ကိုစိုးမြင့် (ရဲဘော်သိန်းဝင်း) သို့ လွမ်းသူ့ ပန်းခွေ ရဲဘော်အေးသန်း အရေးတော်ပုံဂျာနယ် အတွဲ(၃) အမှတ် (၅) မှာ ဖော်ပြမယ့်ဆောင်းပါး
ကိုစိုးမြင့်ဆုံးကြောင်း ရဲဘော်တယောက်က ပို့လိုက်တဲ့သတင်းကို (၂၇ ဇူလိုင် ၂၀၂၁) အင်တာနက်ဖွင့်ဖွင့်ချင်း မထင်မှတ်ဘဲ တွေ့လိုက်ရတော့ ရင်ထဲလစ်ဟာသွားပါတယ်။ ဆုံးရှုံးမှုကြီးလိုက်တာ။ ကိုဗစ်အန္တရာယ်သတိထားဖို့ ဇန္နဝါရီလလယ်လောက်က ကျွန်တော်သူ့ကို သတိပေးခဲ့သေးတယ်။” ကိုဗစ်တော့ သတိထားဗျို့။ ထိရင်တော့ ကိုယ့်အသက်အရွယ်နဲ့ မလွယ်ဘူး””အင်း ထိရင်တော့မလွယ်ဘူး။ သူကြိုက်တာတွေက ကိုယ့်မှာ အကုန်ရှိနေတာ”” မရောင်းဘူး ပြောလိုက်ပါ” လို့ ကျွန်တော်ကဆိုတော့ ကိုစိုးမြင့်ကရယ်တယ်။ သူ့မှာက – ကျောက်ကပ်တလုံး အလုပ်မလုပ်လို့ ဆီးဆေးနှစ်မျိုး ပုံမှန်သောက်နေရပြီး ဆိုးမလာအောင် သွေးတိုး ဆီးချိုနဲ့ ဝိတ်(ကိုယ်အလေးချိန်) သုံးမျိုး ထိန်းထားရကြောင်း၊ သွေးနဲ့ဆီးချိုက ဆေးနဲ့ အစားဆင်ခြင်လို့ ထိန်းနိုင်တယ်။ ဒူးမကောင်းလို့ လှုပ်ရှားမှုနည်းပြီး ဝိတ်ကထိန်းမရဘူး ဖြစ်နေကြောင်း ပြောဖူးပါတယ်။ မနက်နဲ့ ညနေ တနာရီလောက်တော့ ဖြည်းဖြည်း လမ်းလျှောက်တယ်။ ဒူးကမကောင်းတော့ သိပ်လျှောက်လို့ မရဘူးလို့လည်း ပြောပါတယ်။ ကျောက်ကပ်က ၃၀%ပဲ အလုပ်လုပ်နိုင်တော့တယ်။ ရိုရိုသေသေသုံးရင် ၁၀နှစ်လောက်သုံးလို့ ရနိုင်သေးတယ်လို့ ဆရာဝန်ကပြောကြောင်းလည်း ပြောတယ်။ “ရိုသေရမယ့် အရွယ်တွေပဲ ” လို့ ကျွန်တော်က ပြောတော့ ရယ်တယ်။ သူနဲ့ ကျွန်တော် ကမ္ဘာမှုခေတ် နည်းပညာခေတ် ကျေးဇူးကြောင့် on line မှာတွေ့ခွင့်ရတော့ သူပြောတာတွေပါ။
ကိုဗစ်ကပ်ဘေးအောက်မှာ ကိုစိုးမြင့်ဆုံးပါးရပြန်ပြီ။ ရဲဘော်ဟောင်းတွေလည်း တဖြုတ် ဖြုတ် ကြွေကုန်ပြီ။ ရှေ့ခရီးကလည်း ပန်းခင်းလမ်းမဟုတ်ဘူး။ မျိုးဆက်ဟောင်းတွေက မျိုးဆက်သစ်တွေကို တော်လှန်ရေးအမွေပဲ လက်ဆင့်ကမ်းပေးရတော့မှာပါ။ ကိုစိုးမြင့်ဇာတိက မြစ်ဝကျွန်းပေါ် ဟင်္သာတဘက်ကလို့ သိရတယ်။ မိသားစုလိုက် ရန်ကုန်အင်းစိန်မှာ အခြေချပြီး ကြက်မွေးမြူရေးလုပ်တယ်။ ကိုစိုးမြင့်က တိမွေးကုတက္ကသိုလ်ကျောင်းသား။ ၇၄-၇၅-၇၆ လှုပ်ရှားမှုများမှာ တောက်လျှောက်ပါခဲ့တယ်။ သူ့အားကောင်းချက်က ငြိမ်တယ် စွဲမြဲတယ် စိတ်ရှည်တယ်။ ကောက်ရိုးမီးလို ဟုန်းခနဲတောက်ပြီး ငြိမ်းသွားတာမျိုး မဟုတ်ဘူး။ ၇၇-၇၈ ကျောင်းသားလိုင်း စည်းရုံးရေးလုပ်ငန်းကို ဇောက်ချလုပ်ရင်း (၇၈ ဇူလိုင် ၇ရက်အကြို) အာအိုင်တီကျောင်းတွင်း တိုက်ပွဲဖော်ထုတ်ရာမှာ အဖြိုအခွဲခံရပြီး အများအပြား ဖမ်းဆီးခံရတယ်။ ဗိုလ်နေဝင်းလက်ထက် တံမြက်စည်းစစ်ဆင်ရေးနဲ့အတူ တပြည်လုံးလိုလိုက လက်ဝဲတက်ကြွလှုပ်ရှားသူများ အများအပြား အဖမ်းခံရချိန်ဖြစ်တယ်။ စဖောက်ခွဲရင်း အဖမ်းခံလိုက်ရတဲ့ ကိုအေးသောင် (ဝါ) ရဲဘော်ထွန်းဝင်း (အာအိုင်တီ နောက်ဆုံးနှစ်) အပါ ၁၀ ဦး အမှုတွဲမှာ ကိုစိုးမြင့်နဲ့ ကျွန်တော်လည်း အမှုတွဲတတွဲတည်းအဖြစ် ပါဝင်တယ်။ ထောင်ထဲမှာ ၂နှစ်လောက် အတူနေလိုက်ရပြီး ၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်တယ်။
လွတ်ပြီးမကြာလိုက်ပါဘူး။ ဇူလိုင်လထဲမှာ ကိုစိုးမြင့်နဲ့ ကျွန်တော် မိခင်ပါတီရှိရာ ၁၀၈ စစ်ဒေသသို့ တောခိုတယ်။ ကျွန်တော်အပါ အုပ်လိုက်တောခိုလာတဲ့ ရဲဘော် ၆ ယောက်ထဲမှာ ကိုစိုးမြင့်(ရဲဘော်သိန်းဝင်း)ကော သူ့အစ်ကို ကိုလှမြင့်(ရဲဘော်ရန်လင်း)ကော ပါတယ်။ တချို့ရဲဘော်တွေက နောက်မှလိုက်လာကြတယ်။ ၁၀၈ စစ်ဒေသ (ရှမ်းပြည်အလယ်ပိုင်း)မှာ ၆ လလောက်အတူနေပြီး ကျွန်တော်နဲ့ကိုလှမြင့်က အရှေ့မြောက် ပန်ဆန်းသို့ ပထမအသုတ်နဲ့ ပါသွားပြီး အရင်ရောက်နှင့်တယ်။ နောက် ၆ လအကြာမှ ဒုတိယအသုတ်နဲ့လိုက်လာတဲ့ ကိုစိုးမြင့်က လမ်းမှာတိုက်ပွဲဖြစ် လူစုကွဲ အဖမ်းခံရပြီးနောက် ဒုတိယအကြိမ် ထောင်ပြန်ကျတယ်။ ကိုစိုးမြင့်နဲ့အတူ အဖမ်းခံရတာက ကိုကျော်ဝင်း(ကမ္ဘာပြား) နဲ့မန္တလေးက ထွန်းအောင် – ထွန်းနောင် (စန်းအောင်-စန်းနောင်) အမြွှာညီအစ်ကိုတို့ ပေါင်းလေးဦးဖြစ်တယ်။ ဒီလိုနဲ့ ကိုစိုးမြင့်နဲ့ ကျွန်တော် လူချင်းကွဲသွားတာ ယနေ့ထက်တိုင် ဖြစ်ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေမယ့် ကျွန်တော်တို့က