်ကို ဆင်နွှဲသူ ဖြစ်တယ်။

အာရပ်တွေက ခရစ်ယာန်ဘာသာရေးစစ်ပွဲတွေ (ခရူးဆိတ်) ကို ခုခံတွန်းလှန်ရာမှာလည်း ပြောက်ကျားစစ်ကို သုံးခဲ့ကြတယ်။ ၁၂ ရာစု နော်မန်ကျူးကျော်မှု ဖြစ်ပြီးနောက်မှာ အိုင်ယာလန် ပြည်သူတွေလည်း ဒီတိုက်ပွဲပုံစံကို သုံးခဲ့ကြတယ်။ (ဗီယက်နမ် မင်းသားကြီးလည်းဖြစ်၊ တပ်မတော်ရဲ့ တပ်မှူးလည်းဖြစ်တဲ့) တန်ဟိန်ဒေါက ပြောက်ကျားစစ်ကို အောင်မြင်စွာဆင်နွှဲပြီးနောက်မှာ ကူဗလိုင်ခန်ရဲ့ မွန်ဂိုလီးယားတပ်ဟာ ဗီယက်နမ်ကနေ ပြန်ဆုတ်ခွာရပါတယ်။ ဗြိတိန်ဝေလနယ်က ပြောက်ကျားရဲဘော်တွေဟာလည်း ပထမအက်ဒွပ်ဘုရင်ရဲ့တပ်မတော်ကို အခြေကနေ ကိုင်လှုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ သမားရိုးကျတပ်တွေမပါဘဲ မအောင်မြင်ခဲ့ဘူး။ မြောက်ပိုင်းမှာတော့ ဝီလျံဝေါလေ့စ်ရဲ့ ပြောက်ကျားနည်းပရိယာယ်တွေနဲ့ ရောဘတ်ဘရုစ်ရဲ့ ပြောက်ကျားစစ်နဲ့ သမားရိုးကျစစ်ကို ကျွမ်းကျင်လိမ္မာစွာပေါင်းစပ်ပြီး ရေရှည်တိုက်ပွဲဆင်မှုက အင်္ဂလိပ်စစ်တပ်ကို ဖျက်ဆီးချေမှုန်းနိုင်ခဲ့ပြီး စကော့တလန်အတွက် လွတ်လပ်ရေးကို ရယူနိုင်ခဲ့တယ်။ နောက် ရာစုနှစ်တခုအကြာ အင်္ဂလိပ်-ပြင်သစ် ‘နှစ်တရာစစ်’ အတွင်းမှာတော့ ပြင်သစ်ကို သိမ်းပိုက်ထားတဲ့အင်္ဂလိပ်တပ်ကိုချေမှုန်းပစ်ဖို့ ဘားထရမ်းဒူဂက်စ်ကလန်းက ပြောက်ကျားတပ်ဖွဲ့တဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။ တခြားအကူအညီမပါဘဲ သူ့တပ် တတပ်တည်းနဲ့ ချေမှုန်းဖို့ ဦးဆောင်ခဲ့တာ ဖြစ်တယ်။

