ထာဝရ တော်လှန်ရေးသမား (ဗိုလ်မှူးချစ်ကောင်း နှစ်တစ်ရာပြည့် ဆောင်းပါး) ညီစေမင်း(ရဲဘော်ကျော်ဇံလှ ရဲ့ ပုံနှိပ်ဖော်ပြခြင်းမပြုရသေးတဲ့ ဆောင်းပါးတပုဒ်ပါ။)
(အနှစ်နှစ်ဆယ်မျှ တိုင်းပြည်အတွက်လုပ်လာပြီးနောက် ကျွန်တော်သည် မိမိကိုယ်ကိုယ် ပြန်၍ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲကို ရောက်နေသည်ကို တွေ့ရ၏) ဗိုလ်မှူးချစ်ကောင်းဒါကတော့ ကိုယ်ကျိုးမဖက် ပြည်သူအတွက် အလုပ်လုပ်လာခဲ့သူ နိုင်ငံရေးသမားတယောက်အနေနဲ့ တနေ့နေ့ တချိန်ချိန် တနေရာရာ အခြေအနေတခုခုအောက်မှာ မလွဲမသွေကြုံတွေ့ရမယ့် အခြေအနေတရပ်ပါ။ ကိုယ်က ကိုယ်ကျိုးမထည့်တွက်၊ ပြည်သူအတွက်ပဲ ရှေးရှူတယ်၊ ပြည်သူ့ဒုက္ခကို ကိုယ့်ဒုက္ခလို့ ယူဆတယ်။ ဒါပေမဲ့ ပြည်သူ့သုခကိုတော့ ကိုယ်လည်းရကောင်းတဲ့သုခလို့ မယူဆ၊ ပြည်သူသာ ပျော်ပါစေပေါ့။ ပြည်သူအတွက် တလျှာက်လုံး ဦးတည်လာခဲ့လေတော့ ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ လက်ပိုက်ကြည့်မနေနိုင်။ ပြည်သူများ ဒုက္ခနွံအတွင်းမှ လွတ်မြောက်ရေးအတွက် အလုပ်လုပ်တယ်။ လှုပ်ရှားတယ်။ တိုက်ပွဲဝင်တယ်။
ပြည်သူအတွက် တိုက်ပွဲဝင်တယ်ဆိုတာ လရောင်အောက်လမ်းလျှောက်ရတာ မဟုတ်။ ဆူးငြောင့်ခလုတ်တွေ ထူပြွမ်းတဲ့ ခယောင်း လမ်းကို လျှောက်ရတယ်။ အဲဒီလမ်းကို လျှောက်လှမ်းတဲ့အခါမှာ အခက်အခဲတွေ တွေ့မယ်။ ဒုက္ခရောက်မယ်။ အသက်စွန့်တန်စွန့်ရမယ်။ ဒါတွေက ပြည်သူ့သူရဲကောင်းတွေ မလွဲမသွေကြုံတွေ့ရမယ့် အခြေအနေတရပ်။ ဒါတွေကိုတွေးပြီး၊ ကြောက်ဒူးတုန်မနေ၊ တွန့်ဆုတ်မနေ လုပ်စရာရှိတာလုပ်တယ်။ စွန့်လွှတ်ရခြင်းဆိုတာက သူ့အတွက်တခုတည်းသော ရလဒ်၊ ဗိုလ်မှူးချစ် ကောင်းဟာ ဒီလိုသူရဲကောင်းမျိုး၊ ဗိုလ်မှူးချစ်ကောင်းရဲ့ဘဝဟာ တိုက်ပွဲတွေနဲ့ ပြည့်လျှမ်းနေတဲ့ဘဝမျိုး။
ဗိုလ်မှူးချစ်ကောင်းကို မြင်းခြံမြောက်ဘက် (၄) မိုင်ခန့်အကွာမှာ ရှိတဲ့ လယ်သစ်ရွာမှာ ၁၉၂၀ အောက်တိုဘာ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ လယ်သစ်ဆိုတာ တချိန်က ဆေးရွက်ကြီးစိုက်ပျိုးခဲ့တဲ့ ရွာဖြစ်တယ်။ မြင်းခြံနဲ့လည်း မနီးမဝေးမို့ အဆက် အသွယ်သိပ်မပြတ်ဘူး။ တချိန်က စက်ဘီးနဲ့သွားရင် ကောင်းကောင်းရောက်နိုင်တဲ့ ရွာတရွာပေါ့။ ဗိုလ်မှူးချစ်ကောင်းရဲ့ မိဘများဟာ ဘာလုပ်ကိုင်တယ်ဆိုတာ တိတိကျကျမသိရပေမယ့် မြင်းခြံ မြောက်လက်ကျေးရွာသားတို့ ထုံးစံတောင်သူကြီးပဲ ဖြစ်မယ်လို့ ယူဆရပါမယ်။ တောင်သူကြီးဆိုသော်လည်း ခေတ်အမြင်ကျယ်တဲ့ မိဘလို့ဆိုနိုင်ပါတယ်။ အဲဒီခေတ်အခါက ကျေးလက်က ပြည်သူတွေဟာ ပညာရေးကို အားပေးခဲပါတယ်။ ဘုန်းကြီးကျောင်း ဒါမှမဟုတ် ရွာတွင်းမူလတန်းကျောင်းမှာ အခြေခံပညာ သူတို့အဆို သေစာရှင်စာလောက် တတ်ရင်တော်ပြီလို့ ယူဆကြပါတယ်။ မိမိသားသမီးကို မြို့မှာ ကျောင်းထားမယ်ဆိုရင် အနည်းဆုံးမြို့မှာ မိမိသားသမီးနေနိုင်အောင် ဆွေမျိုးသားချင်းမိတ်ဆွေ အရင်းအချာရှိရပါမယ်။ ဒါတောင် ကျောင်းစရိတ်အတွက် ပေးနိုင်စွမ်းရှိရပါမယ်။ (ကျွန်တော်အထက်တန်းကျောင်းသားဘဝမှာကို ၁၉၆၀ လွန်နှစ်များက လယ်သစ်က စက်ဘီးနဲ့ကျောင်းလာ တက်သူတွေ ရှိခဲ့ပါတယ်။ ကျွန်တော်နဲ့ တတန်းတည်း တခန်းတည်းမှာကို လယ်သစ်ကလာတက်တဲ့ ကျောင်းသားတယောက်ရှိပါတယ်။ သူက မကြာခဏကျောင်းပျက်တဲ့အတွက် သူ့ကို “လယ်သစ် တယ်လစ်” လို့ အမည်ပြောင် ပေးထားပါတယ်။ ဒါပေမဲ့ တနေ့မှာ သူ့ကို “သူငယ်ချင်း ကျောင်းသိပ်မပျက်ပါနဲ့ကွာ၊ ဗိုလ်မှူးချစ်ကောင်းကို အားနာပါဦး” လို့ ပြောလိုက်တဲ့နေ့ကစပြီး၊ ကျောင်းအပျက်နည်းသွားပါတယ်။ ဒါဗိုလ်မှူးချစ်ကောင်းရဲ့ နောက်မျိုးဆက်တွေအပေါ်မှာ သြဇာလွှမ်းမိုးမှုပါ။)
ကိုလိုနီခေတ်ကစ နယ်ချဲ့ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေးတိုက်ပွဲများ၊ ဆင်နွှဲခဲ့ကြတဲ့ ဗိုလ်မှူးချစ်ကောင်း(ဦးစိုးမောင်) နဲ့ တခြားရဲဘော်ကြီးတွေ ချမှတ်ထားခဲ့တဲ့ အစဉ်အလာများဟာ ကနေ့ထက်တိုင် ဆက်လက်ဂုဏ်ရောင်ပြောင်ဆဲပါ။ ကျွန်တော်တို့ကိုယ်တိုင်လည်း သူတို့ကို အားကျတဲ့စိတ်ဓာတ်နဲ့ ခွပ်ဒေါင်း အလံကို ဆက်လက်စွဲကိုင်ပြီး၊ သမဂ္ဂတွေ တရားဝင်ဖွဲ့ခွင့်မရတဲ့ ကာလမှာကို ပြည်သူ့လွတ်မြောက်ရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆက်လက်တောင်းဆိုတိုက်ပွဲ ဝင်ခဲ့ကြတယ်။ ဗိုလ်မှူးချစ်ကောင်းဟာ မြင်းခြံအထက်တန်းကျောင်း —– မစ်ရှင်စကူးခေါ် သာသနာပြုကျောင်းထွက်ဖြစ်တယ်။ အဲဒီကျောင်းက ယခု အထက (၄) ယခင်မြို့လယ်ကျောင်း တောင်ဘက်က အေဘီအမ် (American Baptist Mission) က တည်ထောင်တဲ့ ကျောင်းဖြစ်တယ်။ ကိုလိုနီခေတ်က အင်္ဂလိပ်စာကို အထူးအသားပေးသင်တဲ့ ကျောင်းဖြစ်တယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ ကျောင်းအုပ်ဆရာမကြီးများကို အစွဲပြုပြီး၊ ဒေါ်သိမ်၊ ဒေါ်ခါကျောင်းလို့ အရပ်ခေါ် ခေါ်ခဲ့ကြတယ်။) အဲဒီကျောင်းကပဲ တက္ကသိုလ်ဝင်တန်းကို ဗိုလ်မှူးချစ်ကောင်း အောင်မြင်ခဲ့တယ်လို့ ယူဆရပါတယ်။ ဘာပဲဖြစ်ဖြစ် ဗိုလ်မှူးချစ်ကောင်းဟာ အဲဒီလိုသာသနာပြုကျောင်းမှာပါ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းနိုင်ခဲ့တယ်။
ဗိုလ်မှူးချစ်ကောင်းဟာ ကျောင်းသားဘဝကတည်းက စာပေဝါသနာပါ၊ စာပေရေးသားပြုစုခဲ့တယ်လို့ ယူဆရပါတယ်။ ဗိုလ်မှူးချစ် ကောင်းက “မြင်းခြံစိုးမြင့်” ကလောင်အမည်နဲ့ ဒဂုန်မဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ “နွားသိုးလောက” ဆောင်းပါးကြောင့် ဗြိတိသျှ အစိုးရက မြန်မာစာပေသမိုင်းမှာ အစဉ်အလာကြီးမားခဲ့တဲ့ ဒဂုန်မဂ္ဂဇင်းကို အာမခံတောင်းခဲ့တယ်။ ဒဂုန်မဂ္ဂဇင်းက အာမခံ မတင်ဘဲ ထုတ်ဝေမှုရပ်ဆိုင်းခဲ့ရတယ်။ ဒါကို ကြည့်ခြင်အားဖြင့် ဗိုလ်မှူးချစ်ကောင်းရဲ့ စာပေလက်နက်ဟာ နယ်ချဲ့အစိုးရကို ဘယ်လောက်အထိ ထိုးချက်ပြင်းခဲ့သလဲဆိုတာ သိနိုင်တယ်။ ဗိုလ်မှူးချစ်ကောင်းဟာ ဂျပန်တော်လှန်ရေးမှသည် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးအထိ တိုက်ပွဲအစဉ်အ ဆက်မှာ ဦးဆောင်ပါဝင်ခဲ့သူဖြစ်တယ်။ သူ့ဘဝဟာ တိုက်ပွဲများနဲ့ ပြည့်လျှမ်းနေတဲ့ဘဝဖြစ်တယ်။
ဒါပေမဲ့ တဖက်ကလည်းကြားက မြေဇာပင်သဖွယ် ပြည်တွင်းစစ်ကြားမှာ အပြစ်မဲ့ပြည်သူတွေကို ထောက်ထားစာနာတဲ့ အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း လိုလားတယ်။ ပြည်တွင်းစစ်ရပ်စဲရေး နည်းလမ်းအဖုံဖုံ တင်ပြတဲ့အထဲမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဦးဆောင် တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့က တင်ပြတဲ့ သူမနာကိုယ်မနာ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာသည့်နည်းကလွဲပြီး၊ ကျန်တဲ့လမ်းစဉ်တွေဟာ လက်နက်ချအညံ့ခံရေး လမ်းစဉ်သာဖြစ်တယ်။ အဲဒီအချိန်က ဖဆပလအစိုးရဟာ မိမိအရေးနိမ့်နေချိန် ရန်ကုန်အစိုးရ သာသာဖြစ်နေချိန်မှာ လက်ဝဲအင်အားစုများကို မြူဆွယ်တဲ့အနေနဲ့ လက်ဝဲညီညွတ်ရေးခေါင်းစဉ်နဲ့ လက်ဝဲအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးရယူဖို့ ကြိုးပမ်းခဲ့တယ်။ တကယ်တမ်း ရည်ရွယ်ချက်က လောလောဆယ်အကျပ်အတည်းမှ လွတ်ရာနည်းပရိယာယ်တ ရပ်ပဲဖြစ်တယ်။
