Monthly Archives: January 2026

ဂျီသရီး (G-3) ဖြစ်လာမှာလား

လှကျော်ဇော

နှစ်သစ်ကူးကာလထရန့်ရဲ့ ဗင်နီဇွဲလားနိုင်ငံထဲ ဝင်ဗုံးကြဲပြီး သမ္မတဇနီးမောင်နှံပြန်ပေးဆွဲခန်းကတော့ တကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ တနေ့ ဗင်နီဇွဲလားတော့ ခံရတော့မယ်-ဆိုတာ လူတွေရိပ်မိထားပေမယ့် ဒီလောက် မြန်ဆန်ဗြောင်ကျလိမ့်မယ် လို့တော့ တွက်မထားကြပါဘူး။

ဖြစ်လာတော့လည်း အားလုံးဝိုင်းကန့်ကွက်သူကကန့်ကွက် အားပေးသူကအားပေးနဲ့ ထောင့်အသီးသီးက ခွဲခြမ်းစိတ်ဖြာမှုအစုံစုံနဲ့ ပွက်လောရိုက်သွားပါတယ်။

တချို့ဝေဖန်ချက်တွေဟာအတော်စုံလင်ကောင်းမွန်ပြည့်စုံလှပါတယ်။

ဒါတွေ ရသမျှလိုက်ဖတ်ရင်း အာရုံထဲရောက်လာတဲ့အကြောင်းအရာတွေကို ရေးချင်လာပါတယ်။

၁။ အမေရိကန်အစိုးရနဲ့ပြည်တွင်းအခြေအနေ။

ဒါကိုအကောင်းဆုံးပြောပြသွားသူများဟာ အမေရိကန်များပဲဖြစ်ပါတယ်။

(က)။ လွှတ်တော်အမတ်-ဘာနီဆောင်းဒါးရဲ့ ပြောစကားများ။

—ထရန့်ရဲ့ဒီလိုနိုင်ငံတကာဥပဒေတွေကိုဖောက်ဖျက်လုပ်ဆောင်မှုဟာ အမေရိကန်ကိုရော ကမ္ဘာကြီးကိုပါ ပိုမိုမတည်မငြိမ်ဖြစ်စေမှာ ဖြစ်ပြီး၊တခြားနိုင်ငံများအတွက် မကောင်းတဲ့အစဉ်အလာတရပ် ဖြစ်စေနိုင်တယ်။ ဒါ့အပြင်ထရန့်ဟာ ကိုယ့်နိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံကိုရော ဥပဒေကိုရော မထေမဲ့မြင်လုပ်ရာလည်း ကျတယ်။

—ထရန့်မဲဆွယ်စည်းရုံးစဉ်က-အမေရိကန်ပထမ-ဆိုတဲ့ ကြွေးကြော်သံတင်ခဲ့ပြီး သူ့ကိုယ်သူလည်း-ငြိမ်းချမ်းရေးဖော်ဆောင်သူလို့ ပြောနေတာပါ။ ဒါပေမဲ့ အခုတို့ဆီမှာ ပြည်သူ(၆၀)ရာနှုန်းဟာ တလတလ အလျင်မမီနိုင်အောင် ဖြစ်နေတယ်။ ကျန်းမာရေးစနစ် တခုလုံးလည်း ပြိုလဲမတတ်ဖြစ်‌နေပြီ။ ပြည်သူအတော်များများဟာလည်း အိုးအိမ်မဲ့တွေဖြစ်နေကြတာ၊အိမ်လခတွေမပေးနိုင်ကြတဲ့အဖြစ်တွေရောက်နေကြတာ။ ဥာဏ်ရည်တုတွေပေါ်လာလို့ သန်းနဲ့ချီတဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ရမဲ့အရေး။ ဒါတွေကိုသမ္မတဖြစ်တဲ့ ထရန့်ကဖြေရှင်းမပေးရုံမက နိုင်ငံကိုလည်း စစ်ပွဲတပွဲဆီခေါ်သွားဖို့လုပ်နေပြန်ပြီ။ ဒီလိုကိုယ့်နိုင်ငံကိုတောင် ကောင်းအောင်မအုပ်ချုပ်နိုင်ဘဲနဲ့များ တခြားနိုင်ငံဗင်နီဇွဲလားကို အုပ်ချုပ်မယ် ဆိုနေတာ သူ့ကို ဘယ်သူက အခွင့်ပေးထားလို့လဲ။ တကယ်တော့ ဒီလုပ်ရပ်ဟာ နယ်ချဲ့စနစ်လုပ်ရပ်သက်သက်သာ ဖြစ်တယ်။ အမေရိကန်ပြည်သူအများစုက လက်ခံမှာ မဟုတ်ဘူး။—-

–ထရန့်ဟာ သူ့အပေါင်းအသင်းရောင်းရင်းတွေ ဖြစ်တဲ့ ဘီလီယံနာသူဌေးကြီးများအတွက်ပဲ စဥ်းစားလုပ်ဆောင်ပေးနေတာ။ အခု အမေရိကန်မှာ အချမ်းသာဆုံး ထိပ်ဆုံးတစ်ရာနှုန်းသော သူတွေရဲ့ပိုင်ဆိုင်မှုဟာ အောက်ဆုံးလူတန်းစား(၉၃)ရာနှုန်းသောသူတွေရဲ့ ပိုင်ဆိုင်မှုနဲ့ညီမျှတယ်။ အဲလောက်မညီမမျှတွေဖြစ်နေတာ။—

(ခ)။အမေရိကန်စီးပွားရေးပညာရှင် ပါမောက္ခ ဂျက်ဖရီဆာခ်ရဲ့ ပြောစကားများ။

၆-၁-၂၀၂၆နေ့က ကျင်းပခဲ့တဲ့ ဗင်နီဇွဲလားအတွက်

အရေးပေါ်ကုလလုံခြုံရေးကောင်စီ အစည်းအဝေးမှာတင်ပြပြောဆိုသွားတာပါ။—-အမေရိကန်အစိုးရအဆက်ဆက်ရဲ့ကုလပဋိညာဉ်ကိုချိုးဖောက်မှုဖြစ်စဉ်တွေကို ၁၉၄၇ ခုနှစ်ကစလို့ (၇၉နှစ်)ကြာကိုင်စွဲခဲ့တဲ့တခြားနိုင်ငံများက၊ အစိုးရအပြောင်းအလဲဖြစ်ရေး အတွက် အင်အားသုံးစွက်ဖက်တာ၊ စီးပွားရေးအရအကျပ်ကိုင်တာ၊ နိုင်ငံရေးအရ ကြိုးကိုင်ခြယ်လှယ်တာစတဲ့ နိုင်ငံခြားရေးပေါ်လစီများကို စနစ်တကျ နှစ်အလိုက်သမိုင်းအထောက်အထားများနဲ့ ဖော်ပြပြောဆိုပြီး၊ လူသားမျိုးနွယ်တရပ်လုံးရဲ့ ရှင်သန်ရေးနဲ့ ငြိမ်းချမ်းရေးဟာ ကုလပဋိညာဉ်စာချုပ်ကို နိုင်ငံတကာဥပဒေအဖြစ် နိုင်ငံအားလုံးက လက်ခံလိုက်နာမှ ဖြစ်နိုင်ကြောင်း ပြင်းပြင်းထန်ထန် သတိပေးသွားပါတယ်။

ဒါတွေဟာ အမေရိကန်အစိုးရအဆက်ဆက်က လုပ်ဟန်တွေ၊ လက်ရှိသမ္မတရဲ့ တရားမဝင်လုပ်ရပ်တွေ အပြင်၊ လက်ရှိအမေရိကန် ပြည်တွင်းအခြေအနေများကို ဖော်ပြနေပါတယ်။ ဒါ့ပြင် အမေရိကန်ရဲ့ ထရီလျှံနဲ့ချီတင်နေတဲ့ ကြွေးများအပြင်လတ်တလောပေါ်ထွက်လာနေတဲ့ (ကလေးငယ်များကိုလိင်ကုန်ကူးခဲ့မှုများနဲ့ဆက်စပ်ပြီး နာမည်ပျက်စာရင်းဝင်) Epstein (အက်ပ်စတီးန်) အမှုတွဲဆိုင်ရာအချက်အလက်တွေ ပေါ်ပေါက်လာပြီး အမေရိကန် နိုင်ငံရေးလောက က ထရန့်အပါအဝင် မျက်နှာကြီးများ ပါဝင်ပတ်သက်လာမှုများ–စတဲ့ ပြဿနာများ ကလည်း တပုံတပင်ပါ။ ဒါတွေကို အာရုံလွှဲဖို့လုပ်နေတာ။-လို့တချို့က ထောက်ပြနေတာတွေလည်း တွေ့ရပါတယ်။