သေနတ်နဲ့ ပြောက်ကျား

၁၄၅၀ ခုနှစ်ဝန်းကျင်မှာ မီးစာသုံးရိုင်ဖယ်တွေ ပေါ်လာပါတယ်။ ယင်းနဲ့အတူ ပြောက်ကျား နည်းပရိယာယ်တွေဟာလည်း သမားရိုးကျစစ်တပ်ရဲ့အစွမ်းအောက်မှာ အရေးနိမ့်စပြုလာတယ်။ ရိုင်ဖယ်သေနတ်တွေကိုအသုံးပြုဖို့ လိုအပ်တဲ့ နည်းပညာ၊ ပံ့ပိုးမှုနဲ့ သင်တန်းပေးမှုကို အစိုးရကြီးတခုကသာ စီစဉ်ထောက်ပံ့ပေးနိုင်တယ်။ ဒါ့အပြင် ကိုင်တွယ်ရခက်၊ တိကျမှုလည်းမရှိသလို ထုထည်ကြီးတဲ့ လက်နက်တွေနဲ့ ပြောက်ကျားနည်းပရိယာယ်တွေကို ကျင့်သုံးလို့ မရပါဘူး။ ပြောက်ကျားရဲဘော်တွေက အဲဒီလက်နက်အသစ်အဆန်းတွေကို အလေးအနက်သဘောထားပြီးအသုံးပြုဖို့ မဖြစ်နိုင်ဘူး။ သုံးဖို့ကြိုးစားတဲ့အခါမှာလည်း ထိခိုက်နစ်နာမှုတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ အထင်ရှားဆုံးဥပမာတွေထဲက တခုက အမေရိကတိုက်မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ ဌာနေတိုင်းရင်းသား အင်ဒီးယန်းတွေ အမြောက်အမြား လူမျိုးတုန်းသတ်ဖြတ်ခံရမှုပဲ ဖြစ်ပါတယ်။ အင်ဒီးယန်းတွေက ရိုင်ဖယ်သေနတ်တွေနဲ့ အမြောက်တွေသုံးတဲ့ရန်သူကို လေးနဲ့မြား အဓိကသုံးပြီး ပြောက်ကျားနည်းနဲ့ တိုက်ကြပါတယ်။ ဒါပေမဲ့ အရေးနိမ့်ခဲ့တယ် (အင်ဒီးယန်းတွေ အရေးနိမ့်ရတဲ့ အကြောင်းအရင်တွေထဲမှာ သူတို့ရဲ့ရန်သူ ဥရောပတိုက်သားတွေ သယ်လာတဲ့ ရောဂါဘယတွေရဲ့ကြီးမားတဲ့အခန်းကိုလည်း လျှော့မတွက်သင့်ပါဘူး။)

နောက်ရာစုနှစ် သုံးခုနီးပါးအကြာ ၁၇၅၀ ဝန်းကျင်မှာတော့ ပြောက်ကျားရဲဘော်တွေက ရိုင်ဖယ်သေနတ်တွေ သုံးလာပါတယ်။ မီးခတ်သေနတ်ပေါ်လာတဲ့ အကျိုးကျေးဇူး ဖြစ်တယ်။ မီးခတ်သေနတ်က ကျည်ထွက်နှုန်း၊ စိတ်ချယုံကြည်ရမှုနဲ့ ကိုင်တွယ်အသုံးပြုရတာလွယ်ကူစေမှုတို့ကို အတိုင်းအတာ ကြီးမားစွာ တိုးတက်ကောင်းမွန်စေခဲ့တယ်။ ဒီသေနတ်တွေဟာ ပစ်ခတ်မှုနဲ့ လှုပ်ရှားသွားလာမှုဆိုင်ရာ ပြောက်ကျား နည်းပရိယာယ်တွေအတွက် ပိုသင့်တော်တယ်။ သမားရိုးကျစစ်ပွဲမှာ မီးခေတ်သေနတ်က အန္တရာယ်ပိုကင်းတဲ့လက်နက်ဖြစ်လို့ ခြေမြန်တပ်သားတွေကို “အတန်းလိုက်” တန်းစီပြီး နေရာချထားနိုင်တယ်။ မီးစာသုံးရိုင်ဖယ်တွေတုန်းက ပစ်ခတ်တဲ့ စစ်သားတွေ တယောက်နဲ့တယောက်ကြားမှာ အနည်းဆုံးတကိုက် ခွာထားဖို့လိုတယ်။ မီးခတ်သေနတ်ကို သုံးတဲ့အခါမှာတော့ စစ်သားတွေကို ရင်ဘောင်တန်းပြီး နေရာချထားနိုင်လို့ ‘ပစ်ခတ်မှုတံတိုင်း’ တခုကို ဖန်တီးနိုင်တယ်။ တန်းစီပြီး ပစ်ခတ်တာက ပြင်းထန်အားကောင်းမှုမှာ အလွန်ထိရောက်ပေမယ့် တန်းစီထားတဲ့စစ်သားတွေကို အဲဒီပုံစံအတိုင်း ဆက်ထိန်းထားဖို့ တပ်မှူးတွေ အခက်တွေ့ရပါတယ်။ မကြာပါဘူး ပြောက်ကျားတပ်တွေက အဲဒီအားနည်းချက်ကို အခွင့်ကောင်းယူနိုင်ခဲ့တယ်။