၁၉၆၂ မတ်လ ၂ ရက်နေ့မှာ ဗိုလ်နေဝင်းရဲ့စစ်အုပ်စုမှာ ပြည်သူ့ဆန္ဒနဲ့အညီ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို အင်အားသုံးဖြုတ်ချခဲ့တာကို ပြည်သူလူထုက မကျေမနပ်ဖြစ်လာမှာကို ဆင်ဝှေ့ရန်ရှောင်လုပ်တဲ့အနေနဲ့ ပထမ ၃၃ ဦး ပါတီစုံအကြံပေးကော်မတီ ဖွဲ့တယ်။ နောက်ငြိမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးဆိုတာကို ကမ်းလှမ်းလာပြန်တယ်။ ဒါကလည်း ပြည်သူလူထုကို လှည့်ဖြားမယ့် နည်းပရိယာယ်တခုဖြစ်တယ်။ အဲဒီမှာ ပြည်သူလူထု အခြေခံတောင်းဆိုချက်ကို မျက်ကွယ်ပြုပြီး၊ ကရင်ကို ကော်သူးလေပြောင်းလဲတဲ့ အပေါ်ယံအချက်ကိုသာလိုက်လျောပြီး ကရင်တော်လှန်ရေးအဖွဲ့ထဲက တစိတ်တပိုင်းလောက် ကို ဖဲ့ယူနိုင်ခဲ့တယ်။ ၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ အဓိကရည်ရွယ်ချက်က အပေါ်ယံလိုက်လျောမှုတွေပေးပြီး တော်လှန်ရေးအင်အားစုတွေ ကို ရနိုင်သမျှဖဲ့ထုတ်ဖို့ ရည်ရွယ်တာပဲဖြစ်တယ်။ (ဒီရည်ရွယ်ချက်ရှိကြောင်း နောက်ပိုင်း ဖြစ်ရပ်တွေက သက်သေပြနေ တယ်။ ဒါကြောင့်ဆွေးနွေးပွဲကနေ စစ်အစိုးရ အမြတ်ရသင့်သလောက် ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။) ပြည်တွင်းစစ်ဒဏ်ကို ဆယ်နှစ်ဆယ်မိုး ခံစားခဲ့ရတဲ့ပြည်သူတွေကလည်း အစစ်အမှန်ငြိမ်းချမ်းရေးကို လိုလားတောင့်တနေပါပြီ။ ဒါကြောင့်မြန်မာ နိုင်ငံအောက်ပိုင်း ၆ ခရိုင်ဆန္ဒပြပွဲ၊ အထက်မြန်မာပြည် ၇ ခရိုင်ငြိမ်းချမ်းရေးဆန္ဒပြပွဲတွေမှာ ပြည်သူလူထုအင်အား သောင်းကျော်ပါ ဝင်ဆင်နွှဲခဲ့ကြတယ်။ အပြင်ကဝန်းရံနေတဲ့ ပြည်သူလူထုကြီးကလည်း ဆန္ဒပြပြည်သူတွေအတွက် အလျှံပယ်ထမင်းထုပ်တွေ ပေးဝေခြင်းအားဖြင့် ငြိမ်းချမ်းရေးဆန္ဒကို ဖော်ပြခဲ့ကြတယ်။
