“ဒီဘက်ကလည်း ကြည့်ပေးပါ။”
လှသောင်း
အတွေးအမြင်တရပ် ကို တိုတိုနဲ့ ယေဘုယျကျကျပဲ တင်ပြပါရစေ။
အစ္စရေး အစိုးရ အနေနဲ့ ပါလက်စတိုင်းနယ်မြေ ပြည်သူများ အပေါ် တလျှောက်လုံး ဘက်စုံ ထိန်းချူပ်လာခဲ့ တိုက်ခိုက်လာခဲ့ရာမှ၊ အခုတခါ သမိုင်းတွင်လောက်တဲ့ အချီကြီးအဖြစ်၊ ဂါဇာဒေသ ကို လူမျိုးတုံး တိုက်ခိုက်မှုဆန်တဲ့ ရက်စက်တဲ့ နည်းတွေနဲ့ အကုန်ဖျက် အကုန်သတ် အကုန်မောင်းထုတ် လုပ်နေတယ်၊ ဒီစစ်ကို အမေရိကန်နဲ့နေတိုးရဲ့ ကိုယ်စားလှယ်ထားတိုက်တဲ့ ယူကရိန်း Proxy war နဲ့ နှိုင်းယှဉ်ချိန်ထိုး ကြည့်တာထက် ဗမာပြည်စစ်အုပ်စု က ပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်တာကို အဆက်မပြတ် တလျှောက်လုံးကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲဖြစ်တဲ့တဲ့ ပြည်တွင်းစစ်နဲ့ နှိုင်းယှဉ်သင့်တာ ပိုဆီလျော်ပါလိမ့်မယ်။
ကမ္ဘာ့အရင်းရှင်စနစ် အကျပ်အတည်း ကို အမေရိကန်နဲ့ နေတိုး နယ်ချဲ့အင်အားများက စစ်လှုံ့ဆော် ဆင်နွှဲတဲ့ နည်းနာသုံးပြီး ဖြေရှင်းဖို့ ကြိုးစားလာရခြင်း ဆိုတဲ့ နောက်ခံပေါ်မှာ၊ အဲဒီလို ပြည်သူလူထု အသေအကျေ အပျက်အစီး များပြားလှတဲ့ စစ်ပွဲတွေ နေရာ အများအပြား ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာတော့ လစ်ဘရယ် အင်အားများ ပွင့်ကျလာတာ၊ ဒါကြောင့် အရင်းရှင်နိုင်ငံကြီးများမှာ လစ်ဘရယ်တွေအနေနဲ့ သိသိသာသာ နေရာရလာတဲ့ လက်ယာစွန်း ဖက်ဆစ်အင်အားတွေ ကို တိုက်နိုင်စွမ်းမရှိတော့ဘဲ အာဏာမြဲရေးအတွက် ရင်ကြားစေ့ရေးလမ်း လိုက်လာရတာ၊ အဖိနှိပ်ခံ ပြည်သူလူထု ကလည်း နက်ရှိုင်းလှတဲ့ ဘဝအခက်အခဲများကြောင့် ခုခံအုံကြွမှုဖက် ယိမ်းသထက် ယိမ်းလာတာ တို့ကို တွေ့ရပါတယ်။ ဒီလို အခြင်းအရာက အခုအခါ ကမ္ဘာပေါ်မှာ တစထက် တစ ပိုမို ကျယ်ပြန့်လာနေပါတယ်။
နယ်ချဲ့အင်အားတွေ လှုံ့ဆော် ဆင်နွှဲတဲ့၊ နယ်ချဲ့စစ်ပွဲတွေကို နယ်ချဲ့နိုင်ငံများက ပြည်သူလူထုအပါ ကမ္ဘာအနှံ့ ပြည်သူလူထုအသီးသီး ရဲ့ သဏ္ဌာန်အမျိုးမျိုးသော ပြည်တွင်း အုံကြွမှုတွေ နဲ့သာပဲ တားဆီးနိုင် အဆုံးသတ်နိုင်တယ် ဆိုတဲ့ အတွေးအခေါ်ဟာ မှန်ကန်ကြောင်း ပြီးခဲ့တဲ့ ကမ္ဘာစစ်များ က၊ အထူးသဖြင့် ဒုတိယကမ္ဘာစစ်က သက်သေပြခဲ့ပါတယ်။
