စစ်နဲ့တော်လှန်ရေးကြားက ဗမာပြည် (ကိုတူး)
အာဆီယံအထူးသံ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း ဖနွမ်းပင်ပြန်ရောက်တော့ သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ – မင်းအောင်လှိုင်က တွေ့ဆုံဆွေးနွေးပွဲအတွက် ကြိုတင်သတ်မှတ်ချက်သုံးရပ်ကို ပြောတယ်လို့ The Nation သတင်းစာက ဖော်ပြပါတယ်။ (စကစ)အစိုးရကို မဖျက်ဆီးဖို့၊ အစားမထိုးဖို့နဲ့ ၂၀၀၈ ခြေဥကို ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုင်ရာ အခြေခံမူအဖြစ်ထားဖို့ ဖြစ်တယ်လို့ဆိုတယ်။ အဓိပ္ပာယ်က (အာဏာသိမ်းတာကိုလက်ခံ၊ NUG ကိုဖျက်၊ ၂၀၀၈ အောက်ကိုပြန်ဝင်) ဖို့ပါပဲ။
ပရက်ဆော့ခွန်း တလက်စတည်း ပြောတာက – ကျန်ခြောက်လသက်တမ်းမှာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် မိမိ(အထူးသံ)မှာ နတ်ဆေးလည်းမရှိ၊ မှော်ဆရာလည်းမဟုတ်ဘူး လို့ဆိုပါတယ်။ နောက်ဆက်ပြောတာက – ကမ္ဘောဒီးယားမှာ ကျင်းပဖို့ရှိတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးများမှာ ဝဏ္ဏမောင်လွင်ကို မဖိတ်၊ နိုင်ငံရေးကိုယ်စားမပြုသူ အရာရှိတဦးကိုသာ ဖိတ်ထားကြောင်း ပြောတယ်လို့ဆိုပါတယ်။
အာဆီယံအထူးသံရဲ့နောက်မှာ ကုလသမဂ္ဂနဲ့တကွ အရှေ့ အနောက် နိုင်ငံကြီးများက ရပ်ခံပေးထားတာဖြစ်လို့၊ သူ့မှတ်ချက်စကားက ဘယ်လောက်တာသွားတယ် ၊ မင်းအောင်လှိုင်(စကစ)ဟာ နိုင်ငံတကာ့အလယ်မှာ အထီးကျန်ဖြစ်ပြီး ဘယ်လိုဆရာမနိုင်နှစ်ဆောင်ပြိုင် ဖြစ်နေတယ်ဆိုတာ ပေါ်လွင်ပါတယ်။ မင်းအောင်လှိုင်က အာဆီယံအထူးသံရဲ့ ခရီးစဉ်နဲ့ မဲခေါင်-လန်ချန်း ၆နိုင်ငံ (တရုတ် မြန်မာ ကမ္ဘောဒီးယား လာအို ဗီယက်နမ် ထိုင်း) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင် မီးရှူးမီးပန်းတွေဖောက်ပြီး ပွဲဆူအောင်လုပ်ခဲ့တာပါ။
နိုင်ငံရေးမှာ မဖြစ်နိုင်တာမရှိ၊ ဒေါ်စုနဲ့တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်ဘူးလို့ ကြိုတင်မပြောနိုင်ကြောင်း စကစပြောခွင့်ရ ဇော်မင်းထွန်းက ပြောလာပါတယ်။ တပ်မတော်ကို နိုင်ငံရေးထဲဆွဲသွင်းတာ ဘယ်သူတွေလဲတဲ့။ ဌာပနာဖောက်တဲ့သူက ဘုရားတကာလေနဲ့ မေးခွန်းထုတ်နေသေးတယ်။ မင်းအောင်လှိုင်ကလည်း စာနာမှုအကူအညီပေးရာမှာ မည်သူတဦးတယောက်မျှ မကျန်စေရ၊ လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဆိုတဲ့မူအတိုင်း ဆောင်ရွက်နေကြောင်း ပြောပါတယ်။ NUG/ CRPH/ PDF တွေဟာ သတ်ဖြတ် အကြမ်းဖက်မှုများ ကျူးလွန်နေကြောင်း (ငါးဖယ်ကပြောင်းပြန်ဆိုသလို) ပြောပါတယ်။