ဒါပေမဲ့ အထက်မြန်မာပြည် ၇ ခရိုင်ဆန္ဒပြပွဲကြီး ချီတက်လာစဉ်အတွင်းမှာပဲ ဆွေးနွေးပွဲပျက်သုဉ်းတဲ့အကြောင်း သတင်းတွေရတယ်။ (ဒါပေမဲ့ ကျွန်တော်တို့ မြင်းခြံခရိုင် ဗကသအပါအဝင် ဆန္ဒပြသူများဟာ မန္တလေးစုရပ် အိမ်တော်ရာဘုရား သံတန်ဆောင်းထဲရောက်သည်အထိ မဆုတ်မနစ် ချီတက်ခဲ့ကြပါတယ်။)ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပခြင်းနဲ့ပတ်သက်ပြီး၊ အဲဒီအချိန်က ဗိုလ်နေဝင်းအစိုးရမှာ အခြားရည်ရွယ်ချက်တခုရှိပါသေးတယ်။ အဲဒီရည်ရွယ်ချက်ကတော့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဟာ ငြိမ်းချမ်းရေးကို လိုလားသူမဟုတ်၊ သူတို့သာ ငြိမ်းချမ်းရေး လိုလားသူတွေဖြစ်တယ်လို့ ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်အောင် နားလှည့်ပါးရိုက်လုပ်ဖို့ပါ။ (ဒါပေမဲ့ ပြည်သူလူထုဟာ သူတို့ထင်သလောက် မအကြပါ။) ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားတဲ့နောက်မှာတော့ ဆိုရှယ်လစ်မင်းသား ခေါင်းဆောင်းထားတဲ့ စစ်အစိုးရရဲ့ ဘီလူးရုပ် အထင်းသားပေါ်လာတယ်။ ဆန့်ကျင်ဘက်အင်အားစုတွေမှန်သမျှ လက်ဝဲလက်ယာမခွဲခြားဘဲ အားလုံးကို သိမ်းကျုံးဖမ်းဆီး ထောင်ထဲပို့လိုက်ခြင်းပါပဲ။ (တချိန်က ဝိဓူရသခင်ချစ်မောင်တို့ စကားကိုးကားရမယ်ဆိုရင်တော့ ဒီအထဲမှာ လက်ဝဲသမားများ အနာဆုံးပါ။) ဒီနောက်ဝိုင်းပတ် သုတ်သင်ချေမှုန်းရေးစစ်တွေ ဆင်နွှဲတော့တာပါပဲ။
ဒီလိုအခြေအနေမျိုးမှာ ဗိုလ်မှူးချစ်ကောင်းဟာ ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် သစ္စာရှိသူ တယောက်ပီပီ၊ အများတကာတွေ ပြုနိုင်ခဲတဲ့ လက်နက် ကိုင်တော်လှန်ရေးအတွင်း ပြန်လည်ဝင်ရောက် လာခြင်းဖြစ်တယ်။ ဗိုလ်မှူးချစ်ကောင်းဟာ မိခင်ပါတီနဲ့အတူ မပြီးဆုံးသေး တဲ့လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရင်း တိုက်ပွဲတွင်းမှာပဲ ဂိုဏ်ရောင်ပြောင်စွာ ကျဆုံးသွားရတာပါ။ တကယ်လို့သာ ပါတီအပေါ်သစ္စာမရှိဘဲ ဖောက်ပြန်ရေးသမားတွေနဲ့သာ ပူးပေါင်းလိုက်မယ်ဆိုရင် ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတွေ ဘယ်လိုဆုလာဘ် ရနိုင်တယ်ဆိုတာ ဆန့်ကျင်ဘက်အရာများက ပြဆိုနေပါတယ်။ ဘာပဲဖြစ်ဖြစ် ဗိုလ်မှူးချစ်ကောင်းဟာ အသက်စွန့်လွှတ်သွားရသော်လည်း ပြည်သူလူထုတွေရဲ့ အသဲနှလုံးမှာ ယနေ့တိုင်ကိန်းအောင်းဆဲပါ။ မီးရှူးတန်ဆောင်ကြီး လို ထာဝစဉ်ထွန်းလင်းလမ်းပြဆဲပါ။ ဗိုလ်မှူးချစ်ကောင်းစိတ်ဓာတ် အဓွန့်ရှည်ပါစေ။ ညီစေမင်း` ၂၀ အောက်တိုဘာ၊ ၂၀၂၀။