(၂)။သူခိုးသေဖော်ညှိလုပ်ရပ်များ။

–ဘယ်လိုပဲကြည့်ကြည့်ဒီလောက်မတရားတာကြီးကိုတချို့ အမေရိကန်သတင်းသမားများက (ဒါလည်း လက်ဝါးကြီးအုပ်အရင်းရှင်ကြီးများက ဝယ်ထားတာ။)

ဒီလိုတရားထူထောင်လာကြပါတယ်။

—ထရန့်ရဲ့လုပ်ရပ်ဟာ (၁၈)ရာစုထဲကရှိခဲ့တဲ့ မွန်ရိုးဝါဒကို အကောင်အထည်ဖော်တာပါ။ အမေရိကန်အနေနဲ့ မိမိရဲ့နောက်ဖေးခြံဖြစ်တဲ့ လက်တင်အမေရိကနိုင်ငံများကို ဝင်ရောက်စွက်ဖက်ခွင့်ရှိသလို၊ ရုရှားအနေနဲ့လည်း မိမိတို့ရဲ့ အရင် အင်ပါယာဟောင်းဖြစ်တဲ့ ဆိုဗီယက်ယူနီယံကိုပြန်ထူထောင်နိုင်တာပဲ။ တရုတ်ကလည်း သူပိုင်နက်လို့ ကြေညာထားတဲ့ တောင်တရုတ်ပင်လယ်တွင်း သူ့သြဇာထူထောင်ပေါ့။ -ဆိုတဲ့အရေးအသားတွေပေါ်လာပြီး ကမ္ဘာကြီးမှာ ကြီး-သုံး-ကြီး (သို့မဟုတ်) ဂျီ-သရီးပဲ ပေါ်လာတော့ မယောင်ရေးသားလာတာတွေ့ရပါတယ်။—–

တကယ်တော့ အမေရိကန်နာမည်ပျက်ကို အဖတ်ဆယ်ဖို့ ကြိုးစားချက်ပါ။

(၃)။ ကမ္ဘာ့ပြည်သူများရဲ့ဖော်ပြချက်များ။

အမေရိကန်အစိုးရရဲ့လုပ်ဆောင်ချက်များ (အထူးသဖြင့် ထရန့်တက်လာပြီးနောက် လုပ်ဆောင်ချက်များ) အပေါ် အမေရိကန် ပြည်သူများ အပါအဝင် ကျန်ကမ္ဘာ့ပြည်သူများက နည်းမျိုးစုံနဲ့ ဆန့်ကျင်ကန့်ကွက်ကြပါတယ်။ ပါလက်စတိုင်း ပြည်သူများဖက်က ထောက်ခံတဲ့ ဆန္ဒပြပွဲများ၊ ဗင်နီဇွဲလားအပေါ် ကျူးကျော်တိုက်ခိုက်မှု ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲများ ၊ ရွှေ့ပြောင်းလုပ်သားများအပေါ် တိုက်ခိုက်မှုက်ု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲများနဲ့ သူတို့ကို ကာကွယ်ပေးတဲ့ လုပ်ရပ်များဟာ အထင်အရှား ရှိနေပါတယ်။ ဒါတွေဟာ ဗိယက်နမ် စစ်ကာလများအတွင်း ဖြစ်ပေါ်တဲ့ ကမ္ဘာ့ပြည်သူများရဲ့ လှုပ်ရှားမှုနဲ့ ဆင်တူပါတယ်။

(၄)။ ပထဝီနိုင်ငံရေး ဖော်ပြချက်များ။ ‌

အမေရိကန်ရဲ့ရင်းနှီးတဲ့ မဟာမိတ်များအပါအဝင် ကျန်ကမ္ဘာ့နိုင်ငံတွေကလည်း စိတ်မသက်မသာဖြစ်နေတာကြာပါပြီ။ ဥပမာ။ ဥရောပနိုင်ငံများဆို အတော်ခံပြင်းနေတာပါ။ ထရန့်သာမက ဒုသမ္မတ‌ ဗွန့် (Vance) ကပါ စော်စော်ကားကားပြောတာ ကိုခံနေရတာပါ။ အခုလည်း နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းကို မျက်စောင်းထိုးနေပြန်ပြီ။ ဒီတော့ သူတို့တတွေလည်း ကမန်းကတန်းနဲ့ တပ်ပေါင်းစုဖွဲ့လာကြတာ တွေ့လာရပါတယ်။

ရုရှားတို့-တရုတ်တို့ကတော့ အစောကတည်းက ကမ္ဘာတောင်ပိုင်းနိုင်ငံများလို့ခေါ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားကို စုစည်းပြီး အဖွဲ့အမျိုးမျိုးကို ဖွဲ့စည်းထားတာတွေရှိပါတယ်။ ဥပမာ။ BRICS+ SCO တို့ စသဖြင့် ရှိပါတယ်။

အခုအခြေအနေအရတော့ – အမေရိကန်ရဲ့ရမ်းကားမှု (ဗင်နီဇွဲလားကိစ္စအပြီးပေးတဲ့ ထရန့်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ခြိမ်းချောက်သွားတဲ့ အကြောင်းအရာများ) တွေကို ကျန်ကမ္ဘာ့ပြည်သူတရပ်လုံး စုပေါင်းကာကွယ်ကြရတော့မှာပါ။

အမေရိကန်အဖို့တော့ (အစ္စရေးနာတာယာဟုလို လူမျိုးကလွဲလို့)အထီးကျန်ဖြစ်လာပါလိမ့်မယ်။

တကယ်တော့ လက်ဝါးကြီးအုပ် အရင်းရှင်ကြီးတွေ ဖြစ်တဲ့ ထရန့်တို့တတွေ မိမိတို့ရဲ့အခက်အခဲအကျပ်အတည်းတွေကို ရှေးရိုးနည်းလမ်းဟောင်းတွေဖြစ်တဲ့ နယ်ချဲ့စနစ်လမ်းကြောင်းနဲ့ ထွက်ပေါက်ရှာဖို့လုပ်ပေမယ့် ဒီအချိန်အခါဟာ နယ်ချဲ့စနစ် လျှမ်းလျှမ်းတောက်ခဲ့တဲ့ (၁၈-၁၉)ရာစုများမဟုတ်တော့ပဲ၊ အဖိနှိပ်ခံပြည်သူများ အများအပြား နိုးကြားလာနေတဲ့(၂၁)ရာစုဖြစ်နေပြီ ဖြစ်နေပါပြီ။

အမေရိကပြည်သူများရဲ့-ဘုရင်အလိုမရှိ-ဆိုတဲ့လှုပ်ရှားမှုပဲကြည့်ပါ။

လတ်တလောရေတိုမှာ ထရန့်မော်ကြွားသလို အမေရိကန်စစ်တပ်ရဲ့အောင်မြင်မှု (၂-နာရီအတွင်း တခြားနိုင်ငံက သမ္မတနန်းတော်တွင်း ဝင်ဖမ်းဆီးပြနိုင်မှု) လို့ မြင်နိုင်ပေမယ့် ရေရှည်မှာ ထရန့်ပြောသလို လွယ်ကူမှာမဟုတ်ဘဲ၊ ကျန်ကမ္ဘာ့ပြည်သူတရပ်လုံးရဲ့ အုံကြွဆန့်ကျင်မှုကို တွေ့လာရမှာ မုချမလွဲပါ။

ကမ္ဘာ့အရပ်ရပ်ရှိ အဖိနှိပ်ခံပြည်သူများ စည်းလုံးညီညွတ်ကြ။

လှကျော်ဇော။ ၉-၁-၂၀၂၆။

ပြည်ချစ်စိတ်ဓာတ် စွဲကိုင်ပြီး စစ်သုံးစစ် အမြစ်ဖြတ်ရေးနဲ့ အတွေးအခေါ် တော်လှန်ရေးကို ဆင်နွှဲကြ

