ကျားနှင့်မိကျောင်း နှစ်ကောင်ကြားက ထိုင်းနိုင်ငံရေး

By | August 24, 2023

ကျားနှင့်မိကျောင်း နှစ်ကောင်ကြားက ထိုင်းနိုင်ငံရေး

ရဲရင့်သံလွင်

အပိုင်း(၂)

ဘန်ကောက်တမြို့ထဲမှာတောင် တိုက်ခန်း လွတ် ၅ သိန်းလောက်ဖြစ်လာတယ်။ မိသားစုကြီးတွေကတော့ ဘဏ်တွေကအလွယ်တကူချေးငွေတွေရပြီး ဆောက်လုပ်ရေးတွေတိုးချဲ့နေဆဲ ဖြစ်ပါတယ်။ အမှန်တော့ ထိုင်းဘဏ်တွေဟာ ဗဟိုဘဏ်ရဲ့တင်းကျပ်တဲ့စည်းမျဉ်းနဲ့ ချုပ်ကိုင်ထားတဲ့ဘဏ်တွေဖြစ်ပါတယ်။

ဒါပေမဲ့အဲဒီမိသားစု ကြီး ၅ ခုမှာ နိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့ အာဏာတွေရှိနေကြတော့ ထိုင်းဗဟိုဘဏ်လဲ ချေးငွေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူး။ ငွေတွေဖော ချင်း သောချင်းလိုသလောက်ရနေတော့ အဲဒီအိုလီဂါ့ဘီလီယံနာတွေဟာ စီးပွားရေးနယ်ပယ်အသီးသီးမှာ လက်ဝါးကြီးအုပ်ပြီး ဘဏ်ကချေးငွေ ကိုအသုံး ပြုတဲ့ အတိုးအမြတ်ယူတဲ့လုပ်ငန်းတွေ ငှားရမ်းခတွေ အခွန်အခတွေကို ထုတ်ယူလို့လဲရနေကြတယ်။ သူတို့လက်ဝါးကြီး အုပ်မှုကို မ လှန်နိုင်တဲ့ အလတ်စားနဲ့ အငယ်စားလုပ်ငန်းလေးတွေ အထောင်အသောင်း စီးပွားပျက်ကုန်ကြတယ် ။ ထိုင်းနိုင်ငံက အိမ်ထောင်စု တစ်ခု တိုင်းတင် ရှိနေတဲ့ ကြွေးမြီပမာဏဟာ ထိုင်းတနိုင်ငံလုံး GDP ရဲ့ ၇၉% ရှိနေချိန်မှာ အဲဒီလုပ်ငန်းစုကြီး ၅ ခုဟာ မြို့တော်မှာရော အခြားမြို့ကြီး တွေမှာပါ လက်လီ ကုန်တိုက်တွေ ဈေးဝယ်စင်တာတွေ အလုံးအရင်းဖွင့်လှစ်နေကြတယ်။

Credit Suisse ရင်းနှီးမြှုပ်နှံမှုဘဏ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ချမ်းသာကြွယ်ဝမှုစစ်တမ်းထဲမှာ ထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့ အချက်အလက်တချို့လဲ ပါဝင်တယ်။ ထိုင်းလူဦးရေရဲ့ အပေါ်ဆုံးထပ် ၁% ရဲ့ ကြွယ်ဝမှုဟာ ၂၀၁၆ တုံးက တပြည်လုံးကြွယ်ဝမှုရဲ့ ၅၈% ရှိရာက၂နှစ်အကြာ ၂၀၁၈ ခုမှာ ၆၇% ကိုရောက်ရှိလာတယ်လို့ဆိုပါတယ်။ အဲဒီထဲမှာ CP Group မိသားစုက ဒေါ်လာ၂၉.၅ ဘီလီယံ၊ Central Group မိသားစုက ၂၁ ဘီလီယံ၊ ဘီယာချန်းလို့ခေါ်နေကြတဲ့ ThaiBev လုပ်ငန်းရှင်က ၁၆.၂ ဘီလီယံစသဖြင့် ထိုင်းသူကြွယ်ကြီး ၅၀ စာရင်းမှာထိပ်ဆုံးကပါဝင်နေကြတယ်။ အဲ သလို ဘီလီယံနာ အိုလီဂါ့ကြီးတွေ စည်းစိမ်ဥစ္စာဒီရေအလားတိုးနေချိန်မှာ ၂၀၁၆ ထိုင်းအစိုးရတရားဝင်ထုတ်ပြန်ချက်အရ လူဦးရေ ၁၀% က ဆင်းရဲမှတ်မျဉ်းအောက်ကိုရောက်နေသလို ထိုင်းလူဦးရေ အောက်ပိုင်း ၄၀%က ဝင်ငွေကျဆင်းပြီး စားသုံးမှုနှုန်းကျဆင်းသွားတယ်လို့ ဆိုပါ တယ်။