သမားရိုးကျစစ်ပွဲပုံစံနဲ့ပေါင်းစပ်ပြီး ပြောက်ကျားတပ်စိတ်တွေက ပထမ ဆစ္စလီးယန်းစစ်ပွဲနှစ်ပွဲ (၁၇၄၀-၄၅) နဲ့ အဲဒီနောက် ‘ခုနှစ်နှစ်ကြာစစ်ပွဲ’ (၁၇၅၆-၆၃) မှာ ဩစတြီးယားဘက်ကနေ ပရပ်ရှားကို တိုက်ခဲ့ကြတယ်။ အမေရိကန်အလုပ်သမားတွေက သူတို့ရဲ့ ပထမတော်လှန်စစ်မှာ ပြောက်ကျား နည်းပရိယာယ်တွေသုံးပြီး ဗြိတိသျှစစ်တပ်ကအလေးထားတဲ့ တန်းစီပစ်ခတ်တဲ့နည်းပရိယာယ်ရဲ့ ညံ့ဖျင်းမှုကို ပြတ်ပြတ်သားသား ဖွင့်ချပြခဲ့တယ်။ ပြောက်ကျားတိုက်သူတွေက ပုံမှန်အားဖြင့် ပတ်ဝန်းကျင်အကာအကွယ်ကိုယူပြီး ဘက်ပေါင်းစုံကနေ တိုက်ခိုက်တာဖြစ်လို့ တန်းစီထားတဲ့ စစ်သားတွေက ပြောက်ကျားခုခံမှုကို ထိထိရောက်ရောက် မတိုက်ဖျက်နိုင်ဘူး။

၁၉ ရာစု ပြောက်ကျား

၁၈၁၂ ခုနှစ်မှာ ရုရှားကိုမသိမ်းပိုက်နိုင်ဘဲ နပိုလီယံ ပြန်ဆုတ်ခွာတဲ့အခါ ကော့ဆက် မြင်းသည်တော်တွေနဲ့ ရုရှားလယ်သမား ပြောက်ကျားတွေက ပြင်သစ်တပ်တွေကို မနားတမ်း နှောင့်ယှက်၊ စိတ်ဓာတ် ပျက်ပြားစေကာ ထောင်သောင်းချီပြီး သေကြေဒဏ်ရာရစေခဲ့တယ်။ ကိုလိုနီကျွန်ပြုခံရတဲ့ နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ အယ်လ်ဂျီးရီးယား၊ မက္ကဆီကို၊ တရုတ်၊ မော်ရိုကို၊ ဗမာပြည်၊ နယူးဇီလန်နဲ့ ဗော်လကန်ဒေသတွေမှာလည်း ပြောက်ကျားစစ်ကို အတိုင်းအတာတခုအထိ ကျင့်သုံးခဲ့ကြပါတယ်။ ဒါပေမဲ့ ထိထိရောက်ရောက်ကျင့်သုံးဖို့ သက်ဆိုင်ရာလူထုကြားမှာ အတူပူးပေါင်းလုပ်ဆောင်တဲ့ညီညွတ်မှုနဲ့ ဘုံနိုင်ငံရေးလုပ်ငန်းစဉ် မရှိခဲ့ဘူး။