ထောင်ကျတွေ မဟုတ်ဘူး။ အမှုစစ်ဆေးဆဲ အချုပ်သားတွေပဲဖြစ်တယ်။ ထောင်ဝင်းထဲက သီးသန့်တရားရုံးမှာ ကျွန်တော်တို့အမှုတွေကို ရုံးထုတ်တယ်။ ရန်ကုန်မြို့ထဲကနေ အင်းစိန်ကို ရုံးချိန်းတိုင်း လာတွေ့ရတဲ့ ကျွန်တော့်အမေနဲ့ နှမနှစ်ဦးဟာ ကိုစိုးမြင့်မိသားစုနဲ့ ဆွေးမျိုးရင်းချာသဖွယ် ရင်းနှီးနေကြပါတယ်။ အင်းစိန်ကို လိုင်းကား ရထားတို့နဲ့လာ၊ ကိုစိုးမြင့်အိမ်မှာ စတည်းချ၊ ကိုစိုးမြင့်အစ်မကြီး ဒေါ်ခင်သန်းနဲ့ တိုးတိုးဖော်။ ကိုစိုးမြင့်အစ်ကိုကြီးတဦး ရှိသေးတယ် (နာမည်တော့ မမှတ်မိတော့ဘူး)။ အပြန်ကျသူက ကားဂိတ်တို့ ရထားဘူတာရုံတို့အထိ လိုက်ပို့၊ သိပ်မှောင်သွားရင် အိမ်အထိလိုက်ပို့ပါတယ်။
ကိုစိုးမြင့်နဲ့ on line မှာ စဆုံတော့ ကျွန်တော် သတိတရနဲ့ မေးပါတယ်။ အစ်ကိုကြီးက၂၀၁၀ မှာဆုံးတယ်။ အစ်မကြီးက ရှိသေးတယ်၊ အတူနေကြောင်း ပြောပါတယ်။ အခုတော့ ကိုစိုးမြင့်လည်း ဆုံးပြီ (အသက် ၆၉နှစ်၊၂၇-၇-၂၀၂၁)။ အစ်မကြီးဒေါ်ခင်သန်းလည်း ကိုစိုးမြင့်နဲ့ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ဆုံးပြီ (အသက် ၈၄နှစ်၊ ၃၀-၇-၂၀၂၁)။ ကျွန်တော့်အမေက ၃၀-၁-၂၀၀၈ အသက်(၈၁ နှစ်)မှာဆုံးတယ်။ အားလုံးကို ပြန်တွေ့ခွင့်မကြုံတော့ပါဘူး။ ကိုစိုးမြင့်ရဲ့ဇနီးလည်း ကျန်းမာရေးမကောင်းဘူးလို့ ကြားရပါတယ်။ ကိုစိုးမြင့်ပြောပြဖူးတဲ့ ခိုင်မြဲတဲ့သစ္စာရှင်အကြောင်း ကျွန်တော် လျှောက်ပြောနေရင် ကိုစိုးမြင့်ကြိုက်မကြိုက် မသိရတဲ့အတွက် မပြောတော့ပါဘူး။ ကျန်ရစ်သူ မိသားစုအားလုံးနဲ့ မြေးတော်မောင် မောင်ပီသထင်တို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့အပ်ပါတယ်။
တလက်စတည်း အမှတ်တရရှိတာက ဆရာဦးတင်ရွှေ(မုံရွာ)ပါ။ သူလည်း အင်းစိန်မှာပဲ နေပါတယ်။ ကျွန်တော်တို့အမှုတွေ အားလုံးကို အခကြေးငွေမယူဘဲ လိုက်ပေးခဲ့သူပါ။ ဆရာဦးတင်ရွှေက ကျွန်တော်တို့အမှုတွေ လိုက်ပါဆောင်ရွက်ရင်း ကျွန်တော်တို့ မိသားစုများနဲ့ပါ ရင်းနီးမှုရှိလာပါတယ်။ ကိုစိုးမြင့်အစ်မကြီး ဒေါ်ခင်သန်းဟာ မောင်ဖြစ်သူရဲ့ နိုင်ငံရေးမှုအတွက် လိုက်ပါဆောင်ရွက်ပေးတဲ့ (တကသခေါင်းဆောင်ဟောင်းနဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်) ရှေ့နေကြီးဦးတင်ရွှေနဲ့လည်း အတော်အဖွဲ့ကျပါတယ်။ အစ်မကြီးက ဦးတင်ရွှေထံမှ တော်လှန်ရေးဝတ္ထုတွေ ငှားဖတ်ပါတယ်။ ဒါကြောင့်လည်း ထောင်နှစ်ကြီးသမား မောင်ဖြစ်သူကိုစိုးမြင့်အပေါ် အတော်အနွံအတာခံနိုင်တဲ့ ယုံကြည်ချက်ခွန်အား မွေးမြူနိုင်တာဖြစ်ပါလိမ့်မယ်။
ဆရာဦးတင်ရွှေလည်း နဝတ/နအဖလက်ထက် ထောင်ထဲမှာပဲ ကျဆုံးခဲ့ပါတယ်။ ကိုစိုးမြင့်က ထောင်ထဲမှာ သီချင်းအတော်များများ အသံသွင်းပေးခဲ့တယ်။ သူကိုယ်တိုင်စပ်တာလည်း ရှိတယ်။ သူက notes နဲ့ မှတ်ပြီး အပြင်ပို့ထားတဲ့ သီချင်းတွေကို သူ့အကို ကိုလှမြင့်က အသံပြန်သွင်းတယ်။ အတော်များများ ပြည်သူ့အသံက အသံလွှင့်ဖူးပါတယ်။ ဒီအထဲမှာ “ခေါင်းမာသောလူသားများ”ဆိုတဲ့သီချင်းက လူသိများတယ်။ ဒီသီချင်းက ကျဆုံးသွားတဲ့ ရဲဘော်လေးမောင်(ကိုအေးကြိုင်) အသံဝါကြီးနဲ့ သီဆိုသွားတာဖြစ်တယ်။ မူရင်းကဗျာကို တိုက်ထဲကဝါးဖျာပေါ် သံချွန်နဲ့ ရေးသားစပ်ဆိုခဲ့သူက ကိုတင်ဦးဆိုတဲ့ ရဲဘော်ဖြစ်ပါတယ်။ ကိုစိုးမြင့်က တွေ့ပြီးသီချင်းအဖြစ် အသံသွင်းခဲ့တာပါ။ နောက်လူချင်းတွေ့မှ ဇာတ်ပေါင်းနိုင်ပါတော့တယ်။ ကဗျာဆရာမောင်လူမှိန်ရဲ့ ထောင်ထဲကကဗျာတပုဒ်လည်း ကိုစိုးမြင့်အသံသွင်းပြီး ပြည်သူ့အသံက လွှင့်ခဲ့ဖူးတာရှိတယ်။ (အင်္လကာမဆန် အရိုင်းခေါ်သံ မုန်တိုင်းပြင်းထန်နှောက်) ဆိုတာနဲ့အစချီထားတာ မှတ်မိတယ်။ သီချင်းတွေ အတော်များများ သိမ်းထားတာရှိပေမယ့် တချို့လည်း ပျောက်ကုန်ပြီလို့ သိရတယ်။
ကိုစိုးမြင့်က ထောင်ထဲမှာ အားလုံး၂၉ နှစ်ကျော်ကျော် (၃ ခေါက်-၄ မှု) နေခဲ့ရတယ်။ နောက်ဆုံးအခေါက် ၄၈၂၈ အမှုတွဲနဲ့ နေခဲ့ရတာက အကြာဆုံးပဲ။ အတူနေခဲ့ဖူးတဲ့ ဦးဝင်းတင်ကိုယ်တိုင်က တခုတ်တရ လေးစားအသိအမှတ်ပြုခြင်း ခံရသူပါ။ သူ့ကျန်းမာရေးအတွက်လည်း ဦးဝင်းတင်ဆေးခန်းမှာ ပုံမှန်ပြတယ်လို့ သိရပါတယ်။ “တံတားအောက်ကရေတွေလည်း စီးမျောကုန်ပြီ။ ခင်ဗျားက အတော်ခံထားရတာ၊ ရှင်သန်နေတာကိုက အောင်မြင်မှုပါပဲ” လို့ ကျွန်တော်ကပြောတော့ “ကျွန်တော်က ခရီးမသွားနိုင်လို့၊ ဆုံချင်သေးတယ်” “ကျန်းမာရေး ဂရုစိုက်ပါ၊ အသက်ရှည်အောင်နေပါ၊ ဆုံမှာပါ” လို့ ကျွန်တော် ပြောမိတယ်။ကျွန်တော်က သူ့ကို စာရေးဖို့ တိုက်တွန်းတယ်။ “ခင်ဗျားတို့က နှိမ့်ချလွန်းတယ်၊ တကယ်က ရေးနိုင်တွေးနိုင်အား မြင့်တဲ့လူတွေ” လို့ ကျွန်တော် တိုက်တွန်းတော့ ။ (သမိုင်းကွင်းဆက် ကွက်လပ်တနေရာ ၁၉၇၇-၇၈) မှတ်တမ်းဆောင်းပါးကို သူရေးဖြစ်သွားပါတယ်။ လူသာလင်းဆိုတဲ့ ကလောင်နဲ့ ဘာသာပြန်နဲ့ ဆောင်းပါးတချို့ အခါအားလျော်စွာ ရေးဖြစ်ကြောင်းလည်း ပြောတယ်။ ကိုယ်ရေးမှတ်တမ်း အဖြစ်ရေးဖို့ စိတ်ကူးရှိကြောင်းလည်း ပြောတယ်။ professional အရတော့ မဖြစ်နိုင်ဘူးလို့ နှိမ့်နှိမ့်ချချဆိုတယ်။
ကိုစိုးမြင့်ဟာ ဗမာပြည်လူထုရဲ့ အခြေအနေကို အနီးကပ်သိမြင် သုံးသပ်နိုင်သူပါ။ ၂၀၂၁ ဇန်နဝါရီလလယ်က သူအမြင်က (လူထုရပ်တည်နေရတဲ့ အခြေအနေက အတော်ဆိုးတယ်။ ဒီနှစ်ထဲမှာ အလိုအလျောက် ပေါက်ကွဲမှုတွေပေါ်ဖို့ သေချာတယ်) (လူထုပေါက်ကွဲမှု ဖြစ်ရင်တော့ …. ဦးဝင်းတင်လမ်း လိုက်မယ့်သူတွေ ရှေ့တက်လာမယ်ထင်ရတယ်) လို့သုံးသပ်တယ်။၂၀၂၁ ဧပြီ ၁၁ ကိုစိုးမြင့်မွေးနေ့မှာ မိသားစုနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ။ ထောင်ထဲမှာ တယောက် မြေပဲ ၃ စေ့နဲ့ ဩဂုတ် ၁၅ ပါတီမွေးနေ့ ကျင်းပခဲ့တာကို သတိရမိကြောင်းနဲ့ ခေတ်တွေလည်း ပြောင်းပြန်ပြီ၊ ကျန်းမာရေးဂရုစိုက်ဖို့ ပြောမိသေးတယ်။
အခုတော့ ရဲဘော်ကြီးကိုစိုးမြင့် ရုတ်တရက် ထွက်ခွာသွားပြီ။ သူ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သားကောင်းတဦး။ ဂုဏ်ရောင်ပြောင်တဲ့ ရာသက်ပန်တော်လှန်ရေးသမား။ မိသားစုနဲ့ရဲဘော်များအပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာနဲ့ ရဲဘော်ရဲဘက်သံယောဇဉ်။ အဖိနှိပ်ခံပြည်သူများအတွက် ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်စိတ်ဓာတ်။ ထာဝစဉ်ဥဒါန်းတွင်ပါစေ။ အလေးနီဖြင့် ရဲဘော်အေးသန်း (၃ ဩဂုတ် ၂၀၂၁)