၂၀၁၉ ရွေးကောက်ပွဲအကြို မဲဆွယ်ကာလတုံးက ဗိုလ်ချုပ်ကြီးဟောင်း အမတ်လောင်း ပရာယွတ်ဟာ သူ့မဲဆန္ဒနယ်မှာ သုံးဘီးကား မောင်းပြီး ဆင်းရဲသားတွေအကျိုးဆောင်ပါ့မယ်လို့ ရွေးကောက်ပွဲကတိတွေပေးခဲ့ပေမယ့် ကုမ္ပဏီကြီးတွေကို မျက်နှာသာပေးတဲ့ သူ့ပေါ်လစီကြောင့် ထိုင်း စီးပွားရေးဟာ လက်ဝါးကြီးအုပ် အိုလီဂါ့ခ်ဘီလီယံနာမိသားစုကြီး တွေလက်ထဲရောက်သွားသလို အငယ်စားအလတ်စားစီးပွားရေးလုပ် ငန်းအ ထောင်အသောင်းကတော့အရင်းအနှီးခန်းခြောက်ပြီး စီးပွားပျက်ကုန်တယ်။

ခေတ်သစ်ထိုင်းနိုင်ငံရဲ့အုပ်စိုးမှုစနစ်ကို ဂျွန်ဟော့ကင်းတက္ကသိုလ် အကြီးတန်း တွဲဖက်ပါမောက္ခကင်မလီ ပီကက်စ်တိန်းက စစ်ဖက်ကို လက်ကိုင်ပြုထားတဲ့ ဘုရင်စနစ်က အမိန့်ပေးချုပ်ကိုင်တဲ့ စည်းမျဉ်းခံ ဘုရင်စနစ် လို့ခေါ်ခဲ့ဖူးတယ်။ နယူးယောက်တိုင်းသတင်းစာ opinion ဆောင်းပါးရှင် ပက်ဗင် ကတော့ ထိုင်းဘုရင်ဘူမီဘောနဲ့ စစ်အုပ်စုပေါင်းစပ်ထားတဲ့ neoroyalism မင်းဧကရာဇ်စိုးမိုးရေး လက်သစ်စနစ် ကို ထိုင်းမှာ ကျင့်သုံးနေကြတယ်လို့ ရေးပါတယ်။ ၁၉၃၂ ခုမှာ ထိုင်းအကြွင်းမဲ့ဘုရင်စနစ်ကို စစ်တပ်က သွေးထွက်သံယိုမဲ့ ဖြုတ်ချပြီးတဲ့နောက် စည်းမျဉ်းခံဘုရင်စနစ်အဖြစ် ပထမဆုံးအခြေခံဥပဒေရေးဆွဲအတည်ပြုပြဌာန်းခဲ့ကြတယ်။