ရဲဘော်ဇင်ထွန်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၆ နှစ်သစ်ကို ကျူးကျော်စစ်နဲ့ စဖွင့်လိုက်ပါတယ်။ ကမ္ဘာပေါ်မှာ ဒီကိစ္စကို အားရဝမ်းသာ ဖြစ်နေသူတွေ သိပ်မရှိပါဘူး။ အမေရိကန်ရဲ့ မဟာမိတ် တိုင်းပြည်တွေကတောင် သူတို့နဲ့ မဆိုင်ဘူးလို့ လက်ရှောင်ကြတယ်။ အမှားနဲ့ အမှန်၊ ဓမ္မနဲ့ အဓမ္မကို ခွဲခြား နားလည်သူတွေကတော့ တညီတညွတ်တည်း ပြစ်တင် ရှုတ်ချကြပါတယ်။ ပြဿနာက ဗင်နီဇွဲလားအရေးနဲ့တင် ပြီးသွားမှာ မဟုတ်ပါဘူး။ ဒိန်းမိတ် လက်အောက်ခံ ဂရင်းလန်းကျွန်းကိုပါ သူလိုချင်ကြောင်း ပြောနေတာက ဒီ့ထက် ဆိုးဝါးတာတွေ ဖြစ်လာဦးမယ့် သဘောပါ။

လီနင်ပြောခဲ့သလိုပဲ နယ်ချဲ့စနစ်ဟာ အရင်းရှင်စနစ်ရဲ့ အမြင့်ဆုံးအဆင့်ပါ။ နယ်ချဲ့အရင်းရှင်တွေက ကမ္ဘာကြီးကို သူတို့ စိတ်တိုင်းကျ လှီးဖြတ် ခွဲဝေယူကြပြီး အနေအထားသစ်မှာ ဖြစ်ပေါ်တိုးပွားလာရင်း အကြပ်အတည်းတွေ ထပ်မံဆိုက်လာတဲ့အခါ ထပ်မံ မကျေနပ်နိုင်ကြ၊ မရောင့်ရဲ မတင်းတိမ်နိုင်ကြ ဖြစ်ကြပါတယ်။ တခါထပ်ပြီး အချင်းချင်း စစ်ခင်းကြကာ ကမ္ဘာကြီးကို လှီးကြ ဖြတ်ကြပြန်ပါတယ်။

စီးပွားရေးသမားကနေ နိုင်ငံရေးသမား ဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်က သူ့ရှေ့က သမ္မတတွေထက် ပိုဆိုးတာ အားလုံး သိပါတယ်။ အာဏာရမ္မက်၊ ဥစ္စာရမ္မက် ကြီးတယ်။ အခု သူပြောနေ လုပ်နေတာတွေက သက်ဦးဆံပိုင်ဘုရင်လို လက်ညိုးထိုးပြီး လိုချင်တာ ရအောင်ယူမယ် ဆိုတာမျိုးပါ။ တကမ္ဘာလုံးကို သူပိုင်တယ်လို့ လုပ်ချင်နေတယ်။ သူ့နိုင်ငံရဲ့ စစ်ရေး စွမ်းရည်ကိုလည်း အထင်ကြီးဟန် ရှိတယ်။

ဒုတိယကမ္ဘာစစ်တုန်းက ဖက်ဆစ်ဝင်ရိုးတန်း သုံးနိုင်ငံ (ဂျာမနီ၊ အီတလီ၊ ဂျပန်) အပြင် သူတို့နောက်လိုက် နိုင်ငံငယ်တချို့ ရှိတယ်။ ဒါပေမဲ့ တကမ္ဘာလုံးနဲ့ ပတ်ပြီး ရန်ဖြစ် ဗိုလ်ကျစိုးမိုးတဲ့ သူတို့တတွေက အနည်းစုပဲ။ ဒါကြောင့် နောက်ဆုံးမှာ သူတို့ပဲ ခံရပါတယ်။ အမေရိကန်ဟာ ဘယ်လောက်ပဲ အင်အားကြီးပါတယ်ဆိုဆို သူခြေလှမ်းမှားရင် တချိန်က ဟစ်တလာအဖြစ်မျိုး၊ နာဇီဂျာမနီအဖြစ်မျိုး ကြုံရမှာပါ။

ထရမ့် ရမ်းကားပုံက အင်မတန် မျက်နှာပြောင်ပါတယ်။ မိတ်ဖက်ဆိုတဲ့ စည်းတောင် မထားတဲ့ သူမျိုးပါ။ ဒိန်းမတ်လို နေတိုးအဖွဲ့ဝင် နိုင်ငံချင်းကိုတောင် ကာကွယ်ရေးကိစ္စအပါ လုပ်ပိုင်ခွင့်တွေ အမျိုးမျိုး ရထားတဲ့ကြားက မောင်ပိုင်စီးချင်နေတယ်။ ထုံးစံအတိုင်းပဲ ဘယ်နိုင်ငံမှ ကိုယ်ကျိုးစီးပွားကို အထိခံမှာ မဟုတ်ပါဘူး။

ရုရှားက ယူကရိန်းကို ဝင်တိုက်တော့ အနောက်အုပ်စု နိုင်ငံများက သမ္မတပူတင်ကို ဟစ်တလာနဲ့ နှိုင်းတယ်။ တတိယကမ္ဘာစစ် ဖြစ်တော့မယောင်ယောင်တွေ ပြောကြတယ်။ တတိယ ကမ္ဘာစစ် ဖြစ်လာရင် ရုရှားက စပြီး မီးမွှေးတာ ဖြစ်လိမ့်မယ် ဆိုတာမျိုး သုံးသပ်ကြတယ်။ လက်တွေ့မှာ ပြောင်းပြန်ပဲ။ တတိယ ကမ္ဘာစစ် ဆိုတာသာ ဖြစ်လာရင် အမေရိကန်ကပဲ စမှာပါ။

ဒေါ်နယ်ထရမ့်ဟာ စစ်ဝါဒီစစ်စစ် ဖြစ်တယ်။ သူဟာ အမေရိကန် လက်ဝါးကြီးအုပ် ဓနရှင်ကြီး လူတန်းစားထဲက စစ်အလိုလားဆုံး အစိတ်အပိုင်းကို ကိုယ်စားပြုသူ ဖြစ်ပါတယ်။ ၂၀၂၅ စက်တင်ဘာမှာ ကာကွယ်ရေးဝန်ကြီးဌာနကို စစ်ရုံးအမည်နဲ့ တွဲပေးလိုက်တယ်။ သည့်နောက်မှာ ပင်တာဂွန် စစ်ဌာနချုပ်ဟာလည်း ဝက်ဘ်ဆိုက်နာမည်မှာ စစ်ရုံးနာမည် ပြောင်းသုံးလာတယ်။ ကွန်ဂရက်ရဲ့ အတည်ပြုချက် ယူပြီးတဲ့အခါ အမေရိကန် ကာကွယ်ရေးဌာနဟာ တရားဝင် စစ်ဌာနကြီး ဖြစ်လာပါလိမ့်မယ်။

ဒုတိယကမ္ဘာစစ်အလွန်မှာ ကုလသမဂ္ဂ ပေါ်လာပြီး ကမ္ဘာ့ အခြေအနေ တည်ငြိမ်အောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ပါတယ်။ ဒါပေမဲ့ စစ်အေးတိုက်ပွဲနဲ့အတူ စစ်ပူတိုက်ပွဲများလည်း ကွက်ကြား ပေါ်ခဲ့တယ်။ ဒီနေ့အထိ မရပ်ဘူး။ ဖြစ်သမျှ ပဋိပက္ခများဟာလည်း နယ်ချဲ့အမေရိကန်နဲ့ အနောက်အုပ်စု လက်ချက် မကင်းတာတွေ ချည်းပါပဲ။ နယ်ချဲ့သမားချင်း စစ်မခင်းကြသေးပေမယ့် တချိန်က သူတို့ ကိုလိုနီ ဖြစ်ခဲ့တဲ့ နိုင်ငံများမှာတော့ စစ်မီးတောက်တွေ မငြိမ်းတာ၊ တခြား ပဋိပက္ခများ၊ ဘေးဒုက္ခများ ကြုံရတာ၊ ဆင်းရဲချွတ်ခြုံကျတာတွေကို ခံကြရတယ်။ တော်‌တော်နဲ့ နားလန် မထူနိုင်ကြဘူး။ ဒီကြားထဲမှာ နယ်ချဲ့သမားချင်း အဝေမတည့်လို့ စစ်ခင်းကြပြန်ပြီဆိုရင် အင်မတန် ဆိုးဝါးတဲ့ ဘေးဒုက္ခတွေ တသီတတန်းကြီး ရင်ဆိုင်ကြရဦးမှာပါ။