မြောက်အမေရိကမှာရှိတဲ့ ဌာနေအမေရိကန်အင်ဒီးယန်းတွေက သူတို့မြေ၊ သူတို့ယဉ်ကျေးမှုနဲ့ သူတို့ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ ပြောက်ကျားစစ်ကို သတ္တိပြောင်စွာနဲ့ ကျင့်သုံးခဲ့ပေမဲ့ ခိုင်မာအားကောင်းတဲ့နိုင်ငံရေးညီညွတ်မှု မရှိပြန်ဘူး။ တခါတရံ အချင်းချင်း တိုက်ခိုက်တာတွေလည်း ရှိတယ်။ တောင်အာဖရိကပြောက်ကျားတွေကတော့ ဘိုးဝါးစစ်ပွဲ (၁၈၉၉-၁၉၀၂) မှာ အင်အားကြီးမားတဲ့ ဗြိတိသျှစစ်တပ်ကို နှစ်နှစ်ကျော် ကြံ့ကြံ့ခံပြီး တိုက်နိုင်ခဲ့တယ်။ သမားရိုးကျတိုက်ပွဲအတွက် စုဖွဲ့ထားတဲ့တပ်တွေ မရှိလို့ အဆုံးသတ်မှာ ဗြိတိသျှတွေက ပြောက်ကျားတွေကို အနိုင်ယူလိုက်နိုင်တဲ့အထိ ခံတိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ၁၈၉၀ ခုနှစ်များမှာ ဟိုဆေးမာတီခေါင်းဆောင်တဲ့ ကျူးဘား ပြောက်ကျားတွေလည်း အုပ်စိုးသူ စပိန်တွေကို ပုန်ကန်ခဲ့ကြပါတယ်။ ဒါပေမဲ့ အမေရိကန်က ကျူးဘားနဲ့ ကျူးဘားပြည်သူတွေကို အုပ်စိုးဖို့ ကြားဝင်ခဲ့တယ်။ ကျူးဘားပြည်သူတွေရဲ့ အကျိုးအတွက်လုပ်တာ ဖြစ်တယ်လို့ လှည့်ဖြားပြီး ကျူးဘားနဲ့အမေရိကန် ပူးပေါင်းကာ စပိန်ကို အနိုင်ယူနိုင်ခဲ့တယ်။ ဒါပေမဲ့ ကျူးဘားပြောက်ကျားတွေက နောက်တကြိမ် ပုန်ကန်ထကြွပြီး ကိုလိုနီသခင်အသစ်တွေကို ဖြုတ်ချသည့်တိုင် ကျူးဘားပြည်သူများဟာ အမေရိကန်နယ်ချဲ့ထမ်းပိုးရဲ့အောက်မှာ အနှစ် ၅၀ နီးပါး နေခဲ့ကြရပါတယ်။

၂၀ ရာစု ပြောက်ကျား

၂၀ ရာစုမှာဖြစ်တဲ့ ၁၉၁၆ ခုနှစ် ‘အီစတာ အုံကြွမှု’ မှာတော့ တစိတ်တပိုင်းအားဖြင့် ဂျိမ်းစ်ကွန်နောလီ ခေါင်းဆောင်တဲ့ ‘အိုင်ယာလန် ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်’ (အိုင်အာအေ) က ပြောက်ကျားစစ်ကို ဆင်နွှဲခဲ့တယ်။ ၁၉၂၁ ခုနှစ်မှာ အိုင်ယာလန်ကိုခွဲထုတ်နိုင်တဲ့ တစိတ်တပိုင်း အောင်မြင်မှုရပါတယ်။ ဒါပေမဲ့ အိုင်အာအေက နောက်ပိုင်းမှာ အကြမ်းဖက်ခြိမ်းခြောက်မှုဘက်ကိုရောက်လာပြီး တော်လှန်ရေးအဆင့် နိမ့်လာတယ်။ နှစ်ပေါင်း ၈၀ ကျော်မှာ ရလဒ်ကောင်းတချို့သာရှိတဲ့ နည်းပရိယာယ်တခုပဲ ဖြစ်တယ်။