အဲသလိုစည်းမျဉ်းခံဘုရင်စနစ်ပေါ်လာပေမယ့် နှစ် ပေါင်း ၉၀ နီးပါး အုပ်စိုးမှုစနစ်ဟာ ဒီမိုကရေစီစနစ်ကို ချီတက်မသွားဘဲ ဒီနေ့အချိန်မှာ သုံးပါးပေါင်းစပ် ညွန့်ပေါင်းပုံစံ အာဏာရှင်စနစ်အဖြစ် ရောက်ရှိလာတယ်လို့ ထိုင်းအငြိမ်းစားသံအမတ်ဟောင်းသုတေသီ်တစ်ဦးက ထောက်ပြပါတယ်။ အဲဒီ သုံးပါးပေါင်းစပ် စိုးမိုးမှုစနစ် ထဲမှာ ပါဝင် သူ ၃ ဦးကတော့ စစ်တပ်အင်စတီကျူးရှင်းရယ်၊ ဗျူရိုကရက်ထိပ်ပိုင်းလက်တဆုပ်အီလစ်ရယ်၊ စီးပွားရေးအမယ်စုံလုပ်ငန်းစု ကွန်ဂလိုမရိတ် တွေရယ်ပဲဆိုပြီး သူကပြောပါတယ်။ ထိုင်းနိုင်ငံရေးမှာ ၁၉၃၂ ဟာ သက်ဦးဆံပိုင်ဘုရင်စနစ်ကို စည်းမျဉ်းခံဘုရင်စနစ်အဖြစ်ပြောင်းလဲတဲ့ အလှည့်အပြောင်းဖြစ်ပေမယ့် ပဒေသ ရာဇ်စနစ်ကနေ အနောက်တိုင်းမှာလို အရင်းရှင်ဒီမိုကရေစီကို တက်လှမ်းသွားတာမဟုတ်ဘူး။ ဘုရင့်အာဏာကို ကန့်သတ်တာလုပ်ခဲ့ပေမယ့် ထိုင်းစစ်ခေါင်းဆောင်တွေဟာ အာဏာကိုပြည်သူလက်ထဲမထည့်ဘဲ သူတို့လက်ထဲမှာပဲ ထားပြီး ထိုင်း ဘုရင် စနစ်နဲ့အပေးအယူလုပ်တယ်။ ရှင်ဘုရင်ကို ဗောဒိသတ် ဘုရားလောင်းလို ကိုးကွယ်နေကြဆဲ ပဒေသရာဇ်တပိုင်းလူ့အဖွဲ့အစည်းထဲမှာ ထိုင်း စစ်တပ်ဟာ သူတို့အုပ်စိုးမှုကို တရားဝင်လက်ခံအောင် ဘုရင့်အကာအကွယ်နဲ့ ဆက်ထိန်းထားခဲ့တယ်။ ထိုင်းဘုရင်နဲ့ ထိုင်းစစ်တပ်ဟာ သူ့ကိုကိုယ်လိုအပ် ကိုယ့် ကိုသူလိုအပ် အပြန်အလှန်ပူးတွဲနေထိုင်ရင်း စစ်ပဒေသရာဇ် အော်လီဂါ့ခ်အရင်းရှင်စနစ်ကို တည်ထောင်လာခဲ့ကြတာဖြစ်ပါတယ်။ ၂၀၂၃ ခု Forbes စစ်တမ်းအရ ထိုင်းမှာအကြွယ်ဝဆုံးပုဂ္ဂိုလ် ၅၀ ရဲ့ ပိုင်ဆိုင်မှုစုစုပေါင်းဟာ ဒေါ်လာ ၁၇၃ ဘီလီယံရှိတယ်။ မနှစ်ကထက် ၁၅% ပိုချမ်းသာလာကြတယ်လို့ဆိုပါတယ်။ ဒီဘီလီယံနာသူကြွယ်ကြီးတွေစာရင်းမှာ မပါတဲ့ နောက်ထပ်အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦး ထိုင်းနိုင်ငံ မှာ ရှိနေပါတယ်။ သူ့လက်ထဲမှာ ကမ္ဘာ့အကြီးဆုံး အညိုရောင် စိန်ကြီးတစ်လုံးလဲရှိတယ်။ Golden Jublilee လို့အမည်ပေးထားတဲ့ အဲဒီစိန်တုံး ကြီးက ၅၄၅.၆၇ ကာရက်ရှိပြီး အိန္ဒိယရူပီးငွေ ၉၈ ကုဋေ ( အမေရိကန်ဒေါ်လာ ၁၁.၈ သန်း) တန်တယ်။ ဟယ်လီကော့ပတာ ၂၈ စင်း၊ ဘိုးအင်း တွေ အဲယားဘတ်စ်တွေနဲ့ ဆူခွိုင်းဆူပါဂျက်တိုက်လေယာဉ်တွေအပါအဝင် လေယာဉ်ပေါင်း ၃၈ စင်းကိုလဲ ပိုင်ဆိုင်ထားတယ်တဲ့။ နာမည်ကျော် လီမိုစင်း ဇိမ်ခံကားတွေ၊ မာစီဒီးကားဘင့်တွေပါတဲ့ အဖိုးတန်ကားပေါင်း ၃၀၀ လောက်ကိုလဲပိုင်ဆိုင်တယ်။ တော်ဝင်ဇိမ်ခံသင်္ဘောကြီးအပါအဝင် ရွှေရေးအပြောက်အမွမ်းတွေနဲ့ ဖိတ်ဖိတ်တောက်နေတဲ့ ရေယာဉ်ပေါင်း ၅၂ စီး လဲရှိနေတယ်။ အကျယ်အဝန်း စတုရန်းပေ ၂ သန်း ၃ သိန်းရှိတဲ့ နန်းတော်ကြီးတစ်ခုကိုပိုင်ဆိုင်တဲ့သူဆိုရင် အဲဒီပုဂ္ဂိုလ်ကို ထိုင်းဘုရင်မှန်းလူတိုင်းသိနိုင်မှာပါ။