တကမ္ဘာလုံးကို ရိုက်ခတ်တဲ့ ကမ္ဘာ့ပြဿနာကြီးများ ပေါ်လာတိုင်း နိုင်ငံတကာ့ ပြည်သူများက မိမိတို့ အခြေအနေ ပိုမိုနိမ့်ကျမသွားအောင် တုန့်ပြန်တတ်ကြပါတယ်။ ဖိနှိပ်အုပ်စိုးသူများကတော့ သူတို့ အာဏာတည်မြဲ‌ရေး အတွက်ပဲ စိုးရိမ်ကြပါတယ်။။ ဗမာပြည်က စစ်အုပ်စုက ပါးစပ်မျိုးချစ်ပါ။ အနောက်အုပ်စုက သူတို့ကို လူရာမသွင်းလို့သာ ရန်လုပ်နေတာပါ။

အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူများက ကျွန်ဘဝကို ကောင်းကောင်း နားလည်တယ်။ တိုင်းတပါးကျွန်လည်း ဖြစ်ဖူးတယ်။ စစ်ကျွန်လည်း ဖြစ်ဖူးတယ်။ ကိုယ့်ပြဿနာကို ကိုယ်တိုင် မရှင်းဘဲ ကယ်တင်ရှင် မျှော်တာဟာလည်း ကျွန်စိတ်ပါပဲ။ လွတ်လပ်တယ် ဆိုတာ အမှီအခိုကင်းတာပါ။ လောင်းရိပ်လွတ်တာပါ။ အတွေးအခေါ် လွတ်လပ်မှ လုပ်ဟန်လည်း လွတ်လပ်မယ်။ ရလာတဲ့ အသီးအပွင့်များဟာလည်း ကိုယ်ပိုင်ကိုယ်စိုး ဖြစ်ပါလိမ့်မယ်။

ဟံသာဝတီ ဦးဝင်းတင်က ထောင်ထဲမှာ စာမဖတ်ရလို့ “အင်တယ်လက်တိုဆိုက်” လုပ်တာ ခံရတယ်လို့ ပြောဖူးတယ်။ လူမျိုးတုန်း သတ်သလိုပဲ အသိဉာဏ်တုံးအောင် လုပ်ထားတာ ခံရတယ်လို့ ပြောတာပါ။ စစ်အာဏာရှင် အဆက်ဆက်အောက်မှာ ဗမာပြည်ဟာလည်း ထောင်ကြီးတခုပါပဲ။ ဒါကြောင့် အဖိနှိပ်ခံ ပြည်သူတွေဟာ မျိုးဆက်နဲ့ ချီပြီး အသိဉာဏ်တုံးအောင် လုပ်တာခံရတယ်။ မျက်စိပိတ် နားပိတ် ဖြစ်နေတယ်။ အတွေးအခေါ် ချွတ်ခြုံကျပြီး အသိပညာ နွမ်းပါးအောင် လုပ်တာခံကြရတယ်။ ဒါတွေရဲ့ အကျိုးဆက်က အင်မတန် ကြီးပါတယ်။ ဒီကြားထဲမှာ နည်းပညာတိုးတက်မှုရဲ့ ဆိုးကျိုးအဖြစ် ဆိုရှယ်မီဒီယာမှာ သတင်းမှား၊ အချက်အလက်မှားတွေရဲ့ ဖျားယောင်းမှုကို နေ့စဉ်နဲ့အမျှ ခံကြရတယ်။

နည်းပညာ တိုးတက်မှုရဲ့ ကောင်းကျိုးကို အပြည့်အဝ အသုံးချပြီး ဘက်စုံထောင့်စုံ လေ့လာဆင်ခြင်ဖို့ အင်မတန် လိုအပ်တဲ့ခေတ်ပါ။ ဗမာပြည် လူ့အဖွဲ့အစည်း ရှေ့ဆက် တက်လှမ်းဖို့ဆိုရင် စစ်သုံးစစ်ကို အကုန်အစင် တိုက်ဖျက်တဲ့ ပြည်သူ့ လက်နက်ကိုင် တော်လှန်ရေးနဲ့အတူ အတွေးအခေါ် တော်လှန်ရေးကိုလည်း မုချ ဆင်နွှဲရလိမ့်မယ်။ ပြည်တွင်း ပြည်ပ အခြေအနေများကို မှန်မှန်ကန်ကန် ခွဲခြမ်းစိတ်ဖြာပြီး ပြည်ချစ် စိတ်ဓာတ် စွဲကိုင်ကာ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူများ လွတ်မြောက်ရေးနဲ့ အတွေးအခေါ် လွတ်လပ်ရေးတို့အတွက် ရှေ့ဆက်ပြီး တိုက်ပွဲဝင်ကြရပါလိမ့်မယ်။

ဗင်နီဇွဲလားကို နယ်ချဲ့ ကျူးကျော်တာ သိပ်ရှင်းတယ်

ရဲဘော်အောင်စိုး

(ဗင်နီဇွဲလား ပဋိပက္ခကို သုံးသပ်ခြင်း)

ဗင်နီဇွဲလားအကြောင်းပြောကြပါစို့။ ဗင်နီဇွဲလားသမ္မတကို ဗမာမီဒီယာအတော်များများ၊ နိုင်ငံရေးသမားအတော်များများက အာဏာရှင်ဆိုပြီး ပုံဖော်နေကြတယ်။ ဆန်းတော့မဆန်းပါဘူး။ ကားလ်မာ့စ်ကိုလည်း အာဏာရှင်၊ လီနင်ကိုလည်းအာဏာရှင်၊ မော်စီတုံးကိုလည်း အာဏာရှင်ဆိုပြီး လစ်ဘရယ်တွေပုတ်ခတ်ကြတာဟာ ထုံးစံပဲမဟုတ်လား။ ကျနော်တို့ကို တရုတ်နဲ့ပေးစားပြီး ရန်လုပ်တာကလည်း ထုံးစံပဲမဟုတ်လား။ ဒါတွေကို ကျနော်တို့က အရေထူပြီးသားပါ။ မမှုပါဘူး။ ဒါပေမယ့် ပြောစရာတွေကတော့ရှိပါတယ်။ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်က ဝင်ဖမ်းလိုက်တဲ့ကိစ္စကို အာဏာရှင်တယောက်ကို အင်အားကြီးဒီမိုကရက်တစ်နိုင်ငံကြီးတနိုင်ငံက ဝင်ဖမ်းပစ်လိုက်ပြီး ဗင်နီဇွဲလားကို ဒီမိုကရေစီဇာတ်သွင်းလိုက်ပြီဆိုတာလောက်ပဲမြင်ရင် အလွန်မိုက်လုံးကြီးတဲ့အမြင်ပဲလို့ ပြောချင်တယ်။