ကြံ့ဖွံ့ဥက္ကဌ ဦးသန်းဌေး နဲ့ ရခိုင်ရှေ့ဆောင်ပါတီဥက္ကဌ ဒေါက်တာအေးမောင်တို့ကလည်း ဖွဲ့စည်းပုံအသစ် (၂၀၀၈ကို တိုးချဲ့ချင်တာ) နဲ့ ရွေးကောက်ပွဲအသစ်လုပ်ဖို့ နှပ်ကြောင်းပေးပါတယ်။ ဒါတွေဟာ အနှစ်မပါ ဗလာစကားများနဲ့ အာဆီယံအထူးသံလာချိန်၊ မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများလာချိန်၊ ချိန်ကိုက်မီးရှူးမီးပန်းဖောက် ပွဲဆူအောင်လုပ်ပြီး ဗမာပြည်နွေဦးတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲ မီးတောက်မီးလျှံကို အရှိန်သေအောင်လုပ်တဲ့ ဆိုက်ဝါးတွေပဲဖြစ်ပါတယ်။ တဖက်မှာလည်း ဒီချုပ်ပါတီရုံးများပြန်ဖွင့်ဖို့ ဒီချုပ်အမတ်အချို့ကို ဖိအားပေးပါတယ်။ NLD- CRPH- NUG ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ ပါတီကို ကိုယ်စားပြုသူမရှိကြောင်း၊ ပါတီရုံးများကို (စကစက ဖျက်ဆီးထားတာ) ခွင့်ပြုချက်မရှိဘဲ မဖွင့်ဖို့ ထုတ်ပြန်လာရပါတယ်။
စကစဟာ ဒေါ်စုကို သူတို့အကျိုးအမြတ်မရှိဘဲ ဒီအတိုင်းပြန်လွှတ်ဖို့ စဉ်းစားလိမ့်မယ်လို့ထင်နေရင် ရိုးအလွန်းရာကျလိမ့်မယ်။ ဒေါ်စုကိုမလွှတ်ပေမယ့် ဒေါ်စုနဲ့ကစားကွက် ထွင်ချင်နေတယ်။ ၂၀၀၈ အောက် ခေါင်းလျှိုလာဖို့ အရင်တုန်းကလည်း ဒီလိုပဲကစားခဲ့တာပဲ။ အဲဒီတုန်းက အောင်သွယ်တွေ ဘေးတီးပေးသူတွေ ခရုသင်းမှုတ်ပေးသူတွေ အတော်များပါတယ်။ အိုဘားမား ဟီလာရီတင်မက တလောက လုပ်ကြံခံရလို့ ကွယ်လွန်သွားတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးတောင်ပါတယ်။ သူက စစ်အစိုးရလက်ထက်က ကြွေးဟောင်းလျှော် – ကြွေးသစ်ရရေး အတွက် ပဲရစ်ကလပ်မှာ ဦးဆောင်လုပ်ကိုင်ပေးခဲ့သူပါ။
အခုအခြေအနေက အဲဒီလိုမဟုတ်တော့ဘူး။ ၂၀၀၈ ကို လူထုက လုံးဝလက်မခံတော့ဘူး။ သမိုင်းကို လူပုဂ္ဂိုလ်တဦးတယောက် သို့မဟုတ် လူတစုက ရေးတဲ့ခေတ်လည်း မဟုတ်တော့ဘူး။ စစ်သူကြီးမင်းဆက်ကို အမြစ်ဖြတ်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူလူထုကြီး တစည်းတလုံးတည်း မားမားမတ်မတ် ရပ်တည်တော်လှန် နေပြီဖြစ်ပါတယ်။
ယနေ့ခေတ်က ကမ္ဘာတဝန်း ကပ်တွေ ပဋိပက္ခတွေ အကျပ်အတည်းတွေ နဲ့အတူ စစ်နဲ့ငြိမ်းချမ်းရေး ဒွန်တွဲနေပြီး အပြောင်းအလဲတွေ များတဲ့ခေတ်လို့ ပြောနိုင်ပါတယ်။ ငြိမ်းချမ်းတဲ့နည်းနဲ့ မပြောင်းလဲရင် စစ်ဖြစ်တော့တာပါပဲ။ ငြိမ်းချမ်းရေးနှစ်ရပ်ကြားမှာ စစ်ရှိနေတယ်လို့ မော်စီတုန်းက ပြောခဲ့ဖူးပါတယ်။ အဓိပ္ပာယ်က ငြိမ်းချမ်းရေးကို ဖောက်ပြန်စစ်ကဖျက်စီးတယ်၊ တော်လှန်စစ်က အနိုင်တိုက်ပြီး ငြိမ်းချမ်းရေးကိုပြန်ယူတယ်။ ယူကရိန်းစစ်ပွဲ နောက်ဆက်တွဲ အရင်းရှင်စီးပွားရေးအီထိုင်းမှု သံသရာရှည်လာမှု၊ G7, NATO, BRICS, G20 ထိပ်သီးအစည်းအဝေးများ နှင့်အတူ အပြောင်းအလဲများကို မျက်ခြည်မပြတ်ဖို့လိုပါတယ်။ဗမာပြည် နွေဦးတော်လှန်ရေးဟာ စစ်မင်းဆက်နဲအတူ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ကာ ဗမာပြည်သမိုင်းသစ်ကို လူထုကိုယ်တိုင်ဖန်တီးပါလိမ့်မယ်။ ကိုတူး (၁၂ ဇူလိုင် ၂၀၂၂)