ဒသမမြောက်ရာမဘုရင်ဟာ ထိုင်းနိုင်ငံအဝှမ်းမှာ မြေယာတိုက်တာအိုးအိမ်တွေကိုလဲ ခေတ်အဆက်ဆက်ပိုင်ဆိုင်လာသူဖြစ်ပြီး အဲဒီမြေယာတွေပေါ်က မြေငှားခတွေ တိုက်လခတွေ တနင့်တပိုး ခံစားနေရတယ်။ သူပိုင်မြေချည့် ဧကပေါင်း ၁ သောင်း ၆ ထောင်ကျော်ရှိပြီး တိုက်တာအိုးအိမ်အငှားချထားတာက ၄ သောင်းကျော်ရှိတယ်။ သူ့ မြေပေါ်မှာ ဟော်တယ်တွေ ဈေးဝယ်စင်တာကြီးတွေ၊ အစိုးရရုံးအဆောက်အဦးတွေကိုဆောက်ပြီး ငှားတာမျိုးလဲလုပ်တယ်။ Siam Cement Group စက်မှုလုပ်ငန်းစုကွန်ဂလိုမရိတ်ရဲ့ အစုရှယ်ယာ၃၃%ကိုပိုင်ဆိုင်သလို ထိုင်းမှာ ဒုတိယအကြီးဆုံးSiam Commercial Bank ဘဏ်ကြီးရဲ့ အစုရှယ်ယာ ၂၃%ကိုလဲ ပိုင်ပါတယ်။ နဝမမြောက်ရာမဘုရင် ဘူမီဘော ၂၀၁၆ မှာနတ်ရွာစံသွားပြီးနောက် လူတွေသိပ်မကြည်ညိုတဲ့ ဒသမ မြောက်ရာမဘုရင် မဟာဝါရိယလုံကွန် ဟာ နန်းတက်စမှာခဏလောက်ပူဆွေးပြပြီး သူ့အစီအစဉ်အတိုင်း စစ်အာဏာသိမ်းအစိုးရနဲ့လက်ဝါးရိုက် အကောင်အထည်ဖော်ပါတယ်။ သူ့ကိုယ်သူ ထိုင်းလက်နက်ကိုင်တပ်ရဲ့ အကြီးအကဲအဖြစ်ပြန်လည် ခန့်အပ်သလို နန်းတော်စောင့်တပ်နဲ့ အရာ ရှိတွေကို ဘုရင့်ကိုယ်ရံတပ်အဖြစ် အဆင့်တိုးလိုက်တယ်။ သူခမည်းတော်လက်ထက်တုန်းက ခမည်းတော်ရဲ့ ပုံတော်ကြီးတွေတပြည်လုံးချိတ်ဆွဲ စိုက်ထူသလို သူ့ပုံတော်တွေကိုလဲ စိုက်ထူစေတယ်။ သူ့ခမည်းတော်လက်ထက်က အများပြည်သူနဲ့ဆိုင်တဲ့ အစိုးရပိုင်ဆိုင်မှုအဖြစ်သတ်မှတ်ပြီး Crown Propety Bureau ဆိုတဲ့ အများဆိုင်ရာဌာနကြီးနဲ့ချုပ်ကိုင်ထိန်းသိမ်းခိုင်းထားတဲ့ အရပ်ရပ်ပိုင်ဆိုင်မှု ဒေါ်လာ ၃၀ ဘီလီယံကို ဘုရင်ပိုင် အဖြစ်ပြန်လည်သတ်မှတ်ပြီး သူကိုယ်တိုင် တိုက်ရိုက်ချုပ်ကိုင်လိုက်တယ်။

အာဏာသိမ်းစစ်အစိုးရခေါင်းဆောင် ပရာယွတ်ချန်အိုးချားနဲ့ စစ်အာ ဏာရှင်များကလဲ ဘုရင့်အာဏာနဲ့ စစ်အာဏာကို ပိုပြီးခိုင်မာတောင့်တင်းအောင် ၂၀၁၇ အခြေခံဥပဒေသစ်ကိုပြဋ္ဌာန်းပြီး သူတို့အာဏာကိုဆန့် ကျင်မယ့် ရွေးကောက်ပွဲတွေ နိုင်ငံရေးအင်အားစုတွေ လွှတ်တော်အတိုက်အခံအင်အားတွေကို တင်းတင်းကျပ်ကျပ်ဖိနှိပ်လိုက်တယ်။ ခမည်းတော် နဝမ ရာမဘုရင် ဟာ အမေရိကန် ဘော့စတွန်မှာမွေးဖွားခဲ့သူဖြစ်ပြီး ၁၉၄၆ နောင်တော်ထိုင်းဘုရင်အလုပ်ကြံခံရပြီးနောက် သူ ဟာ ထိုင်းဘုရင်ဖြစ်လာတယ်။ ၁၉၃၂ ခု စစ်အရာရှိတချို့ရဲ့ အာဏာသိမ်းပွဲကို တချို့က တော်လှန်ရေးတစ်ခုလို့မြင် သလို တိုးတက်မှုကြီး တခုလို့လဲမြင်ကြတယ်။ အဒီအာဏာသိမ်းခဲ့တဲ့ထိုင်းစစ်ခေါင်းဆောင်တွေဟာ ၁၉၄၀ ဆယ်စုနှစ်ကုန်လုလုအထိ ဂျပန်ဖက်ဆစ်တွေနဲ့ ပလူးနေ ကြပြီး စစ်ပြီးခေတ်ဘူမီဘောနန်းတက်ချိန်မှာ ဘုရင်စနစ်ကလဲ အင်အားချည့်နဲ့နေတယ်။ ဘူမီဘောရဲ့ခြိုးခြံချွေတာစွာနေထိုင်မှု၊ ဘုရား တရား ကိုင်းရှိုင်းမှုတွေကို လူတွေကတွေ့ကြတော့ လူတွေက ကြည်ညိုလာတယ်။ အဲဒီကာလတုန်းက ထိုင်းကျေးလက်နေလူသူအများအပြား ကျေး လက်ကိုစွန့်ခွာထွက်ပြေးနေရလို့ လူတွေကတော်တော်လေးစာနာသနားနေကြချိန်ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေပေါင်းဆုံမိသွားတဲ့အခါ လူတွေအ ကြားမှာ ဘုရင်သည်သာကိုးကွယ်ရာအဖြစ်ရှုမြင်လာပြီး ဘုရင့်ရဲ့ဩဇာအာဏာလဲ တက်လာခဲ့တယ်။ ၁၉၅၀ ခုတွေမှာ ဘုရင်ဘူမီဘော ဟာ တတိုင်းပြည်လုံး လှည့်လည်ပြီး အဆမတန်ကြွယ်ဝတဲ့ ဘုရင့်ဘဏ္ဍာတော်တွေကိုအသုံးပြုပြီး ကျေးလက်နေတောင်သူလယ်သမားတွေကို ဖွံ့ဖြိုး တိုးတက်စေမယ့် နည်းပညာသင်ကြားဖြည့်ဆည်းရေးတွေ လမ်းတံတားတွေ ဈေးကွက်တွေကိုဖြည့်တင်းတဲ့ စီမံချက်ထောင်ပေါင်းများစွာ ထူထောင် ပေးတယ်။ တဖက်ကလဲ သဘာဝတရားနဲ့ သဟဇာတမျှရေး မိမိဖာသာဖူလုံအောင်ကြိုးစားရေးစတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့အဆုံးအမတွေကို သင်ကြား နေခဲ့တယ်။ ပဒေသရာဇ်တပိုင်းကျေးလက်နဲ့ လယ်ယာလုပ်ငန်းကြီးစိုးတဲ့ ထိုင်းလူမှုအဖွဲ့အစည်းမှာ စည်းမျဉ်းခံဘုရင်အဖြစ် ရုပ်ပြဘဝနဲ့ နေထိုင် နေတဲ့ ထိုင်းဘုရင်ဟာ ဒီလိုနဲ့ တဖြည်းဖြည်းချင်း လူအများရဲ့ အညှာကိုကိုင်မိသွားပြီး သက်ဦးဆံပိုင်ဘုရင်စနစ်ကို ပြန်သွားဖို့လမ်းရှာနေခဲ့တယ်။