အဲ့တော့ နောက်ကွယ်က တကယ့်အကြောင်းရင်းတွေက ဘာတွေလဲ။

တစ်အချက်က အကျိုးစီးပွားပြဿနာပါ။

ဗင်နီဇွဲလားက အာဏာရှင်နိုင်ငံမို့လို့ ထရမ့်က ပညာပြလိုက်တယ်၊ ဆုံးမလိုက်တယ်ဆိုတာဟာ လုံးဝမဟုတ်ပါဘူး။ နောက်ကွယ်မှာ အကျိုးစီးပွားပြဿနာကြီးအကြီးကြီးရှိနေပါတယ်။ ဗင်နီဇွဲလားနိုင်ငံဟာ တရားဝင်ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ ကမ္ဘာမှာ ရေနှံသိုလှောင်မှုအကြီးဆုံးနိုင်ငံကြီးပါ။ နီကိုလပ်စ်မာဒူရိုမတိုင်ခင်က ဗင်နီဇွဲလားသမ္မတဟောင်း ဟျူဂိုရှားဗက်စ် အာဏာမရခင်အထိတော့ အမေရိကန်နဲ့ ဗင်နီဇွဲလားတို့ ဆက်ဆံရေးဟာ အဆင်ပြေခဲ့ကြပါတယ်။ အမေရိကန်အနေနဲ့ ဗင်နီဇွဲလားရဲ့ ရေနံတွေကို အကန့်အသတ်မရှိဝယ်ယူခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ဟျူဂိုရှားဗက်စ်အာဏာရလာတဲ့အခါကျတော့ ဗင်နီဇွဲလား-အမေရိကန်ဆက်ဆံရေးဟာ လုံးဝပျက်ဆီးသွားပါတယ်။ ဘာလို့လဲ။ ဟျူဂိုရှားဗက်စ်က ဆိုရှယ်လစ်မို့လို့ပါပဲ။ အမေရိကန်နဲ့ ဆိုရှယ်လစ်၊ ကွန်မြူနစ်တွေ ဘယ်တုံးကများတည့်ဖူးလို့လဲ။ ကက်စ်ထရိုကိုတောင် အကြိမ်ရေထောင်ချီပြီး လုပ်ကြံဖို့ အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့ကြတာမဟုတ်လား။ ဟျူဂိုရှားဗက်စ်ကျမှ တမူထူးပြီးအထာထားမတဲ့လား။ ဟျူဂိုရှားဗက်စ်ကလည်း အမေရိကန်ကို မလိုလားပါဘူး။ ဒီတော့ တရုတ်တို့ ရုရှားတို့နဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ကြိုးစားပါတော့တယ်။ နောက်ပြီး ဆိုရှယ်လစ်အစိုးရပီပီ ရေနံထုတ်လုပ်မှု၊ တင်ပို့ရောင်းချမှုတွေကို နိုင်ငံတော်က အပြည့်အဝထိန်းချုပ်ပစ်လိုက်ပါတယ်။ အမေရိကန်ကလည်း ဟျူဂိုရှားဗက်စ်ကို လုပ်ကြံဖို့ရော အာဏာသိမ်းဖို့ရော အကြိမ်ကြိမ်ကြိုးစားခဲ့တာပါပဲ။ မအောင်မြင်ခဲ့ပါဘူး။ ဟျူဂိုရှားဗက်စ်သေတော့ အခုအဖမ်းခံလိုက်ရတဲ့ နီကိုလပ်စ်မာဒူရိုတက်လာတယ်။ အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်လာတယ်။ ဟျူဂိုရှားဗက်စ်နဲ့ မာဒူရိုဟာ ကာတဲလ်ဒီလိုဆိုရေးလို့ခေါ်တဲ့ မူးယစ်မှောင်ခိုဂိုဏ်းခေါင်းဆောင်တွေဖြစ်တယ် ဆိုပြီး တဖက်သတ်စွပ်စွဲချက်တွေနဲ့ပါ။ အဲ့ဒီဂိုဏ်းတကယ်မရှိကြောင်း၊ ဗင်နီဇွဲလားနဲ့ မူးယစ်ကုန်သွယ်မှု မပတ်သက်ကြောင်း ကုလသမဂ္ဂကပြောခဲ့ပါသေးတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဘာပြောလဲဆိုတော့ “UN ဘာပြောပြော သောက်ဂရုမစိုက်နိုင်ဘူးဗျ။ UN က ဘယ်လောက်သိနေလို့လဲ” ဆိုပြီး လူမိုက်စကားထွက်ပြောခဲ့ပါတယ်။ တကယ်တမ်းက အမေရိကန်ထဲကို တင်ပို့တဲ့ မူးယစ်ဆေးတွေဟာ ဗင်နီဇွဲလားနိုင်ငံထဲကမဟုတ်ဘဲ အမေရိကန်မဟာမိတ်တွေဖြစ်တဲ့ မက်ဆီကိုကနေ ဖြတ်သန်းစီးဆင်းနေတာပါ။ အဲ့ဒီမူးယစ်ဆေးဝါးတွေကို ထုတ်လုပ်တာကလည်း ပီရူးနဲ့ ကိုလမ်ဘီယာနိုင်ငံပါ။ အမေရိကန်မဟာမိတ်တွေပါပဲ။ မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်တာဖြစ်ပါတယ်။ အဲ့တော့ ပြန်ဆက်ရရင် အဲ့ဒီလို တဖက်သတ်စွပ်စွဲချက်တွေ၊ အကြောင်းပြချက်တွေနဲ့ ပိတ်ဆို့အရေးယူပစ်လိုက်ပါတယ်။ ဒါပေမယ့် ရယ်စရာကောင်းတာကတော့ ဆန်ရှင်ပိတ်ထားပေမယ့် အမေရိကန်ဟာ တဖက်မှာလည်း ရှက်ဗရွန်လိုရေနံကုမ္ပဏီတွေကနေတဆင့် ဗင်နီဇွဲလားရေနံတွေကို နောက်ကွယ်မှာ တိတ်တဆိတ်ဝယ်နေပြန်ပါသေးတယ်။ တဖက်မှာ ဗင်နီဇွဲလားကတော့ ဖောက်သည်အသစ်ရှာနေပါတယ်။ အဲ့ဒီအချိန်မှာ တရုတ်နဲ့ သွားတွေ့ပါတယ်။ တရုတ်က စက်မှုလုပ်ငန်းတွေ တိုးချဲ့ဖို့အတွက် ရေနံလိုနေတဲ့အချိန်၊ ဗင်နီဇွဲလားကလည်း သူ့ကို ဆန်ရှင်နဲ့ လည်ပင်းညှစ်ခြိမ်းခြောက်တာမျိုးမလုပ်မယ့် ဖောက်သည်ကို ရှာနေတဲ့အချိန်၊ တရုတ်နဲ့ ဗင်နီဇွဲလား ဆက်ဆံရေးစတင်ပါတယ်။ ဝင်ယူလာတာပေါ့။ ဗင်နီဇွဲလားကို တရုတ်က အိမ်ယာစီမံကိန်းတွေ အတွက် ဒေါ်လာ ၆၀ ဘီလျံ စျေးပေးခဲ့တယ်။ ရထားလမ်းတွေ ၊ ဆိပ်ကမ်းတွေ ပြုပြင်ချဲ့ထွင် ဖို့ အတွက်လည်း ကူညီခဲ့တာတွေ ရှိတယ်။ အဖက်ဖက်က ပိတ်ဆို့ အရေးယူမှုတွေကြောင့် စီးပွားရေး ဒေါင်ချာစိုင်းနေတဲ့ ဗင်နီဇွဲလား အတွက် တရုတ်ဟာ အလွန်အရေးပါမယ့် ကုန်သွယ်ဖက်ဖြစ်လာပါတယ်။ တရုတ်အတွက် လည်း ဗင်နီဇွဲလားဟာ လက်တင်အမေရိကား ဝင်ပေါက်ဖြစ်လာပြီး တရုတ်ရဲ့ BRI စီမံကိန်း အချက်အခြာ ဖြစ်လာပါတော့တယ်။

လက်ရှိ လက်တင်အမေရိကားရဲ့ အကြီးဆုံးကုန်သွယ်ဖက်က ဘယ်သူလို့ထင်လဲ။

အမေရိကန်မဟုတ်ပါဘူး။ တရုတ်ပါ။

လက်တင် အမေရိကား နိုင်ငံအများစုဟာ တရုတ်နဲ့ အဓိက ကုန်သွယ်ကြတယ်။ ဘရားဇီး၊ ချီလီ၊ ပီရူး၊ အာဂျင်တီးနား အပါအဝင် နိုင်ငံတော်တော်များများက တရုတ်နဲ့ ဆက်ဆံ ကြတာများတယ်။ မက္ကဆီကို တနိုင်ငံလောက်ပဲ အမေရိကန်နဲ့ အဓိက ဆက်ဆံတယ်။ US နဲ့ တအားနီးတာလည်း ပါတာပေါ့။ အဲ့တော့ ခြုံပြောရရင် လက်တင် အမေရိကားရဲ့ အဓိက ကုန်သွယ်ရေး မဟာမိတ်က တရုတ် ဖြစ်နေတယ်။ ဒါကို အမေရိကန်က မကြိုက်ဘူး။