၁၉၂၇ ခုနှစ်မှာ နယ်ချဲ့ဂျပန်တပ်တွေ တရုတ်ပြည်ကို ကျူးကျော်သိမ်းပိုက်တဲ့အခါ မော်စီတုန်းက ၂၂ နှစ်ကြာ လွတ်မြောက်ရေးစစ်ပွဲကို ခေါင်းဆောင်ပြီးဆင်နွှဲပါတယ်။ တရုတ်ပြည်ကနေ နယ်ချဲ့ဂျပန်ကို ဖယ်ရှားဖို့ ပြောက်ကျားစစ်နဲ့ သမားရိုးကျစစ်ကို အောင်မြင်စွာပေါင်းစပ်ခဲ့ပြီး နောင်အခါ အမျိုးသားရေးသမားတွေကိုဆန့်ကျင်တဲ့ ဆိုရှယ်လစ်တော်လှန်ရေးမှာ အထောက်အကူပြုနိုင်ခဲ့တယ်။ မော်က သူ့အတွေ့အကြုံကို အကျဉ်းချုပ်ပြီး ‘ပြောက်ကျားစစ်နှင့် စပ်လျဉ်း၍’ ဆိုတဲ့ကျမ်းကို ၁၉၃၇ ခုနှစ်မှာ ရေးပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း နာဇီနဲ့ ဂျပန်တပ်တွေ ကျူးကျော်ခံရတဲ့ နိုင်ငံအသီးသီးက ကွန်မြူနစ်တွေက ပြောက်ကျားစစ် နည်းပရိယာယ်တွေသုံးတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို တည်ထောင်ကြပါတယ်။ အောင်ပွဲကိုဆွတ်ခူးနိုင်ဖို့ မဟာမိတ်နိုင်ငံတွေရဲ့ သမားရိုးကျတပ်တွေနဲ့ပေါင်းပြီး တိုက်ခဲ့ကြတယ်။ အထူးခြားဆုံးလို့ဆိုနိုင်တဲ့ အဖွဲ့တွေကတော့ တရုတ်ပြည်က ပြောက်ကျားတွေနဲ့ မားကီးလို့ခေါ်တဲ့ ပြင်သစ်နဲ့ ဘယ်လ်ဂျီယန် ကျေးလက်ပြောက်ကျားတွေပဲ ဖြစ်ပါတယ်။

ကွန်မြူနစ်တွေခေါင်းဆောင်တဲ့ ပြောက်ကျားလှုပ်ရှားမှုတွေထဲမှာ ယူဂိုဆလပ်ကွန်မြူနစ်တွေ ဦးဆောင်တဲ့ လျှို့ဝှက်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက အအောင်မြင်ဆုံးလို့ ဆိုနိုင်တယ်။ ဂျာမနီ လက်နက်ချတဲ့ ၁၉၄၅ ခုနှစ် မတိုင်ခင်မှာပဲ ယူဂိုဆလားဗီးယားတနိုင်ငံလုံးနီးပါး လွတ်မြောက်အောင် တိုက်နိုင်ခဲ့တယ်။ ဆလိုဗေးနီးယား/ခရိုအေးရှား ခေါင်းဆောင် တီတိုးဘရော့ဇ်ရဲ့ဦးဆောင်မှုနဲ့အတူ ပါတီရဲဘော်တွေဟာ ဂျာမန်တပ်မဟာ ၉ ခုနီးပါးကိုချေမှုန်းပြီး ရာစုနှစ်များစွာတည်ရှိခဲ့တဲ့ အမျိုးသားရေး/ဘာသာရေး ပဋိပက္ခတွေကို ကျော်လွှားနိုင်ခဲ့တယ်။ သူတို့ရဲ့ နိုင်ငံရေးစင်မြင့်က သူတို့ကို နာဇီကျူးကျော်သူ လက်အောက်မှ အမျိုးသားလွတ်မြောက်ရေးအတွက်သာမက ဆိုရှယ်လစ်တော်လှန်ရေးအတွက် တိုက်ပွဲဝင်သူတွေအဖြစ်ပါ သတ်မှတ်ခဲ့ပါတယ်။ ဒီကိစ္စက မဟာမိတ် အနောက်နိုင်ငံတွေ စိတ်အနှောင့်အယှက် မဖြစ်ရအောင် သိုသိုသိပ်သိပ်နဲ့ ရိုးရိုးရှင်းရှင်း အမျိုးသားလွတ်မြောက်ရေးပုံစံကိုသာဖြစ်စေချင်တဲ့ စတာလင်ရဲ့ ရုရှားနဲ့ ပြောက်ကျားရဲဘော်တွေ ကြားမှာ ပဋိပက္ခ ဖြစ်စေခဲ့တယ်။ ဒီရဲဘော်တွေဆင်နွှဲတဲ့ တိုက်ပွဲရဲ့လက္ခဏာတခုက “ပစ္စည်းမဲ့ လျှပ်တပြတ်တိုက်ခိုက်ရေးတပ်တွေ” ဖွဲ့စည်းတာပဲ ဖြစ်တယ်။ ဒီတပ်ဖွဲ့တွေကို နိုင်ငံရေးအရ ရှေ့တန်းအရောက်ဆုံး အလုပ်သမားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ များသောအားဖြင့် စက်ရုံတရုံတည်းမှာ အလုပ်အတူတူ လုပ်သူတွေ ဖြစ်ကြပြီး ယူဂိုဆလပ် ကွန်မြူနစ်ပါတီဝင်တွေ ဖြစ်တယ်။ သူတို့က တော်လှန်ရေးအတွက် လျှပ်တပြတ် တိုက်ခိုက်ရေး ရဲဘော်တွေအဖြစ် တာဝန်ထမ်းဆောင်ကြပါတယ်။ အခက်ခဲဆုံး လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်တာနဲ့ အခိုင်အမာ နေရာယူတပ်စွဲထားတဲ့ နာဇီတွေကို တိုက်ခိုက်တဲ့အလုပ်တွေ လုပ်ပါတယ်။