၁၉ ရာစုနှောင်းပိုင်းမှာ ပဒေသရာဇ်စီးပွားရေးစနစ်ကနေ အရင်းရှင်ကူးသန်းရောင်းဝယ်ရေးစနစ်ကိုကူးပြောင်းလာတဲ့ ထိုင်းနိုင်ငံမှာ ဈေးကွက် တွေ အသပြာတွေ ဆန်စက်ဆီစက်တွေ ငွေချေးလုပ်ငန်း ဘဏ်လုပ်ငန်းတွေတိုးပွားလာတယ်။ အရင်က ကျေးလက်မှာ လွှမ်းမိုးထားတဲ့ သူကောင်းမျိုး မြို့သူကြီးရွာသူကြီးတွေအာဏာက တစတစမှေးမှိန်လာပြီး ဗဟိုအစိုးရဖြစ်တဲ့ ဘုရင်ရဲ့အာဏာလဲ ပိုတောင့်တင်းလာတယ်။ဒုတိ ယကမ္ဘာစစ်ပြီးသွားတဲ့နောက်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပြည်ပကုန်သွယ်ရေးတွေ တိုးတက်များပြားလာပြီး ထိုင်းဟာ ဆန်တင်ပို့တဲ့နိုင်ငံ၊ ရော်ဘာတို့ ပြောင်းတို့ သကြားတို့တင်ပို့တဲ့နိုင်ငံဖြစ်လာတယ်။ ပြည်ပပို့ကုန်ဦးတည်လုပ်ကိုင်တဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ စိုက်ပျိုးရေးသုံး ဓာတု ပစ္စည်းထုတ်လုပ်မှုတို့ စက်ယန္တရားတို့ လျှပ်စစ်ပစ္စည်းတို့ထုတ်လုပ်အောင် အစိုးရက စီးပွားရေးလုပ်ငန်းတွေကို အစိုးရပိုင်အဖြစ်နဲ့လဲ လုပ်သ လို ပုဂ္ဂလိကကိုလဲ အားပေးခဲ့တယ်။ ၁၉၆၀-၁၉၇၀ ခုတွေမှာ ထိုင်းစီးပွားရေးဟာ ကမ္ဘာမှာအလျင်မြန်ဆုံးတိုးတက်တဲ့စာရင်းထဲမှာပါ ဝင်လာ တယ်။ အပေါ့စားစက်မှုလုပ်ငန်းတွေ ချွေးထွက်သံယိုများပြီး လုပ်ခနည်းနည်းသာရတဲ့ လုပ်ငန်းတွေ ပြည်ပကနေ ထိုင်းနိုင်ငံကို အလုံး အရင်း ရောက်လာတယ်။ ကွန်ပျူတာအစိတ်အပိုင်းထုတ်လုပ်တာတို့ ကွန်ပျူတာတပ်ဆင်တာတို့လိုလုပ်ငန်းတွေရောက်လာသလို ဂျပန်ကား ကုမ္ပဏီ တွေရဲ့ စက်ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်တတ်ဆင်တဲ့စက်ရုံတွေလဲရောက်လာတယ်။ အာရှရဲ့ ဂျပန်မော်တော်ကားထုတ်လုပ်မှု အကြီး ဆုံးနိုင်ငံအဖြစ် ရောက်လာတယ်။ အာရှ ကျား ၄ ကောင်ဆိုတဲ့ တောင်ကိုးရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ စင်္ကာပူတို့ နောက်မှာ ကပ်လိုက် လာတဲ့အဆင့်ဖြစ်လာတယ်။