သူနဲ့အလွန်နီးကပ်တဲ့နေရာမှာ တရုတ်သြဇာကြီးမားလာတာ တနည်းအားဖြင့်သူ့ရဲ့အကြီးမားဆုံးရန်သူက သူ့ရဲ့အနီးဆုံးနေရာမှာ ခြေကုပ်ယူလာတာဖြစ်တယ်။ စီးပွားရေးအရ ဆက်ဆံတာလောက်နဲ့ရပ်သွားရင် တော်သေးတာပေါ့။ စစ်ရေးမဟာမိတ်ပါ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ တောင်အမေရိကားမှာ တရုတ်ကစစ်စခန်းလာဆောက်ရင် ဘယ်လိုလုပ်မလဲ လက်တင်အမေရိကားနိုင်ငံတွေထဲမှာ အမေရိကန်ကို ပစ်ဖို့တာလတ်/ တာဝေး ဒုံးကြည်တွေလာတပ်ထားရင် ဘယ်လိုလုပ်မလဲ။ ဒီလိုစိုးရိမ်မယ်ဆို စိုးရိမ်စရာလည်းရှိပါတယ်။ ဘာလို့လဲဆိုရင်တော့ အဲ့လိုလုပ်ရပ်တွေက အမေရိကန်လုပ်နေကျ မို့ပါ။ ငါလုပ်သလို ငါ့ကိုပြန်လုပ်ရင် ဘယ်လိုလုပ်မလဲလို့ တွေးပူတာဟာ သဘာဝကျပါတယ်။ တရုတ်က တကယ်လုပ်တာ မလုပ်တာကတော့ တပိုင်းပေါ့။

ပိုဆိုးတာက လက်တင်အမေရိကဟာ လက်ဝဲနိုင်ငံရေးနဲ့ နယ်ချဲ့ဆန့်ကျင်ရေး အရင်းရှင်ဆန့်ကျင်ရေး အစဥ်အလာရှိတဲ့ဒေသကြီးပါ။ ဖီဒယ်ကတ်စ်ထရို၊ချေဂွေဗားရား တို့လို ခေါင်းဆောင်တွေပေါ်ဖူးပါတယ်။ ဒီတော့ လက်တင်အမေရိကန်ကို လက်ဝါးကြီးအုပ်နိုင်ဖို့၊ ကြီးစိုးနိုင်ဖို့၊ ကြိုးကိုင်ချယ်လှယ် နိုင်ဖို့ ဆိုတာတွေဟာ အမေရိကားအတွက် အလွန်အရေးကြီးပါတယ်။ ဒီလက်တင်အမေရိကားမှာ လက်ဝဲတွေအားကောင်းနေရင်၊ တရုတ်၊ ရုရှားတို့နဲ့ ဆက်ဆံရေးတွေရှိနေရင် အမေရိကန်အတွက် အချိန်မရွေး အကျပ်အတည်းတွေဆိုက်ရောက်လာနိုင်လို့ပါ။

လက်တင်အမေရိကားမှာ ဆိုရှယ်လစ်ဝါဒ အောင်ပွဲရသွားရင် အမေရိကန်အတွက်ဖြစ်လာမယ့်အန္တရာယ်ဟာ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်တို့ကြောင့် တရုတ်ရင်ဆိုင်ရတဲ့ အန္တရာယ်ထက် ပိုကြီးသွားနိုင်ပါတယ်။ ဒါ့အပြင် အမေရိကန်ဟာ လစ်ဘရယ်ဒီမိုကရေစီတစုံတရာအားကောင်းတဲ့ နိုင်ငံဖြစ်တာကြောင့် တချို့ကိစ္စတွေမှာ ထင်တိုင်းကြဲလို့မရတာတွေကလဲရှိဦးမှာပါ။ အဲ့ဒီလို ထင်တိုင်းကြဲလို့မရတာကို ဇွတ်လုပ်ရင်းလည်း လစ်ဘရယ်ဒီမိုကရေစီကိုဖျက်သိမ်း၊ လွှတ်တော်ကိုဖျက်သိမ်းပြီး ဖက်ဆစ်အရင်းရှင်စနစ် ကျင့်သုံးဖို့ပဲရှိပါတော့တယ်။ အဲ့သလိုလုပ်ပြန်တော့လဲ အစထဲကမှ လစ်ဘရယ်အရင်းရှင်ကို စိတ်ပျက်နေတဲ့ အမေရိကန်ပြည်သူတွေကို ဖက်ဆစ်အရင်းရှင်စနစ်နဲ့ ဖိနှိပ်ပစ်လိုက်မိလို့ ဆိုရှယ်လစ်ဝါဒအားကောင်းလာရင် အမေရိကန်အတွက် ပြဿနာပိုကြီးဦးမှာပါ။

ဒါကြောင့် US ဟာ လက်တင်အမေရိကားကို လက်ဝါးကြီးအုပ်နိုင်ဖို့ ကြိုးစားလာတာ နှစ် ၂၀၀ လောက်ရှိပါပြီ။ ၁၈၂၃ မှာ အမေရိကန် သမ္မတ ဂျိမ်းစ်မွန်ရိုးက က Monroe’s Doctrine ကို ကြေညာခဲ့တယ်။ အဲ့ဒါက ဘာပြောတာလဲဆိုတော့ လက်တင်အမေရိကား မှာ ဥရောပနိုင်ငံတွေ ကိုလိုနီ ချဲ့ထွင်တာရပ်ဖို့ဆိုပြီး သတိပေးခြိမ်းခြောက်တာပါပဲ။ ၁၉၀၄ ခုနှစ်မှာကျတော့ အမေရိကန်သမ္မတ ရုစ်ဗဲ့က အဲ့ဒါကို ပြင်လိုက်တယ်။ လက်တင်အမေရိကား နိုင်ငံရေးမှာ စစ်ရေးအရ ကြားဝင်ခွင့် ရှိတယ်ဆိုတာတွေပါ ပါဝင်လာတယ်။

အဲဒီကစလို့ အမေရိကန် ဟာ ကမ္ဘာ့နိုင်ငံရေးမှာ ပုလိပ်ကြီးလို လုပ်နေလာခဲ့တာဟာ အခုချိန်ထိပါပဲ။ ဟိုနေရာဆိုလည်း သူဝင်ပါ။ ဒီနေရာဆိုလည်း သူဝင်ပါတာပါပဲ။ စေတနာနဲ့ ဝင်ပါတာထက် သယံဇာတ ဝင်လုတာက ပိုများပြီး ကောင်းလာတာထက် ဆိုးလာတာတွေလည်း ပိုများပါတယ်။ စစ်ရေးအရ အနိုင်ကျင့်ဖိအားပေးပြီး ဓါးပြတိုက်တာတွေကလည်း ပိုများလာတယ်။ CIA လို သူလျှို အဖွဲ့အစည်းတွေနဲ့ ထောက်လှမ်းရေးလုပ်၊ လူမွေး ၊ သူတို့ မလိုချင်တဲ့ အစိုးရတွေကို ဖြုတ်ချ၊ ခေါင်းဆောင်တွေကို လုပ်ကြံ ၊ သူတို့ ပြောသမျှ နာခံသူတွေကို အမွှန်းတင် ၊ ရုပ်သေး အစိုးရတွေ တင်ပေးပြီး တိုင်းပြည်တွေကို Proxy နည်းနဲ့ ချုပ်ကိုင်တာတွေဟာ အမေရိကန် သိပ်ဆန်တဲ့ နိုင်ငံတကာ ဆက်ဆံရေးပေါ်လစီ ပါပဲ။ ၂၀ ရာစုထဲမှာတင် အမေရိကားဟာ ပီရူး၊ နစ်ကာရာဂွာ၊ မက်ဆီကို၊ ဟွန်ဒူရာနဲ့ ဂွာတီမာလာနိုင်ငံတွေကို လက်နက်ကိုင်တပ်တွေ စေလွှတ်ခဲ့တာရှိပြီး ဟေတီ၊ ကျူးဘား၊ ကိုလမ်ဘီယာနဲ့ ပနားမားနိုင်ငံတွေရဲ့ အစိတ်အပိုင်းတချို့ကို သိမ်းယူခဲ့တာရှိပါတယ်။ အာဂျင်တီးနား၊ ချီလီ၊ အယ်လ်ဆာဗေဒေါ၊ ဘိုလစ်ဗီးယားနဲ့ ဘရာဇီးနိုင်ငံတွေမှာ အစိုးရတွေလို ဖြုတ်ချခဲ့တာတွေ ရှိပါတယ်။ ကိုစတာရိကာ တနိုင်ငံလောက်ကလွဲရင် အမေရိကားဝင်ပါလို့ နိုင်ငံ့ကံကြမ္မာ မပြောင်းလဲခဲ့ရဖူးတဲ့ လက်တင်အမေရိကား နိုင်ငံ မရှိဘူးလို့ တောင် ပြောလို့ရပါတယ်။