စစ်ပြီးခေတ် ပြောက်ကျားစစ်

၁၉၄၉ ခုနှစ်မှာ တရုတ်ပြည်တော်လှန်ရေး အောင်ပွဲခံပြီးနောက် ကျူးဘားမှာလည်း တော်လှန်ရေးသမားတွေကို ကျူးဘား လယ်သမားတွေနဲ့ အလုပ်သမားတွေက ဖက်လှဲတကင်း ကြိုဆိုခဲ့ကြတယ်။ ဘာတစ္စတာအစိုးရရဲ့ အာဏာရှင်စနစ်ကိုဖြုတ်ချဖို့ ပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေ အတူတကွ ညီညွတ်ခဲ့ကြပါတယ်။ လုံးဝ ပြောက်ကျားနည်းပရိယာယ်တွေကိုပဲ သုံးခဲ့ကြတာဖြစ်တယ်။ ဒီတော်လှန်ရေးက လက်တင်အမေရိက တနံတလျားနဲ့ အာဖရိကတချို့ဒေသတွေမှာ ပြောက်ကျားစစ်ဆင်ရေးတွေ ပေါ်ထွက်စေခဲ့တယ်။ ဒါပေမဲ့ သမားရိုးကျတပ်တွေမပါဘဲ အဲဒီစစ်ဆင်ရေးတွေ မအောင်မြင်ခဲ့ဘူး။

နောက်ငါးနှစ်အကြာမှာ ဟိုချီမင်းရဲ့ ပြောက်ကျားတပ်တွေက အင်ဒိုချိုင်းနားဒေသကို ပြင်သစ်စစ်တပ်ရဲ့ လက်အောက်မှ လွတ်မြောက်စေခဲ့တယ်။ နောင်အခါ အမေရိကန်က ကျူးကျော်တဲ့အခါမှာလည်း ဗီယက်နမ်ပြောက်ကျားတွေက အမေရိကန်စစ်တပ်ကို အကြီးအကျယ်အထိနာစေခဲ့ပါတယ်။ ကမ္ဘာပေါ်က အင်အားအကြီးဆုံးစစ်တပ်ကိုအနိုင်ယူဖို့ ပြောက်ကျားတပ်တွေပဲ သုံးခဲ့တာဖြစ်တယ်။ အမေရိကန်စစ်တပ်ရဲ့ဘတ်ဂျက်က ဗီယက်နမ်နိုင်ငံရဲ့ စုစုပေါင်း GNP ထက် အဆ ၂၀ ပိုပါတယ်။