၁၉၈၆-၁၉၈၉ အကြား နိုင်ငံခြားပိုက်ဆံပမာဏအဆ ၄၀၀ တိုးလာတယ်။ ၁၉၈၆ နဲ့ ၁၉၉၅ အကြား ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏ ဟာ ၈.၅ဆ အထိတက်လာပြီး ၁၉၉၆မှာအမေရိကန်ဒေါ်လာ ၃၂ ဘီလီယံအထိဖြစ်လာတယ်။ ၁၉၉၃-၁၉၉၆ အကြား ပြည်ပချေးငွေတွေ ဒေါ်လာ ၅၀ ဘီလီယံအထိရောက်လာတယ်။ ပုဂ္ဂလိကကုမ္ပဏီကြီးတွေရဲ့ချေးယူငွေပမာဏကလဲ GDP ၃၉ %ရှိရာကနေ ၁၂၃% အထိဖြစ်လာတယ်။ အဲဒီကာလတွေမှာ ထိုင်းလူလတ်တန်းစားတွေတိုးများလာသလို သုံးဟယ်ဖြုန်းဟယ်မျိုး ဆက်တစ်ခုလဲ ကြီးထွားလာတယ်။

ထိုင်းစည်းမျဉ်းခံဘုရင်စနစ်ကို တကယ်လက်တွေ့ ကြိုးကိုင်ထိန်းကျောင်းတဲ့သူတွေအဖြစ် စစ်ပဒေသရာဇ်အော်လီဂါ့ခ်အရင်းရှင်တွေကို ပြုစုပျိုးထောင်ရာမှာ ပြည်တွင်း လူမှုစီးပွားအခြေအနေတစ်ခုတည်း မဟုတ်ဘူး၊ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးခေတ်နဲ့ စစ်အေးကာလ အင်အား လွန်နိုင်ငံကြီးဖြစ်လာတဲ့ အမေရိကန်နိုင်ငံလဲပါဝင်နေတယ်။

အားလုံးသိကြတဲ့အတိုင်းအမေရိကန်ဟာ စစ်ပြီးခေတ် စစ်အေးကာလအတွင်း ကွန်မြူနစ်ဝါဒ မပြန်ပွားရေးနဲ့ ဆိုဗီယက်ပြည်ထောင်စုကို ဝိုင်းပတ်ထိန်းချုပ်ရေးမဟာဗျူဟာကို ကိုင်စွဲခဲ့တယ်။ ၁၉၅၀ ကိုးရီးယားစစ်ပွဲဖြစ်ပွား တဲ့အခါမှာ အမေရိကန်ဟာ အရှေ့တောင်အာရှမှာ ဆိုဗီယက်ပြည်ထောင်စုဆန့်ကျင်ရေး မဟာမိတ်ရှာဖွေတယ်။ ဒီအခါမှာ ထိုင်းနိုင်ငံမှာ သူတို့ လိုချင်တဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး လက္ခဏာ တွေကိန်းအောင်းနေတယ်လို့ ယူဆကြတယ်။ ပထမလက္ခဏာက ထိုင်းတွေဟာ သူတို့ကြည်ညို ကိုးကွယ်ရမဲ့ ဘုရင်မင်းမြတ်ကြီးရှိနေတဲ့အတွက် ဟိုချီမင်းတို့ မော်စီတုန်းတို့လို့ ကွန်မြူနစ်တွေကြည်ညိုစရာမလိုဘူးလို့မြင်တယ်။ ဒုတိယအချက် ကတော့ အမေရိကန်လက်နက်တွေခြေဆုံးခေါင်းဆုံးတပ်ဆင်ထားတဲ့ ထိုင်းစစ်တပ်ဟာ သူ့ပြည်တွင်းကွန်မြူနစ်သူပုန်ရော အိမ်နီးချင်းကွန်မြူနစ် ခြိမ်းခြောက်မှုတွေကိုပါ ထိရောက်စွာတားဆီးနှိမ်နင်းနိုင်တယ်။ တတိယအချက်က စီးပွားရေးပိုင်းမှာလဲ ကွန်မြူနစ်စီးပွားရေးစနစ်ကို ချောင်ပိတ် ထားအောင်လုပ်နိုင်တယ်။ ထိုင်းစီးပွားရေးလုပ်ငန်းရှင်အထက်လွှာလူတန်းစားဟာ အစိုးရထိပ်ပိုင်းအီလစ်တွေနဲ့ ခိုင်မာအားကောင်းတဲ့ ဆက် သွယ်မှုတွေရှိသလို စစ်ခေါင်းဆောင်တွေ အငြိမ်းစားဗိုလ်ချုပ်တွေဟာ စီးပွားရေးလုပ်ငန်းတွေပိုင်သူကပိုင်၊ ကုမ္ပဏီအကြီးအကဲလုပ်သူကလုပ်၊ အကြံပေးလုပ်သူကလုပ် လုပ်နေကြတယ်။ ထိုင်းအုပ်စိုးသူတွေအတွက် ဒီလက္ခဏာ ၃ ရပ်ဟာ ဖြစ်တည်မှုအကျိုးအကြောင်း raison d’etre လိုဖြစ်နေပြီ လို့ ပညာရှင်တွေက ထောက်ပြကြတယ်။