တရုတ်ကိစ္စကို ပြန်ဆက်ရရင် တရုတ်က ဗင်နီဇွဲလားကို အိမ်ယာစီမံကိန်းတွေ အတွက် ဒေါ်လာ ၆၀ ဘီလျံ ချေးပေးခဲ့တယ်။ ရထားလမ်းတွေ ၊ ဆိပ်ကမ်းတွေ ပြုပြင်ချဲ့ထွင် ဖို့ အတွက်လည်း ကူညီခဲ့တာတွေ ရှိတယ်။ အဖက်ဖက်က ပိတ်ဆို့ အရေးယူမှုတွေကြောင့် စီးပွားရေး ဒေါင်ချာစိုင်းနေတဲ့ ဗင်နီဇွဲလား အတွက် တရုတ်ဟာ အလွန်အရေးပါမယ့် ကုန်သွယ်ဖက်ဖြစ်လာပါတယ်။ တရုတ်အတွက် လည်း ဗင်နီဇွဲလားဟာ လက်တင်အမေရိကား ဝင်ပေါက်ဖြစ်လာပြီး တရုတ်ရဲ့ BRI စီမံကိန်း အချက်အခြာ ဖြစ်လာပါတော့တယ်။

အဲ့ဒီနောက်မှာတော့ လက်တင်အမေရိကားမှာ တရုတ်ရဲ့ သြဇာက တဟုန်ထိုး တိုးတက်လာပါတယ်။ ပနားမားမှာ တံတားတွေဆောက် ရထားလမ်းတွေဖောက်တယ်။ ပနားမားတူးမြောင်းတဝိုက်မှာ ဆိပ်ကမ်းတွေဆောက်တယ်။ လီသီယမ်တြိဂံ (Lithium Triangle) လို့ခေါ်တဲ့ အာဂျင်တီးနား၊ ဘိုလစ်ဗီးယားနဲ့ ချီလီနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှုများလာတယ်။ ဒီနေရာတွေဟာ တရုတ်ရဲ့ လျှပ်စစ်ကား ထုတ်လုပ်ရေးအတွက် အရေးပါတဲ့ တွင်းထွက်သတ္တုတွေ အများကြီးထွက်တဲ့ ဒေသလည်း ဖြစ်ပါတယ်။ လက်တင်အမေရိကား နိုင်ငံ ၂၀ ကျော်ဟာ တရုတ်ရဲ့ BRI စီမံကိန်းထဲမှာ ပါဝင်လာကြပါတယ်။

နောက်ဆုံး လက်မှတ်ထိုးတာကတော့ ကိုလမ်ဘီယာနိုင်ငံပါပဲ။ လက်ရှိ တရုတ်ရဲ့ အကြီးဆုံး လက်တင်အမေရိကား ကုန်သွယ်ဖက်ကတော့ ဘရာဇီးနိုင်ငံပါ။ BRICS စီးပွားရေး မဟာမိတ်အဖွဲ့ရဲ့ အရေးပါတဲ့ အဖွဲ့ဝင်လည်းဖြစ်ပြီး အခြားနိုင်ငံ ၁၀ နိုင်ငံ လည်း ပါဝင်နေပါတယ်။ ဒီ စီးပွားရေး မဟာမိတ်နိုင်ငံတွေဟာ ကြီးထွားလာနေပြီး နိုင်ငံတကာ ကုန်သွယ်ရေးအတွက် ဒေါ်လာမဟုတ်တဲ့ ငွေကြေးအသစ်ကို လည်း တောင်းဆိုနေကြတယ်။ ဒါကလည်း အမေရိကန် အတွက် နောက်ထပ် စိုးရိမ်စရာ ကိစ္စတခုဖြစ်ပါတယ်။

၂၀၁၆ ထရန့် တက်လာတဲ့ အချိန်၊ ထရန့်ဟာ တရုတ်ကို တစက်ကလေးမှ ကြည့်မရခဲ့ပါဘူး။ တရုတ်ဟာ အမေရိကန်ရဲ့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ အားနည်းနေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး အမေရိကန်ရဲ့ နယ်စပ်ကို ဖြတ်ကျော်ကာ မူးယစ်ဆေးတင်သွင်းတာကို အားပေးအားမြှောက်လုပ်နေတယ်လို့ စွပ်စွဲပါတယ်။ ပြီးတာနဲ့ ဗင်နီဇွဲလား ကို ဆန်ရှင်တွေပိတ်ချလိုက်ပါတယ်။ ဘရာဇီး၊ အာဂျင်တီးနားနဲ့ အယ်လ်ဆာဗေဒေါနိုင်ငံတွေက လက်ယာခေါင်းဆောင်တွေနဲ့ မဟာမိတ်ပြုလိုက်ပါတယ်။ ၂၀၂၀ ဂျိုးဘိုင်ဒန် တက်လာတဲ့ အချိန်မှာလည်း တရုတ်ရဲ့ ကြီးထွားမှုကို ကန့်သတ်ရေးဟာ သူ့ရဲ့ အဓိကလုပ်ငန်းစဉ်ထဲမှာ ပါဝင်ခဲ့ပါတယ်။ တရုတ်အတွက် အရေးပါတဲ့ တွင်းထွက်တွေနဲ့ Semi – Conductors တွေကို ကန့်သတ်ဖို့ ကြိုးစားခဲ့ပေမယ့် လက်တင်အမေရိကား ရဲ့ တိန်းညွှတ်မှု ကတော့ တရုတ်ဘက်ကိုပဲ ယိမ်းနေပါတယ်။

၂၀၂၅ မှာတော့ ဒေါ်နယ်ထရမ့် အာဏာပြန်ရလာပါတယ်။ အဲ့ဒီနောက်မှာ လက်တင်အမေရိကားကို အမဲဖျက်ဖို့အကြံအစည်တွေစပါတယ်။ လက်တင်အမေရိကားနဲ့ တရုတ်လက်ကနေ လူယူဖို့ ကြိုးစားပါတယ်။

“တရုတ်ပြည်ကို ဦးဆောင်နေတဲ့ တရုတ်ပြည် ကွန်မြူနစ်ပါတီဟာ အမေရိကန် အတွက် အန္တရာယ်ကြီးဆုံး ခြိမ်းခြောက်မှုကြီး ဖြစ်ပါတယ်။ ကျနော်တို့ ရင်ဆိုင်ရတဲ့ ရန်သူတွေထဲမှာ အင်အားအကြီးဆုံး လည်းဖြစ်ပါတယ်။ သူတို့မှာ Soviet Union မှာ တောင် မရှိခဲ့တဲ့ အားသာချက်တွေရှိနေပါတယ်။ နည်းပညာ၊ ကုန်ထုတ်လုပ်မှု၊ စီးပွားရေး၊ ပထဝီနိုင်ငံရေး၊ သိပ္ပံ ရှိသမျှ နယ်ပယ်တိုင်းမှာ ကျနော်တို့ရဲ့ ပြိုင်ဖက်ဖြစ်လာနေပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောပါတယ်။

အဲ့ဒီနောက်မှာတော့ လေယာဉ်တင်သင်္ဘောတွေနဲ့ ဗင်နီဇွဲလားကို လေကြောင်းရေကြောင်းပိတ်ဆို့တယ်၊ ခြိမ်းခြောက်တယ်၊ တိုက်ခိုက်တယ်၊ နောက်ဆုံး အခုလို မာဒူရိုကို ဖမ်းဆီးသွားတဲ့အထိဖြစ်လာတာပါပဲ။

တကယ်တော့ အမေရိကန် အရင်းရှင်စနစ်ရဲ့ မျက်မှောက်ခြေလှမ်းအားလုံးဟာ ထိပ်ဆုံးမှာ ရောက်‌နေပေမဲ့ အလျှင်အမြန် ကျပြီးရင်းကျဆင်းနေတဲ့ သူ့ရဲ့ ကမ္ဘာ့ဩဇာကို ပြန်တင်ဖို့ စီးပွားရေး နိုင်ငံ‌ရေး စစ်‌ရေး ထိုးနှက်မှုများနဲ့ ဂမူးရှူးထိုး ကြိုးစားနေတဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းတွေသာ ဖြစ်ပါတယ်။ ကုလသမဂ္ဂအပေါ်လည်း ပိုမို ပြောင်ကျကျ အကြပ်ကိုင်ဖို့၊ သူ့ရဲ့ အစဉ်အလာ (ကနေဒါ၊ဥရောပ)မဟာမိတ်တွေကိုတောင် တိုက်ခိုက်ဖို့၊ နယ်ချဲ့ အချင်းချင်း ဩဇာနယ်ပယ် လုဖို့ ဝန်မလေးတဲ့ သဘောကို ပြသနေတဲ့ ခြေလှမ်းတွေဖြစ်ပါတယ်။