အခုဖြစ်နေတဲ့ ဗမာပြည်သူများရဲ့ အုံကြွမှုမျိုးတွေ ကမ္ဘာနိုင်ငံ အတော်များများမှာ ဖြစ်လာရင်၊ ဒါဟာလည်း နယ်ချဲ့စစ်ကို တားဆီးရာရောက်ပါလိမ့်မယ်၊ ဒါကြောင့် နွေဦးတော်လှန်ရေးကို တခြားဖက်များစွာအပြင် ဒီဖက်က ကြည့်ရင်လည်း အဓိပ္ပာယ် ကြီးမား တောက်ပြောင်ပါတယ်။
ဒါပေမဲ့ အလေးထား စဉ်းစားသင့်တာက၊ မျက်မှောက် ဗမာပြည်နဲ့ ကမ္ဘာ့ ပြည်သူများရဲ့ ခုခံမှု အုံကြွမှု တွေကို တော်လှန်ရေးဘက် ပိုမိုတိမ်းညွတ်ပြီး ဦးတည်ချက်မှန်ကန်တဲ့ ပိုမို ရှင်းလင်းပြတ်သားတဲ့ အဖိနှိပ်ခံပြည်သူတွေရဲ့ လုံးဝလွတ်မြောက်ရေးလမ်းကြောင်းပေါ် တက်လှမ်းနိုင်စေရေးပဲ ဖြစ်ပါတယ်။ လူသားတွေ အနေနဲ့ ရည်ရွယ်ရှိရှိနဲ့ ဆည်မြောင်း တာတမံများဖောက်လုပ်၊ စွမ်းအားထုတ် ကိရိယာများတပ်ဆင် ခြင်းအားဖြင့် မြစ်ချောင်းများမှာ သဘာဝ အလျှောက် ရှိနေတဲ့ အားအင်ကို ဖော်ထုတ် အသုံးပြုတဲ့ ဥပမာ နဲ့ နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။ အလားတူစွာပဲ ပြည်သူတွင်းမှာ ကြီးမားစွာ ကိန်းအောင်း တိမ်မြုပ်နေသေးတဲ့ အင်အားတွေကို ဖော်ထုတ်နိုင်ဖို့လိုပါတယ်။ ဗမာပြည်မှာ ပြည်သူက စစ်အာဏာရှင်စနစ်ကို တကယ်တမ်း အစစ်အမှန်ပီပီပြင်ပြင် ဖျက်စီးရာရောက် ဖို့ဆိုရင် ၊ တနည်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ဆိုရင် အရေးတော်ပုံဟာ ပြည်သူတရပ်လုံး စစ်ကျွန်ဘဝနဲ့ စနစ်ဆိုးအုပ်စိုးမှုများအောက် လုံးဝရုန်းထွက်လွတ်မြောက်ရေးလမ်းပေါ် ဆွဲတင်နိုင်ဖို့လိုပါတယ်။ အဲဒါနဲ့အတူ ရှင်းလင်းပြတ်သားတဲ့ ရပ်တည်ချက်၊ အမြင်၊ နည်းနာနဲ့ ပေါ်လစီများ ရှိရပါမယ်။
အဲဒီ ခက်ခဲတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့၊ တိုးတက်တဲ့ အင်အားစုတွေက၊ တိုးတက်တဲ့ လမ်းညွှန်သဘောတရားကို အခြေခံပြီး ဗမာပြည်နဲ့ နိုင်ငံတကာ အခြေအနေတွေကို ထည့်သွင်းစဉ်းစားကြရပါမယ်။ နိုင်ငံအသီးသီးမှာ အဖိနှိပ်ခံ ပြည်သူတွေရဲ့ တော်လှန်ရေးဘက်တိမ်းညွတ်မှုရှိနေတဲ့ အုံကြွမှုတွေ ရှိနေတာ၊ ပြည်သူဖက်သား တိုးတက်တဲ့ အင်အားစုတွေ ရှိနေတာ၊ ဒါနဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ နောက်ပြန်ဆွဲ အင်အားများရှိနေတာ ကို လည်း ထည့်သွင်းစဉ်းစားကြရပါမယ်။ အဆင်သင့် ပြည့်စုံ ကုံလုံပြီးသား အဖြေ မရှိသေးပါ။ ကျယ်ပြန့်သော ရှုပ်ထွေးသော ဖြစ်ပေါ်တိုးပွားမှု အတွင်း အဖြေရှာသွားကြရမှာ ဖြစ်ပါတယ်။
လှသောင်း

All reactions:
76သာ အေး ထွန်း, Kyaw Hla and 74 others