စစ်အေးခေတ် ထိုင်းအောင်ပွဲရသူ ဇာတ်ကို ကပြအသုံးတော်ခံခဲ့ကြသူ ၃ ဦးကတော့ ဘုရင်ရယ်စစ်တပ်ရယ် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ရယ် ဆိုတာ အထူးပြောစရာမလိုတော့ဘူး၊ ဂျပန်ကုန်ချောထုတ်လုပ်ငန်းတွေနဲ့ ကားလုပ်ငန်းတွေရဲ့ supply chain အဖြစ် ကိုယ့်မှာရှိတဲ့ ဈေး ပေါ တဲ့လုပ်အားတွေ သယံဇာတတွေနဲ့ လှလှပပအသုံးတော်ခံရင်း အရှေ့တောင်အာရှအံဖွယ်အောင်မြင်မှုကိုရစေလိုက်တယ်။ ဒီအောင်မြင်မှု အသီး အပွင့်ကို ဘယ်သူတွေခံစားကြရပါသလဲ၊ ရှေ့ပိုင်းမှာဖော်ပြခဲ့တဲ့အတိုင်း လက်တဆုပ်စာ ထိုင်း စစ်ပဒေသရာဇ်အော်လီဂါ့ခ်အရင်းရှင်ကြီး တွေက သိမ်းပိုက်သွားကြတာဖြစ်ပါတယ်။ ဗီယက်နမ်စစ်ပွဲကာလတလျှောက် အမေရိကန်စစ်အခြေစိုက်စခန်းကြီးတွေ ချရပ်ခဲ့တဲ့ ထိုင်းနိုင်ငံဟာ တောင်ကိုးရီးယား၊ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်တို့လိုဘဲ ကမ္ဘာလုံးဆိုင်ရာလွှမ်းပတ်အရင်းရှင်စနစ်ရဲ့ ကုန်ထုတ်လုပ်မှု supply chain နဲ့ အထူးစီးပွားရေး ဇုံတွေ ငွေကြေးဈေးကွက်တွေနဲ့ စည်ပင်နေသလို အမေရိကန်စစ်အခြေစိုက်စခန်းကြီးနဲ့ နီးကပ်တဲ့ ပတ္တရားလိုပင်လယ်ကမ်းခြေမြို့တွေမှာတော့ စစ်အေးအမွေ ပြည့်တန်ဆာလုပ်ငန်းတွေ ကျန်နေတယ်။ ပတ္တရားဟာ ကမ္ဘာလှည့်ခရီးသွားတွေဖျော်ဖြေတဲ့လိင်လုပ်ငန်းအဖြစ် အခုထိရှိနေဆဲဘဲ။

၃။ ကျားနဲ့မိချောင်း နှစ်ကောင်ကြားက ထိုင်းနိုင်ငံရေး

ထိုင်းနီတိတွေထဲမှာ ကျားနဲ့မိချောင်း ပုံပြင်တစ်ပုဒ်ရှိတယ်။ ကျားပါးစပ်ကနေ အသက်လုရုန်းထွက်လာသူဟာ မိချောင်းပါးစပ်ထဲရောက်သွား တာမျိုးလဲရှိနိုင်ကြောင်း ရှေးလူကြီးသူမတွေဆုံးမတဲ့ ပုံပြင်ဖြစ်ပါတယ်။ ၁၉၃၂ ခု ပထမဆုံးအခြေခံဥပဒေကနေ ၂၀၁၇ အခြေခံဥပဒေအထိ ထိုင်းနိုင်ငံမှာ အဟောင်းဖျက်လိုက် အသစ်ရေးလိုက်လုပ်လာခဲ့တဲ့ အခြေခံဥပဒေပေါင်း ၂၀ လောက် ရှိနေပြီ။ အဲသလိုအခြေခံဥပဒေသစ်ရေးလိုက် ရွေးကောက်ပွဲလုပ်လိုက်၊ တက်လာတဲ့ အရပ်သားအစိုးရလက် ကနေ အာဏာပြန်သိမ်းလိုက်လုပ်ကြတာလဲ စစ်အာဏာသိမ်းပွဲ ၁၈ ခါထက်မနည်းရှိသွားပြီ။ ဒီအချက်က ဘာကိုပြသလဲဆိုရင် ထိုင်းမှာ အာဏာ လက်ရှိ စစ်ပဒေသရာဇ်အာဏာရှင်စနစ်ဟာ သူ့ကိုဆန့်ကျင်တဲ့ ဘယ်အင်အားစုကိုမှ အာဏာမပေးဘူးဆိုတာပြသတာဖြစ်သလို ထိုင်းနိုင်ငံရေး မှာ လက်နက်ကိုင်စစ်တပ်ရှိသူကသာ နိုင်ငံရေးမှာ ဦးဆောင်မယ်ဆိုတာကိုပြသတာဖြစ်ပါတယ်။ တဖက်မှာတော့ထိုင်းနိုင်ငံရေး ဟာ တည်ငြိမ် မှုကင်းမဲ့နေတယ်ဆိုတာကိုလဲ ပြသလိုက်တာဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းရေးရှုထောင့်ကပြောတာဖြစ်ပါတယ်။