လက်ရှိမှာတော့ အမေရိကန်က မိုက်မိုက်ကန်းကန်း လုပ်ထည့်လိုက်ပါပြီ။ ဒီ့ထက်မိုက်ပြဦးမယ်ကွလို့လည်း လက်ခမောင်းခတ်နေပါပြီ။ နောက်ထပ် တောင်အမေရိကားနိုင်ငံတွေကိုလည်း ကြပ်ကြပ်သတိထားကြ လို့ ခြိမ်းခြောက် ကြိမ်းမောင်းနေပါပြီ။ ဂရင်းလန်းကိုလည်း ကျူးကျော်ဖို့ မျက်စပစ်နေပါပြီ။ တခါ အဝေးကြီးက ဗမာပြည်သူတွေကိုလည်း လှမ်းပြီး အထာပေးပြန်ပါတယ်။ တရုတ်နဲ့ ရုရှားလည်း ကန့်ကွက်ထားပါတယ်။ UN နဲ့ EU ကလည်း ကန့်ကွက်ထားပါတယ်။ ဒါပေမယ့် ထရမ့်ဟာ ဖက်ဆစ်အရင်းရှင်ပါ။ ဖက်ဆစ်စနစ်ကို လစ်ဘရယ်ဝါဒနဲ့တိုက်လို့ ဘယ်တော့မှမနိုင်ပါဘူး။ အရင်ကလည်း မနိုင်ပါဘူး။ အခုလည်း နိုင်မှာမဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်တုံးကလည်း ရဲဘော်ဒီမီထရော့ဗ်တို့ရဲ့ တပ်ပေါင်းစုမူကြောင့် ဖက်ဆစ်ကိုနိုင်ခဲ့တာပါ။ ဆိုရှယ်ဒီမိုကရက်တွေ၊ လစ်ဘရယ်တွေက ကွန်မြူနစ်တွေကို နောက်ကျောဓါးနဲ့ထိုးခဲ့ပေမယ့် ကွန်မြူနစ်တွေက အမြော်အမြင်ရှိရှိ တပ်ပေါင်းစုဖော်ဆောင်တိုက်ပွဲဝင်ခဲ့လို့သာ နိုင်တာပါ။ ဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ အမေရိကန်ကတော့ အစွမ်းကုန် မိုက်ကန်းပြသွားပါပြီ။ ဒီ့ထက် တလှမ်းပြီးတလှမ်း ရှေ့ဆက်တိုးဖို့ပဲ ကျန်ပါတယ်။ တရုတ်ကဘာလုပ်မလဲ။ အမေရိကန်အမှားကိုထိုင်စောင့်ပြီး အခွင့်ကောင်းရမှ လက်ဦးမှုယူမလား။ ဒါမှမဟုတ် တင်းတင်းမာမာ ပြင်းပြင်းထန်ထန်တုန့်ပြန်မလား။ တုန့်ပြန်ရင်ရော ကမ္ဘာစစ်ဖြစ်ဖို့ အလွန်နီးသွားမလား။ နောက်ကွယ်မှာရော ကျနော်တို့ မမြင်နိုင် မသိနိုင်တဲ့ အကျိုးစီးပွားတွေ၊ ညှိနှိုင်းမှုတွေ ရှိနေကြသလား။ စဉ်းစားစရာတွေဖြစ်ပါတယ်။

ဒါပေမယ့် ရှင်းရှင်းလင်းလင်းမြင်ရမှာကတော့ ဗင်နီဇွဲလားသမ္မတကို ဖမ်းဆီးတဲ့လုပ်ရပ်ဟာ နယ်ချဲ့လုပ်ရပ်၊ ဖက်ဆစ်လုပ်ရပ်ဖြစ်တယ်ဆိုတာပဲ။ ဗင်နီဇွဲလားကို တည်ငြိမ်တဲ့အထိ အမေရိကန်က အုပ်ချုပ်မယ်လို့ ကြေညာတာတွေ၊ တပ်ဝင်ချမယ်ကြေညာတာတွေ၊ ဟိုလူ့ကိုအာဏာပေးမယ် ဒီလူ့ကိုအာဏာပေးမယ်ဆိုတာတွေ အဲ့ဒါတွေက နယ်ချဲ့လုပ်ရပ်မဟုတ်ရင် ဘာလဲ။ ဒီကိစ္စမှာ သူ့ကိုထောက်ခံတာကလည်း နေတန်ယာဟုလို လက်ယာစွန်း လူမျိုးတုံးသတ်ဖြတ်မှုတရားခံ ဖက်ဆစ်တွေပဲရှိတယ်။ ရဲဘော်မော်စီတုံးကပြောတယ်။ အာဏာဟာ သေနတ်ပြောင်းက ထွက်သတဲ့။ ကျွန်တော်တို့ကွန်မြူနစ်တွေဟာ သေနတ်ပြောင်းက အာဏာကိုခုံမင်လို့ ဒီစကားပြောနေတာမဟုတ်ပါဘူး။ အရင်းရှင်ကမ္ဘာကြီးရဲ့ ကြေကွဲဝမ်းနည်းဖွယ်ရာ အရှိတရားကို ပြောပြနေတာဖြစ်ပါတယ်။ ဘားတော့ဗရက်ကဗျာထဲကလိုပြောရရင် ချစ်ချင်းမေတ္တာတရားပြည့်ဝတဲ့ လောကကို တည်ဆောက်လိုစိတ် ကျနော်တို့ကွန်မြူနစ်တွေမှာအပြည့်ပါပဲ။ လက်နက်နဲ့ အာဏာနဲ့ လူ့အဖွဲ့အစည်းကို ဖိနှိပ်အုပ်ချုပ်၊ တရားမဲ့သတ်ဖြတ်အနိုင်ကျင့်နေတာဟာ အရင်းရှင်စနစ်၊ နယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်သာဖြစ်ကြောင်း ဒီဖြစ်ရပ်ဟာ သက်သေပါပဲ။ ဗင်နီဇွဲလားဟာ တရုတ်နဲ့ အမေရိကန်ရဲ့ ပထဝီနိုင်ငံရေးအာဏာလူပွဲထဲမှာ မြေစာပင်ဖြစ်ခဲ့ရပါပြီ။ ဗင်နီဇွဲလားတနိုင်ငံလုံး မြေစာပင်ဖြစ်ရပြီလို့ မပြောနိုင်သေးရင်တောင် လောလောဆယ်တော့ မာဒူရိုအဖမ်းခံလိုက်ရပါပြီ။ အဲ့သလို ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးတွေရဲ့ အာဏာပြိုင်ပွဲမှာ သူတို့ဟာ ပထဝီနိုင်ငံရေးနဲ့ အကျိုးစီးပွားကိုသာ အဓိကထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။ တော်လှန်ရေးအကျိုးစီးပွား၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးဆိုတာတွေကိုတော့ ဘယ်သူမှထည့်မတွက်ကြပါဘူး။ အင်အားနည်းတဲ့နိုင်ငံလေးတွေကို သူတို့အကျိုးစီးပွားအတွက် ဆယ်ခါပြန်နင်းချေလိုက်ဖို့ ဝန်မလေးတတ်ကြပါဘူး။ ဒါကြောင့် ကျနော်တို့ ဗမာပြည်တော်လှန်ရေးမှာလည်း “ကယ်တင်ရှင်ဘယ်သောအခါကမှမရှိပေ” လို့သာ နှလုံးပိုက်ပြီး တပ်ပေါင်းစုတည်ဆောက်၊ စစ်ကိုအနိုင်တိုက်၊ စစ်အာဏာရှင်စနစ်ဆိုးကို လက်နက်ကိုင်တော်လှန်ရေးနဲ့ အမြစ်ဖြတ်တိုက်ပွဲဝင်နိုင်မှပဲ ကျနော်တို့ရဲ့ ပြည်သူလူထုကောင်းစားနိုင်မှာဖြစ်ကြောင်း၊ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကို ဆုံးခန်းတိုင် ဆင်နွှဲနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

ကမ္ဘာ့အလုပ်သမားအပေါင်းတို့သွေးစည်းညီညွတ်ကြ။

နယ်ချဲ့ဝါဒကိုဆန့်ကျင်ကြ။