မွတ်စလင်ပြောက်ကျားတွေ (မူဂျာဟစ်ဒင်တွေ) ဟာလည်း ဆယ်စုနှစ်တခုကြာ အာဖဂန်နစ္စတန်က တိုက်ပွဲမှာ ဆိုဗီယက်နယ်ချဲ့စနစ်ကို အနိုင်ယူခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးညီညွတ်မှုမရှိတာအပြင် အဖွဲ့ပေါင်းစုံရဲ့ဘက်ကနေ အမေရိကန်ရဲ့ ဟန်ချက်မညီတဲ့ကြားဝင်စွက်ဖက်မှုတို့ကြောင့် ပဋိပက္ခ အရှိန်မြင့်လာခဲ့တယ်။ ဖိနှိပ်အုပ်စိုးတဲ့ တာလီဘန်အဖွဲ့ ပေါ်ထွက်လာမှုနဲ့အတူ ၂၁ ရာစု အစပိုင်းအထိ အောင်ပွဲကို မဆွတ်ခူးနိုင်ဘူး။ ၂၀ ရာစု အကုန်မှာတော့ (တတိယကမ္ဘာ့နိုင်ငံတွေလို့ ခေါ်တဲ့) နယ်ချဲ့စနစ်ရဲ့ သွေးစုပ်မှုကိုခံရတဲ့နိုင်ငံတွေအနှံ့အပြားမှာ ပြောက်ကျားစစ်ကို ကျင့်သုံးလာကြတယ်။ ပီရူး၊ ကိုလံဘီယာ၊ အယ်လ်ဆာဗေဒို၊ နီကာရားဂွား၊ ဖိလစ်ပိုင်၊ ထိုင်း၊ သီရိလင်္ကာ၊ အိန္ဒိယ၊ မော်ရိုကို၊ အင်ဂိုလာနဲ့ မိုဇမ်ဘစ် နိုင်ငံတွေမှာ ဖြစ်ပါတယ်။

ခေတ်သစ် နည်းပရိယာယ်ပိုင်း အကဲဖြတ်ချက်

အင်အားအကြီးမားဆုံး နယ်ချဲ့တပ်တွေ (ဥပမာ အမေရိကန်စစ်တပ်) လောက် အားကောင်းတဲ့ သမားရိုးကျစစ်တပ်ကိုတည်ထောင်ဖို့ ရုပ်ပစ္စည်းပိုင်းဆိုင်ရာ မဖြစ်နိုင်လို့ အများစုအတွက် ပြောက်ကျားစစ်ကလွဲလို့ တခြားရွေးစရာ မရှိပါဘူး။ (အမေရိကန် စစ်တပ်အတွက် နှစ်စဉ်ဘတ်ဂျက်က ဒေါ်လာ ဘီလီယံ ၃၀၀ ကျော် (၂၀၀၀ ခုနှစ်) ရှိပြီး ပညာရေးကဏ္ဍ တခုလုံးအတွက် သုံးတာထက်တောင် ပိုပါတယ်)။ အမေရိကန်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ သမားရိုးကျတပ်တွေ ဥပမာ အီရတ် (၁၉၉၀) ဟာ ရက်ရက်စက်စက် အလွယ်တကူ ချေမှုန်းခံရပါတယ်။ ဒါပေမဲ့ ဆိုမားလီးယား (၁၉၉၃) က ပြောက်ကျားတွေကတော့ အောင်ပွဲရကြတယ်။ ၂၀၀၁ ခုနှစ်မှာ အမေရိကန်စစ်တပ်က ပြောက်ကျားတိုက်သူတွေကို အနာဂတ်မှာ ပိုပြီးတော့ ထိထိရောက်ရောက် တိုက်ခိုက်ချေမှုန်းနိုင်ရေးအတွက် ဦးစားပေး အစီအစဉ်တွေကို စပြီးအပြောင်းအလဲလုပ်ပါတယ်။(ပြီး)

Leave a Reply

Your email address will not be published. Required fields are marked *