နိုင်ငံတကာ့ အင် အားကြီး နိုင်ငံတွေနဲ့ ဆက်ဆံမှုတွေ၊ ပထဝီနိုင်ငံရေးတွေနဲ့ ဆက်နွယ်ပြီး မတည်ငြိမ်မှုတွေက ဘယ်လောက်တောင်ရှိနေမလဲ ဆိုတာ အထူးပြော ဖို့မလိုတော့ဘူး။ ၁၉၃၂ ခြေဥဟာ တော်လှန်တဲ့ခြေဥလို့ပြောကြပေမယ့် သက်ဦးဆံပိုင်စနစ်ကနေ စည်းမျဉ်းခံဘုရင်စနစ်ကိုပြောင်းလဲလိုက်တဲ့အတွက် နိုင်ငံရေး နယ်ပယ်ဟာလဲ အီလစ်လက်တဆုပ်စာအထက်လွှာအသစ်နဲ့အဟောင်းအကြား၊ ဗျူရိုကရက်တွေ၊ စစ်ဗိုလ်ချုပ်တွေအသစ်နဲ့အဟောင်းအကြား ဂိုဏ်းအုပ်စုတိုက်ပွဲဆင်ရာ ကွင်းတစ်ခုဖြစ်သွားတယ်။ ၁၉၃၃ မှာ စစ်အာဏာသိမ်းပွဲပေါ်လာပြီး ပထမခြေဥဖျက်၊ စစ်ဗိုလ်ချုပ်တွေ ဗျူရိုကရက် တွေ နိုင်ငံရေးသမားတွေအကြား ယာယီနိုင်ငံရေးတည်ငြိမ်မှုပြန်ရအောင် အပေးအယူလုပ်စေ့စပ်ကြပြီးနောက်ထပ်အသစ်တစ်ခုရေး ကြတယ်။ ဒီလိုနဲ့လွှတ်တော်တစ်ရပ်တည်း ထားလိုက်၊ အထက်လွှတ်တော်အောက်လွှတ်တော် နှစ်ရပ်ထားလိုက်လုပ်ကြ၊ အမတ်တွေကို ရွေးကောက်ပွဲနဲ့ ရွေး သူအဖြစ်သာလုပ်ခွင့်ပေးလိုက်၊ အထက်ကခန့်တဲ့အမတ်တွေနဲ့ စုပေါင်းစပ်ပေါင်း လွှတ်တော်တက်ခိုင်းလိုက်ကြ၊ အမတ်အရေအတွက်ဘယ်၍ ဘယ်မျှ၊ မဲဆန္ဒနယ်ဘယ်၍ဘယ်မျှ ဆိုတဲ့ကိစ္စကတော့ မျက်စိလည်လောက်စရာပြောင်းနေတယ်။ ရွေးကောက်ပွဲကော်မရှင်အမျိုးမျိုး အခြေခံဥပ ဒေခုံရုံးအမျိုးမျိုး၊ နိုင်ငံရေးပါတီတည်ရှိခွင့်စည်းကမ်းအမျိုးမျိုးပြောင်းနေကြတာကိုတော့အထူးပြောဖို့လိုမယ်မထင်ဘူး။ ဘုရင်ရဲ့ အာဏာကိုလဲ တိုးလိုက်လျှော့လိုက်လုပ်နေခဲ့ကြတယ်။ မှတ်မှတ်သားသား ဒီမိုကရေစီအရိပ်လက္ခဏာပါတဲ့ အခြေခံဥပဒေတစ်ခုတော့ ပေါ်ဖူးတယ်။ အဲဒါက တော့ ၁၉၉၇ အခြေခံဥပဒေဖြစ်ပါတယ်။ ဒီခြေဥကလဲ ၁၉၆၀ ခုများမှာကျေးလက်မြေယာတော်လှန်ရေးတွေ ထိုင်းကွန်မြူနစ်လက်နက် ကိုင် တော်လှန်ရေးတွေ၊ ၁၉၇၃ တက္ကသိုလ်ကျောင်းသားတွေရဲ့ဒီမိုကရေစီတောင်းဆိုပွဲတွေ ၁၉၇၆ အောက်တိုဘာလသွေးမြေကျအရေးအခင်းတွေ၊ စစ်တပ် ရဲ့ အာဏာသိမ်းပွဲတွေအမျိုးမျိုးဖြတ်ကျော်ပြီးမှ ရရှိလာတာဖြစ်ပါတယ်။

အပိုင်း(၃) မှာ ဆက်လက်ဖတ်ရှုကြပါရန်

Leave a Reply

Your email address will not be published. Required fields are marked *